Showing posts with label Man. Show all posts
Showing posts with label Man. Show all posts

Tuesday, April 21, 2026

ယောကျာ်းတစ်ယောက်ရဲ့ True Value

 အမတစ်ယောက်ရဲ့ မအောင်မြင်ခဲ့သော အိမ်ထောင်သည် ဘ၀ ဆိုတဲ့ ပို့စ် ကို အပိုင်း(၁) နဲ့ (၂) နှစ်ခုလုံး ဖတ်မိတော့ စာရေးချစ်စိတ် ဖြစ်တာနဲ့ ယောကျာ်းတွေရဲ့အကြောင်း နဲနဲဖောက်သည်ချပါဦးမယ်။


အကောင်းဆုံးအကြံဉာဏ်ပေးပါဆိုရင် - Just Normal ဖြစ်တဲ့ ယောကျ်ားမျိုးပဲရွေးပါ။

သဘာ၀ထက်လွန်ပြီး အရမ်းဂရုစိုက်ပြတတ်တဲ့ ယောကျာ်းတွေဟာ တကယ်ချစ်တာဖြစ်နိုင်ပေမယ့် ရေရှည်မှာ ကိုယ့်ဆီကအချစ်ကိုရဖို့ တမင်လုပ်ပြနေတာက ရာခိုင်နှုန်းပိုများပါတယ်။
(အဲ့လိုပြောလို့ တကယ်ချစ်လို့ ဂရုစိုက်ပေးတဲ့ ယောကျာ်းမရှိဘူးလားဆိုတော့မဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် % နည်းတယ်လို့ပြောပါရစေ။အထူးသဖြင့် နေ့စဉ်နေ့တိုင်း အိမ်ထောင်သည်ဘ၀မှာ မလွယ်ပါဘူး။)

နောက်တစ်ချက်က ယောကျာ်းတစ်ယောက်ရဲ့ True Value ကိုပြောရမယ်ဆိုရင် ကိုယ့်အပေါ်ဘယ်လောက်ချစ်ပြတတ်လဲ၊ ဘယ်လို ချစ်ပေးတာ၊ ဘာတွေဝယ်ပေးတာ၊ ငါနေမကောင်းတာနဲ့ ဘယ်လို ပြေးလာတာ စသည်ဖြင့် အပေါ်ယံတွေနဲ့ပဲ မိန်းကလေးတွေက တိုင်းတာနေကြတာ နဲနဲမှားနေတယ်လို့တော့မြင်တယ်။

တကယ်တမ်း ကြည့်သင့်တာက

၁။ တည်ကြည်မှု ရှိတဲ့ ယောကျာ်းမျိုးရွေးပါ။

တည်ကြည်မှုဆိုတာက အရှင်းလင်းဆုံးပြောရရင် တရားခွင်မှာ တရားသူကြီးရဲ့ဖြောင့်မတ်တည်ကြည်မှု မျိုးကို ဆိုလိုတာပါ။
ဘယ်အရာကိစ္စမဆို သူဟာ အတတ်နိုင်ဆုံး မျှတအောင်၊ နှစ်ဦးနှစ်ဖက်လုံးဖက်ကို မျှတအောင် စဉ်းစားပေးနိုင်တဲ့သူ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့သူပဲရွေးပါ။(ငါ့ကောင်လေးက ငါ့ဘာလုပ်လုပ်အမှန်ပဲ ဆိုတဲ့သူမျိုးတွေကျရေရှည်မှာ အမြဲမလုပ်နိုင်ပါဘူးနော်)

၂။ မိသားစုအပေါ်သူရဲ့စိတ်ထား

ယောကျာ်းလေးတွေအတွက်ကတော့ သူတို့ဘ၀မှာ ပထမဆုံး သိရတဲ့ အမျိုးသမီးက ညီမလေးတို့မဟုတ်ပါဘူ။ အဲ့တာ သူတို အမေပါ။ သူရဲ့မိသားစုကို ဘယ်လို ဆက်ဆံလဲ။ ဘယ်လို သဘောထားမျိုးရှိလဲ ဆိုတာ အကဲခတ်သင့်ပါတယ်။ ဒါက သူတည်ဆောက်ပုံဖော်မဲ့ မိသားစုဘ၀ရဲ့ ရှေ့ပြေးပါ။ ကိုယ့်ရဲ့ အရင်းနှီးဆုံး မိသားစုအပေါ်တောင် မလေးစားပဲ ရိုင်းပြတတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေရင် သူတည်ဆောက်မယ့်မိသားစုအပေါ်လဲ တစ်ချိန်ချိန် ရိုက်ခတ်လာနိုင်မှာ အသေအချာပါပဲ။

