Thursday, April 9, 2026

ကမ္ဘာကြီးကို နှစ်ခြမ်းခွဲထားတဲ့ Frequency စံနှုန်း (50Hz vs 60Hz ဘာလို့ ကွဲနေရတာလဲ)

 


မြန်မာနိုင်ငံမှာ အိမ်သုံးမီးက 230V, 50Hz ကို သုံးပါတယ်။ ဒါပေမဲ့ အမေရိကန် ဒါမှမဟုတ် ဂျပန်ကနေ ဝင်လာတဲ့ စက်ပစ္စည်းတွေကို ကြည့်လိုက်ရင် 110V, 60Hz ဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ် ကမ္ဘာပေါ်မှာ ဒီလို အရေးကြီးတဲ့ လျှပ်စစ်စံနှုန်းကို ဘာလို့ တစ်ပြေးညီ မသုံးဘဲ ကွဲလွဲနေရတာလဲ

ဒီအဖြေကို သိဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က သမိုင်းကြောင်းလေးဆီ ခဏ ပြန်သွားရပါမယ်

AC (Alternating Current) လျှပ်စစ်စနစ်ကြီးကို အသက်သွင်းခဲ့တဲ့ ပါရမီရှင် အင်ဂျင်နီယာကြီး နီကိုလာ တက်စလာဟာ AC မော်တာတွေ အကောင်းဆုံးနဲ့ အသံအငြိမ်ဆုံး လည်ပတ်နိုင်ဖို့အတွက် 60Hz က အသင့်တော်ဆုံး ဖြစ်တယ်လို့ သင်္ချာနည်းကျ တွက်ချက်ပြခဲ့ပါတယ်

ဒါ့အပြင် 60Hz ဟာ မီးသီးတွေမှာ မျက်စိနဲ့မြင်နိုင်တဲ့ တုန်ခါမှု (Flicker) ကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါတယ် ဒါကြောင့် အမေရိကန်က ဒီ 60Hz ကိုပဲ စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး အသုံးပြုခဲ့ပါတယ်

အမေရိကန်က 60Hz ကို သုံးနေချိန်မှာ ဥရောပမှာ လျှပ်စစ်ပိုင်းကို ဦးဆောင်နေတဲ့ ဂျာမန်ကုမ္ပဏီကြီး AEG ကတော့ တစ်မျိုး စဉ်းစားပါတယ် 60 ဆိုတဲ့ ဂဏန်းက သင်္ချာတွက်ချက်ရတာ ရှုပ်ထွေးတယ် Metric System (ဆယ်လီစိတ် စနစ်) နဲ့လည်း ကိုက်ညီအောင် တွက်ရလွယ်တဲ့ 50 ဆိုတဲ့ ဂဏန်းအပြည့်ကိုပဲ စံအဖြစ် သတ်မှတ်မယ်" ဆိုပြီး 50Hz ကို ရွေးချယ်ခဲ့ပါတယ်

တကယ်တော့ အဲ့ဒီအချိန်က ဥရောပ အင်ဂျင်နီယာတွေဟာ 50Hz ထက် 60Hz က စက်တွေအတွက် ပိုကောင်းမှန်း သိကြပေမဲ့၊ တွက်ချက်ရ လွယ်ကူမှုကို ပိုဦးစားပေးလိုက်ရာကနေ ယနေ့တိုင် ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရခြင်း ဖြစ်ပါတယ်

AC မော်တာတွေရဲ့ အမြန်နှုန်းဟာ Hz ပေါ်မှာ တိုက်ရိုက် မူတည်ပါတယ် ဒါကြောင့် 60Hz နိုင်ငံတွေက မော်တာတွေဟာ 50Hz နိုင်ငံတွေက မော်တာတွေထက် ၂၀% ပိုမြန်မြန် လည်ပတ်ပါတယ် (ဥပမာ - 3000 RPM vs 3600 RPM)

60Hz သုံးတဲ့ ထရန်စဖော်မာတွေဟာ 50Hz သုံးတဲ့ ကောင်တွေထက် အရွယ်အစား ပိုသေးငယ်ပြီး ပစ္စည်း အသုံးပြုရမှု ပိုနည်းပါတယ် ဒါကြောင့် လေယာဉ်ပျံတွေပေါ်မှာဆိုရင် ပစ္စည်းတွေ ပေါ့ပါးအောင် 400Hz အထိတောင် တင်သုံးကြပါတယ်
Transformer တစ်လုံး ဘယ်လိုတည်‌ေဆာက်မလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒါတွေ သိခဲ့ပြီးသားလို့ ယူဆပါတယ်

ဖုန်းအားသွင်းခေါင်းတွေ၊ တီဗီတွေ၊ ကွန်ပျူတာတွေ (SMPS ပါတဲ့ စက်တွေ) ကတော့ AC ကို DC ပြောင်းသုံးတာမို့ 50Hz/60Hz ဘာလာလာ ပြဿနာ မရှိပါဘူး

ဒါပေမဲ့ မော်တာပါတဲ့ စက်တွေ (ရေခဲသေတ္တာ၊ ပန်ကာ၊ အဲကွန်း၊ ရေစုပ်စက်) တွေမှာတော့ သတိထားရပါမယ် 60Hz အတွက် ထုတ်ထားတဲ့ မော်တာကို မြန်မာနိုင်ငံက 50Hz မီးနဲ့ လာသုံးရင် မော်တာလည်ပတ်နှုန်း ၂၀% နှေးသွားပါမယ် အထဲက ပန်ကာနှေးသွားလို့ အအေးပေးစနစ် အားနည်းသွားတဲ့အပြင်၊ Impedance ကျသွားတဲ့အတွက် Current တွေ ပိုဆွဲပြီး မော်တာ အလွယ်တကူ ပူလာကာ လောင်ကျွမ်းသွားတတ်ပါတယ်

50Hz နဲ့ 60Hz ဟာ တစ်ခုထက် တစ်ခု သိသိသာသာ ကြီးကြီးမားမား သာလွန်ကောင်းမွန်နေတာမျိုး မဟုတ်ဘဲ၊ သမိုင်းကြောင်းအရ အခြေချခဲ့တဲ့ စံသတ်မှတ်ချက်တွေသာ ဖြစ်ပါတယ် ဒါပေမဲ့ နိုင်ငံခြားကနေ မော်တာပါတဲ့ စက်တွေ ဝယ်ယူသုံးစွဲတော့မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ 50Hz စံနှုန်းနဲ့ ကိုက်ညီမှု ရှိ/မရှိ (သို့မဟုတ် 50/60Hz နှစ်မျိုးလုံး သုံးရကြောင်း) ကို Nameplate မှာ မဖြစ်မနေ သေချာ ဖတ်ရှုစစ်ဆေးသင့်ပါတယ်ခင်ဗျာ

