နတ်သုဓာ ( MF )
------------------------------" လူလေးကြီးရင် ဘာလုပ်မလဲ " ဟု အမေ မေးတိုင်း " သူရင်းငှား လုပ်မှာပေါ့ဗျ " ဟု သူ..ဖြေခဲ့မြဲ။ " ကောင်းပါလေ့တော်..ဒီမုဆိုးမ ထမင်းမြိန်မြိန် စားရတာပေါ့ " ဟု အမေက အငေါ်တူးသည်။ သူရင်းငှားမဖြစ်ခင် ကလေးဘဝမှာပဲ အမေ ဆုံးသည်။သူလည်း ဘကြီးအိမ် ရောက်သွားသည်။ သားတစ်ယောက်၊တဲတစ်လုံး၊ နွားမသားအမိတစ်တွဲ သူ့အစ်ကိုလက်ထဲ ထိုးအပ် သွားခဲ့သည်။
ဘကြီးအိမ်မှာ သူက တောက်တို။ ထင်းခွဲ၊ရေခပ်၊နွားစာစဥ်း၊နွားကျွေး၊နွားချေးကျုံးက သူ့တာဝန်။နွားတွေကလည်းအမြဲ ဆာလောင်လို့။သူလည်းအမြဲဆာလောင်လို့။နွားတွေကို သူ..တစ်ခု အံ့သြသည်။မြက်တွေကို တစ်သက်လုံး မမုန်းတမ်း စားနေကြသည်အဖြစ်။ဖွဲနုတို့၊နှမ်းဖတ်တို့ဆိုတာ သူတို့အဖို့ စားရခဲမျှ နတ်သုဓာ။ ဒီနေ့မှ ရှားရှားပါးပါး..ရွှေရောင်ကောက်ရိုးတွေကို နုတ်နုတ်စဥ်း၊နှမ်းဖတ်ရည်ဆမ်း၊ဖွဲနုဖြူး..စားကျင်းထဲထည့်နယ် ကျွေးရ တော့မည်။အနံ့ရတော့ နွားတွေ ဂနာမငြိမ်ကြ။
နယ်ရင်းဖတ်ရင်း စားကျင်းထဲ၊ သွားရည် တစ်ပေါက် တောက်ခနဲ ကျသွားသည်။ ။
******* ဂျိုဇော်
( 28-7-25 )