Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts

Friday, February 6, 2026

" မတော်နဲ့မတည့် ခွေးကျိုးကို ရန်လုံမှည့်သတဲ့"

 

******************************
"ဟျောင့် ကိုထွေး မင်းဘယ်တုန်းကခွေးမွေးလိုက်တာလဲ ။ အရင် ငါလာတုန်းက မရှိပါဘူး။
"ဟာ ကိုကေး လာ လာ ။ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ကားရပ်တာတောင် သတိမထားလိုက်မိဘူး၊ လာ လာ ကားပေါ်က ဆင်းလေဗျာ။ ဘာလုပ်နေတာတုန်း "
"မဆင်းရဲပါဘူးကွာ ငါက ပေါင်ရိုးခွဲထားရတာ။ မင်းခွေးက လိုက်ကိုက်လို့ တစ်ကျိုးကနေ နှစ်ကျိုးဖြစ်နေပါ့မယ်"
ကိုကေးက ပခုံးလေးတွန့်ပြီးပြောလိုက်တော့
မောင်ကိုထွေးကရယ်တယ်။ သူ့နံဘေးမှာဝပ်နေတဲ့ ခွေးညိုလေးတင်ပါးကို ခပ်ဆတ်ဆတ်ပုတ်လိုက်ပြီး ပြန်ပြောတယ်။
"ခင်ဗျားကို လိုက်ကိုက်ဖို့နေနေသာသာ သူ့ကို ကြက်လိုက်ဆိတ်ရင်တောင် လွတ်အောင်မပြေးနိုင်ပါဘူးဗျာ၊ ဟိုတလောက ဝင်းခိုင်တို့နဲ့အတူမြို့ပြင်ထွက်ပြီး ဘျာလေးချနေတုန်း ကုန်ကားကဖြတ်တိုက်သွားပြီးလဲနေလို့ ဆေးခန်းပို့ကုပေး၊ ပြီးတော့သနားတာနဲ့ကောက်လာပြီးမွေးထားတာပါ။ ညာလက်တဖက်ကျိုးသွားတော့ လျှောက်ရင်တောင် ဆတ်တောက် ဆတ်တောက်ဖြစ်နေတာ တွေ့မဟုတ်လား"
ဒီတော့မှ ကိုကေးက ကားပေါ်က စိတ်ချလက်ချဆင်းတယ်။ ဟုတ်တယ်လေ သူ့ခမျာ အသက်ကြီးကာမှ ပေါင်ကျိုးပြီး စတီးရိုးထည့်ထားရတာ ၊ခွေးလိုက်လို့ပြေးရရင် ကျိုးထားတဲ့ခြေထောက်
တပိုင်းစီလိုက်ကောက်ရချည်ရဲ့။
မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် ချက်တလုံးဖောက်ပြီး သောက်လိုက်ကြ၊ မောင်ကိုထွေးချက်ထားတဲ့ ကြက်ဂွေး( ကြက်သားလေးပါလေဟန်နဲ့ ဂွေးတောက်ရွက်ဟင်းချို)လေးသောက်လိုက်နဲ့ စည်းစိမ်ကြီးခံနေကြတုန်း အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သံနဲ့အတူ စူးစူးဝါးဝါး အသံထွက်လာတယ်။
"ဟဲ့ ရန်လုံ နင်က ဘယ်လိုဖြစ်ပြီ အပြင်ရောက်နေတာတုန်း။ ဟယ်တော် ခြံတံခါးကြီးပွင့်လို့ ။ တော့ ကိုထွေး ရှင်ဘာလုပ်နေတုန်း ၊ ရှင့်ခွေးဒုက္ခိတအပြင်ထွက်နေတယ် ၊တခြားခွေးတွေဝိုင်းကိုက်လို့ကတော့ ဟင်း မပြောလိုက်ချင်ဘူး"
" ဪ အေးအေး မိန်းမရေ ယောက်ျားသတိမထားလိုက်မိလို့ပါ ။ ဒီမှာ ကိုကေးရောက်လာလို့ ဧည့်ခံနေတာနဲ့ ဒီကောင်ထွက်သွားတာ သတိမထားလိုက်မိဘူးဖြစ်သွားတာ ဆောဒီးပါ မိန်းမရယ်"
မောင်ကိုထွေးရဲ့ သွားဖြီးလေးနဲ့ လေပြေထိုးသံလေးက ဇမ္ဗူ့သပြေရွက်ချပ်ကြိုကြား လေညင်းခတ်သွားသလို ချိုသာညင်းပျောင်းလို့ ။ မောင်ထွေးမိန်းမ ရင်ရင်စိုးက ခြံဝကနေဆိုင်ကယ်လေးလှိမ့်ဝင်လာပြီးရပ်လိုက်တယ်။ ကိုကေးကိုမြင်‌တော့ ခေါင်းညိတ်ပြုံးပြနှုတ်ဆက်တယ်။ ခွေးက ထော့နဲ့ထော့နဲ့ နဲ့ ဆိုင်ကယ်နောက်ကနေ ခြံထဲပြန်လိုက်ဝင်လာတယ်။
"ငါ့နှမ စာသင်ပြီးပြန်လာတာလား"
"ဟုတ်တယ်အစ်ကိုကေးရေ ။ နောက်တဝိုင်းကူးဖို့ ဖြတ်သွားရင်း ခဏပြန်ဝင်လာတာ။ လေ့ကျင့် ခန်း စာအုပ်လေးတွေကျန်ခဲ့လို့ ပြီးတော့ သူ့လဲမှာစရာရှိလို့"
