Showing posts with label Htet Aung. Show all posts
Showing posts with label Htet Aung. Show all posts

Thursday, April 9, 2026

ဘဝ အဓိပ္ပါယ်


ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဆိုတာဟာ တကယ်တော့ လောကအကြောင်းကို အမှန်သိခြင်းပါပဲ။ ဘဝမှာ ကျနော်တို့ဟာ မသိမှု များစွာနဲ့ နေထိုင်နေကြပါတယ်။ ဘဝ ဘာကြောင့် ဖြစ်လာလဲ မသိဘူး၊ ဘဝ အဓိပ္ပါယ်ဘာလဲ မသိဘူး၊ ဘဝဆိုတာရှိရဲ့လား ဆိုတာတောင် မသိကြပါဘူး။ အဲဒီတော့ ဘဝ အကြောင်းကို သေသေချာချာ သိသွားတဲ့အခါ မေးခွန်းထုတ်စရာ မရှိတော့တဲ့အခါ ဘဝ ဟာ ပြီးပြည့်စုံသွားတာပါပဲ။ တကယ်တော့ ဘဝ ဆိုတာဟာ မွေးခြင်းကနေ သေခြင်းကို သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တခုပဲ ဖြစ်ပြီးတော့ တိကျတဲ့ အဓိပ္ပါယ်ဆိုတာ ရှိမနေပါဘူး။ ဘဝဟာ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရတွေကြောင့် ဖြစ်လာရတာ ဖြစ်ပြီး သစ္စာလေးပါးကို မသိခြင်းဟာ အဓိက အရင်းခံပါပဲ။ ဒါကိုပဲ အဝိဇ္ဇာလို့ ခေါ်တာ ဖြစ်ပါတယ်။ ဘဝ တခု ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့ ဇာတိကလဲ ဒုက္ခပါပဲ။ အိုမင်းလာရတာကလဲ ဒုက္ခပါပဲ၊ သေခြင်းဟာလဲ ဒုက္ခပါပဲ၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဟာလဲ ဒုက္ခပါပဲ၊ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းဟာ ဒုက္ခပါပဲ။ ဒါဟာပဲ ဘဝရဲ့ အဓိပ္ပါယ်၊ အနှစ်သာရ ဖြစ်ပါတယ်။ ဘဝရဲ့ အနှစ်သာရ ဆိုတာဟာ ဒုက္ခလို့ ပြောနိုင်ပါတယ်။ ဒီ ဒုက္ခ ဖြစ်ကြောင်းကတော့ သမုဒယ ဆိုတဲ့ တဏှာပါ။ ဒါတွေအားလုံးဟာ မသိမှု တွေဝေမှု ကြောင်တောင်ကန်းမှု ဆိုတဲ့ မောဟ ကြောင့် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဘဝ ဆိုတဲ့နေရာမှာ ကာမ၊ ရုပ၊ အရုပ တို့ပဲ ရှိတာ ဖြစ်ပါတယ်။ ကျနော်တို့ လူဆိုတာကတော့ ကာမဘဝ ထဲမှာ အကြုံးဝင်ပါတယ်။ ကာမသုဂတိ ဘုံပါ။ ဘဝ ဆိုတာဟာ သစ္စာလေးပါးကို မသိသ၍ လည်ပါတ်နေရမှာပဲ ဖြစ်ပါတယ်။ သမုဒယ သစ္စာ တဏှာကို စွန့်ပါယ်တဲ့ နည်းကတော့ ဘဝကနေ သံသရာကနေ လွတ်မြောက်တဲ့ လမ်းပါပဲ။ ဘဝ တွေ ထပ်ခါထပ်ခါ ဖြစ်နေတာကိုတော့ သံသရာလို့ ခေါ်ပါတယ်။ သမုဒယ သစ္စာ ဖြစ်တဲ့ တဏှာကို ပါယ်စွန့်နိုင်ဖို့ ဆိုတာကတော့ မသိမှု၊ တွေဝေမှု၊ ကြောင်တောင်ကန်းမှု မောဟ ဆိုတဲ့ တရားကို ပါယ်စွန့်ပြီး အမှန်မြင်မှု ဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်သာ ရှိပါတယ်။ တကယ်တော့ ဘဝရဲ့ အနှစ်သာရဟာ ဒုက္ခ ဖြစ်နေတဲ့အတွက် ကျနော်တို့ အနေနဲ့က သမုဒယကို ပါယ်စွန့်နိုင်ဖို့က အမှန်မြင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အမှန်မြင်ပြီ ဆိုရင် ဓမ္မသဘောအရ သမုဒယ သစ္စာဟာ စွန့်သွားမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဘာကို အမှန်မြင်ရမလဲ ဆိုရင်တော့ ကိုယ့်ရဲ့တွေးတောမှု ကို ဖြစ်စေတဲ့ ခန္ဓာကိုယ် ဆိုတာကို စပြီး အမှန်မြင်ဖို့ လိုပါတယ်။ ပြီးရင်တော့ ခန္ဓာရဲ့ သဘောကို အမှန်မြင်ဖို့ လိုပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ် ဆိုတာဟာ ရုပ်နဲ့ နာမ်ရဲ့ အပေါင်းအစု ဖြစ်တယ် ဆိုတာကို ပထမဆုံး သိဖို့ လိုပါတယ်။ ရုပ်ခန္ဓာ ဆိုတဲ့ ရုပ်အပေါင်းအစုရယ်၊ နာမ်ခန္ဓာခေါ်တဲ့ နာမ်အပေါင်းအစုရယ် စုပေါင်းထားတာကိုပဲ ခန္ဓာကိုယ်လို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ရုပ်ဆိုတာကတော့ မျက်စိနဲ့ မြင်ရတဲ့ ရုပ်အကုန်လုံးကို ခေါ်တာ ဖြစ်ပါတယ်။ မျက်စိနဲ့ မမြင်ရတဲ့ ရုပ်တွေလဲ ရှိနေပေမယ့် (ဥပမာ လေ) ထင်ရှားတာကတော့ မျက်စိနဲ့ မြင်ရသမျှ ရုပ်လို့ ပြောတာက ထင်ရှားပါတယ်။ နာမ်ဆိုတာကတော့ ဝေဒနာ (ခံစားမှု)၊ သညာ (မှတ်သားမှု)၊ ဝိဉာဏ် (သိမှု)၊ သင်္ခါရ (စေ့ဆော်မှု) ဆိုတဲ့ အစုအပေါင်းလေးခုပဲ ဖြစ်ပါတယ်။
အဲဒီ ရုပ်နဲ့ နာမ်မှာ သူတို့ရဲ့ လက္ခဏာ ရှိပါတယ်။ အဲဒါကတော့ အနိစ္စဆိုတဲ့ မမြဲခြင်း၊ ဒုက္ခဆိုတဲ့ စက်ဆုပ်စရာ အသုံးမကျခြင်း၊ အနတ္တ ဆိုတဲ့ ငါသူ သတ္တဝါမဟုတ်ခြင်း၊ အသုဘ ဆိုတဲ့ မတင့်တယ်ခြင်း စတာတွေ ရှိပါတယ်။ ဒါတွေကို အမှန်အတိုင်း မသိ တွေဝေ မိုက်မဲ ခြင်းကိုတော့ မောဟလို့ ခေါ်ပါတယ်။ တရားအားထုတ်တယ် ဆိုတာကတော့ အဆိုပါ မောဟအစား အမောဟ ခေါ်တဲ့ အမှန်အတိုင်း အချိန်တိုင်း သိနေခြင်း ဆိုတာ ဖြစ်ဖို့ လုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် တရားအားထုတ်သူဟာ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံတဲ့ မဂ္ဂင်ကို ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒီလို အမှန်မြင်မှုဟာ အထပ်ထပ်အခါခါ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာပဲ နောက်ဆုံးမှာ အနတ္တနဲ့ အနိစ္စ ဆိုတာကို အပြည့်အဝ သဘောပေါက်ပြီး လောကမှာ ရုပ်နာမ် သင်္ခါရမှာ တွယ်ငြိစရာ ဘာမှ မရှိတာကို သဘောပေါက်ပြီး သမုဒယသစ္စာ (တဏှာ)ကို ပါယ်သတ်နိုင်မှာပဲ ဖြစ်ပါတယ်။ သမုဒယ သစ္စာ တဏှာကို ပါယ်သတ်ဖို့ ကို ကြိုးစားရတာတော့ မဟုတ်ပါဘူး။ ကြိုးစားရတာက အနိစ္စနဲ့ အနတ္တကို မြင်အောင် သဘောပေါက်အောင် ကြိုးစားရတာပါ။ အကျိုးရလဒ်ကတော့ တဏှာ သေသွားတာ ဖြစ်ပါတယ်။ ဘာကြောင့် သမုဒယ သေရသလဲ ဆိုရင်တော့ အနှစ်သာရ မရှိတဲ့အချက် (အနတ္တ) ကိုရော ဖြစ်ပြီးပျက်နေခြင်းသက်သက်သာ ဖြစ်တယ် ဆိုတဲ့အချက် (အနိစ္စ) ကိုရော သေချာစွာ သိသွားတဲ့အတွက် သင်္ခါရ တရားတွေဟာ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဖြစ်တယ် ဆိုတဲ့ ဒုက္ခဆိုတဲ့ အယူ အစားထိုးသွားလို့ ဖြစ်ပါတယ်။ နဂိုကတော့ တခုခု အနှစ်သာရ ရှိမယ် ဆိုပြီး အနှစ်သာရ ကို သုခ လို့ ထင်နေခဲ့ကြတာပါ။ တရားအားထုတ်တဲ့အခါမှသာ သုခ ဆိုတဲ့ အယူ စင်ကြယ်ပြီး ဒုက္ခဆိုတဲ့ အယူ အစားထိုးသွားတာ ဖြစ်ပါတယ်။
ဒီလို ဖြစ်ပြီဆိုရင်တော့ ထူးခြားတဲ့အချက်တွေက သီလ မဂ္ဂင်တွေ လုံခြုံသွားတာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ သံသရာမှာ မကြုံဖူးတဲ့ ဘယ်တော့မှ အပါယ်မကျတော့ဘူး ဆိုတဲ့ လွတ်လပ်မှု ပျော်ရွှင်မှု နဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကို သဘောပေါက်မှု ဖြစ်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုပါပဲ။ ကျေးဇူးတင်ပါတယ်။