၃။ တာဝန်ယူတတ်မှု

ယောကျာ်းလေးတစ်ယောက်က တာဝန်ယူတတ်မှု လိုပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ တွေ့တွေ့နေရတယ် ငါ့ကောင်လေးက ငါနေမကောင်းချင်ဘူးပြောလိုက်တာနဲ့ သူလက်ရှိအလုပ်တွေ အကုန်ပစ်ချပြီး ချက်ချင်းပြေးလာပြီး ငါ့ကို ဆေးလာတိုက်တယ် ဆိုတာမျိုးပါ။ ကိုယ့်အမြင်ပြောရရင် ဒါဟာ သူလုပ်နေတဲ့အလုပ်အပေါ်မှာ တာဝန်ယူတတ်မှု မရှိတာပါ။ မှန်ပါတယ်။ မိန်းကလေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ တကယ်အရေးကြီးရင် ဓားတောင်တက်၊ မီးပင်လယ်ဖြတ် လာမရမှာပါ။ဒါပေမယ့် ခေါင်းကိုက်တာ နေမကောင်းချင်တာလေးနဲ့ သူတာဝန်ယူထားတဲ့ အလုပ်ကိစ္စ အကုန်လုံးကို ပစ်ချပြီး ပြေးလာတာမျိုးကျတော့ တာဝန်မသိမှုပါ။ ရှေရှည်ကို စဉ်းစားရမှာပါ။ ကိုယ်က သူများအပေါ်ယူထားတဲ့တာဝန်တွေကို ပစ်ချပြီး သွားတတ်တဲ့ ယောကျာ်းတစ်ယောက်က သူတာဝန်ယူတည်ဆောက်မယ့် မိသားစု ကို တစ်ချိန်ချိန်မှာ အချစ်လျော့၊ အချစ်ပေါ့လာခဲ့ရင် ပစ်ချသွားမလားဆိုတာ စဉ်းစားပါ။

၄။ တာဝန်ခံမှု

ယောကျာ်းရော၊ မိန်းမရော ဟာ ပုထုဇဉ် လူသားတွေပါ။ လူသားတိုင်းဟာ အမှားနဲ့ မကင်းကြပါဘူး။ မြတ်စွာဘုရားတောင် သူ့ ဘုရားလောင်းဘ၀ ပါရမီဖြည့်တင်းတဲ့ ဘ၀တွေမှာ အမှားပေါင်းများစွာ ကျူးလွန်ခဲ့မိတာကို တရားတော်မှာ ဖော်ပြထားပါတယ်။ ကွာသွားတာက အမှားတွေလုပ်မိရင် ဘယ်လို တာဝန်ခံလဲ၊ ဘယ်လိုပြန်ပြင်ဆင်လဲဆိုတာ ကွာသွားပါမယ်။ တစ်ခါမှားတတ်တဲ့သူဟာ အမြဲတမ်း မှားနေမှာပဲ။ မပြင်တတ်ဘူးဆိုတဲ့ ယူဆချက်ကို လက်မခံပါဘူး။ ဆေးသမား၊ အရက်သမားဘ၀ကနေ လိမ္မာသွားတဲ့ သူတွေ အများကြီးပါ။ ငယ်ငယ်ကဆိုးခဲ့တဲ့သူတွေ ဆိုးရတာ ၀ပြီး ပြန်လိမ္မာသွားတဲ့ သူတွေ တပုံကြီးပါ။ အရင်ဆုံး တာဝန်ခံမှု ဆိုတဲ့ ကိုယ်လုပ်ခဲ့တဲ့အမှားကို ကိုယ်သိဖို့တော့ လိုပါမယ်။

၅။ လက်မလျှော့တတ်မှု

ဒါကတော့ ယောကျာ်းရော၊ မိန်းမရော နှစ်ဦးနှစ်ဖက်လုံးလိုမယ့် ကိစ္စပါ။ လူနှစ်ယောက်ရေရှည်လက်တွဲမယ်ဆိုရင် ကြုံလာမယ့် ပြသနာတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ပြသနာတော်တော်များများက ကွဲရလောက်အောင်ကြီးချင်မှ ကြီးပါမယ်။ ပြသနာဖြစ်တိုင်း စိတ်ပျက်လာတိုင်း တစ်ဖက်ကို လက်လွှတ်မယ်ဆိုတဲ့ စိတ်ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုတည်မြဲမှာလဲပေါ့နော်။ ပြသနာတွေကို လက်ခံပြီး လက်မလွှတ်တမ်း ဖြေရှင်းဖို့အမြဲလိုပါလိမ့်မယ်။