ရင်ရင်စိုးက အိမ်ထဲဝင်သွားပြီ စာအုပ်တချို့ယူပြီးပြန်ထွက်လာတယ်။ မောင်ကိုထွေးကို မျက်စောင်းကြီးထိုးကြည့်တဲ့ပြီး
"စောင်တွေလှမ်းထားတာနေမပျောက်ခင် ရုပ်ထားနော်။ မေ့မနေနဲ့ ညကျရင် စောင်ရေခဲစိမ် ခြုံနေရဦးမယ်။ ပြီးရင် အစ်မစန္ဒာဆီပို့မယ့် အာလူးကြော်ထုတ်တွေကို သေသေချာချာထုတ်ပြီး ည ၇ နာရီကားနဲ့ပို့ဖို့ အဆင်သင့်လုပ်ထား။ ကျုပ်ပြန်လာမှ မထုတ်ရစေနဲ့ ။ ကိုကေးကိုအကြောင်းပြပြီး ဖင်ဘူးတောင်းထောင်အောင်လဲ သောက်မနေနဲ့ ။ ပြီးတော့ ရှင့်ခွေး ဒုက္ခိတကိုလည်း ကြည့်ထားဦး။ အပြင်ထွက်သွားပြီး အကိုက်ခံရလို့ ကျုပ်မှာ ဆေးဖိုးဝါးခကုန်ရဦးမယ်"
ဆိုင်ကယ်သံ‌တဖုန်းဖုန်း၊ မီးခိုးအလုံးလုံးကို နောက်ချန်ထားခဲ့ပြီး ရင်ရင်စိုးထွက်သွားတော့မှပဲ မောင်ကိုထွေးတယောက် ပခုံးနှစ်ဖက်ကြားပုဝင်နေတဲ့ ခေါင်းကလေး ပြန်ပြူထွက်လာတော့တယ်။ ပန်ကန်လုံးထဲက ချက်လက်ကျန်လေးကို ဂွပ်ခနဲကောက်မော့ ၊ လေပူကြီး ဟူးခနဲမှုတ်ထုတ်လိုက်ပြီး သွားကြိတ်တယ်။
" တယ် ဒီမိန်းမကတော့ ... ဟွင်း ကိုကေးရှိလို့ အသာကြည့်နေလိုက်တာကို သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေတယ် ၊ ငါ တယ် ကတောက်စ်"
"စိတ်လျှော့ပါကွာ ၊ ဟိုမှာ ရင်စိုးက မီးသတ်ရှေ့ရောက်နေလောက်ပါပြီ။ ဒါနဲ့ နေပါဦး စောစောက ရင်စိုးခေါ်လိုက်တာ သေချာမကြားလိုက်လို့ ။ မင်းခွေးကို ဘယ်လိုနာမည်ခေါ်လိုက်တာ"
" ရန်လုံလေ ၊ သူ့ကိုတွေ့တဲ့နေရာ၊ ခေါ်လာတဲ့အချိန်‌တွေကို ကျနော်ကိုယ်တိုင် ဗေဒင်တွေဘာ‌တွေ တွက်ချက်ကြည့်ပြီး နာမည်ပေးထားတာ"
" ဖွီး"
ကိုကေးတယောက် ဝါးနေတဲ့ကြက်ဂွေးတွေသီးပြီး ပါးစပ်ထဲက အဖတ်လိုက်ပြန်ထွက်လာတယ်။ မနင်တာကံကောင်း။
" ဟာ ဟေ့လူ ဘယ်လိုဖြစ်တာတုန်း"
ကိုကေးချက်ခြင်းပြန်မပြောနိုင်ဘူး။ တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပြီး အသက်ကို မနည်းရှူနေရှာတယ်။ နှာရည်တွေလည်းအတောင့်လိုက်ထွက်ကျလို့ ။ ရေတခွက်ထည့်ပြီး အာလုပ်ကျင်း ၊ တငုံချင်းစီသောက်ချ၊ အသက်ကို ဝဝရှူ ....။ ပြီးတော့မှ
" ဘာ ဘယ်လို ဖြစ်ရမလဲ ၊ မင်းဂျီးတော်ကြီးတည့်မှ မင်းကြောင့်ဖြစ်တာပေါ့ကွ ။ ကားတိုက်ခံရလို့လမ်းဘေးလဲနေတဲ့ခွေး သနားလို့ခေါ်မွေးတာ ကောင်းပါတယ်။ မင်းရဲ့ ကရုဏာစိတ်ကိုလဲ အထင်ကြီးမိပါတယ်။ ဒါပေမယ့် ရှေ့လက်ကျိုးကြေပြီး ကြက်လိုက်ဆိတ်တာတောင် လွတ်အောင်မပြေးနိုင်ဘူးဆိုတဲ့ခွေးကို ရန်လုံမှည့်တာကတော့ မင်းကွာ ငါ့လခွမ်းတည့်မှ ခွီး အဟွတ် ဟပ်ချိုး"
ထင်လင်းဦး(Wisdom Villa)

Monday, November 3, 2025

မြန်မာနိုင်ငံရေး

2 Years Ago...
မော်ရင်ဟိုဆိုတာ တစ်ချိန်ကဘာကာနည်းပြဘော်ဘီရော်ဆင်ရဲ့စကားပြန် ၊ ဘာဘော်လုံးမှ မကန်တတ်ဘူး ဒါပေမဲ့ သူ့အသင်းသားတွေက တော်တော်တန်တန် သူ့ဆဲမရဘူး ဘာသာစကား၆မျိုးတတ်တယ် ...