ဘဝ အဓိပ္ပါယ်


ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဆိုတာဟာ တကယ်တော့ လောကအကြောင်းကို အမှန်သိခြင်းပါပဲ။ ဘဝမှာ ကျနော်တို့ဟာ မသိမှု များစွာနဲ့ နေထိုင်နေကြပါတယ်။ ဘဝ ဘာကြောင့် ဖြစ်လာလဲ မသိဘူး၊ ဘဝ အဓိပ္ပါယ်ဘာလဲ မသိဘူး၊ ဘဝဆိုတာရှိရဲ့လား ဆိုတာတောင် မသိကြပါဘူး။ အဲဒီတော့ ဘဝ အကြောင်းကို သေသေချာချာ သိသွားတဲ့အခါ မေးခွန်းထုတ်စရာ မရှိတော့တဲ့အခါ ဘဝ ဟာ ပြီးပြည့်စုံသွားတာပါပဲ။ တကယ်တော့ ဘဝ ဆိုတာဟာ မွေးခြင်းကနေ သေခြင်းကို သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တခုပဲ ဖြစ်ပြီးတော့ တိကျတဲ့ အဓိပ္ပါယ်ဆိုတာ ရှိမနေပါဘူး။ ဘဝဟာ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရတွေကြောင့် ဖြစ်လာရတာ ဖြစ်ပြီး သစ္စာလေးပါးကို မသိခြင်းဟာ အဓိက အရင်းခံပါပဲ။ ဒါကိုပဲ အဝိဇ္ဇာလို့ ခေါ်တာ ဖြစ်ပါတယ်။ ဘဝ တခု ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့ ဇာတိကလဲ ဒုက္ခပါပဲ။ အိုမင်းလာရတာကလဲ ဒုက္ခပါပဲ၊ သေခြင်းဟာလဲ ဒုက္ခပါပဲ၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဟာလဲ ဒုက္ခပါပဲ၊ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းဟာ ဒုက္ခပါပဲ။ ဒါဟာပဲ ဘဝရဲ့ အဓိပ္ပါယ်၊ အနှစ်သာရ ဖြစ်ပါတယ်။ ဘဝရဲ့ အနှစ်သာရ ဆိုတာဟာ ဒုက္ခလို့ ပြောနိုင်ပါတယ်။ ဒီ ဒုက္ခ ဖြစ်ကြောင်းကတော့ သမုဒယ ဆိုတဲ့ တဏှာပါ။ ဒါတွေအားလုံးဟာ မသိမှု တွေဝေမှု ကြောင်တောင်ကန်းမှု ဆိုတဲ့ မောဟ ကြောင့် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဘဝ ဆိုတဲ့နေရာမှာ ကာမ၊ ရုပ၊ အရုပ တို့ပဲ ရှိတာ ဖြစ်ပါတယ်။ ကျနော်တို့ လူဆိုတာကတော့ ကာမဘဝ ထဲမှာ အကြုံးဝင်ပါတယ်။ ကာမသုဂတိ ဘုံပါ။ ဘဝ ဆိုတာဟာ သစ္စာလေးပါးကို မသိသ၍ လည်ပါတ်နေရမှာပဲ ဖြစ်ပါတယ်။ သမုဒယ သစ္စာ တဏှာကို စွန့်ပါယ်တဲ့ နည်းကတော့ ဘဝကနေ သံသရာကနေ လွတ်မြောက်တဲ့ လမ်းပါပဲ။ ဘဝ တွေ ထပ်ခါထပ်ခါ ဖြစ်နေတာကိုတော့ သံသရာလို့ ခေါ်ပါတယ်။ သမုဒယ သစ္စာ ဖြစ်တဲ့ တဏှာကို ပါယ်စွန့်နိုင်ဖို့ ဆိုတာကတော့ မသိမှု၊ တွေဝေမှု၊ ကြောင်တောင်ကန်းမှု မောဟ ဆိုတဲ့ တရားကို ပါယ်စွန့်ပြီး အမှန်မြင်မှု ဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်သာ ရှိပါတယ်။ တကယ်တော့ ဘဝရဲ့ အနှစ်သာရဟာ ဒုက္ခ ဖြစ်နေတဲ့အတွက် ကျနော်တို့ အနေနဲ့က သမုဒယကို ပါယ်စွန့်နိုင်ဖို့က အမှန်မြင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အမှန်မြင်ပြီ ဆိုရင် ဓမ္မသဘောအရ သမုဒယ သစ္စာဟာ စွန့်သွားမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဘာကို အမှန်မြင်ရမလဲ ဆိုရင်တော့ ကိုယ့်ရဲ့တွေးတောမှု ကို ဖြစ်စေတဲ့ ခန္ဓာကိုယ် ဆိုတာကို စပြီး အမှန်မြင်ဖို့ လိုပါတယ်။ ပြီးရင်တော့ ခန္ဓာရဲ့ သဘောကို အမှန်မြင်ဖို့ လိုပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ် ဆိုတာဟာ ရုပ်နဲ့ နာမ်ရဲ့ အပေါင်းအစု ဖြစ်တယ် ဆိုတာကို ပထမဆုံး သိဖို့ လိုပါတယ်။ ရုပ်ခန္ဓာ ဆိုတဲ့ ရုပ်အပေါင်းအစုရယ်၊ နာမ်ခန္ဓာခေါ်တဲ့ နာမ်အပေါင်းအစုရယ် စုပေါင်းထားတာကိုပဲ ခန္ဓာကိုယ်လို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ရုပ်ဆိုတာကတော့ မျက်စိနဲ့ မြင်ရတဲ့ ရုပ်အကုန်လုံးကို ခေါ်တာ ဖြစ်ပါတယ်။ မျက်စိနဲ့ မမြင်ရတဲ့ ရုပ်တွေလဲ ရှိနေပေမယ့် (ဥပမာ လေ) ထင်ရှားတာကတော့ မျက်စိနဲ့ မြင်ရသမျှ ရုပ်လို့ ပြောတာက ထင်ရှားပါတယ်။ နာမ်ဆိုတာကတော့ ဝေဒနာ (ခံစားမှု)၊ သညာ (မှတ်သားမှု)၊ ဝိဉာဏ် (သိမှု)၊ သင်္ခါရ (စေ့ဆော်မှု) ဆိုတဲ့ အစုအပေါင်းလေးခုပဲ ဖြစ်ပါတယ်။
အဲဒီ ရုပ်နဲ့ နာမ်မှာ သူတို့ရဲ့ လက္ခဏာ ရှိပါတယ်။ အဲဒါကတော့ အနိစ္စဆိုတဲ့ မမြဲခြင်း၊ ဒုက္ခဆိုတဲ့ စက်ဆုပ်စရာ အသုံးမကျခြင်း၊ အနတ္တ ဆိုတဲ့ ငါသူ သတ္တဝါမဟုတ်ခြင်း၊ အသုဘ ဆိုတဲ့ မတင့်တယ်ခြင်း စတာတွေ ရှိပါတယ်။ ဒါတွေကို အမှန်အတိုင်း မသိ တွေဝေ မိုက်မဲ ခြင်းကိုတော့ မောဟလို့ ခေါ်ပါတယ်။ တရားအားထုတ်တယ် ဆိုတာကတော့ အဆိုပါ မောဟအစား အမောဟ ခေါ်တဲ့ အမှန်အတိုင်း အချိန်တိုင်း သိနေခြင်း ဆိုတာ ဖြစ်ဖို့ လုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် တရားအားထုတ်သူဟာ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံတဲ့ မဂ္ဂင်ကို ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒီလို အမှန်မြင်မှုဟာ အထပ်ထပ်အခါခါ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာပဲ နောက်ဆုံးမှာ အနတ္တနဲ့ အနိစ္စ ဆိုတာကို အပြည့်အဝ သဘောပေါက်ပြီး လောကမှာ ရုပ်နာမ် သင်္ခါရမှာ တွယ်ငြိစရာ ဘာမှ မရှိတာကို သဘောပေါက်ပြီး သမုဒယသစ္စာ (တဏှာ)ကို ပါယ်သတ်နိုင်မှာပဲ ဖြစ်ပါတယ်။ သမုဒယ သစ္စာ တဏှာကို ပါယ်သတ်ဖို့ ကို ကြိုးစားရတာတော့ မဟုတ်ပါဘူး။ ကြိုးစားရတာက အနိစ္စနဲ့ အနတ္တကို မြင်အောင် သဘောပေါက်အောင် ကြိုးစားရတာပါ။ အကျိုးရလဒ်ကတော့ တဏှာ သေသွားတာ ဖြစ်ပါတယ်။ ဘာကြောင့် သမုဒယ သေရသလဲ ဆိုရင်တော့ အနှစ်သာရ မရှိတဲ့အချက် (အနတ္တ) ကိုရော ဖြစ်ပြီးပျက်နေခြင်းသက်သက်သာ ဖြစ်တယ် ဆိုတဲ့အချက် (အနိစ္စ) ကိုရော သေချာစွာ သိသွားတဲ့အတွက် သင်္ခါရ တရားတွေဟာ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဖြစ်တယ် ဆိုတဲ့ ဒုက္ခဆိုတဲ့ အယူ အစားထိုးသွားလို့ ဖြစ်ပါတယ်။ နဂိုကတော့ တခုခု အနှစ်သာရ ရှိမယ် ဆိုပြီး အနှစ်သာရ ကို သုခ လို့ ထင်နေခဲ့ကြတာပါ။ တရားအားထုတ်တဲ့အခါမှသာ သုခ ဆိုတဲ့ အယူ စင်ကြယ်ပြီး ဒုက္ခဆိုတဲ့ အယူ အစားထိုးသွားတာ ဖြစ်ပါတယ်။
ဒီလို ဖြစ်ပြီဆိုရင်တော့ ထူးခြားတဲ့အချက်တွေက သီလ မဂ္ဂင်တွေ လုံခြုံသွားတာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ သံသရာမှာ မကြုံဖူးတဲ့ ဘယ်တော့မှ အပါယ်မကျတော့ဘူး ဆိုတဲ့ လွတ်လပ်မှု ပျော်ရွှင်မှု နဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကို သဘောပေါက်မှု ဖြစ်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုပါပဲ။ ကျေးဇူးတင်ပါတယ်။

အရာအားလုံးသည် တရားများသာ

 စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ ပရမတ်တရားလေးပါး အကြောင်းကို ကြားဖူးကြပါလိမ့်မယ်။ လောကဆိုတာဟာ ဖြစ်ပေါ်လာပြီးရင် ပျက်စီးသွားတတ်တဲ့ သဘောရှိလို့ 'လောက' လို့ ခေါ်တာပါ။ ဘာကြောင့် ဖြစ်ပျက်နေရသလဲဆိုရင်၊ လောကမှာရှိသမျှ အရာအားလုံးဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား (သင်္ခါရတရား) တွေ ဖြစ်နေလို့ပါပဲ။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာတွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သင်္ခါရတရားတွေ ဖြစ်ပြီး၊ ဒီတရားတွေကိုပဲ "လောက" လို့ ခေါ်ဆိုတာပါ။


ဒီလောကရဲ့ အလွန်ကိုတော့ "လောကုတ္တရာ" လို့ ခေါ်ပြီး၊ လောကုတ္တရာ ဆိုတာကတော့ နိဗ္ဗာန်တရားပါပဲ။ နိဗ္ဗာန်ဟာ အကြောင်းတရားတွေက ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့အတွက် "ဝိသင်္ခါရတရား" လို့ ခေါ်ပါတယ်။ ဖြစ်ခြင်း ပျက်ခြင်း လုံးဝမရှိဘဲ၊ ပကတိ ငြိမ်းအေးတည်မြဲနေတဲ့ အရှိတရား ဖြစ်ပါတယ်။

"ကျနော်တို့၊ သူတို့" ဆိုတဲ့ စကားလုံးတွေဟာ တကယ်တော့ အချင်းချင်း နားလည်အောင်၊ သိလွယ်အောင် သုံးနှုန်းထားတဲ့ ပညတ်ချက် (အမည်နာမ) တွေသာ ဖြစ်ပါတယ်။ တကယ်တမ်း အစစ်အမှန် ရှိနေတာကတော့ ရုပ်တရားနဲ့ နာမ်တရားတို့ရဲ့ အဆက်မပြတ် ဖြစ်ပျက်နေမှု သက်သက်သာ ဖြစ်ပါတယ်။

ရုပ်တရား၏ သဘောသဘာဝ

ရုပ်ဆိုတာဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ရဲ့ ပြုပြင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သင်္ခါရတရားပါ။ ရုပ်မှာ ဘာကိုမှ သိတတ်တဲ့ သဘော မရှိပါဘူး။ လက်ရှိ ကိုယ်ခန္ဓာ ရုပ်ကြီးကို အနီးစပ်ဆုံး နှိုင်းယှဉ်ပြရရင် အသုဘအလောင်း (သို့မဟုတ်) သစ်ပင်တွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ သစ်ပင်ရော၊ လူသေအလောင်းရောဟာ ရုပ်တရားတွေချည်းပါပဲ။ သစ်ပင်မှာတော့ လက်ရှိ ကျနော်တို့ ရုပ်လိုမျိုး ကံ နဲ့ စိတ် ရဲ့ ပြုပြင်မှု မပါဘဲ၊ ဥတု နဲ့ အာဟာရ ရဲ့ ပြုပြင်မှုကိုသာ ခံရတဲ့ ရုပ်မျိုး ဖြစ်နေတာပဲ ကွာပါတယ်။ ရုပ်မှာ သိတတ်တဲ့သဘော၊ ခံစားတတ်တဲ့သဘော၊ မှတ်သားတတ်တဲ့သဘော၊ စေ့ဆော်တတ်တဲ့သဘော လုံးဝ မရှိပါဘူး။ ငှက်ပျောတုံးလို၊ သစ်ပင်လိုပဲ ဘာမှ မသိတတ်ဘဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောလေး သက်သက်သာ ရှိတာ 'ရုပ်' ပါပဲ။

တချို့က ရုပ်ကို ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပြီး၊ "ရုပ်ဆိုတာ အကောင်အထည် မရှိတဲ့ သဘောသက်သက်လို့ မြင်မှသာ တရားနည်းလမ်းကျမယ်" လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တော့ ရုပ်မှာ အထည်မရှိတဲ့ရုပ် ရှိသလို၊ အထည်အကောင်အထည် ထင်ရှားရှိတဲ့ ရုပ်လည်း ရှိပါတယ်။ ဓမ္မသင်္ဂဏီ ပါဠိတော် ရုပ်ပိုင်းမှာ အခုလို ဟောကြားထားပါတယ်။