ဒါတွေ အကုန်လုံးက ကျွန်တော့်အမြင် သီးသန့်ပါ။

ယူလိုကယူ၊ ပယ်လိုက ပယ်နိုင်ပါတယ်။

တကယ်လက်တွေ့ကတော့ အကောင့်ထဲက အိမ်ထောင်သည် ဆရာကြီးတွေရယ်၊ အရမ်းချစ်တတ်ပြီး ချစ်ပြခွင့်ရနေတဲ့ ဆရာကြီးတွေရယ် ပိုသိမှာပေါ့။ 

Saturday, November 22, 2025

လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား

 

💞 လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား
🤍 မိန်းမဆီကနေ ယောက်ျားလိုအပ်တာက
၁။ နားလည်ပေးမှု
၂။ ယုံကြည်မှု
၃။ အားပေးမှု
၄။ အသိအမှတ်ပြုမှု
၅။ လေးစားမှု
🤍ယောက်ျားဆီကနေ မိန်းမလိုအပ်တာက
၁။ စိတ်လုံခြုံမှု
၂။ ရိုမန်တစ်ဆန်မှု ( surprise တိုက်တာ)
၃။ အလိုလိုက်တာ၊ ချော့မော့တာ
🤍 လင်မယားကြား အဓိကပြဿနာက
၁။ ငွေရေးကြေးရေးပြဿနာ
၂။ လိင်ပိုင်းဆိုင်ရာပြဿနာ
၃။ ပြောဆိုဆက်ဆံရေးပြဿနာ
🤍လင်မယားကြား ပိုလုပ်ရမယ့်အရာနဲ့
လျော့လုပ်ရမယ့်အရာ
၁။ သူ့ပြောင်းလဲမှုကို ပိုအာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ပိုကြည့်ပါ။
၃။ အပြုသဘောဆောင်တဲ့ စကားကို ပိုပြောပါ။
၄။ အပြစ်တင်တာ နည်းပါစေ။
၅။ ဝေဖန်တာ နည်းပါစေ။
၆။ အထင်မှားတာ နည်းပါစေ။
🤍 လင်မယားကြား လုပ်ဆောင်သင့်တဲ့အချက်
၁။ သူ့ကောင်းကွက်ကို အာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ချီးကျူးပါ။
၃။ သူ့အခက်အခဲကို နားလည်ပါ။
၄။ သူ့အားနည်းချက်ကို သည်းခံပါ။
🤍 လင်မယားကြား ပြောရမယ့်စကား
၁။ ဆောရီး... ငါမှားသွားတယ်
၂။ နင့်ကို ငါယုံတယ်
၃။ နင့်အတွက် ငါဂုဏ်ယူတယ်
(နင် သိပ်တော်တာပဲ)
၄။ ချစ်တယ်နော်
🤍 လင်မယားကြား အတူတကွ ရှိသင့်တဲ့အချက်
၁။ ဘဝရည်မှန်းချက်
၂။ နေထိုင်မှုပတ်ဝန်းကျင်
၃။ ပြောစရာအကြောင်းအရာ
၄။ မိတ်ဆွေ သူငယ်ချင်း
မိသားစုကိစ္စမှာ အမှား၊ အမှန်ဆိုတာ မရှိဘူး။ သဟဇာတဖြစ်မဖြစ်၊ ညီညွတ်မှု ရှိမရှိပဲ ရှိတယ်။ သဟဇာတဖြစ်မှ အရာအားလုံး အောင်နိုင်တယ်။
အိမ်က အငြင်းပွားရာ နေရာ မဟုတ်ဘူး...
မေတ္တာအကြောင်း ပြောမယ့်နေရာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးက မေတ္တာဖြစ်ပြီး အစွမ်းထက်ဆုံး လက်နက်က ခံစားသက်ဝင်မှုဖြစ်တယ်။
-- မျှဝေပါတယ်.. ကျွန်မလည်း သင်ယူနေဆဲပါ