သူ့ဘဝမှာဘော်လုံးနဲ့ပတ်သက်လို့ ထူးထူးချွန်ချွန်ဆိုလို့ မူလတန်းကျောင်းသားဘဝက ကိုယ့်ဂိုးကိုယ် သွင်းဖူးတာပဲရှိတယ် 😂😂😂...

ဒီလိုလူက ကမ္ဘာ့ဘော်လုံးလောကကို ကိုင်လှုပ်သွားတယ် စပါယ်ရှယ်ဝမ်းတစ်ကယ်ဖြစ်ခဲ့တယ် ၊ သူက အိမ်ကျယ်လေကြီး ဖာဂူဆန် အာဆင်ဝင်ဂါးတို့လို့ တစ်သင်းတည်းကျောက်ချ လစာ လိမ်စားနေတဲ့သူမဟုတ်ဘူး ၊ မတူညီတဲ့ နိုင်ငံလိဂ်တွေမှာ ဆုဖလားပေါင်းစုံယူပြခဲ့တဲ့ တကယ့်စပါယ်ရှယ်ဝမ်း ...

ဒီလူက ဘာအကယ်ဒမီထွက်မှလဲမဟုတ်ပြန်ဘူး ဒါပေမဲ့ဟိုအကယ်ဒမီထွက် ဒီအကယ်ဒမီထွက် ကလပ်ထွက်တွေကို ဖျင်စုတ်အောင်ဆော်သွားတာ ။ ဘော်လုံးဆိုတာလဲ ဂိုးလဲမပေးရဘူး အနိုင်လဲကန်မှ ဆုဖလားရတာ ၊ တစ်ချို့ပွဲတွေမှာ သူက ခံစစ်အသေပိတ်ကစားတယ် အရုပ်ဆိုးလွန်းတယ် ဒါပေမဲ့သူ့ရည်မှန်းချက်အောင်မြင်တယ် ။ တစ်ချို့ကဝေဖန်ကြတယ် ဘော်လုံးရသပျက်တယ်ပေါ့လေ ၊ ဘော်လုံးရသကောင်းပြီးရှုံးသွားရင် ဘယ်သူတာဝန်ယူပြီး ဖျင်ခံမလဲဗျာ ကျုပ်ပြောတာ မဟုတ်ဘူးလား 😁😁😁..
ရသခံစားချင်ရင် ဘဲလေးအကကြည့်ပေါ့ ...

ကိုယ်တွေဆီကလူတွေကြည့်လိုက် ဆင်ခြေအမျိုးမျိုးပေးနေတာ နည်းပြကလဲချာ ကစားသမားတွေကလဲချာနဲ့ဗျာ ၊ မြန်မာတွေကအမှတ်သည်းချေတော့ သိပ်မရှိဘူး ဘယ်လောက်ရှုံးရှုံး ဆဲဆိုပြီးခဏငြိမ်သွားတယ် ၊ ဘာပွဲညာပွဲရှိပြန်ပြီဆို မြန်မာနိုင်ပြီသီချင်းကဆိုချင်သေးတာ ။ ဒါပေမဲ့ ကန်တဲ့သူတွေကလဲ ကိုသာဆိုးချည်းပဲ သိကြားမင်းဆင်းနည်းပြလဲမရဘူး ၊ နည်းပြတွေကြည့်ပြန်တော့လဲ လူရိုသေရှင်ရိုသေ နည်းပြမငှားနိုင်ဘူး 😁😁😁...

မော်ရင်ဟိုကြီး အမရပူရ တောင်သမန်တံတားလာလည်တုန်းက မြန်မာနိုင်ပြီသီချင်းကို မယ်ဒလင်လေးနဲ့ ဖျော်ဖြေခဲ့တဲ့ပုံလေးနဲ့ တင်ဆက်လိုက်ပါတယ် 🤭🤭🤭...

Nay Saw Shwe 

ဘဝတိုင်းမှာ ခွေးဖြစ်ပါစေ ညီလေး

 တနေ့က

မသာအောင်လေး ကျွန်တော်ရှိတဲ့ ဘာတာပွဲစားတန်းကို ရောက်လာတယ်။ ကျွန်တော့်နေရာမှာ ကျွန်တော်ကျွေးထားတဲ့ ခွေးလေးတကောင်က အနားမှာ လာအိပ်နေတာကို အောင်လေးက သေသေချာချာကြည့်ပီး