မြင်အပ်သောရုပ်သည်လည်းကောင်း၊ မမြင်အပ်သောရုပ်သည်လည်းကောင်း
ထိပါး၍ရသော ရုပ်သည်လည်းကောင်း၊ ထိပါး၍မရသောရုပ်သည်လည်းကောင်းလို့ ဟောထားပါတယ်။ ဒါကြောင့် မျက်စိနဲ့ မြင်ရတဲ့ရုပ်၊ ကိုယ်နဲ့ ထိတွေ့လို့ရတဲ့ရုပ် ဆိုတာတွေ ပါဝင်လာပါတယ်။ ဒါကြောင့် ရုပ်မှန်သမျှကို "အထည်မရှိဘူး" လို့ တရားသေ နှလုံးသွင်းနေတာဟာ နည်းလမ်းအမှားပါ။

အဓိက သိရမှာက- ရုပ်ဆိုတာ 'အတ္တ' မဟုတ်ဘူး၊ ရုပ်မှာ 'အတ္တ (ငါ၊ သူ)' မရှိဘူး ဆိုတာကို သိဖို့ကသာ အရေးအကြီးဆုံး (ပဓာန) ဖြစ်ပါတယ်။ ရုပ်ဟာ အကောင်အထည် ရှိနေလျက်နဲ့ ဘာကြောင့် "တရား" လို့ ခေါ်ရသလဲဆိုရင်၊ ရုပ်ဟာ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ဆိုတဲ့ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာရတဲ့ 'သင်္ခါရတရား' ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ရုပ်ဟာ အတ္တမဟုတ်၊ ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်တဲ့ "တရားသက်သက်သာ" ဆိုတာ ရှင်းလင်းသွားပြီ ထင်ပါတယ်။ ရုပ်ခန္ဓာကြီး လှုပ်ရှားသွားလာနေတယ် ဆိုတာဟာလည်း ကံကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ၊ ဥတု၊ အာဟာရကြောင့်ဖြစ်စေ လှုပ်ရှားမှု ဖြစ်ပေါ်နေတာ သက်သက်သာ ဖြစ်ပါတယ်။

နာမ်တရား၏ သဘောသဘာဝ

ရုပ်တရားကို ဖယ်လိုက်ရင်၊ သိသမျှ၊ ခံစားသမျှ၊ မှတ်သားသမျှ၊ စေ့ဆော်သမျှ အားလုံးဟာ 'နာမ်တရား' တွေချည်းပါပဲ။ နာမ်တရားကတော့ ပိုပြီး ရှင်းလင်းပါတယ်။ မျက်လုံးမှိတ်ပြီး သတိထားကြည့်လိုက်တာနဲ့ ခံစားရသမျှတွေဟာ တရားတွေပါ။

လိုချင်မှု (လောဘ) ဆိုတာလည်း တရားပါပဲ။

ထောင်လွှားမှု (မာန) လည်း တရားပါပဲ။

ငါ၊ သူ လို့ အထင်မှားမှု (ဒိဋ္ဌိ) ဟာလည်း တရားပါပဲ။

အပြင်းအထန် လိုချင်မှု၊ လုပ်ချင်မှု၊ စေ့ဆော်မှု အားလုံးဟာလည်း တရားတွေပါပဲ။

စေ့ဆော်မှု ဖြစ်လာတဲ့အခါ၊ မနောကံ (စိတ်နဲ့ ကြံစည်မှု) ဆိုရင် နာမ်တရား သက်သက်ပါ။ ကာယကံ (ကိုယ်ဖြင့် ပြုလုပ်မှု) နဲ့ ဝစီကံ (နှုတ်ဖြင့် ပြောဆိုမှု) တွေကျတော့ 'စိတ်' ကနေ စေ့ဆော်ပေးလို့ ဖြစ်ပေါ်လာတဲ့ 'ရုပ်တရား' ရဲ့ ဖောက်ပြန်မှု (စိတ္တဇရုပ်) ပါပဲ။ ဒီနာမ်တရားတွေ အားလုံးဟာလည်း 'အတ္တ' မဟုတ်ပါဘူး။ လိုချင်တယ် ဆိုတာဟာ လိုချင်တတ်တဲ့ သဘောရှိတဲ့ 'တဏှာ' ဆိုတဲ့ တရားသက်သက်ပါ။ သူ့ကို အတ္တ (ငါ) လို့ သတ်မှတ်လို့ မရပါဘူး။ ဒီလိုပဲ အာရုံကို သိမှုဆိုတာဟာလည်း သိတတ်တဲ့ တရားသက်သက်ပါ။ သူလည်း အတ္တ မဟုတ်ပါဘူး။ နာမ်တရား အားလုံးဟာ 'အာရုံ' နဲ့ 'ဒွါရ' ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ သင်္ခါရတရားများသာ ဖြစ်ပါတယ်။

နိဂုံးချုပ်

အဓိက ပြောချင်တဲ့ အနှစ်ချုပ်ကတော့- ရုပ်နဲ့ နာမ်ကို ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်တဲ့အခါ ဘယ်နေရာမှာမှ "အတ္တ (ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ)" ဆိုတာ ရှာမတွေ့ပါဘူး။ အရင်ကတည်းကလည်း မရှိခဲ့ပါဘူး။ တရားတွေဟာ အကြောင်းတရားကြောင့် အကျိုးတရားအနေနဲ့ ဖြစ်ပေါ်နေတာ သက်သက်ပါ။ (ဒီရုပ်နာမ်တွေရဲ့ အသေးစိတ် သတ္တိတွေ၊ အကျိုးပေးပုံတွေကိုတော့ ပဋ္ဌာန်းတရားတော်မှာ လေ့လာနိုင်ပါတယ်)။ အခု ဒီစာကို ဖတ်လိုက်လို့ အမှန်တရားကို သိမြင်သွားတဲ့ အသိဉာဏ်ဟာလည်း၊ စာဆိုတဲ့ အာရုံက ကျေးဇူးပြုလိုက်လို့ ဖြစ်ပေါ်လာတဲ့ 'သင်္ခါရတရား' သက်သက်ပါပဲ။

သင်္ခါရတရား မှန်သမျှဟာ အမြဲ ဖောက်ပြန်ပျက်စီးနေပါတယ်။ သင်္ခါရတရားတွေရော၊ ဝိသင်္ခါရတရားရော (တရားအားလုံး) ဟာ အတ္တမဟုတ်၊ အတ္တမရှိတဲ့ 'အနတ္တ' များသာ ဖြစ်ပါတယ်။ အမြဲပျက်စီးနေတဲ့ သင်္ခါရတရားတိုင်းဟာ စက်ဆုပ်စရာကောင်းပြီး အသုံးမကျတဲ့ 'ဒုက္ခ' သက်သက်သာ ဖြစ်တယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် နားလည်ဖို့က အဓိကပါပဲ။

အရာအားလုံးဟာ တရားတွေ သက်သက်သာ ဖြစ်ပါတယ်။ လောကကြီးမှာ အကြောင်းအကျိုး ယန္တရားအဖြစ် အဆက်မပြတ် ဖြစ်ပျက်နေမှုသာ ရှိပြီး၊ ဒီဖြစ်ပျက်နေတဲ့ လောကရဲ့ အလွန်မှာတော့ အေးငြိမ်းချမ်းသာတဲ့၊ သုညတဓမ္မ၊ ဝိသင်္ခါရ၊ အသင်္ခတ ဖြစ်တဲ့ 'နိဗ္ဗာန်' ဆိုတာ ရှိပါတယ်။

လောက နဲ့ လောကအလွန် ဆိုတဲ့ တရားနှစ်မျိုးသာ ရှိပြီး၊ "ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်ဇီဝ" ဆိုတာ အတိတ်ကလည်း မရှိခဲ့၊ ပစ္စုပ္ပန်မှာလည်း မရှိ၊ အနာဂတ်မှာလည်း ဘယ်သောအခါမှ ရှိလာမည် မဟုတ်ဘူး ဆိုတဲ့ အမှန်တရားကို စာဖတ်သူများ ရှင်းလင်းစွာ သိမြင်သွားပြီ ဆိုလျှင်ပဲ ဤစာကို ရေးသားရကျိုး နပ်ပြီ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

beef bone broth

ဘယ်လိုချီးကျူးမှုမျိုးက ကိုယ့်ကလေးအတွက် ပိုထိရောက်နိုင်လဲ???

Tuesday, April 7, 2026

DNA ထဲက မှတ်တမ်းများ- အထူးချွန်ဆုံး မာရသွန်သမားတို့၏ မျိုးဗီဇပုံစံ

 DNA ထဲက မှတ်တမ်းများ- အထူးချွန်ဆုံး မာရသွန်သမားတို့၏ မျိုးဗီဇပုံစံ


၂၂ မတ် ၂၀၂၆

၂၀၁၈ ခုနှစ်၊ ဘာလင်မာရသွန်ပြိုင်ပွဲမှာ အီလီယု ကစ်ပချိုဂီ (Eliud Kipchoge) တစ်ယောက် ၂ နာရီ ၁ မိနစ် ၃၉ စက္ကန့်နဲ့ ပန်းဝင်သွားတဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩမှင်သက်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့မှု၊ စနစ်တကျ စားသောက်မှုနဲ့ ထူးချွန်တဲ့ နည်းပြတွေရဲ့ ပံ့ပိုးမှုတွေက သိသာထင်ရှားတဲ့ အကြောင်းရင်းတွေ ဖြစ်ပေမဲ့၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတစ်ခုလည်း နောက်ကွယ်မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ DNA ပါပဲ။

လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းအားတွေရဲ့ နောက်ကွယ်မှာ မျိုးဗီဇ (Genetics) ဆိုတဲ့ ဘာသာစကားနဲ့ ရေးထိုးထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။

ရှုပ်ထွေးလှသော မျိုးဗီဇ ပဟေဠိ

မာရသွန်စွမ်းဆောင်ရည်ဆိုတာ "စူပါမျိုးဗီဇ" တစ်ခုတည်းက ထိန်းချုပ်ထားတာမျိုးတော့လည်း မဟုတ်ပါဘူး။ သုတေသနတွေအရ ဒါဟာ အင်မတန်ရှုပ်ထွေးလှတဲ့ မျိုးဗီဇပေါင်းစုံ (Polygenic) ပေါင်းစပ်မှုဖြစ်ပြီး မျိုးဗီဇတစ်ခုတည်းကိုပဲ အားကိုးလို့ မရဘူးဆိုတာကို ေဖာ်ပြနေပါတယ်။