Monday, November 17, 2025

တကယ်ကြောက်စရာကောင်းတဲ့လူ

လူအများက တက်တူးတွေနဲ့၊ အမွှေးပေါင်းစုံနဲ့ Alpha Male ပုံစံ၊ တိုက်တတ်ခိုက်တတ်တဲ့လက်ဝှေ့သမားပုံစံတွေဆိုရင် သတ္တိရှိတယ်၊ မကြောက်တတ်ဘူး၊ ရဲရင့်တယ် ဒီလိုထင်ကြတာ။
ကိုယ်တွေ့လေးတစ်ခုပြောပြဦးမယ်။
ကျနော်တို့က လက်နက်မဲ့တိုက်ခိုက်ရေးကို ကျွမ်းတယ်၊ ဗလရှိတယ်၊ တက်တူးနဲ့အမွှေးတွေတော့ မရှိဘူး။
တစ်ခါသား Home PT တစ်ခုအပြီး မြို့နယ်တစ်ခုကနေ တက်စီငှားပြီး ရုံပြန်လာတာ။ တက်စီသမားက ခပ်နုတ်နုတ်ဝတ်ထား၊ ကားကလဲအတော်ဟောင်းနေတဲ့ ပဲခြမ်း။ ကားသမားက မေးရိုးကို ထင်းနေတာပဲ။ အံကြိတ်တာများလို့ထင်ပ။
လမ်းဆုံအဝိုင်းကို ဖြတ်တဲ့အချိန် ဘေးတွဲတစီးက ပြောင်းပြန်ကြီးဝင်လာတယ်၊ ပြီး သူကပြန်ဆဲသွားသေးတယ်။ ယာဉ်စည်းကမ်းအတိုင်းမောင်းတဲ့ကားကို လမ်းပြောင်းပြန်မောင်းလာတဲ့ဘေးတွဲက မအေနဲ့ကိုင်တုပ်သွားတော့ အတော်ဒေါသထွက်စရာပေါ့။
တက်စီသမားက အံတစ်ချက်ကြိတ်လိုက်ပြီး ဘေးတွဲနောက် လိုက်မောင်း၊ မှီတော့ အရှေ့ကပိတ်ရပ်၊ ကားထဲက သံချောင်းကို ဘယ်လက်နဲ့ ကုန်းဆွဲ၊ ညာလက်က တံခါးကို ဗြောင်းခနဲဖွင့်၊ ဝုန်းခနဲ ပြေးဆင်း၊ ဘေးတွဲသမားကို ဖြောင်းခနဲဆော်လိုက်တာ ဟက်ခနဲ ကွဲထွက်သွားတယ်။ ဆရာသမားက ဆော်ပြီးအေးအေးဆေးဆေးကားပေါ်ပြန်တက်လာ၊ တံခါးပိတ်၊ မောင်းထွက်သွားတယ်။ ဖြစ်စဉ်တစ်ခုလုံးက စာနဲ့ရေးတာတောင် ပိုကြာဦးမယ်။ မြန်မှမြန်။ ဘေးတွဲသမားဆို ကြောင်ပြီးကျန်ခဲ့တာပဲ။ ဂိတ်က ဘေးတွဲသမားတွေလဲ ဘာဖြစ်သွားမှန်းတောင် နားလည်လိုက်ပုံမရဘူး။
ကျနော်တို့လဲ ဒီဘဲရဲ့ လက်မြန်ပုံကို အတော်အံ့သြတယ်။ ကားပေါ်ရောက်တော့ ကားသမားကပြောပြတယ်။
"ကျနော်က ကားပေါ်မှာပဲအိပ်တယ်၊ အုံနာအိမ်မှာ ထမင်း လခပေးစားတယ်၊ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုပဲ၊ မိသားစုလဲ မရှိဘူး၊ တစ်ကောင်ကြွက်၊ ဘာမှဆုံးရှုံးစရာမရှိဘူး"တဲ့။
ဘုရားဟောထားတာရှိတယ်မလား၊ ငွေရှိသူက ငွေဂုဏ်မောက်ပြီး ရဲရင့်တယ်၊ ပညာရှိသူက ပညာဂုဏ်မောက်ပြီး ရဲရင့်တယ်ဆိုတာ။
နောက်ထပ်လူတစ်မျိုးကျန်သေးတယ်။ အခုလို ဘာမှမရှိတဲ့လူတွေပဲ၊ ဘာမှမရှိတဲ့အတွက် ဘာမှမကြောက်ဘူး၊ အကုန်လုပ်ရဲတယ်။
အပေါ်ကနှစ်မျိုးက သိပ်မကြောက်ရဘူး။ ငွေရှိတဲ့လူကို ချမ်းသာတယ်ဆိုပြီး မြှောက်ပေးလိုက်၊ သူတို့ကြွားရင် ထိုင်နားထောင်ပေးလိုက်၊ ပညာရှိတဲ့လူကျ သူ့ပညာကို ချီးကျူးလိုက်၊ ရိုကျိူးလိုက်၊ ဒီလောက်ဆို ဒီလူတွေက ပေါင်းလို့ရပြီ၊ ကြောက်စရာမရှိဘူး။
အဲ......ဒီလိုလူတွေကမှ တကယ်ကြောက်စရာကောင်းတာ။
တက်တူးပဲရှိရှိ၊ ဗလပဲကြီးကြီး၊ အမွှေးပေါင်းစုံပဲ ရှိရှိ၊ လက်ဝှေ့ဘယ်လောက်ပဲကစားတတ်တတ်၊ ကြောက်တယ်။ ဆုံးရှုံးစရာတွေ များတာကိုး။
ဥပမာ။ ။ ကျနော်တို့ပဲဆိုပါတော့။ စောစောကပြောခဲ့တဲ့ဖြစ်စဉ်မှာ ကျနော်တို့မောင်းတာဆိုရင် ဒီဘေးတွဲသမားကို ဆင်းဆော်မလား၊ မဆော်ဘူး၊ ဘာကြောင့်လဲ၊ ဆော်ပြီး ပြီးတာမှမဟုတ်ပဲ၊ နောက်ဆက်တွဲ တပုံကြီးလာမှာ၊ အနည်းဆုံးတော့ အလုပ်တွေနောက်ရွှေ့ရမယ်။ လမ်းဘေးမှာ ရန်ဖြစ်တယ်ဆိုပြီး သိက္ခာကျမယ်၊ အချိန်ကုန်တယ်။ ဂုဏ်၊ အချိန်၊ ငွေ၊ ဒါတွေက ဆုံးရှုံးစရာတွေ။ ဆိုတော့ ကျနော်တို့သာဆိုရင် ဒီအတိုင်းပဲ မောင်းသွားလိုက်မှာ။ ဘာဖြစ်လို့လဲဆိုရင် ကြောက်လို့၊ ဟုတ်တယ်၊ အမှန်အတိုင်းပြောတာ။