အရာအားလုံးသည် တရားများသာ

 စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ ပရမတ်တရားလေးပါး အကြောင်းကို ကြားဖူးကြပါလိမ့်မယ်။ လောကဆိုတာဟာ ဖြစ်ပေါ်လာပြီးရင် ပျက်စီးသွားတတ်တဲ့ သဘောရှိလို့ 'လောက' လို့ ခေါ်တာပါ။ ဘာကြောင့် ဖြစ်ပျက်နေရသလဲဆိုရင်၊ လောကမှာရှိသမျှ အရာအားလုံးဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား (သင်္ခါရတရား) တွေ ဖြစ်နေလို့ပါပဲ။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာတွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သင်္ခါရတရားတွေ ဖြစ်ပြီး၊ ဒီတရားတွေကိုပဲ "လောက" လို့ ခေါ်ဆိုတာပါ။


ဒီလောကရဲ့ အလွန်ကိုတော့ "လောကုတ္တရာ" လို့ ခေါ်ပြီး၊ လောကုတ္တရာ ဆိုတာကတော့ နိဗ္ဗာန်တရားပါပဲ။ နိဗ္ဗာန်ဟာ အကြောင်းတရားတွေက ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့အတွက် "ဝိသင်္ခါရတရား" လို့ ခေါ်ပါတယ်။ ဖြစ်ခြင်း ပျက်ခြင်း လုံးဝမရှိဘဲ၊ ပကတိ ငြိမ်းအေးတည်မြဲနေတဲ့ အရှိတရား ဖြစ်ပါတယ်။

"ကျနော်တို့၊ သူတို့" ဆိုတဲ့ စကားလုံးတွေဟာ တကယ်တော့ အချင်းချင်း နားလည်အောင်၊ သိလွယ်အောင် သုံးနှုန်းထားတဲ့ ပညတ်ချက် (အမည်နာမ) တွေသာ ဖြစ်ပါတယ်။ တကယ်တမ်း အစစ်အမှန် ရှိနေတာကတော့ ရုပ်တရားနဲ့ နာမ်တရားတို့ရဲ့ အဆက်မပြတ် ဖြစ်ပျက်နေမှု သက်သက်သာ ဖြစ်ပါတယ်။

ရုပ်တရား၏ သဘောသဘာဝ

ရုပ်ဆိုတာဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ရဲ့ ပြုပြင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သင်္ခါရတရားပါ။ ရုပ်မှာ ဘာကိုမှ သိတတ်တဲ့ သဘော မရှိပါဘူး။ လက်ရှိ ကိုယ်ခန္ဓာ ရုပ်ကြီးကို အနီးစပ်ဆုံး နှိုင်းယှဉ်ပြရရင် အသုဘအလောင်း (သို့မဟုတ်) သစ်ပင်တွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ သစ်ပင်ရော၊ လူသေအလောင်းရောဟာ ရုပ်တရားတွေချည်းပါပဲ။ သစ်ပင်မှာတော့ လက်ရှိ ကျနော်တို့ ရုပ်လိုမျိုး ကံ နဲ့ စိတ် ရဲ့ ပြုပြင်မှု မပါဘဲ၊ ဥတု နဲ့ အာဟာရ ရဲ့ ပြုပြင်မှုကိုသာ ခံရတဲ့ ရုပ်မျိုး ဖြစ်နေတာပဲ ကွာပါတယ်။ ရုပ်မှာ သိတတ်တဲ့သဘော၊ ခံစားတတ်တဲ့သဘော၊ မှတ်သားတတ်တဲ့သဘော၊ စေ့ဆော်တတ်တဲ့သဘော လုံးဝ မရှိပါဘူး။ ငှက်ပျောတုံးလို၊ သစ်ပင်လိုပဲ ဘာမှ မသိတတ်ဘဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောလေး သက်သက်သာ ရှိတာ 'ရုပ်' ပါပဲ။

တချို့က ရုပ်ကို ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပြီး၊ "ရုပ်ဆိုတာ အကောင်အထည် မရှိတဲ့ သဘောသက်သက်လို့ မြင်မှသာ တရားနည်းလမ်းကျမယ်" လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တော့ ရုပ်မှာ အထည်မရှိတဲ့ရုပ် ရှိသလို၊ အထည်အကောင်အထည် ထင်ရှားရှိတဲ့ ရုပ်လည်း ရှိပါတယ်။ ဓမ္မသင်္ဂဏီ ပါဠိတော် ရုပ်ပိုင်းမှာ အခုလို ဟောကြားထားပါတယ်။

မြင်အပ်သောရုပ်သည်လည်းကောင်း၊ မမြင်အပ်သောရုပ်သည်လည်းကောင်း
ထိပါး၍ရသော ရုပ်သည်လည်းကောင်း၊ ထိပါး၍မရသောရုပ်သည်လည်းကောင်းလို့ ဟောထားပါတယ်။ ဒါကြောင့် မျက်စိနဲ့ မြင်ရတဲ့ရုပ်၊ ကိုယ်နဲ့ ထိတွေ့လို့ရတဲ့ရုပ် ဆိုတာတွေ ပါဝင်လာပါတယ်။ ဒါကြောင့် ရုပ်မှန်သမျှကို "အထည်မရှိဘူး" လို့ တရားသေ နှလုံးသွင်းနေတာဟာ နည်းလမ်းအမှားပါ။