#ကျွန်တော်ခွေးဖြစ်ချင်တယ်အကို#တဲ့

ဟျောင့် မင်းရူးနေပီလားဆိုတော့

#အကိုစဉ်းစားကြည့်လေ ဒီခွေးလေးဟာ

စစ်မှုထမ်းဥပဒေ ကို ဂရုမစိုက်ဘူး

အာဏာသိမ်းတာ သူနဲ့မဆိုင်ဘူး

သားသမီးအတွက်စိတ်မပူရဘူး

ဗီဇာမလိုဘူး၊မှတ်ပုံတင်မလိုဘူး

ကွန်ဒို မလိုဘူး၊ မွေ့ယာ မလိုဘူး

ဆီးချိုမရှိဘူး၊သွေးတိုးမရှိဘူး

ဘီယာမသိဘူး၊ဝီစကီမသိဘူး

LV မသိဘူး၊ Brand တွေ စိတ်မဝင်စားဘူး၊

အတင်းမပြောဘူး၊ မကြွားတတ်ဘူး၊

အကြွေးမရှိဘူး၊ ငွေတိုးမချေးစားဘူး၊

ဘာကားမှမစီးဘူး၊ ဓါတ်ဆီဈေးတက်တာ စိတ်မဝင်စားဘူး ။

ဆိုတော့ကာ
ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အပူတွေအားလုံး သူ့မှာ တခုမှ မရှိဘူး၊
သူဟာ
အေးချမ်းနေတယ်
လွတ်လပ်နေတယ်
ပူပန်စရာမရှိဘူး
ကျွန်တော့်ဘဝနဲ့ တခြားဆီပဲ

ဒါကြောင့် ဖြစ်နိုင်ရင်
ကျွန်တော် သူ့လို ခွေးဖြစ်ချင်တယ်အကို ဆိုပီး အဝေးကို ငေးမောကြည့်နေလေရဲ့။

ကျွန်တော် ပါးစပ်အဟောင်းသားနဲ့သူ့ကိုကြည့်နေမိတယ်။ ရင်ထဲမှာတော့ ဖြစ်လေရာ ဘဝတိုင်းမှာ ခွေးဖြစ်ပါစေ ညီလေးလို့ လှိုက်လှိုက်လဲလဲ ဆုတောင်းပေးနေမိပါတော့တယ်။

#ရင်မောသောကများပြေပျောက်နိုင်ကြပါစေ#

Saturday, June 1, 2024

လွတ်မြောက်နယ်မြေ

 ( မှားယွင်းသုံးသပ်မိတဲ့ ဆောင်းပါးတစ်ပုဒ်)