မယုံမရှိနဲ့ကိုယ့်လူတို့။ သတ္တိဆိုတာ ဗလနဲ့လဲ မဆိုင်ဘူး၊ အမွှေးတွေနဲ့လဲ မဆိုင်ဘူး၊ ချတတ်တီးတတ်တာနဲ့လဲ မဆိုင်ဘူး။ 

Inferiority complex and superiority complex

 Inferiority complex ဆိုတာ သိမ်ငယ်တဲ့စိတ် အငုံ.စိတ်လို.ဆိုတာ။ Superiority complex ဆိုတာကတော့ ဘဝြမင့်စိတ်ကိုရည်ညွှန်းတာ။

အဲ့၂ခုက ဆက်စပ်နေတယ် နောက်ပြီး အငုံ.စိတ်နဲ.နေလာခဲ့ရတဲ့သူတွေကို ကြုံဖူးတာပိုများတယ်။
အငုံ.စိတ်ဆိုတာ ကိုယ့်ကိုကိုယ် နိမ့်ကျနေတယ်၊ တခုခုမှာ မတော်ဘူး မကောင်းဘူး သူများလောက်အဖြစ်မရှိဘူး အဲ့လိုခံစားနေရတာကိုပြောတာ။ ဘာလို.အငုံ.စိတ်ဖြစ်လာလဲဆိုရင် အကြောင်းတခုခုမှာ သူက သူများထက်ပိုပြီးနောက်ကိုရောက်နေမယ် သူများတွေ သူနဲ.တန်းတူ အသက်တူရွယ်တူတွေလုပ်နိုင်တာ အောင်မြင်နိုင်တာကို သူက ခနခန အဆင်မပြေဖြစ်မယ် ကျရှုံးမယ်ဆိုရင် ဒါက အငုံ.စိတ်ဖြစ်လာမယ်။
လူတွေမှာ သူတို.လိုအင်ဆန္ဒတွေ ရယူချင်တာတွေ အိမ်မက်တွေရှိကြတယ်။ အဲ့ဒါတွေကို ရဖို.ကြိုးစားရင်း ခနခနခ ကျရှုံးလာတဲ့အခါမှာ hopless ဖြစ်လာမယ် သူတို.ကိုယ်သူတို.သံသယ၀င်လာမယ် အဲ့လိုနည်းနဲ. အငုံ.စိတ်ဖြစ်လာတယ်။
လူတိုင်း တချိန်မဟုတ်တချိန် အငုံ.စိတ်ဖြစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒါကိုကျော်လွှားနိုင်တဲ့သူတွေလဲရှိမယ်။ ကျော်လွှားနိုင်ပေမဲ့ တချိန်ချိန် အဲ့ဒီအငုံ.စိတ် ပြန်ပေါ်လာတတ်တာမျိုးလဲရှိတယ်။
အဲ့ဒီ အငုံ.စိတ်က ကောင်းကျိုးလဲ ပေးသလိုဆိုးကျိုးလဲပေးတယ်။ ဘယ်လိုနေရာမှာကောင်းကျိုးပေးသလဲဆိုရင် အငုံ.စိတ်ကြောင့် ပိုကြိုးစားဖြစ်မယ်။ ကိုယ့်ကို ပိုကောင်းအောင်တွန်းအားဖြစ်စေမယ်။ Inferiority complex ကိုကျော်လွှားရင်းနဲ. ကြိုးစားရင်းနဲ. superiority complex(ဘ၀င်မြင့်စိတ်) ဖြစ်လာနိုင်တယ်။
အဲ့လိုကြုံဖူးတာ သုံးလေး ယောက်လောက်တွေ.ဖူးတယ်။ ဆယ်တန်းကျောင်းသားဘ၀က ရွယ်တူ သူငယ်ချင်းတယောက်က ဆယ်တန်းကို တနှစ်ကျတယ်။ နောက် အောင်သွားတော့ တရားရုံးချုပ်ရှေ.နေ.တွေဘာတွေဖြစ်လာတယ်။ သူ.မှာ inferoirity complex ရှိနေတုံး ဘာလို.အဲ့လိုသိလဲဆိုရင် တခုခုဆိုရင် သူ.မှာ power ပြချင်စိတ် အာဏာသုံးချင်စိတ် ဆိုတာဖြစ်နေတယ် ဘာလို.လဲဆိုတော့ ငယ်ငယ်က အငုံ.စိတ်ရှိတဲ့သူတွေက အဲ့လိုကာကွယ်ရင်းနဲ. သူများကို bully ဖြစ်သွားတာ။ သူ Bully လုပ်တာသည် သူ.ရဲ. အငုံ.စိတ်ကို ကာကွယ်ဖို. (ငါက ဟိုတုန်းကလိုမဟုတ်တော့ဘူးကွ ခုက ဘာကောင်ဆိုတဲ့သဘောပေါ့)။