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ စနစ်တကျ လေ့လာဆန်းစစ်မှုတစ်ခုမှာ မာရသွန် အပြေးသမား (၂,၉၈၄) ဦး အပါအဝင်၊ လူပေါင်း (၁၀,၄၄၂) ဦးကို စစ်ဆေးခဲ့ရာမှာတော့ မျိုးဗီဇ (၂၇) ခုထဲက ကွဲပြားတဲ့ ပုံသဏ္ဌာန် (Polymorphisms) (၁၆၀) ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲမှာမှ မာရသွန်စွမ်းဆောင်ရည်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ မျိုးဗီဇ (၁၄) ခုထဲက သီးခြားအမှတ်အသား (SNPs) (၁၆) ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Sport Gene စာအုပ်အကြောင်း

https://www.facebook.com/share/p/1ELsD95tth/

အမွေဆက်ခံရရှိထားတဲ့ အခြေခံအုတ်မြစ်

မာရသွန်သမားကောင်းတစ်ယောက်ဖြစ်ဖို့ မျိုးရိုးဗီဇက ဘယ်လောက်အထိ အရေးပါသလဲ? လို့ မေးလာရင် အဖြေကတော့ "တော်တော်လေးကို အရေးပါတယ်" ဆိုရမှာပါ။ လေ့လာမှုတွေအရ လူတစ်ယောက်ရဲ့ အခြေခံ အောက်ဆီဂျင်သုံးစွဲနိုင်မှု (Submaximal aerobic performance) ရဲ့ (၄၈ - ၇၄) ရာခိုင်နှုန်း အထိဟာ မျိုးဗီဇအပေါ်မှာ မူတည်နေပါတယ်။

ထင်ရှားတဲ့ HERITAGE Family Study ရဲ့ ဖော်ပြချက်အရလည်း လေ့ကျင့်ခန်းအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်း (VO₂max trainability) ရဲ့ (၄၇) ရာခိုင်နှုန်း နီးပါးဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဆိုလိုတာက လူတ‌ယောက် လေ့ကျင့်ခန်းလုပ်ရင် ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကတည်းက သူ့ရဲ့ DNA ထဲမှာ ရေးမှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။

ACE- အောက်ဆီဂျင် အသုံးချမှု အင်ဂျင်

တာဝေးပြေးပွဲတွေမှာ အလေ့လာရဆုံးကတော့ ACE မျိုးဗီဇ ဖြစ်ပါတယ်။ သူက သွေးပေါင်ချိန်နဲ့ အောက်ဆီဂျင် ပို့ဆောင်မှုကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းတစ်မျိုးကို ထုတ်လုပ်ပေးတာပါ။ လူဖြူ (Caucasians) တွေထဲက ထူးချွန်တဲ့ အပြေးသမားတွေမှာ ACE Insertion (I) allele ဆိုတဲ့ ဗီဇကွဲ ပိုများနေတာကို တွေ့ရပါတယ်။ ဒါဟာ နှလုံးနဲ့ သွေးကြောစနစ်ကို ပိုမိုထိရောက်စေပြီး မာရသွန်လို ခရီးရှည်အတွက် အားသာချက် ဖြစ်စေပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ကင်ညာနိုင်ငံက ထူးချွန်တဲ့ အပြေးသမားတွေမှာတော့ ဒီဗီဇကွဲဟာ သာမန်လူတွေနဲ့ သိပ်မကွာခြားလှပါဘူး။ ဒါဟာ အရှေ့အာဖရိကသားတွေရဲ့ အပြေးစွမ်းရည်မှာ ACE တစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းရင်းတွေ ရှိနေသေးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ACTN3 နှင့် ကြွက်သား တည်ဆောက်ပုံ

"အရှိန်နှုန်းဗီဇ" (Speed Gene) လို့ လူသိများတဲ့ ACTN3 မျိုးဗီဇ ဟာ လျှင်မြန်စွာ ကျုံ့ဆန့်နိုင်တဲ့ ကြွက်သားမျှင်တွေအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အပြေးမြန်နှုန်းအတွက် သူက နာမည်ကြီးပေမဲ့၊ မာရသွန်သမားတွေမှာတော့ သူ့ရဲ့ အခန်းကဏ္ဍက အနည်းငယ် ကွဲပြားပါတယ်။

သုတေသနတွေအရ ကြွက်သားမျှင် တည်ဆောက်ပုံအတွက် ACTN3 R577X၊ နှလုံးသွေးကြော စွမ်းဆောင်ရည်အတွက် ACE I/D တို့ဟာ အရေးကြီးတဲ့ အမှတ်အသားတွေ ဖြစ်ပါတယ်။ သို့သော်လည်း မျိုးဗီဇတစ်ခုတည်းကိုပဲ ကြည့်ပြီး စွမ်းဆောင်ရည်ကို တိုင်းတာလို့ မရဘဲ၊ မျိုးဗီဇအချင်းချင်း အပြန်အလှန် ဆက်သွယ်လုပ်ဆောင်မှု (Gene interactions) ကသာ အဓိကကျလို့နေပါတယ်။

PGC-1α နှင့် PPARA- ဆဲလ်တွေရဲ့ လောင်စာစနစ်

PPARGC1A မျိုးဗီဇဟာ ဆဲလ်တွေရဲ့ စွမ်းအင်စက်ရုံလို့ ခေါ်တဲ့ မိုက်တိုကွန်းဒရီးယား (Mitochondria) တွေ ပွားများလာအောင် ထိန်းချုပ်ပေးတဲ့ "မဟာဗျူဟာမှူး" ဖြစ်ပါတယ်။

စပိန်နိုင်ငံက အထူးချွန်ဆုံး တာဝေးပြေးသမားတွေမှာ ဒီမျိုးဗီဇရဲ့ "G" ဗီဇမျိုးကွဲကို ပိုတွေ့ရတတ်ပါတယ်။ မိုက်တိုကွန်းဒရီးယားတွေ များလေလေ၊ စွမ်းအင်ကို ရေရှည် ပိုထုတ်ပေးနိုင်လေလေ ဖြစ်တာမို့ ကီလိုမီတာ (၄၂.၂) ကျော် ဝေးတဲ့ ပြိုင်ပွဲတွေမှာ ဒါဟာ အဆုံးအဖြတ် အားသာချက်တစ်ခု ဖြစ်လာပါတယ်။

TTN- အပြေးခြေလှမ်းများရဲ့ ဗိသုကာ

မာရသွန်သမားတွေအတွက် လူသိနည်းပေမဲ့ အရေးပါတဲ့ နောက်ထပ် မျိုးဗီဇတစ်ခုကတော့ TTN (Titin) ပါ။ သူက ကြွက်သားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံကို ထိန်းချုပ်‌ေပးပါတယ်။

လန်ဒန်မာရသွန် အပြေးသမားတွေကို လေ့လာမှုအရ ဒီမျိုးဗီဇမှာ T-allele ရှိသူတွေဟာ ကြွက်သားမျှင် အစုအဝေး (Fascicle length) ပိုတိုတာကို တွေ့ရပါတယ်။ ဒါဟာ အားစိုက်ထုတ်မှုကို လျော့နည်းစေပြီး ပြေးတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီဗီဇကွဲ ပါဝင်သူတွေဟာ မပါဝင်သူတွေထက် ပျမ်းမျှ အားဖြင့် (၂) မိနစ်ကျော် ပိုမြန်နေတာကို တွေ့ရပြီး ဒါဟာ ထိပ်တန်းပြိုင်ပွဲတွေမှာဆိုရင် အလွန်ကြီးမားတဲ့ ကွာဟချက်ပဲ ဖြစ်ပါတယ်။

မျိုးဗီဇဖြင့် ခန့်မှန်းခြင်းရဲ့ အကန့်အသတ်

ဒီလောက် သိပ္ပံနည်းကျ တွေ့ရှိချက်တွေ ရှိနေပေမဲ့၊ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇကို ကြည့်ရုံနဲ့ နောက်ထပ် ကမ္ဘာ့စံချိန်တင်မယ့်သူကို မခန့်မှန်းနိုင်ကြသေးပါဘူး။

တကယ်တော့ ကမ္ဘာ့အဆင့် တာဝေးပြေးသမားတွေရဲ့ ထက်ဝက်လောက်မှာ အထက်မှာ ပြောခဲ့တဲ့ "အကောင်းဆုံး" ဆိုတဲ့ မျိုးဗီဇတွေ အပြည့်အစုံ ပါမနေပါဘူး။ မျိုးဗီဇဟာ အခွင့်အလမ်းကို ပိုကောင်းစေတာ မှန်ပေမဲ့ အောင်မြင်မှုကိုတော့ အာမမခံနိုင်ပါဘူး။ နောက်ပြီး မျိုးဗီဇတွေရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲပေးနိုင်တဲ့ "Epigenetics" လိုမျိုး အပြင်ပန်း အချက်အလက်တွေကလည်း ရှိပါသေးတယ်။

မာရသွန်ပြေးခြင်းရဲ့ မျိုးဗီဇပညာရပ်ဟာ အားကစားသိပ္ပံလောကမှာ အလွန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကဏ္ဍတစ်ခုပါ။ နှလုံးသွေးကြော အင်ဂျင်ကို အားကောင်းစေတဲ့ ACE ကနေ ခြေလှမ်းတွေကို ပေါ့ပါးစေတဲ့ TTN အထိ၊ မျိုးဗီဇတွေဟာ လူတစ်ယောက်ရဲ့ အလားအလာကို ပုံဖော်ပေးနေပါတယ်။

ဒါပေမဲ့ သိပ္ပံပညာက ရှင်းရှင်းလင်းလင်း ပြောထားတာ တစ်ခု ရှိပါတယ်။ "မျိုးဗီဇက သေနတ်ထဲကို ကျည်ဆန်ဖြည့်ပေးတာပဲ တတ်နိုင်ပြီး၊ မောင်းခလုတ်ကို ဖြုတ်တာကတော့ လေ့ကျင့်မှု၊ အာဟာရ၊ နည်းစနစ်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။" ဒီနေ့ခေတ်မှာဆိုရင် ဖိနပ်လိုမျိုး အထောက်ကူပြု ပစ္စည်းတွေကအစ အဆုံးဖြတ်ပေးနိုင်တဲ့ အကြောင်းခံ (factors) တွေထဲ ပါဝင်နေပါပြီ။

ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှု၊ အစားသောက်၊ နည်းစနစ်၊ ကြိုးစားအားထုတ်မှု၊ အထောက်ကူ ပစ္စည်း အကုန်တူနေရင်တော့ ဒီ မျိုးဗီဇအမွေ (Genetic Factors) တွေက အဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

မာရသွန်ဆိုတာ သဘာဝတရားက ပေးတဲ့ လက်ဆောင်နဲ့ လူသားရဲ့ ဇွဲလုံ့လတို့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ အလှပဆုံး သက်သေတစ်ခုပဲ ဖြစ်ပါတော့တယ်။

Photo - Runner's World

The Illusion of Irreplaceability

 သင်ဆုံးသွားတဲ့နေ့မှာတောင် သင့်ကုမ္ပဏီက သင့်အတွက် တစ်ရက်လေး ပိတ်ပေးမှာ မဟုတ်ပါဘူး (The Illusion of Irreplaceability)


ယုံချင်ယုံ၊ မယုံချင်နေ။ သင် ဒီနေ့ ရုတ်တရက် သေဆုံးသွားခဲ့ရင်၊ သင့်ရဲ့ နာရေးကြော်ငြာ သတင်းစာထဲ မပါလာခင်မှာပဲ HR က သင့်နေရာအတွက် အလုပ်ခေါ်စာ (Job Vacancy) ကို အရင်တင်ပါလိမ့်မယ်။

"ကုမ္ပဏီအတွက် အသက်လုပြီး ကြိုးစားနေတယ်" ဆိုတဲ့ သင့်ရဲ့ လုပ်ရပ်ဟာ၊ လက်တွေ့မှာတော့ သင့်အသုဘကို ပို့မယ့် လွမ်းသူ့ပန်းခြင်း တစ်ခြင်း၊ ဒါမှမဟုတ် Facebook က ဝမ်းနည်းကြောင်း Post တစ်ခုနဲ့တင် အဆုံးသတ်သွားမယ့် အရာတစ်ခုပါ။

သင်က ရုံးအတွက် အိပ်ရေးပျက်ခံ၊ ကျန်းမာရေး အထိခိုက်ခံ၊ မိသားစုနဲ့ ဖြတ်သန်းရမယ့် အချိန်တွေကို စတေးပြီး အလုပ်လုပ်ပေးနေပေမဲ့၊ ကုမ္ပဏီရဲ့ မျက်လုံးထဲမှာတော့ သင်ဟာ အချိန်မရွေး လွှင့်ပစ်လို့ရတဲ့၊ အစားထိုးလို့ရတဲ့ စက်သွားလေး တစ်ခု (A Replaceable Cog) သက်သက်ပါပဲ။

စီးပွားရေး နည်းနည်းလေး ကျဆင်းသွားတာနဲ့၊ သင့်ရဲ့ ပေးဆပ်မှုတွေ၊ ညဉ့်နက်တဲ့အထိ ဆင်းခဲ့တဲ့ အချိန်ပိုတွေ၊ စတေးခဲ့တဲ့ ပိတ်ရက်တွေဟာ အသုံးစရိတ် လျှော့ချခြင်း (Cost Cutting) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမှိုက်လို သဘောထားပြီး အလုပ်ဖြုတ်ခံရမှာပါ။

အလုပ်ရှင်တွေက သင့်ကို "Team Player" လို့ ခေါ်တာဟာ၊ သူတို့ရဲ့ အကျိုးအမြတ်အတွက် သင့်ဆီကနေ သွေးစုပ်ဖို့ လှလှပပ တပ်ပေးထားတဲ့ နာမည်တစ်ခုသာ ဖြစ်ပါတယ်။

ဒီလို သွေးအေးလွန်းတဲ့ စက်ယန္တရားကြီးထဲမှာ သင်ဟာ သားကောင် မဖြစ်ရအောင်၊ သင့်ဘဝကို သင်ဘယ်လို ပြန်လည် ကာကွယ်မလဲ။ ဒါကို ရင်ဆိုင်ဖို့ ဗျူဟာ (၃) ခု ရှိပါတယ်။

၁။ ခံစားချက်တွေကို အသေဖြတ်ပါ (Emotional Detachment)

အလုပ်ဆိုတာ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့ ငွေကြေးကို လဲလှယ်တဲ့ ကိစ္စ (Transaction) သက်သက်ပါ။ အလုပ်ထဲမှာ သံယောဇဉ်တွေ၊ မိသားစုလို ခံစားချက်တွေ သွားမရှာပါနဲ့။ "ဒီအလုပ်လေး မပြီးသေးလို့၊ သူများတွေ ဒုက္ခရောက်မှာ စိုးလို့" ဆိုတဲ့ အားနာစိတ်ကို ရိုက်ချိုးပစ်ပါ။

အလုပ်ချိန် ပြီးတာနဲ့ ကွန်ပျူတာ ပိတ်၊ ဖုန်းချပြီး သင့်ရဲ့ ကိုယ်ပိုင်ဘဝထဲကို ဝင်ပါ။ ကုမ္ပဏီက သင့်အပေါ် မညှာတာသလို၊ သင်ကလည်း ကုမ္ပဏီအပေါ် ခံစားချက်ထားစရာ၊ သနားနေစရာ မလိုပါဘူး။

၂။ "မသိချင်ယောင်ဆောင်ခြင်း" အနုပညာ (Weaponized Incompetence)

သင့်ကို ပိုက်ဆံပိုမပေးတဲ့ အလုပ်တွေ၊ သင့်ရဲ့ ရာထူးတာဝန် မဟုတ်တဲ့ အရာတွေဆိုရင် "ကျွန်တော် ဒါကို သေချာ မလုပ်တတ်ဘူး" လို့ မျက်နှာပြောင်တိုက်ပြီး ငြင်းတတ်ပါစေ။ အားနာပြီး ဝင်လုပ်ပေးလိုက်တာနဲ့ အဲဒီအလုပ်ဟာ သင့်ရဲ့ တစ်သက်တာ တာဝန် ဖြစ်သွားပါလိမ့်မယ်။

အလုပ်ခွင်မှာ အရာရာတိုင်းကို တတ်ကျွမ်းနားလည်တဲ့ စူပါမန်း (Superman) လုပ်နေမယ့်အစား၊ တစ်ခါတလေမှာ "အသုံးချလို့ မရတဲ့သူ" တစ်ယောက်အဖြစ် ဟန်ဆောင်ထားတာက သင့်ရဲ့ စိတ်ကျန်းမာရေးကို အများကြီး ကယ်တင်နိုင်ပါတယ်။

မီးလောင်နေပါစေ၊ သင့်နယ်နိမိတ်ထဲက မဟုတ်ရင် လောင်ပါစေ။

၃။ အတ္တဆန်စွာ ရှင်သန်ပါ (Be Ruthlessly Selfish)

သင့်ရဲ့ ကျန်းမာရေး၊ သင့်ရဲ့ မိသားစု၊ သင့်ရဲ့ အိပ်ချိန်တွေကို အလုပ်ထက် အမြဲတမ်း ဦးစားပေးပါ။ သင် နေမကောင်းဖြစ်လို့ အလုပ်နားရင် အလုပ်ခွင်က ပုံမှန်အတိုင်း ဆက်လည်ပတ်နေမှာပါ။ ဒါပေမဲ့ သင့် မိသားစုအတွက်တော့ သင်ဟာ အစားထိုးလို့ မရတဲ့ ကမ္ဘာကြီးတစ်ခုပါ။

ကိုယ့်အခွင့်အရေးဖြစ်တဲ့ ခွင့်ယူတာတွေ၊ အနားယူတာတွေကို အားနာစရာမလိုဘဲ အပြည့်အဝ ယူပါ။ ရုံးက အရေးကြီးကိစ္စထက်၊ သင့်ကလေးရဲ့ ကျောင်းကပွဲ၊ သင့်မိဘရဲ့ ကျန်းမာရေးက အဆတစ်သောင်း ပိုအရေးကြီးပါတယ်။

သင့်ရဲ့ အချစ်တွေကို သင့်ကို ပြန်ချစ်မယ့်သူတွေ (မိသားစု၊ မိတ်ဆွေ၊ မိမိကိုယ်ကိုယ်) အတွက်ပဲ ပေးပါ။

ကုမ္ပဏီတံဆိပ်လေး တစ်ခုအတွက်နဲ့ သင့်ရဲ့ အသက်၊ သင့်ရဲ့ နုပျိုမှုတွေကို ဖြည်းဖြည်းချင်း မသတ်ပါနဲ့။

သင်ဟာ သူများ တည်ဆောက်ထားတဲ့ စျေးကွက်က ဈေးပေါတဲ့ အုတ်ခဲတစ်ချပ် မဟုတ်ပါဘူး။ အလုပ်ဆိုတာ ရှင်သန်ဖို့ လုပ်တာပါ၊ အလုပ်အတွက် ရှင်သန်နေတာ မဟုတ်ပါဘူး။

Language တွေကို စာလိုမျိုး ထိုင်ပြီးမလုပ်ပဲ

 ဘာသာစကား သင်ယူတာနဲ့ ပတ်သက်ပြီးတော့ ခဏခဏမေးတတ်ကြတယ်။ self study လုပ်ချင်တယ်.. ဘယ်က စလုပ်ရမလဲ ဆိုတာရယ်၊ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တယ်.. အစ်မ ဘယ်လိုလေ့လာခဲ့လဲ ဆိုတာရယ်။


It’s not rocket science. Really.

