******************************
"ဟျောင့် ကိုထွေး မင်းဘယ်တုန်းကခွေးမွေးလိုက်တာလဲ ။ အရင် ငါလာတုန်းက မရှိပါဘူး။
"ဟာ ကိုကေး လာ လာ ။ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ကားရပ်တာတောင် သတိမထားလိုက်မိဘူး၊ လာ လာ ကားပေါ်က ဆင်းလေဗျာ။ ဘာလုပ်နေတာတုန်း "
"မဆင်းရဲပါဘူးကွာ ငါက ပေါင်ရိုးခွဲထားရတာ။ မင်းခွေးက လိုက်ကိုက်လို့ တစ်ကျိုးကနေ နှစ်ကျိုးဖြစ်နေပါ့မယ်"
ကိုကေးက ပခုံးလေးတွန့်ပြီးပြောလိုက်တော့
မောင်ကိုထွေးကရယ်တယ်။ သူ့နံဘေးမှာဝပ်နေတဲ့ ခွေးညိုလေးတင်ပါးကို ခပ်ဆတ်ဆတ်ပုတ်လိုက်ပြီး ပြန်ပြောတယ်။
"ခင်ဗျားကို လိုက်ကိုက်ဖို့နေနေသာသာ သူ့ကို ကြက်လိုက်ဆိတ်ရင်တောင် လွတ်အောင်မပြေးနိုင်ပါဘူးဗျာ၊ ဟိုတလောက ဝင်းခိုင်တို့နဲ့အတူမြို့ပြင်ထွက်ပြီး ဘျာလေးချနေတုန်း ကုန်ကားကဖြတ်တိုက်သွားပြီးလဲနေလို့ ဆေးခန်းပို့ကုပေး၊ ပြီးတော့သနားတာနဲ့ကောက်လာပြီးမွေးထားတာပါ။ ညာလက်တဖက်ကျိုးသွားတော့ လျှောက်ရင်တောင် ဆတ်တောက် ဆတ်တောက်ဖြစ်နေတာ တွေ့မဟုတ်လား"
ဒီတော့မှ ကိုကေးက ကားပေါ်က စိတ်ချလက်ချဆင်းတယ်။ ဟုတ်တယ်လေ သူ့ခမျာ အသက်ကြီးကာမှ ပေါင်ကျိုးပြီး စတီးရိုးထည့်ထားရတာ ၊ခွေးလိုက်လို့ပြေးရရင် ကျိုးထားတဲ့ခြေထောက်
တပိုင်းစီလိုက်ကောက်ရချည်ရဲ့။
မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် ချက်တလုံးဖောက်ပြီး သောက်လိုက်ကြ၊ မောင်ကိုထွေးချက်ထားတဲ့ ကြက်ဂွေး( ကြက်သားလေးပါလေဟန်နဲ့ ဂွေးတောက်ရွက်ဟင်းချို)လေးသောက်လိုက်နဲ့ စည်းစိမ်ကြီးခံနေကြတုန်း အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သံနဲ့အတူ စူးစူးဝါးဝါး အသံထွက်လာတယ်။
"ဟဲ့ ရန်လုံ နင်က ဘယ်လိုဖြစ်ပြီ အပြင်ရောက်နေတာတုန်း။ ဟယ်တော် ခြံတံခါးကြီးပွင့်လို့ ။ တော့ ကိုထွေး ရှင်ဘာလုပ်နေတုန်း ၊ ရှင့်ခွေးဒုက္ခိတအပြင်ထွက်နေတယ် ၊တခြားခွေးတွေဝိုင်းကိုက်လို့ကတော့ ဟင်း မပြောလိုက်ချင်ဘူး"
" ဪ အေးအေး မိန်းမရေ ယောက်ျားသတိမထားလိုက်မိလို့ပါ ။ ဒီမှာ ကိုကေးရောက်လာလို့ ဧည့်ခံနေတာနဲ့ ဒီကောင်ထွက်သွားတာ သတိမထားလိုက်မိဘူးဖြစ်သွားတာ ဆောဒီးပါ မိန်းမရယ်"
မောင်ကိုထွေးရဲ့ သွားဖြီးလေးနဲ့ လေပြေထိုးသံလေးက ဇမ္ဗူ့သပြေရွက်ချပ်ကြိုကြား လေညင်းခတ်သွားသလို ချိုသာညင်းပျောင်းလို့ ။ မောင်ထွေးမိန်းမ ရင်ရင်စိုးက ခြံဝကနေဆိုင်ကယ်လေးလှိမ့်ဝင်လာပြီးရပ်လိုက်တယ်။ ကိုကေးကိုမြင်တော့ ခေါင်းညိတ်ပြုံးပြနှုတ်ဆက်တယ်။ ခွေးက ထော့နဲ့ထော့နဲ့ နဲ့ ဆိုင်ကယ်နောက်ကနေ ခြံထဲပြန်လိုက်ဝင်လာတယ်။
"ငါ့နှမ စာသင်ပြီးပြန်လာတာလား"