အဓိက သိရမှာက- ရုပ်ဆိုတာ 'အတ္တ' မဟုတ်ဘူး၊ ရုပ်မှာ 'အတ္တ (ငါ၊ သူ)' မရှိဘူး ဆိုတာကို သိဖို့ကသာ အရေးအကြီးဆုံး (ပဓာန) ဖြစ်ပါတယ်။ ရုပ်ဟာ အကောင်အထည် ရှိနေလျက်နဲ့ ဘာကြောင့် "တရား" လို့ ခေါ်ရသလဲဆိုရင်၊ ရုပ်ဟာ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ဆိုတဲ့ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပေါ်လာရတဲ့ 'သင်္ခါရတရား' ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ရုပ်ဟာ အတ္တမဟုတ်၊ ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်တဲ့ "တရားသက်သက်သာ" ဆိုတာ ရှင်းလင်းသွားပြီ ထင်ပါတယ်။ ရုပ်ခန္ဓာကြီး လှုပ်ရှားသွားလာနေတယ် ဆိုတာဟာလည်း ကံကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ၊ ဥတု၊ အာဟာရကြောင့်ဖြစ်စေ လှုပ်ရှားမှု ဖြစ်ပေါ်နေတာ သက်သက်သာ ဖြစ်ပါတယ်။

နာမ်တရား၏ သဘောသဘာဝ

ရုပ်တရားကို ဖယ်လိုက်ရင်၊ သိသမျှ၊ ခံစားသမျှ၊ မှတ်သားသမျှ၊ စေ့ဆော်သမျှ အားလုံးဟာ 'နာမ်တရား' တွေချည်းပါပဲ။ နာမ်တရားကတော့ ပိုပြီး ရှင်းလင်းပါတယ်။ မျက်လုံးမှိတ်ပြီး သတိထားကြည့်လိုက်တာနဲ့ ခံစားရသမျှတွေဟာ တရားတွေပါ။

လိုချင်မှု (လောဘ) ဆိုတာလည်း တရားပါပဲ။

ထောင်လွှားမှု (မာန) လည်း တရားပါပဲ။

ငါ၊ သူ လို့ အထင်မှားမှု (ဒိဋ္ဌိ) ဟာလည်း တရားပါပဲ။

အပြင်းအထန် လိုချင်မှု၊ လုပ်ချင်မှု၊ စေ့ဆော်မှု အားလုံးဟာလည်း တရားတွေပါပဲ။

စေ့ဆော်မှု ဖြစ်လာတဲ့အခါ၊ မနောကံ (စိတ်နဲ့ ကြံစည်မှု) ဆိုရင် နာမ်တရား သက်သက်ပါ။ ကာယကံ (ကိုယ်ဖြင့် ပြုလုပ်မှု) နဲ့ ဝစီကံ (နှုတ်ဖြင့် ပြောဆိုမှု) တွေကျတော့ 'စိတ်' ကနေ စေ့ဆော်ပေးလို့ ဖြစ်ပေါ်လာတဲ့ 'ရုပ်တရား' ရဲ့ ဖောက်ပြန်မှု (စိတ္တဇရုပ်) ပါပဲ။ ဒီနာမ်တရားတွေ အားလုံးဟာလည်း 'အတ္တ' မဟုတ်ပါဘူး။ လိုချင်တယ် ဆိုတာဟာ လိုချင်တတ်တဲ့ သဘောရှိတဲ့ 'တဏှာ' ဆိုတဲ့ တရားသက်သက်ပါ။ သူ့ကို အတ္တ (ငါ) လို့ သတ်မှတ်လို့ မရပါဘူး။ ဒီလိုပဲ အာရုံကို သိမှုဆိုတာဟာလည်း သိတတ်တဲ့ တရားသက်သက်ပါ။ သူလည်း အတ္တ မဟုတ်ပါဘူး။ နာမ်တရား အားလုံးဟာ 'အာရုံ' နဲ့ 'ဒွါရ' ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ သင်္ခါရတရားများသာ ဖြစ်ပါတယ်။