တက္ကသိုလ်ကျောင်းသားဘ၀မှာ ဆရာမတယောက်က Thesis လုပ်သမျှ ကျောင်းသား တော်တော်များများကို bully လုပ်တယ် (ဆိုချင်တာက ကျောင်းသား မဖြေနိုင်ပြီးရော အခက်တွေ.တဲ့မေးခွန်း မေးလိုက်မိတာကိုပဲ သဘောကျနေတာ (တကယ်က ပညာရပ်ဆိုင်ရာ သဘောတရား ဘာမှမပါဘူး)) သူက အဲ့လို ကျောင်းသားတွေကို ငါသည် powerful ဖြစ်ကြောင်းပြနေရင်းနဲ. စိတ်ကျေနပ်မှူ.ကို တနည်းနည်းနဲ.ရယူနေတာ။ သူ.နောက်ကြောင်းကိုစစ်လိုက်တော့ သူဒေါက်တာဘွဲ.ယူစဉ်က သူများထက်ပိုဆိုးဆိုးရွားရွား အဆင်မပြေလို. ကြိုးစားခဲ့ရတယ်ဆိုတာကို သွားတွေ.တယ်။ အဲ့တော့မှ အော်သူက သူ.ကိုယ်သူ စိတ်ကျေနပ်အောင်သူများ bully လုပ်နေတာပါလားလို. တွေးမိတယ်။
နောက် ခုနက အငုံ.စိတ်ရှိတဲ့သူများဟာ ဘ၀မှာ အရှုံးဆိုတာမျိုး အဆင်မပြေတာ များများကြုံတွေလာရတော့ တခါတလေမှာ သူတို.နိုင်ကွက်ရပြီဆိုရင်ကို ဖိထောင်းချင်တဲ့သဘာ၀ ရှိတယ်။ ဥပမာ သူများ မသိတဲ့ မေးခွန်းရဲ. အဖြေလောက်ကို သူတို.တခါလောက်မသိနဲ. အဲ့လူ အလှောင်ခံရပြီသာမှတ်။ အဲ့လို ကြုံဖူးတယ်။ နောက် သူတို.ငယ်စဉ်က ခေါ်တဲ့ ငယ်ကျိုးငယ်နာမည်တွေ ခေါ်တာ လုံး၀ သဘောမကျဘူး။ အမှန်က ငယ်နာမည် ငပြောင်နာမည် သဘောမကျတာမဟုတ်ဘူး အဲ့လိုသူများက သူတို.ခေါ်နေတာသည် သူတို.ရဲ. အငုံ.စိတ်ကိုပြန် သတိရစေလို. အဲ့ဒါကို သည်းမခံနိုင်တာ။
အငုံ.စိတ်က နေလွတ်အောင်ကြိုးစားရင်း တချိန်ချိန်မှာ အဆင်ပြေလာတဲ့အတိုင်းအတာတခုရောက်လာတော့ ခုနက အငုံ.စိတ်ရှိတဲ့သူတွေဟာ superiority complex ပေါ်လာနုိုင်တယ် ခုနက အပေါ်ကလူတွေလိုပေါ့ ငါဘယ်လောက်လုပ်နိုင်ကြောင်း ဘယ်လောက်စွမ်းကြောင်း သူများ power ပြနေတာမျိုး။ အမှန်က သူများ bully လုပ်တယ်လို.မမြင်ပဲ သူတို.သည် feel powerful ဆိုတဲ့စိတ်မျိုးကို မခံစားဖူးတဲ့အတွက် အဲ့လိုလုပ်နေရတာကို သဘောကျနေကြတာ။ သူတို.က အရှုံးနဲ.ပဲရင်ဆိုင်ခဲ့ရတော့ ခုလို သူများအပေါ် အဲ့လိုလုပ်ရတာသည်သူတို. power ရှိတယ်ဆိုတဲ့အတွေး ခံစားမှု.ကြောင့်လုပ်တာ။
အငုံ.စိတ်ရှိတဲ့သူများက တိုင်ပင်လို.မကောင်းဘူး ဘာလို.လဲဆိုတော့သူတို.က failure ကိုပဲမြင်တယ်။ သူတို.မအောင်မြင်တာတွေ မလုပ်နိုင်တာတွေကိုသူများတွေလဲဒီလိုပဲဖြစ်မယ်လို.မြင်တယ်။ သူတို.ကိုယ်တိုင်နဲ. တိုင်းတာပြီး စဉ်းစားရတာကိုး။
အငုံ.စိတ် မဖြစ်အောင် ဘယ်လိုထားရမလဲဆိုရင် လူတိုင်းဟာ ဘက်စုံမတော်နိုင်ဘူး ။ကိုက တနေရာမှာ မတော်နိုင်ပေမဲ့ တခြားတနေရာမှာ တော်နိုင်တယ်။ ငါဟာအညံ့ကြီးမဟုတ်ပါလား ။ ငါကဒီနေရာမဟုတ်ပေမဲ့ တခြားနေရာလေးတော့မဆိုးဘူးဆိုတာလေး တွေးတတ်ရင်အဆင်ပြေတယ်။ တချို.လူတွေမှာ gift ပါလာတယ်။ သဘာ၀ကိုက သူက တခုခုမှာ ဘယ်လောက်မှ မသင်ပဲတတ်နေနိုင်တာမျိုး ဒါကိုလဲနားလည်ထားရမယ်။ မဟုတ်ရင် အဲ့လိုလူတွေနဲ. နှိုင်းယှဉ်နေရင်း အလိုမကျမှု.များလာရင် အငုံ.စိတ်ပိုများလာမယ်။