Language တွေကို စာလိုမျိုး ထိုင်ပြီးမလုပ်ပဲ စာနည်းနည်းလုပ်ပေမဲ့ သွက်သွက်လက်လက်ပြောနိုင်တယ်၊ နားလည်တယ် ဆိုတဲ့လူတွေ ကြည့်လိုက်ရင် အားလုံးနီးပါးမှာ တူညီတာရှိတယ်။ သူတို့က သူတို့လေ့လာနေတဲ့ language နဲ့ သီချင်းတွေ နားထောင်တယ်။ စာဖတ်တယ်။ သတင်း နားထောင်တယ်။ ဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဇာတ်ကောင်တွေပြောသလို လိုက်ပြောတယ်။ သီချင်းကို နားမလည်ရင်တောင် စာသားတွေ အလွတ်ရတယ်။ စာအပြင် “ကိုယ့်နေ့စဉ်ဘဝရဲ့ တခြားနေရာတွေမှာ” ဒီဘာသာစကားကို သုံးနေကြတယ်။

ကိုယ့်အတွက်တော့ ဒီလိုလုပ်တာဟာ စာချည်း ထိုင်လုပ်နေတာထက် ပိုထိရောက်ပါတယ်။ တကယ်လိုက်လုပ်ကြည့်ရင် သိလာလိမ့်မယ်။

ဒါပေမဲ့ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်ဆိုသော်လည်း passively ဒီတိုင်းချည်း ကြားနေတယ် မြင်နေတယ် ဆိုရုံလောက် ကြည့်နေ၊ နားထောင်နေလို့တော့ မရဘူးပေါ့။ Actively အားစိုက်ပြီး နားထောင်မှ၊ ကြည့်မှ ရပါတယ်။ ဒီနေရာကို သူတို့ သဘာဝကျကျ ဘယ်လို သုံးနှုန်းသွားလဲ၊ ဘယ်လိုပြောသွားလဲ၊ ကိုယ်သိထားတဲ့ grammar ထဲက ပုံစံမျိုးပါလား၊ အသစ်လား စသဖြင့်တော့ စူးစမ်းပြီး ခွဲခြမ်းစိတ်ဖြာရတာပေါ့။ လိုက်ပြောကြည့်မယ်။ ကိုယ့်အသံကိုသွင်းပြီး ဘယ်နားလိုနေသေးလဲ ပြန်နားထောင်ကြည့်မယ်။ ပြန်ပြောကျင့်မယ်။ ဒါဆိုရင် တအားမခက်တော့ပါဘူး။

ကိုယ် လုပ်နေကျ activity တစ်ခုကကျတော့ မနက်ထလာတာနဲ့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထွက်ပြီး စိတ်ထဲရှိနေတာတွေကို ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပြောကြည့်တယ်။ အဲ့ဘာသာနဲ့ပဲ တွေးနိုင်ဖို့ လုပ်တယ်။ နိုးလာတယ်.. ခေါင်းကိုက်သလိုခံစားရတယ်။ ပြတင်းပေါက်ဖွင့်မယ်။ ဒီနေ့ နေသာတယ်။ အဲ့ဒါကို တစ်ခုပြီးတစ်ခု ဂျာမန်လေ့လာနေရင် ဂျာမန်လိုပြောကြည့်တယ်။ ဂျပန်လေ့လာနေရင် ဂျပန်လိုပြောကြည့်တယ်။

Self-study အတွက်။ ကိုယ့်ရဲ့ အတွေ့အကြုံအရဆိုရင် ရှိသမျှ YouTube channel တွေမှာ လိုက်ကြည့်မယ်၊ ကြုံရာ စာအုပ်နဲ့လုပ်မယ်၊ app မျိုးစုံနဲ့လုပ်မယ် စသဖြင့် ဟိုရောက် ဒီရောက် လုပ်နေတာမျိုးက သိပ်မထိရောက်ပါဘူး။ ဒါမျိုးက ပေါ့ပေါ့ပါးပါး ဟိုဒီလျှောက်ပြောတဲ့ အဆင့်လောက်တော့ အဆင်ပြေလိမ့်မယ်။ တကယ် သေချာတတ်ချင်ရင် ဒီနည်းလမ်းက အဆင်မပြေဘူး။ (ကိုယ့်အမြင်နော်)

စာအုပ်နဲ့လေ့လာမှာဆိုလည်း ဘယ်စာအုပ်လဲ တစ်အုပ် သေချာရွေး၊ ဒါမှမဟုတ် YouTube channel ဆိုလည်း ဘယ် channel လည်း တစ်ခုသေချာ ဆုံးဖြတ်ပြီး အဲ့ဒါကိုပဲ အဓိကထား နေ့စဉ်လေ့လာတာမျိုးက progress ပိုမြင်ရတယ်။ ကျန်တဲ့စာအုပ်၊ app နဲ့ YouTube တွေက အရံ။ ပျင်းမှ၊ အားမှ လုပ်တာမျိုးပေါ့။

စစချင်း ဘယ်က လေ့လာရမှန်းမသိဘူးဆိုရင် - alphabets အက္ခရာတွေ၊ basic phrases အခြေခံစကားပြောတွေကနေ စပြီးလုပ်ကြည့်ပါ။ ပြီးရင်တော့ အပေါ်က ရေးထားသလို တစ်ခုခုသေချာရွေးပြီး အဲ့တာကိုပဲ တစိုက်မတ်မတ်လုပ်ကြည့်ပါ။

အတူလုပ်ဖို့ သူငယ်ချင်းမရှိဘူး၊ သင်ပေးမယ့် ဆရာမရှိဘူးဆိုလည်း AI ရှိတယ်လေ။ ကောင်းကောင်း အသုံးချပါ။ သူ့ချည်း အားကိုးလို့တော့ မရဘူး။ ဒါပေမဲ့ ကိုယ်မသိတဲ့ နားမလည်တဲ့အပိုင်းတွေ ရှင်းပြခိုင်းလို့ရတယ်၊ စာလုံးအသစ်တွေနဲ့ ကိုယ့်ရဲ့ level အတိုင်း နမူနာပြောပြခိုင်းလို့ရတယ်၊ ဥပမာ - ကိုယ်စိတ်ဝင်စားတဲ့ topic ဘာပဲဖြစ်နေနေ ကိုယ့် level အလိုက် grammar နဲ့ vocab သုံးပြီး ရှင်းပြခိုင်းလို့ရတယ်၊ မှတ်စုတွေ ထုတ်ခိုင်းလို့ရတယ်၊ စကားပြောဖော်အနေနဲ့ ပြောခိုင်းလို့ရတယ်၊ အမှားရှင်းပြပြီး ပြင်ခိုင်းလို့ရတယ်၊ examiner တစ်ယောက်လို ကိုယ့်ကို မေးခွန်းတွေ မေးခိုင်းလို့ရတယ် etc.

ဘာသာစကား စိတ်ဝင်စားမှု၊ လိုက်နိုင်မှု နဲ့ ဘာသာစကားရဲ့ခက်ခဲမှု level ပေါ်လည်း မူတည်တယ်ဆိုပေမဲ့ ဘာမှမသိတဲ့ သုညအဆင့်ကနေ ကျွမ်းကျင်တဲ့အဆင့်ရောက်ဖို့ဆိုရင် အကြမ်းအားဖြင့် နာရီပေါင်း 1000 ကနေ 2000 ကြား လေ့လာဖို့ လိုအပ်ပါတယ်။

Hsu’s Fieldnotes

အသက် (၄၀) ကျော်လာတဲ့အခါ

 အသက် (၄၀) ကျော်လာတဲ့အခါ သင့်ကြွက်သားတွေက ဒီတိုင်း အိုမင်းသွားတာ မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ထဲကနေ တိတ်တဆိတ် "အရည်ပျော် ပျောက်ကွယ်" သွားတာပါ။

အခုတလော သင့်ကိုယ်သင် ဒီလို အခြေအနေတွေဖြစ်နေတယ်လို့ ခံစားရသလား?
-အရင်လို အများကြီး မစားဘဲနဲ့တောင် အဆီတွေ အလိုလို တက်လာတယ်။
-နှစ်တိုင်း နှစ်တိုင်း ကိုယ်လက်လှုပ်ရှားရတာ ပိုလေးလံပြီး အားနည်းလာသလို ခံစားရတယ်။
-ဘာမှ သိပ်မလုပ်ရဘဲ တစ်နေကုန် နုံးခွေပြီး စွမ်းအင် (Energy) တွေ ကျဆင်းနေတယ်။
ဒါတွေဟာ သင် "ပျင်း" သွားလို့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ကြီး ပြောင်းလဲသွားလို့ပါ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
သိပ္ပံနည်းကျပြောရရင် အသက် ၄၀ နောက်ပိုင်းမှာ Sarcopenia လို့ခေါ်တဲ့ သဘာဝအလျောက် ကြွက်သားဆုံးရှုံးမှု ဖြစ်စဉ် စတင်ပါတယ်။ ဟော်မုန်းတွေ ကျဆင်းလာတယ်။ လှုပ်ရှားမှုတွေ နည်းလာတယ်။ အဆိုးဆုံးက သင့်ခန္ဓာကိုယ်ကြီးဟာ ကြွက်သားအသစ်တွေ ပြန်လည်တည်ဆောက်နိုင်စွမ်း (Protein synthesis) ထက်၊ ရှိပြီးသား ကြွက်သားတွေကို ဖျက်ဆီးပစ်တဲ့နှုန်းက ပိုမြန်နေလို့ပါပဲ။
ဒီအချိန်မှာ "ကျန်းမာရေးနဲ့ ညီအောင် စားရုံသက်သက်" နဲ့ ပြဿနာက ပြီးမသွားတော့ပါဘူး။ အသေအလဲ Diet လုပ်ပြီး အငတ်ခံတာ၊ ဘာအစီအစဉ်မှ မရှိဘဲ ပင်ပန်းအောင် လျှောက်လုပ်နေတာတွေကလည်း အဖြေမဟုတ်ပါဘူး။
ဒါပေမဲ့ လူအများစု မသိတဲ့ သတင်းကောင်းတစ်ခု ရှိပါတယ်။ "ဒီ ကြွက်သားဆုံးရှုံးမှု ဖြစ်စဉ်ကြီးကို နောက်ပြန်လှည့်လို့ ရပါတယ် (Reversible)။" မှန်ကန်တဲ့ နည်းလမ်းနဲ့ လေ့ကျင့်ပေးရင် သင့်ခန္ဓာကိုယ်က အမြဲတမ်း တုံ့ပြန်ဖို့ အသင့်ပါပဲ။
ဒီရိုးရှင်းတဲ့ အလေ့အကျင့် (၄) ခုနဲ့ သင့်ခန္ဓာကိုယ်ကို ဒီနေ့ပဲ ပြန်လည်တည်ဆောက်ပါ-
၁။ အလေးမပါ (Strength Training) - တစ်ပတ်ကို အနည်းဆုံး ၃ ရက်ခန့် စနစ်တကျ ဝိတ်မတဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ။
၂။ နှေးကွေး တည်ငြိမ်တဲ့ လှုပ်ရှားမှုများ (Yoga/Mobility) - အကြောအဆစ် ပြေလျော့စေဖို့နဲ့ ကွေးနိုင်ဆန့်နိုင်စွမ်းအတွက် ယောဂလို လေ့ကျင့်ခန်းမျိုးကို တွဲဖက်လုပ်ဆောင်ပါ။
၃။ ပရိုတင်းကို ဦးစားပေးပါ - ကြွက်သားတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ လုံလောက်တဲ့ အသားဓာတ် မဖြစ်မနေ စားသုံးပေးပါ။
၄။ အပြည့်အဝ အနားယူပါ - ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း (Deep sleep) နဲ့ ခန္ဓာကိုယ်ကို ကုစားပါ။
Gym နဲ့ ယောဂ (Yoga) ကို ပေါင်းစပ်လိုက်ခြင်းဟာ သင့်ရဲ့ ခွန်အား (Strength) နဲ့ သက်တမ်းရှည်ကျန်းမာခြင်း (Longevity) အတွက် အကောင်းဆုံး လျှို့ဝှက်ချက်ပါပဲ။ ကိုယ့်မှာ ခန္ဓာကိုယ် တစ်ခုတည်းပဲ ရှိတာပါ။ လုံးဝ လျစ်လျူမရှုထားပါနဲ့။
ဒီလို မှန်ကန်တဲ့ အသိပညာတွေ၊ စနစ်ကျတဲ့ လေ့ကျင့်ခန်း၊ အစားအသောက်တွေနဲ့ သင့်ခန္ဓာကိုယ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင်တော့ ကျွန်တော် တာဝန်ယူလမ်းညွှန်ပေးမယ့် "Lean Fit Online Fatloss Camp" ကို အခုပဲ Join လိုက်ပါ။
လေးစားလျက်-
နိုင်ဦး-၁၁၉