NUG ဟာ လွတ်မြောက်နယ်မြေ မလုပ်လို့ဆိုပြီး ဆရာကြီးတွေက အော်ကြတယ်။
တရုတ်ပြည်၏စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့သမိုင်းကိုကြည့်ရင်
စစ်အာဏာရှင် ချန်ကေရှိတ်ဟာ ဆိုဗီယက်မှ စစ်သင်တန်းဆင်းတယ်။သူ့မိန်းမက အမေရိကန်က ဘွဲရတယိ။ ဒီတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဟာ ဘယ်အကူအညီမှမရခဲ့ဖူး။ ဒါကြောင့် မြို့ပေါ်ဆန္ဒပြပွဲတွေ အကုန်နှိမ်နင်းခံရတယိ။ ကွန်မြူနစ်ပါတီဝင်တွေ တွေ၏ မိသားစုဝင်တွေကို ချန်ကေရှိတ်ဦးစီးတဲ့ စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ၏သတ်ဖြတ်ခြင်းခံရသူတွေထဲမှာ မော်စီတုံး၏ ညီဖြစ်သူနှင့် မိန်းမဖြစ်သူပါပါခဲ့တယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီနှင့် သူတို့မိသားစုဝင်တွေဟာလွတ်မြောက်နယ်မြေတည်ထောင် ဖို့ဆိုပြီး တရုတ်ပြည်အနောက်မြောက်ပိုင်းကို သွားဖို့ပြင်ဆင်ရပါတယ်။
လမ်းခရီးမှာစစ်အာဏာရှင် ချန်ကေရှိတ်ထိန်းချုပ်ရာဒေသနှင့်ဝေးတဲ့ တိုင်းရင်းသားစစ်ဘုရင်တွေပိုင်တဲ့ နယ်မြေတွေကိုဖြတ်သန်းသွားခဲ့ရပါတယ်။ တချို့စစ်ဘုရင်တွေဟာ ချန်ကေရှိတ်နှင့် ပူးပေါင်းပြိး သူတို့နယ်မြေကိုဖြတ်သန်းနေတဲ့ ကွန်မြူနစ်ပါတီ ကို တိုက်ခိုက်ကြသလို တချို့တိုင်းရင်းသားစစ်ဘုရင်များကတော့ ကြေငြာချက်အရ ချန်ကေရှိတ်စစ်အာဏာရှင်ကို တိုက်ခိုက်တယ်ဆိုသော်လည်း တကယ်တန်းကွန်မြူနစ်တပ်တွေသူတို့နယ်မြေထဲဝင်လာတဲ့အခါမှာ ချန်ကေရှိတ်တပ်တွေနှင့် နယ်မြေအပေးအယူလုပ်ပြီး ချန်ကေရှိတ်၏တပ်တွေကို သူတို့နယ်ထဲခေါ်သွင်းကာ ကွန်မြူနစ်တွေကိုအပြတ်ဆော်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။
ဒီလိုနှင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဟာ ရက်ပေါင်းရာချီ မိုင်ပေါင်းထောင်ချီ
ခရီးရှည်ကြီးကို ဆင်နွှဲပြီး နောက် သူတို့၏လွတ်မြောက်နယ်မြေကိုရောက်ရှိသွားပါတယ်။
ထိုခရီးရှည်ချီတက်ပွဲကို Long March ဟု ကမ္ဘာမှာနာမည်ကြိးပါတယ်။
မြန်မာပြည်မှာ NUG နှင့် PDF ဖြစ်စဉ်အရ NUG အတွက် အမေရိကန် က လေယာဉ်တင်သဘောင်္ကြီး တစ်စီးကို မြန်မာပြည်နားမှာထားထားပေးတယ်ဟု NLD လော်ဘီများက ဖေဖော်ဝါလီလကတည်းက ဆိုထားပါတယ်။
NUG ဟာ အမေရိကန်၏ ထောက်ပံ့မှုတွေကို ရရှိထားပြီး တပ်သား၈သောင်း ကို လေ့ကျင့်ထားတယ်ဟု အမေရိကန်ပြည်ထောင်စုမှNUG လော်ဘီတစ်ဦးကဆိုထားပါတယ်။
NUG အတွက် စလုံးရောက်မြန်မာတွေက ဒေါ်လာသောင်းဂဏန်းလောက်ကို တစ်ဦးချင်းစီကလှူဒါန်းကြတယ်ဆိုပါတယ်။ ဒါကြောင့် စလုံးယောက်မြန်မာ အယောက် တစ်သောင်းကပဲလှူတယ်ထားပါ။ ဒေါ်လာ သန်းရာချီရရှိပြီးဟုဆိုရမှာပါ။
ဒီတော့ ဒ်ီလိုအနေအထားမျိုးတွေကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ NUG ဟာ Dday ပွဲသိမ်းတိုက်ပွဲဆိုပြီး အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် ရန်ကုန်ကို သိမ်း ပြီးရင် နေပြည်တော်ကို သိမ်းတဲ့ စစ်ရေးမဟာဗျူဟာ Plan တခုကို မကြာခင်လပိုင်းအတွင်းမှာဖော်ဆောင်ဖို့ ကြိုးစားနေတယ်ဟုယူဆရမှာပါ။
ဒီမှာ တချို့လူတွေမသိကြသေးတာက မော်စီတုံးလွတ်မြောက်နယ်မြေတည်ထောင်ရတယ် ဆိုတာ သူ့ကို ဆိုဗီယက်ကောအမေရိကန်ကပါ မထောက်ခံကြလို့၊ လက်နက် မကူညီကြလို့ သူတို့အဆင်ပြေ တဲ့ ဒေသကို သွားပြီးလွတ်မြောက်နယ်မြေအရင်ထူထောင်ပြီး ထိုဒေသမှတဆငိ့ စစ်အာဏာရှင်ချန်ကေရှိတ် အုပ်ချုပ်ရာဒေသများမှာပျောက်ကျား စစ်ပွဲဆင်နွှဲနိုင်အောင် စီမံထောက်ပံ့မှုတွေလုပ်ပြီး ပျောက်ကျားစစ်ဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရတယ်ဆိုတာတွေ့ရပါတယ်။
ဒါပေမယ့် အမေရိကန်၏အထောက်အပံအကူအညီကို အများအပြားရထားတဲ့ NUG ဟာ မော်စီတုံး၏ ထိုခေတ်ကအခြေအနေနှင့် လုံးဝမတူတာကြောင့် လွတ်မြောက်နယ်မြေမထူထောင်ပဲ D day ဆိုပြီး နေပြည်တော်သိမ်းတိုက်ပွဲကို နောက်နှစ်လအတွင်း ဆော်မယ်ဆိုတာ ကျွန်တော်အနေဖြင့်မှားမယ်မထင်ပါဘူး။
လွတ်မြောက်နယ်မြေ ဆိုတာ အမေရိကန်က NUG ကို မကူညီမှလုပ်သင့် တာ ဖြစ်ပါတယ်။
(NUG ၏ အချက်အလက်များကို NUG လော်ဘီများထံမှ ယူပါသည်။)
Jun 1st, 2021
Credit to:

Myat Maw

Friday, May 31, 2024

ထရော်မာများထဲ ရုန်းကန်ခဲ့ရသော နာကျင်နိမ့်ကျ ကျွန်တော့်ဘဝအစ

"ဗြိတိသျှကိုကိုမောင်" ဆိုတာ ရယ်စရာတွေ၊ ဟာသ‌တွေ၊ သရော်စာတွေရေးတတ်တဲ့ အဲဗားခွီနေတဲ့ လူတစ်ယောက်လို့ အတော်များများက သိထားကြတယ်။