အမျိုးသားတွေရဲ့ တိတ်ဆိတ်တဲ့ တောင့်တမှု

 အမျိုးသားတွေရဲ့ တိတ်ဆိတ်တဲ့ တောင့်တမှု



အချစ်ရေးနဲ့ အိမ်ထောင်ရေး ကိစ္စတွေမှာ "မိန်းကလေးတွေ ဘာလိုချင်လဲ" ဆိုတာကိုပဲ အာရုံစိုက် ဆွေးနွေးလေ့ရှိကြပေမယ့် တကယ်တမ်း အမျိုးသားတွေမှာလည်း သူတို့ နှုတ်ကနေ ထုတ်မပြော ဖြစ်ပေမယ့် ရင်ထဲကနေ အသည်းအသန် တောင့်တနေတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေ ပါတယ်။

လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ "ယောကျ်ားဆိုတာ သန်မာရမယ်၊ ခံစားချက်ကို မြိုသိပ် ထားရမယ်" ဆိုတဲ့ ဘောင်ကြောင်တွေကြောင့် သူတို့ရဲ့ လိုအပ်ချက်တွေဟာ မကြာခဏ လျစ်လျူရှုခံရတတ်ပါတယ်။ ကျွန်တော်အခု ရေးမှာက မျက်မြင်ရုပ်ဆင်းရူပကာတွေထက် ပိုနက်ရှိုင်း တဲ့၊ အမျိုးသားတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ အရ ရေရှည်ဆွဲဆောင်နိုင်တဲ့ အဓိက အချက် ၄ ချက်ကို သုံးသပ်ရေးသားမှာပါ။