ADHD journey ရဲ့အစ

 သားသားအသက် ၁၈နှစ် မှာ ဘန်​ကောက်က Raffles University တက်​နေရင်း Anxiety Attack ရပါတယ်။ ကျွန်မကို ​ကျောင်းက ကျွန်မလိုက်လာမှဖြစ်မယ်၊ က​လေး အ​ခြေအ​နေက စိတ်ပူရတယ်ဆိုပြီးအ​ကြောင်းကြား​လာပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အ​ဖေက ​ဆေးရုံတင်ထားရတယ်။ ​နောက် ၂ပတ်​နေရင်သွားဖို့ ​လေယာဥ်လက်မှတ်ကလည်း ဝယ်ပြီးသားဆို​တော့ အ​ဖေ​ဆေးရုံကဆင်းပြီးမှ အရင် Plan အတိုင်းပဲသွားမယ်​ပေါ့ ။


ကျောင်းကိုလည်း နင်တို့ပဲကြည့်ထိန်းထား​ပေး။ သူက ငယ်ငယ်တည်းက ဒီလိုပဲ၊ စာ​မေးပွဲရှိရင် ငိုတတ်တယ်၊ ​ခဏခဏလည်းအန်တတ်တယ််​။ သူ့အ​ဖေနဲ့ငါက အဆင်မ​ပြေလို့ Separate ခွဲ​​​​​ ​နေကြတာမို့ ခ​လေး မှာ Trauma ​ရှိ​နေနိုင်တယ်။ ရန်ကုန်မှာ ရှိ​တုန်းက သူ့ကို Counseling Session ယူ​ပေးဖူးတယ်။ သူ့ Counselor နဲ့ Online က​​နေ ချိတ်​ပေးလိုက်မယ်၊ ငါ့ အ​ဖေက ​လော​လောဆယ် ​ဆေးရုံ​ပေါ်မှာ၊ ငါ့မှာ လူခွဲမရှိဘူး လို့ Email ပို့လိုက်တယ်။

အဲဒီအချိန်မှာ သားသား Video Call ​​ခေါ်လာတယ်။ သူ့ကို​ချော့​မော့နှစ်သိမ့်ပြီး အများကြီးမ​တွေးနဲ့ ..သားနိုင်သ​လောက်လုပ်​နော်..၊သားရဲ့ Counselor နဲ့ ​မေ​​​​မေ ချိတ်​ပေးမယ်လို့​ပြော​တော့ သားက ဘာမှမ​ပြောဘူး၊ သူ့ကြည့်ရတာ ​ပြောချင်တဲ့စကား​တွေအများကြီးရှိ​ပေမဲ့ လည်​ချောင်းထဲမှာ ဆို့နင့်ပြီး ​​ပြောမထွက်ဘူး။ ပြီး​တော့ သူ မျက်ရည်​တွေ ကျပြီး တိတ်တိတ်​လေး ငို​နေတယ်။

သူ​လေ..ဘာစကားမှမ​ပြော​ပေမဲ့ ဖုန်းမချဘူး၊ ဒီအတိုင်းကို နာရီနဲ့ချီပြီးကိုင်ထားတယ်။ ဘာဖြစ်လို့လဲသားရယ်.. ဘာလို့ ဖုန်းမချချင်တာလဲဆို​တော့ ​မေ​မေရှိ​နေရင် အားရှိလို့ပါတဲ့။ အို​ကေ၊ ဒါဆို သားလည်း အဲဒီဘက်မှာ သားလုပ်စရာ ရှိတာလုပ်၊ ​မေ​မေလည်း ​မေ​မေလုပ်စရာရှိတာလုပ်​နေမယ်၊ ဖုန်း​တော့ မချဘူး ဆို​တော့ သူကလည်း အို​ကေတဲ့။ အဲလိုနဲ့ ၃နာရီကြာသွား​တော့ ​မေ​မေဖုန်းချလိုက်​တော့မယ်၊ ရလား ..ဆို​​တော့ သူ နဲနဲ စိတ်​ပြေသွားတယ်ထင်ပါတယ်။ ဖုန်းချသွားတယ်။

ဒါ​ပေမဲ့ ကျွန်မ မသိတာက ကျွန်မကို ဖုန်းချသွား​ပေမယ့်သူ့ရဲ့ တစ်ဝမ်းကွဲ​မောင်နှမ​တွေကိုလည်းဖုန်းဆက်ပြီးဘာမှမ​ပြောဘဲ အကြာကြီး ကိုင်ထားတာကိုပဲ။ ( ကျွန်မတူမ​လေး ပြန်​ပြောပြလို့ ​နောက်မှသိရတာ) သူ အရမ်းကို အထီးကျန်​နေလို့ ၊lonely ဖြစ်​​နေလို့..လို့ ထင်ပါရဲ့။ ​

နောက်ရက်​တွေမှာ​တော့ သူ့ကို ကျွန်မဘယ်လိုမှ ဖုန်း​ခေါ်လို့မရ​တော့ဘူး။ သူလုံးလုံး မကိုင်​တော့ဘူး။ သူ Viber ကမကိုင်​တော့ Discord က​ခေါ်တယ်၊ မရဘူး။ သူ့ TikTok Account လိုက်ရှာတယ်။ အဲဒီမှာ သူတင်ထားတဲ့ Post ​တွေ့ပြီးကျွန်မ​ခေါင်းအကြီးကြီးဖြစ်သွားတယ်။ လူ တစ်​ယောက် ​ခေါင်းငိုက်စိုက်နဲ့ caption က End Me လို့​ရေးထား​တော့ ဘုရား ၊ ဘုရား လွဲပါ​စေ၊ ဖယ်ပါ​စေ။ သား​ရေ မလုပ်ပါနဲ့ ။ မလုပ်လိုက်ပါနဲ့ လို့ ကျွန်မစိတ်ထဲက အကြိမ်ကြိမ်​တောင်းပန်​နေမိတယ်။

သူ့ဆရာ ကို အ​ကြောင်းကြားလိုက်​တော့ ဆရာက သူနဲ့ တစ်တိုက်ထဲ​နေတဲ့ စီနီယာ တစ်​ယောက်ကို သွားကြည့်ခိုင်း​ပေးတယ်။ သူရှိ​နေ​သေးတယ်။ သူ ဘာမှမဖြစ်ဘူး။ သူ ကျွန်မဘဝထဲက မထွက်သွား​သေးဘူး။ဘုရားသိကြားမလို့ ​မေ့သား​လေး အသက်ရှင်​နေ​သေးတယ်။ ကျွန်မ ချက်ချင်း ​လေယာဥ်လက်မှတ်​ပြောင်းပြီး​နောက်​နေ့ သူ့ဆီလိုက်သွားခဲ့​တော့တယ်။

ကျွန်မလာ​နေပြီဆိုတဲ့အ​​ကြောင်း ၊ ​ရောက်မယ့်အချိန်နဲ့ ကျွန်မ ဖုန်းဆက်ရင် ဖုန်းကိုင်ဖို့ ၊ သူ့ကွန်ဒိုက Card System နဲ့မို့ သူ လာဆင်းမ​ခေါ်ရင် ကျွန်မ အထဲဝင်လို့မရမှာမို့ဖုန်းကိုင်ပါဆိုတာ အကြိမ်၂၀​လောက် စာ​တွေပို့ထားလိုက်တယ်။ ကျွန်မ ​​ရောက်လို့ ဖုန်းဆက်​တော့ သူ ဖုန်းကိုင်ပါတယ်။ ကျွန်မကိုလည်း ဆင်းကြိုပါတယ်။ ကျွန်မ​လေ လမ်းအလယ်မှာ သူ့ကို အကြာကြီး ဖက်ထားမိတယ်။

အိမ်​ပေါ်​ရောက်​တော့ တစ်အိမ်လုံးကရှုပ်ပွ။ ဘေစင်ထဲမှာ အိုး​တွေ၊ခွက်​တွေ၊ပန်းကန်​တွေအပုံ​လိုက်။ ကြမ်းပြင်က ဖုံအလိမ်းလိမ်း ၊သဲတရှပ်ရှပ်နဲ့။ အမှိုက်ပုံးထဲမှာ အမှိုက်​တွေပြည့်လျံ​နေတယ်။ ​မွေ့ယာခင်း​တွေကတစ်ပိုင်းတစ်စကျွတ်ထွက်​နေတယ်။​ခေါင်း​အုံးတွေက ​တောင်တစ်လုံး၊ ​မြောက်တစ်လုံး။ ဆိုဖာ​ပေါ်မှာ သူ့ laptop ကပွင့်လျက်သား၊ ​ဘေးမှာ​ကျောင်းproject အတွက် လုပ်လက်စ စာရွက်စာတန်း​တွေ ပြန့်ကျဲရှုပ်ပွ​နေတယ်။ တချို့ကကြမ်းပြင်​ပေါ်မှာ ။