ဒါပေမယ့် အဲ့ဒီ ကလောင်တချောင်းဖြစ်လာဖို့ ကျွန်တော်ဟာ နာကျင်ဖွယ် သုညဘ၀ ကို မွေးကတည်းက စခဲ့ရတာပါ။
ဘ၀က တော်တော် နာကျင်ဖို့ကောင်းပါတယ်။
ကျွန်တော် မွေးပြီးစ အချိန်မှာပဲ ကျွန်တော်ဟာ အမေ့ရဲ့ နို့တစ်လုံးကိုသာ စို့ခွင့်ရခဲ့တယ်။
အမေ့မှာ နို့နှစ်လုံးပါပေမယ့် လောကထဲ ဘာမှ မသိနားမလည်သေးတဲ့ ကျွန်တော်ဟာ နို့စို့ချိန်တိုင်း အမေ့ရဲ့ ဘယ်ဘက်နို့ ဒါမှမဟုတ်ရင် ညာဘက်နို့ တစ်ခုကိုသာ စို့ခွင့်ရခဲ့ပါတယ်။
တစ်ပြိုင်နက် နှစ်ဖက်လုံး စို့ခွင့်မရလောက်အောင် ဆင်းရဲခဲ့ရတယ်။
အမေဟာ ကျွန်တော် လေးနှစ်သားမှာ ရက်စက်စွာနဲ့ ကျွန်တော့်ကို နို့ဖြတ်ပစ်ခဲ့တယ်။
ကျွန်တော့် အဖေကတော့ ပျော်လို့။ အေးလေ... သူက ပျော်မှာပေါ့။
နောက်ပိုင်း သိတတ်စ အရွယ် မှ ကျွန်တော်သိလာရတာက ကျွန်တော့် အဖေ ဟာ ကျွန်တော့် အမေရဲ့ ယောက်ျားဆိုတာကို တဖြည်းဖြည်း ရိပ်မိလာတာပဲ။
ကဲ ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲဗျာ။ ဒီလို အဖြစ်မျိုး ခင်ဗျားတို့ ကြုံဖူးလား။ ကိုယ့်ကိုမမွေးခင်ကတည်းက ကိုယ့်အမေက လင်ရနေတာလေဗျာ။
ဒီထက်ဆိုးတာက...
အမေ့နို့ မစို့ရတော့တဲ့ ကျွန်တော့်ကို အဖေက အိုဗာတင်းဆိုတာ တွေ ဖျော်ဖျော်ပြီးတိုက်တဲ့အထိ ရက်စက်ခဲ့ပါတယ်။
အမေလား..အိုဗာတင်းဖျော်ဖို့ ရေနွေးတောင် တည်ပေးလိုက်သေး။
ဒီလိုနဲ့ အဖေနဲ့ အမေဟာ ကျွန်တော် လေးနှစ်သားမှာ ကျွန်တော့်ကို အိမ်မှာ မထားနိုင်တော့ဘူးဆိုပြီး မူကြိုဆိုတဲ့‌ေနရာကို ရက်စက်စွာ ပို့ခဲ့ကြတယ်။
ကျွန်တော်ဟာ အိမ်မှာလည်း အနှိမ်ခံရသလို မူကြိုမှာလည်း အနှိမ်ခံရတာပါပဲ။
မူကြိုဆရာမက ကျွန်တော့်ကို "လူငယ်သလောက် ချီးတုံးကြီးတဲ့ဟာလေးတော့" လို့ ပက်ပက်စက်စက်‌
ပြောပြီး ကျွန်တော့် ‌ဖင်ကို ရေတွေနဲ့ လောင်းဆေးပစ်တယ်။
ကျွန်တော့်မှာ ဖင်‌ေခါင်းထဲအထိ အေးတာကို အံကြိတ်ခံရင်း ထရော်မာတွေ ရခဲ့ပေါ့။
ဘ၀ ရဲ့ ကကြီရေ က ဟာ ဒီလို အနှိမ်ခံဘ၀နဲ့ စခဲ့တယ်။
မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားဘ၀တွေမှာလည်း ကျွန်တော်ဟာ ကျောင်းမှာ အမြဲတမ်း အဖြူ အစိမ်း ပဲ ၀တ်ခဲ့ရတယ်။
ကျောက်သင်ပုန်းနဲ့ရေးဖို့ဆိုပြီး အမေဟာ ကျောက်တံပဲ ၀ယ်ပေးတယ်။
စာအုပ်နဲ့ စာရေးရတဲ့အခါကျပြန်တော့ အဖေဟာ ကျွန်တော့်ကို စက္ကူနဲ့လုပ်ထားတဲ့ စာအုပ်တွေသာ ၀ယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ ပညာရေးအတွက် အဖေ စိတ်မပျက်စေရအောင် အတတ်နိုင်ဆုံး ဘာမှ စောဒကမတတ်ဘဲ ကြိုးစားပန်းစားနဲ့ အဖေ၀ယ်ပေးတဲ့ စာအုပ်ထဲက စက္ကူတွေဖြဲပြီး စက္ကူလေယာဉ်ပျံလုပ်၊လှေလုပ်တမ်း ကစားခဲ့ရပါတယ်။
ဒီလို မျိုး အဖေရုန်းကန်နေရတဲ့ အခြေအ‌နေမျိုးမှာ
အိမ်ထောင်ရှင်မဖြစ်တဲ့ အမေဟာလည်း ကျွန်တော့် ထမင်းဘူး ထဲ ထမင်းရယ် ဟင်းရယ်က လွဲပြီး ဘာမှ မထည့်ပေးနိုင်ခဲ့ဘူး။
မတတ်သာတဲ့အဆုံး
ကျွန့်တော် ဟာ အဖေ ပေးတဲ့ မုန့်ဖိုးကို ယူရပါတော့တယ်။
ဒါလည်း ဒီတိုင်းတော့မရပါဘူး။
ဘ၀ဆိုတာ တခုယူရင် တခုပြန်ပေးရမြဲ မဟုတ်လား။
အဖေက ကျွန်တော့်ကို မုန့်ဖိုးပေးရတဲ့အတွက်ဆိုပြီး နေ့တိုင်း ကျွန်တော့်ကို စက်ဘီးတစ်စီးနဲ့ ကျောင်း မုန့်‌‌
ဈေးတန်း အထိ ရက်ရက်စက်စက် လိုက်ပို့တာကို ခံရပါတော့တယ်။
ဒီလိုနဲ့
ကျောင်းသားတစ်ဦးရဲ့ လွတ်လပ်စွာ ကျောင်းပြေးခွင့်ကို မူလတန်းအရွယ်မှာပဲ ကျွန်တော်ဟာ ဆုံးရှုံးခဲ့ရပြန်ပါတယ်။
အဲ့ဒီလို နာကျင်စရာ အခြေအနေဘ၀နဲ့ လူပျိုပေါက်အရွယ်
အထက်တန်းကျောင်းသားဖြစ်လာပြန်တော့လည်း ထရော်မာတွေ ရခဲ့ပြန်တယ်။
လူတန်းစားအဆင့်အတန်းခွဲခြားလွန်းတဲ့ ကျွန်တော်တို့ ကျောင်းဟာ ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်း
ဘ၀တူကောင်တွေကို မိန်းကလေးအိမ်သာထဲ ဘယ်တော့မှ မ၀င်ရဆိုပြီး ဖိနှိပ်ခဲ့ကြတယ်။
နုံချာလှတဲ့ အနှိမ်ခံဘ၀နဲ့ ကျွန်တော်တို့ဘ၀တူ သူငယ်ချင်းတစ်စုဟာ စိတ်အားငယ်စွာပဲ ကျား အိမ်သာမှာ သေးကော့ပန်းခဲ့ရတယ်။
ပြီးမှ မိန်းကလေးအိမ်သာဘက်က သူငယ်ချင်းမတွေ ထဘီ ဖြန့်၀တ်တာကို ပီဘိညိုးငယ်သော စိတ်ထားဖြူဖြူလေးတွေနဲ့ တက်ချောင်းရင်း ဘ၀ကို နာနာကျင်ကျင် ကျော်ဖြတ်ခဲ့ရပါတယ်။
ကျွန်တော့်ရဲ့ ဟာ နုနယ်ပျိုမြစ်တဲ့ ဆယ်တန်းကျောင်းသားဘ၀မှာပဲ နောက်ထပ် နာကျင်စရာ ထရော်မာတွေ တစ်ခု ထပ်ရခဲ့ပြန်ပါတယ်။
အဖေဟာ ကျွန်တော့်ကို ကိုးတန်းဖြေပြီးခါစမှာပဲ သွေးအေးရက်စက်စွာနဲ့ သုံးလပြတ်ကျူရှင် အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်ဘယ်လောက်နာကျင်ခဲ့မလဲ။
ကျူရှင်မှာလည်း ကျွန်တော်ဟာ စိတ်ဒဏ်ရာတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ နာကြည်းဖွယ် စိတ်ဒဏ်ရာကနေ ကျွန်တော်ဟာ ငါ တစ်နေ့ ဆရာ၀န် ဖြစ်ရမယ်ဆိုတဲ့ သန္နိဌာန်ချပစ်ခဲ့တယ်။
အဲ့ဒီ စိတ်ဒဏ်ရာကတော့ ဇင်ဖြူသီ ဆိုတဲ့ ကောင်မလေးက စပါတယ်။
ဇင်ဖြူသီ ဟာ လှတယ်။ ချမ်းသာတယ်။
ကျွန်တော်ဟာ သူမ ကိုပေးဖို့ အားတင်းပြီး ရည်းစားစာတစ်စောင် ကျွန်တော်ရေးခဲ့တယ်။
ကျူရှင်ရှေ့မှာ ကျွန်တော် အစောကြီးသွားစောင့်တယ်။
ဇင်ဖြူသီဟာ သူ့အဖေရဲ့ အကောင်းစားစူပါကပ်ကျောက်စိမ်းဆိုင်ကယ်ပေါ်မှာ အနွေးအထည်ခေါင်းစွပ်လေး ၀တ်ပြီး ကျူရှင်ထဲ ၀င်လာတယ်။
သူ့အနားကို ကျွန်တော်ကပ်သွားတယ်။
စာပေးခါနီး သူ့ကို စကားစလိုက်တယ်။
"ဇင်ဖြူသီ ...နင်...နေကောင်းလား"
ဇင်ဖြူသီက ကျွန်တော့်ကို ခပ်တင်းတင်းစိုက်ကြည့်ပြီး
"မကောင်းဘူးဟ၊ တုပ်ကွေးမိနေတာ၊ အခုတောင် ဆရာ၀န်က ဖင် ကို ဆေးနှစ်လုံး ထိုးလွှတ်လိုက်တယ်"
အဲ့ဒီစကားကြားတဲ့အခါ ကျွန်တော့်စိတ်ထဲ သေလောက်အောင်၀မ်းနည်းနာကျင်ခဲ့ရတယ်။
ခင်ဗျားတို့ ခံစားကြည့်လေ။
ကိုယ်က အခုမှ ဦးဦးဖျားဖျား ချစ်ရေးဆိုပြီး မေတ္တာစာပေးမယ့် ကောင်မလေးကို ဟိုဆရာ၀န်ဆိုတဲ့လူက ဖင်လှန် ဆေးထိုး လိုက်တယ်တဲ့။