နိဂုံးချုပ်

အဓိက ပြောချင်တဲ့ အနှစ်ချုပ်ကတော့- ရုပ်နဲ့ နာမ်ကို ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်တဲ့အခါ ဘယ်နေရာမှာမှ "အတ္တ (ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ)" ဆိုတာ ရှာမတွေ့ပါဘူး။ အရင်ကတည်းကလည်း မရှိခဲ့ပါဘူး။ တရားတွေဟာ အကြောင်းတရားကြောင့် အကျိုးတရားအနေနဲ့ ဖြစ်ပေါ်နေတာ သက်သက်ပါ။ (ဒီရုပ်နာမ်တွေရဲ့ အသေးစိတ် သတ္တိတွေ၊ အကျိုးပေးပုံတွေကိုတော့ ပဋ္ဌာန်းတရားတော်မှာ လေ့လာနိုင်ပါတယ်)။ အခု ဒီစာကို ဖတ်လိုက်လို့ အမှန်တရားကို သိမြင်သွားတဲ့ အသိဉာဏ်ဟာလည်း၊ စာဆိုတဲ့ အာရုံက ကျေးဇူးပြုလိုက်လို့ ဖြစ်ပေါ်လာတဲ့ 'သင်္ခါရတရား' သက်သက်ပါပဲ။

သင်္ခါရတရား မှန်သမျှဟာ အမြဲ ဖောက်ပြန်ပျက်စီးနေပါတယ်။ သင်္ခါရတရားတွေရော၊ ဝိသင်္ခါရတရားရော (တရားအားလုံး) ဟာ အတ္တမဟုတ်၊ အတ္တမရှိတဲ့ 'အနတ္တ' များသာ ဖြစ်ပါတယ်။ အမြဲပျက်စီးနေတဲ့ သင်္ခါရတရားတိုင်းဟာ စက်ဆုပ်စရာကောင်းပြီး အသုံးမကျတဲ့ 'ဒုက္ခ' သက်သက်သာ ဖြစ်တယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် နားလည်ဖို့က အဓိကပါပဲ။

အရာအားလုံးဟာ တရားတွေ သက်သက်သာ ဖြစ်ပါတယ်။ လောကကြီးမှာ အကြောင်းအကျိုး ယန္တရားအဖြစ် အဆက်မပြတ် ဖြစ်ပျက်နေမှုသာ ရှိပြီး၊ ဒီဖြစ်ပျက်နေတဲ့ လောကရဲ့ အလွန်မှာတော့ အေးငြိမ်းချမ်းသာတဲ့၊ သုညတဓမ္မ၊ ဝိသင်္ခါရ၊ အသင်္ခတ ဖြစ်တဲ့ 'နိဗ္ဗာန်' ဆိုတာ ရှိပါတယ်။

လောက နဲ့ လောကအလွန် ဆိုတဲ့ တရားနှစ်မျိုးသာ ရှိပြီး၊ "ငါ၊ သူတပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်ဇီဝ" ဆိုတာ အတိတ်ကလည်း မရှိခဲ့၊ ပစ္စုပ္ပန်မှာလည်း မရှိ၊ အနာဂတ်မှာလည်း ဘယ်သောအခါမှ ရှိလာမည် မဟုတ်ဘူး ဆိုတဲ့ အမှန်တရားကို စာဖတ်သူများ ရှင်းလင်းစွာ သိမြင်သွားပြီ ဆိုလျှင်ပဲ ဤစာကို ရေးသားရကျိုး နပ်ပြီ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။