"ဟုတ်တယ်အစ်ကိုကေးရေ ။ နောက်တဝိုင်းကူးဖို့ ဖြတ်သွားရင်း ခဏပြန်ဝင်လာတာ။ လေ့ကျင့် ခန်း စာအုပ်လေးတွေကျန်ခဲ့လို့ ပြီးတော့ သူ့လဲမှာစရာရှိလို့"
ရင်ရင်စိုးက အိမ်ထဲဝင်သွားပြီ စာအုပ်တချို့ယူပြီးပြန်ထွက်လာတယ်။ မောင်ကိုထွေးကို မျက်စောင်းကြီးထိုးကြည့်တဲ့ပြီး
"စောင်တွေလှမ်းထားတာနေမပျောက်ခင် ရုပ်ထားနော်။ မေ့မနေနဲ့ ညကျရင် စောင်ရေခဲစိမ် ခြုံနေရဦးမယ်။ ပြီးရင် အစ်မစန္ဒာဆီပို့မယ့် အာလူးကြော်ထုတ်တွေကို သေသေချာချာထုတ်ပြီး ည ၇ နာရီကားနဲ့ပို့ဖို့ အဆင်သင့်လုပ်ထား။ ကျုပ်ပြန်လာမှ မထုတ်ရစေနဲ့ ။ ကိုကေးကိုအကြောင်းပြပြီး ဖင်ဘူးတောင်းထောင်အောင်လဲ သောက်မနေနဲ့ ။ ပြီးတော့ ရှင့်ခွေး ဒုက္ခိတကိုလည်း ကြည့်ထားဦး။ အပြင်ထွက်သွားပြီး အကိုက်ခံရလို့ ကျုပ်မှာ ဆေးဖိုးဝါးခကုန်ရဦးမယ်"
ဆိုင်ကယ်သံတဖုန်းဖုန်း၊ မီးခိုးအလုံးလုံးကို နောက်ချန်ထားခဲ့ပြီး ရင်ရင်စိုးထွက်သွားတော့မှပဲ မောင်ကိုထွေးတယောက် ပခုံးနှစ်ဖက်ကြားပုဝင်နေတဲ့ ခေါင်းကလေး ပြန်ပြူထွက်လာတော့တယ်။ ပန်ကန်လုံးထဲက ချက်လက်ကျန်လေးကို ဂွပ်ခနဲကောက်မော့ ၊ လေပူကြီး ဟူးခနဲမှုတ်ထုတ်လိုက်ပြီး သွားကြိတ်တယ်။
" တယ် ဒီမိန်းမကတော့ ... ဟွင်း ကိုကေးရှိလို့ အသာကြည့်နေလိုက်တာကို သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေတယ် ၊ ငါ တယ် ကတောက်စ်"
"စိတ်လျှော့ပါကွာ ၊ ဟိုမှာ ရင်စိုးက မီးသတ်ရှေ့ရောက်နေလောက်ပါပြီ။ ဒါနဲ့ နေပါဦး စောစောက ရင်စိုးခေါ်လိုက်တာ သေချာမကြားလိုက်လို့ ။ မင်းခွေးကို ဘယ်လိုနာမည်ခေါ်လိုက်တာ"
" ရန်လုံလေ ၊ သူ့ကိုတွေ့တဲ့နေရာ၊ ခေါ်လာတဲ့အချိန်တွေကို ကျနော်ကိုယ်တိုင် ဗေဒင်တွေဘာတွေ တွက်ချက်ကြည့်ပြီး နာမည်ပေးထားတာ"
" ဖွီး"
ကိုကေးတယောက် ဝါးနေတဲ့ကြက်ဂွေးတွေသီးပြီး ပါးစပ်ထဲက အဖတ်လိုက်ပြန်ထွက်လာတယ်။ မနင်တာကံကောင်း။
" ဟာ ဟေ့လူ ဘယ်လိုဖြစ်တာတုန်း"
ကိုကေးချက်ခြင်းပြန်မပြောနိုင်ဘူး။ တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပြီး အသက်ကို မနည်းရှူနေရှာတယ်။ နှာရည်တွေလည်းအတောင့်လိုက်ထွက်ကျလို့ ။ ရေတခွက်ထည့်ပြီး အာလုပ်ကျင်း ၊ တငုံချင်းစီသောက်ချ၊ အသက်ကို ဝဝရှူ ....။ ပြီးတော့မှ
" ဘာ ဘယ်လို ဖြစ်ရမလဲ ၊ မင်းဂျီးတော်ကြီးတည့်မှ မင်းကြောင့်ဖြစ်တာပေါ့ကွ ။ ကားတိုက်ခံရလို့လမ်းဘေးလဲနေတဲ့ခွေး သနားလို့ခေါ်မွေးတာ ကောင်းပါတယ်။ မင်းရဲ့ ကရုဏာစိတ်ကိုလဲ အထင်ကြီးမိပါတယ်။ ဒါပေမယ့် ရှေ့လက်ကျိုးကြေပြီး ကြက်လိုက်ဆိတ်တာတောင် လွတ်အောင်မပြေးနိုင်ဘူးဆိုတဲ့ခွေးကို ရန်လုံမှည့်တာကတော့ မင်းကွာ ငါ့လခွမ်းတည့်မှ ခွီး အဟွတ် ဟပ်ချိုး"
ထင်လင်းဦး(Wisdom Villa)
No comments:
Post a Comment