အဲ့ဒီအဖြစ်အပျက်ပြီးကတည်းက ကျွန်တော်ဟာ ငါတစ်နေ့ ဆရာ၀န် ဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီထရော်မာဟာ ခွန်အားဖြစ်လာပြီးတဲ့နောက် ကျွန်တော်ဟာ အမြဲတမ်း ကိုယ့်အားကိုယ်ကိုးခဲ့တယ်။
မိဘနှစ်ပါး အလုပ်ရှုပ်မှာစိုးပြီး ခြောက်လပတ်၊ လေးလပတ်စာမေးပွဲ ရီပို့ကဒ်တွေမှာ မိဘတွေကိုယ်စား ကိုယ့်ဟာကိုယ်သာ အနစ်နာခံ လက်မှတ်ထိုးပေးခဲ့ပါတယ်။
စာမေးပွဲကာလမှာလည်း အဖေနဲ့ အမေဟာ ကျွန်တော့်ကို ရက်စက်စွာ စာကျက်ခိုင်းချိန်မှာ ကျွန်တော်ဟာအခန်းငယ်ထဲ အထီးကျန်စွာနဲ့ ခိုးချမယ့် မိုက်ခရိုစာရွက်တွေ ခေါက်ရင်း ကြိုးစားခဲ့ရတယ်။
ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့ အခါ ကျွန်တော်အောင်ပါတယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆရာ၀န်လုပ်မယ့် ရည်ရွယ်ချက်ကို အဖေက ရက်စက်စွာဖျက်ဆီးခဲ့ပါတော့တယ်။
မှတ်မိပါသေးတယ်။ အဲ့ဒီနေ့က ကျွန်တော်က ညကျ‌ေတာ့ အဖေနဲ့ အမေ့ကို ကျွန်တော့်ရည်မှန်းချက်ကို ဖွင့်ပြောလိုက်တယ်။
"ကျွန်တော် ဆရာ၀န် လုပ်မယ် အဖေ၊ ဆေးကျောင်းတက်မယ်"
"မင်း ဦးနှောက်မှ ကောင်းသေးရဲ့လားကွာ"
အဖေ့ရဲ့ တုံ့ပြန်မှုပါ။
အမေက ကျွန်တော့်ကို အံဩတကြီး ကြည့်နေပါတယ်။
"ကျွန်တော် ဆရာ၀န်လုပ်ချင်လို့ပါ အဖေ..ကျွန်တော့်ကို ခွင့်ပြုပါ..ကျွန်တော် ဆေးပညာနဲ့ လူတွေ အသက်ကို ကယ်မယ် အဖေ..ကျွန်တော့်ကို ဆရာ၀န်လုပ်ခွင့်ပြုပါ"
ကျွန်တော့်ရဲ့ ပြတ်သားတဲ့ စကားကို ကြားပြီးနောက္မှာ
အဖေက တစ်ခွန်းပဲ ပြန်ပြောပါတယ်။
"ဟိတ်ကောင်..သောက်ရူး.မင်း အမှတ်ပေါင်း က ၂၄၂ မှတ်နဲ့ ဆရာ၀န်လုပ်လို့ရမလားကွ။ တော်ရုံပဲ သောက်ရူးထပါဟ လခွမ်း"
ဘယ်လောက် နာကျင်ခံစားရတဲ့ စကားလုံးလဲဗျာ။
အဲ့ဒီလိုနဲ့ မော်ဒရေးရှင်း လေးဘာသာ ပိုင်ရှင် ကျွန်တော်ဟာ အဖေ့ရဲ့ စကားတစ်ခွန်းအောက် လမ်းပျောက်ခဲ့ရပါတော့တယ်။
ဆရာ၀န်ဖြစ်ရင် ဇင်ဖြူသီလို ဟာမလေးတွေကို ဖင်လှန်ပြီး ဆေးထိုးရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေး ပြိုကွဲပြီး ထရော်မာတွေသာ ရရှိခဲ့တာပါ။
ဒီအကြောင်းတွေ ရေးရင် ကျွန်တော့် ရင်ဘတ်တွေ အောင့်လာတယ်ဗျာ။
အတော်လေးရုန်းကန်ခဲ့ရတဲ့
ကိုယ့်ဘဝကိုယ် သနားလွန်းလို့ ရှူးတောင် ပေါက်ချင်လာပြီ။
နောက်မှ ဆက်ရေးတော့မယ်။
ဪ..နာကျင်ခံစားရတဲ့ ထရော်မာတွေချည်းရေးပြီး မိုတီဗိတ်ဖြစ်စေတဲ့ စာလေးရေးဖို့ ကျန်ခဲ့တယ်။
အောင်မြင်ချင်တယ်ဆို ဘယ်လိုလုပ်ရလည်း ကျွန်တော်လည်း သေချာမသိပါဘူး။
ကိုယ့်ဟာကိုယ်တောင် မိန်းမက ဟင်းချက်ခိုင်းသွားလို့ ဟင်းအိုးကလေးမွှေနေရင်းရွာလည်နေတာပါ။
အခက်အခဲတွေများစွာ ကျော်ဖြတ်အောင်မြင်နေကြတဲ့
မိုတီဗိတ်စပီကာကြီးတွေကို ဖတ်ရ မြင်ရ အားကျရင်း ကိုယ်လည်း နာမည်ကြီးမလားလို့ ဝင်ရေးကြည့်တာပါခင်ဗျ။
😜😝😁
ဗြိတိသျှကိုကိုမောင်
Credit to:

Khaw Zazz