ခရီး​ဝေးကလာတဲ့ ကျွန်မအတွက် ​​ခြေချစရာ ​နေရာမရှိ။ အိပ်ဖို့မ​ပြောနဲ့..၊ထိုင်စရာ ​နေရာ​လေး တစ်ခု​တောင်ရှိမ​နေ။အဝတ်​လျော်စက်ထဲမှာ အဝတ်​တွေအပြည့်၊ ​လျော်ပြီး မလှမ်းထားဘူး။ TV စင်​ပေါ်မှာ Bill​တွေအထပ်လိုက်။ ​ရေခွန်၊ မီးခွန် ၊ wifi ခွန်​တွေ။ ​ဆောင်ပြီးပြီလား ​မေးတော့ သူမသိဘူးလို့​ပြောတယ်။ တစ်ချိန်လုံး ထိမ်းလာရတဲ့စိုးရိမ်ပူပန်စိတ်​တွေ က ဒေါသအဖြစ် အသွင်​ပြောင်းပြီး ကျွန်မ​ပေါက်ကွဲထွက်​တော့တယ်။

သူ့ကိုဒါ​လေး​​တောင်..ဒီ​လောက်​လေး​တောင် မလုပ်နိုင်တဲ့ လူ​ပျော့လူညံ့အဖြစ်ပုံ​ဖော်တယ်။ ကျွန်မကိုစိတ် ဒုက္ခ​ပေးသူလို့ စွပ်စွဲတယ်။ ကျွန်မပိုက်ဆံ​တွေကိုထိုင်ဖြုန်း​နေတာ၊ မိဘ ကို မသိတတ်တာ စသဖြင့် သူ နာကျင်​စေမယ့်စကားလုံး​တွေနဲ့ ​ဒေါသပုံ ထ​မိတော့တယ်။

သူ ကျွန်မကို ဘာမှပြန်မ​ပြောဘူး။ မျက်လုံးချင်းလည်းမဆုံဘူး။ အရပ်၆​ပေ၃လက်မနဲ့ ​ပေါင်၂၅၀ရှိတဲ့ သူ့ခန္ဓာကိုယ်ကြီးကိုအတတ်နိုင်ဆုံး ကျုံ့ထားတယ်။ ကျွန်မသိလိုက်တယ်၊ သူ ကျွန်မ​ရှေ့က​နေ ​သေး​သေး​လေးဖြစ်ပြီး၊ အ​ငွေ့ပျံပြီး ​ပျောက်ကွယ်သွားချင်​နေပြီ။ သူ့မျက်နှာ တစ်ခုလုံး မျက်ရည်​တွေနဲ့ရွှဲနစ်​နေတယ်။သူ့ခမျာ အသံထွက်​ပြီးမငိုရဲဘူး။ ပုခုံး​လေးလှုပ်ပြီး​တောင်မရှိုက်ရဲဘူး။ ​

ကျွန်မ စိတ်ကို ​လျော့ချလိုက်ပြီး ​ဆောရီး သား​ရေ၊ ​မေ​မေ တအားစိတ်ရှုပ်သွားလို့ပါလို့ ပြန်​တောင်းပန်ရတယ်။ ​မေ​မေ အခု သားနားမှာ ရှိ​နေပြီ​နော်။ သားမလုပ်နိုင်​သေးတာ​တွေကို ကူ​ပေးဖို့မေ​မေ ​ရောက်လာတာ။ ​မေ​မေဘာ​ပြောထားလဲ ၊ Problem ရှိရင် Solution ရှာရမယ်​လေ​နော်။ ကျွန်မ ပြန်ပြီး မာန်တင်းလိုက်ရတယ်။ ငါသူ့ကို အပြစ်​ပြော​နေရုံနဲ့ ဒီပြဿနာ​တွေ မ​ပြေလည်သွားဘူး။

ကျွန်မလဲပြို​နေလို့ မဖြစ်တာမို့ ​လော​လောဆယ် ​​ခြေချလို့ရ​အောင် ကြမ်းပြင်​ပေါ်မှာပြန့်ကျဲ​နေတာ​တွေအကုန်​ကောက်ပြီး ခုတင်​ပေါ်တင်လိုက်တယ်။ ပြီး​တော့ ဖုန်​တွေ၊သဲ​တွေလှဲထုတ်၊ ပြည့်နှက်​နေတဲ့ အမှိုက်ပုံးထဲက အမှိုက်အိတ်ကို စုစည်းပြီး အပြင်ထုတ်၊ ​နောက် အမှိုက်အိတ်တစ်လုံးစွပ်နဲ့..။ နည်းနည်း​​ခြေချစရာရှိလာတယ်။ သူ့ရဲ့ကုတင်​ပေါ်ကျွန်မပစ်တင်ထားသမျှ​တွေ ပြန်ယူ၊ အမျိုးအစားခွဲပြီးသူ့​နေရာနဲ့သူထားသို၊ ပြီး​တော့ အိပ်ရာခင်းစွပ် အသစ်ရှာပြီး ခင်း​ပေးလိုက်​တော့ အိပ်စရာ ​နေရာ​လေးလည်း အဆင်​ပြေသွားပြီမို့ ဆိုဖာ​ပေါ်ထိုင်ငူငိုင်​နေတဲ့ သူ့ကို ကုတင်​ပေါ် တက်အိပ်ဖို့ ​ပြော လိုက်တယ်။ စိတ်ထဲမှာ​တော့တနုံ့နုံ့နဲ့ ကြည့်စမ်း အ​မေကို တချက်​လေးမှကူ​ဖော်မရဘူး။ ငါ မနားတမ်းလုပ်​နေတာကို သူ ဒီအတိုင်း ထိုင်ကြည့်​နေတာ ဆိုပြီး ​ဒေါမနသ ​တွေ ပွားလာပြန်တယ်။

ကိုယ့်​ဒေါသကိုယ် ဘရိတ်အုပ်ပြီးပဲ ချွတ်ထားတဲ့ ​မွေ့ယာခင်း​တွေ ၊ အဝတ်ခြင်း​တောင်းထဲက မ​လျော်ရ​သေးတဲ့အဝတ်​တွေစုပြီး ​လျော်ဖို့ လုပ်ရတယ်။ အဝတ်​လျော်စက်ထဲက ​လျော်ပြီးသားအဝတ်​တွေဆွဲထုတ်​တော့ Overload နဲ့ ​လျော်ထားတာ ထင်တယ်။ ပြည့်ကျပ်​နေပြီး အဝတ်​လျော်စက်က မလှည့်နိုင်​တော့ ဆပ်ပြာ​တွေလည်း မ​ပြောင်၊ ဂျီး​တွေလည်း မ​ပြောင်မို့ တဝက်​လောက်ဆွဲထုတ်ပြီး အစက​နေ ပြန်​လျော်ရတယ်။ လုပ်​နေရင်းတန်းလန်းနဲ့လည်းအဝတ် ဆိုတာ ဒီလို မ​လျော်ရဘူး၊ အဝတ်​လျော်စက်မှာ KG ဘယ်​လောက်ပဲ ​လျော်လို့ရတယ်ဆိုတဲ့ Capacity ကိုကြည့်ပြီး ​လျော်ရ​ကြောင်း ၊ များသွားရင် စက်ပျက်တတ်​ကြောင်း၊ စက်ပျက်သွားရင် ​လျော်ရမှာဖြစ်​ကြောင်း၊ ​လျော်ရရင် ပိုက်ဆံအလဟဿဖြုန်းတာနဲ့တူ​ကြောင်း၊ သား မသိရင် You Tube မှာ သွားကြည့်ပြီး​လျော်​လေ ဆိုပြီး လက်ချာရိုက်သမျှကို ဒီအတိုင်းပဲ မလှုပ်မယှက်နား​ထောင်​နေပါတယ်။

ဘေစင်ထဲက အိုးခွက်ပန်းကန်​တွေကို အကုန်​ဆေး​ကြောပြီး မီးဖို​ချောင် လှည့်ပတ် ကြည့်လိုက်​တော့ ထမင်းအိုးထဲမှာ ထမင်း တစ်လုံး ချက်ထားတယ်။ Air Fryer ထဲမှာ Chicken Nuggets ​တွေ ကင်ထားတာ​တွေ့တယ်။ ​ရေခဲ​သေတ္တာ ဖွင့်ကြည့်​တော့ ​ရေ​တွေ ၊အ​အေး​တွေ ၊နို့ဗူး​တွေ၊ ကြက်ဥနဲ့ ​ပေါင်မုန့် ​တွေ ဖြည့်ထားတယ်။ ကျွန်မကြိုက်တတ်တဲ့ အနံ့​မွှေးတဲ့ဖယောင်းတိုင်​တွေ ဝယ်ထားတာ၊ အခန်း​မွှေး​အောင် Air Freshener ဗူး​တွေ ဝယ်ဖျန်းထားတာ သတိထားမိလာတယ်။

အို ​​မေ​မေ့ က​လေး​လေးရယ်.. ဒါ သားသား​မေ​မေ့ကို ကြိုဆိုတာ​ပေါ့​နော်။ သူတတ်သ​လောက်မှတ်သ​လောက် အားထုတ်ထားတာ​တွေ အသိအမှတ်အပြု မခံရပဲ အပြစ်​တွေပဲ အ​ပြောခံရတဲ့အခါ သူ ဘယ်​လောက်​တောင် နာကျင်လိမ့်မလဲ။ ကျွန်မ သူ့ဆီအ​ပြေးသွားပြီး ဖက်ထားလိုက်တယ်။ I am sorry.. I am really really sorry. I didn’t mean it. လို့ အကြိမ်ကြိမ် အထပ်ထပ် ​ပြောမိ​ပေမယ့် ကြမ်းကျွံရင်သာ နှုတ်လို့ရမယ်၊ စကားကျွံရင်​တော့ နှုတ်လို့မရဘူး မဟုတ်လား။ ကျွန်မရဲ့ စကားမြှား​တွေက သူ့ကို စူးနစ်​နေပြီးသားမို့ အဲဒီတစ်ညလုံး ကျွန်မကို ​ကျော ခိုင်း အိပ်ပြီး ငို​နေ​တော့တာ။

ဒါက သူ့ရဲ့ ADHD journey ရဲ့အစပါ ။ အဲဒီအချိန်မှာ သူ့ရဲ့ ADHD အ​​ကြောင်း တစွန်းတစ​တောင် ကျွန်မ သိမ​နေ​သေးပါ။ ဒီအ​ကြောင်း​တွေ ပြန်​ရေးရတာ ကျွန်မအတွက်ခက်ခဲလွန်းတာမို့ ဒီမှာ ခတ္တရပ်နားပါရ​စေရှင်။

(ကျွန်မရဲ့ သား​လေးက ADHD Inattentive Type+mild Autism (Asperger’s) ပါ။ အဲလိုAutism နဲ့ADHD တွဲရင် ဘယ်လိုလက္ခဏာ ဆိုတာကို သက်သက် ​post တင်ပြီးပြောပြပါမယ်။ )

ကျွန်မကချမ်းမြချောပါ။ ADHD သားလေးတစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်။