Respect and Appreciation

အမျိုးသမီးတွေက "ချစ်ခြင်းမေတ္တာ" (Love) ကို အဓိက လိုအပ်သလို၊ အမျိုးသားတွေကတော့ "လေးစားမှု" (Respect) ကို အသက်တမျှ တန်ဖိုးထားတတ်ကြပါတယ်။အမျိုးသားတစ်ယောက်အတွက် အကြီးမားဆုံး ခွန်အားဟာ သူ့ရဲ့ လက်တွဲဖော်က သူ့ကို ယုံကြည်နေတယ်ဆိုတဲ့ အသိပါပဲ။ "ရှင် လုပ်နိုင်ပါတယ်"၊ "ရှင့်ဆုံးဖြတ်ချက်ကို ကျွန်မ ယုံတယ်" ဆိုတဲ့ စကားတစ်ခွန်းဟာ သူတို့အတွက် တောင်ကိုတောင် ဖြိုနိုင်တဲ့ စွမ်းအားမျိုး ပေးပါတယ်။

ဘယ်လောက်ပဲ ရင်းနှီးပါစေ၊ သူတပါးရှေ့မှာ သူ့ရဲ့ အားနည်းချက်ကို ထောက်ပြတာ၊ နှိမ်ချပြောဆိုတာ မျိုးကို ဘယ်အမျိုးသားမှ သည်းမခံနိုင်သလို၊ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတဲ့ အမျိုးသမီးကို သူတို့ အရမ်းတန်ဖိုးထားပါတယ်။ သူကြိုးစားလုပ်ကိုင်ထားတဲ့ အရာသေးသေးလေးတွေကို "ဒါကတော့ ယောကျ်ားပဲ လုပ်ရမှာပေါ့" လို့ မတွေးဘဲ၊ "ပင်ပန်းလိုက်တာ၊ ကျေးဇူးပဲနော်" လို့ အသိအမှတ်ပြုပေး တာဟာ သူတို့အတွက် ကြီးမားတဲ့ ဆုလာဘ်ပါပဲ။

Emotional Sanctuary

ပြင်ပလောကမှာ ယှဉ်ပြိုင်မှုတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသားတွေဟာ အိမ်ပြန်ရောက် တဲ့အခါ၊ ဒါမှမဟုတ် ချစ်သူနဲ့ တွေ့တဲ့အခါ "စစ်မြေပြင်" မဟုတ်တဲ့ "နားခိုရာ" ကို လိုချင်ကြပါတယ်။ မလိုအပ်တဲ့ ပြဿနာရှာတာတွေ၊ အတိတ်က အကြောင်းတွေကို ပြန်တူးဆွပြီး ရန်ဖြစ်တာတွေ၊ စိတ်ကောက်ပြီး စကားမပြောဘဲ နေတာတွေဟာ အမျိုးသားတွေကို အိမ်ပြန်ချင်စိတ် ကုန်ဆုံးစေ ပါတယ်၊ သူတို့ လိုချင်တာက ရိုးရှင်းအေးချမ်းမှု (Peace) ပါ။သူ့ရဲ့ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို ပြုပြင်ဖို့ ကြိုးစားနေမယ့်အစား၊ "သူ့ပုံစံအတိုင်း လက်ခံပေးတာ" ကို လိုလားပါတယ်၊ သူ့ကို ပြောင်းလဲ ပစ်ဖို့ အတင်းကြိုးစားနေတဲ့ ဆက်ဆံရေးဟာ သူ့အတွက် စိတ်ဖိစီးမှုတစ်ခု ဖြစ်လာတတ်ပါတယ်၊ အလိုလိုက်အကြိုက်ဆောင်နိုင်ရင်လည်း ခဏပေါ့ဗျာ။

Space and Independence

ဒါဟာ ချစ်ခြင်းမေတ္တာ လျော့နည်းသွားတာမျိုး မဟုတ်ပါဘူး၊ အမျိုးသားတွေရဲ့ သဘာဝကိုက "ဂူအောင်း" (Cave Time) ဖို့လိုတတ်ကြပါတယ်၊သူ စိတ်ညစ်တဲ့အခါ၊ ဒါမှမဟုတ် အလုပ်များတဲ့အခါ သူ့ဘာသာသူ စဉ်းစားