Tuesday, April 7, 2026

Language တွေကို စာလိုမျိုး ထိုင်ပြီးမလုပ်ပဲ

 ဘာသာစကား သင်ယူတာနဲ့ ပတ်သက်ပြီးတော့ ခဏခဏမေးတတ်ကြတယ်။ self study လုပ်ချင်တယ်.. ဘယ်က စလုပ်ရမလဲ ဆိုတာရယ်၊ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တယ်.. အစ်မ ဘယ်လိုလေ့လာခဲ့လဲ ဆိုတာရယ်။


It’s not rocket science. Really.

Language တွေကို စာလိုမျိုး ထိုင်ပြီးမလုပ်ပဲ စာနည်းနည်းလုပ်ပေမဲ့ သွက်သွက်လက်လက်ပြောနိုင်တယ်၊ နားလည်တယ် ဆိုတဲ့လူတွေ ကြည့်လိုက်ရင် အားလုံးနီးပါးမှာ တူညီတာရှိတယ်။ သူတို့က သူတို့လေ့လာနေတဲ့ language နဲ့ သီချင်းတွေ နားထောင်တယ်။ စာဖတ်တယ်။ သတင်း နားထောင်တယ်။ ဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဇာတ်ကောင်တွေပြောသလို လိုက်ပြောတယ်။ သီချင်းကို နားမလည်ရင်တောင် စာသားတွေ အလွတ်ရတယ်။ စာအပြင် “ကိုယ့်နေ့စဉ်ဘဝရဲ့ တခြားနေရာတွေမှာ” ဒီဘာသာစကားကို သုံးနေကြတယ်။

ကိုယ့်အတွက်တော့ ဒီလိုလုပ်တာဟာ စာချည်း ထိုင်လုပ်နေတာထက် ပိုထိရောက်ပါတယ်။ တကယ်လိုက်လုပ်ကြည့်ရင် သိလာလိမ့်မယ်။

ဒါပေမဲ့ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်ဆိုသော်လည်း passively ဒီတိုင်းချည်း ကြားနေတယ် မြင်နေတယ် ဆိုရုံလောက် ကြည့်နေ၊ နားထောင်နေလို့တော့ မရဘူးပေါ့။ Actively အားစိုက်ပြီး နားထောင်မှ၊ ကြည့်မှ ရပါတယ်။ ဒီနေရာကို သူတို့ သဘာဝကျကျ ဘယ်လို သုံးနှုန်းသွားလဲ၊ ဘယ်လိုပြောသွားလဲ၊ ကိုယ်သိထားတဲ့ grammar ထဲက ပုံစံမျိုးပါလား၊ အသစ်လား စသဖြင့်တော့ စူးစမ်းပြီး ခွဲခြမ်းစိတ်ဖြာရတာပေါ့။ လိုက်ပြောကြည့်မယ်။ ကိုယ့်အသံကိုသွင်းပြီး ဘယ်နားလိုနေသေးလဲ ပြန်နားထောင်ကြည့်မယ်။ ပြန်ပြောကျင့်မယ်။ ဒါဆိုရင် တအားမခက်တော့ပါဘူး။

ကိုယ် လုပ်နေကျ activity တစ်ခုကကျတော့ မနက်ထလာတာနဲ့ စိတ်ထဲကနေ၊ ဒါမှမဟုတ် အသံထွက်ပြီး စိတ်ထဲရှိနေတာတွေကို ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပြောကြည့်တယ်။ အဲ့ဘာသာနဲ့ပဲ တွေးနိုင်ဖို့ လုပ်တယ်။ နိုးလာတယ်.. ခေါင်းကိုက်သလိုခံစားရတယ်။ ပြတင်းပေါက်ဖွင့်မယ်။ ဒီနေ့ နေသာတယ်။ အဲ့ဒါကို တစ်ခုပြီးတစ်ခု ဂျာမန်လေ့လာနေရင် ဂျာမန်လိုပြောကြည့်တယ်။ ဂျပန်လေ့လာနေရင် ဂျပန်လိုပြောကြည့်တယ်။

Self-study အတွက်။ ကိုယ့်ရဲ့ အတွေ့အကြုံအရဆိုရင် ရှိသမျှ YouTube channel တွေမှာ လိုက်ကြည့်မယ်၊ ကြုံရာ စာအုပ်နဲ့လုပ်မယ်၊ app မျိုးစုံနဲ့လုပ်မယ် စသဖြင့် ဟိုရောက် ဒီရောက် လုပ်နေတာမျိုးက သိပ်မထိရောက်ပါဘူး။ ဒါမျိုးက ပေါ့ပေါ့ပါးပါး ဟိုဒီလျှောက်ပြောတဲ့ အဆင့်လောက်တော့ အဆင်ပြေလိမ့်မယ်။ တကယ် သေချာတတ်ချင်ရင် ဒီနည်းလမ်းက အဆင်မပြေဘူး။ (ကိုယ့်အမြင်နော်)

စာအုပ်နဲ့လေ့လာမှာဆိုလည်း ဘယ်စာအုပ်လဲ တစ်အုပ် သေချာရွေး၊ ဒါမှမဟုတ် YouTube channel ဆိုလည်း ဘယ် channel လည်း တစ်ခုသေချာ ဆုံးဖြတ်ပြီး အဲ့ဒါကိုပဲ အဓိကထား နေ့စဉ်လေ့လာတာမျိုးက progress ပိုမြင်ရတယ်။ ကျန်တဲ့စာအုပ်၊ app နဲ့ YouTube တွေက အရံ။ ပျင်းမှ၊ အားမှ လုပ်တာမျိုးပေါ့။

စစချင်း ဘယ်က လေ့လာရမှန်းမသိဘူးဆိုရင် - alphabets အက္ခရာတွေ၊ basic phrases အခြေခံစကားပြောတွေကနေ စပြီးလုပ်ကြည့်ပါ။ ပြီးရင်တော့ အပေါ်က ရေးထားသလို တစ်ခုခုသေချာရွေးပြီး အဲ့တာကိုပဲ တစိုက်မတ်မတ်လုပ်ကြည့်ပါ။

အတူလုပ်ဖို့ သူငယ်ချင်းမရှိဘူး၊ သင်ပေးမယ့် ဆရာမရှိဘူးဆိုလည်း AI ရှိတယ်လေ။ ကောင်းကောင်း အသုံးချပါ။ သူ့ချည်း အားကိုးလို့တော့ မရဘူး။ ဒါပေမဲ့ ကိုယ်မသိတဲ့ နားမလည်တဲ့အပိုင်းတွေ ရှင်းပြခိုင်းလို့ရတယ်၊ စာလုံးအသစ်တွေနဲ့ ကိုယ့်ရဲ့ level အတိုင်း နမူနာပြောပြခိုင်းလို့ရတယ်၊ ဥပမာ - ကိုယ်စိတ်ဝင်စားတဲ့ topic ဘာပဲဖြစ်နေနေ ကိုယ့် level အလိုက် grammar နဲ့ vocab သုံးပြီး ရှင်းပြခိုင်းလို့ရတယ်၊ မှတ်စုတွေ ထုတ်ခိုင်းလို့ရတယ်၊ စကားပြောဖော်အနေနဲ့ ပြောခိုင်းလို့ရတယ်၊ အမှားရှင်းပြပြီး ပြင်ခိုင်းလို့ရတယ်၊ examiner တစ်ယောက်လို ကိုယ့်ကို မေးခွန်းတွေ မေးခိုင်းလို့ရတယ် etc.

ဘာသာစကား စိတ်ဝင်စားမှု၊ လိုက်နိုင်မှု နဲ့ ဘာသာစကားရဲ့ခက်ခဲမှု level ပေါ်လည်း မူတည်တယ်ဆိုပေမဲ့ ဘာမှမသိတဲ့ သုညအဆင့်ကနေ ကျွမ်းကျင်တဲ့အဆင့်ရောက်ဖို့ဆိုရင် အကြမ်းအားဖြင့် နာရီပေါင်း 1000 ကနေ 2000 ကြား လေ့လာဖို့ လိုအပ်ပါတယ်။

Hsu’s Fieldnotes

No comments:

Post a Comment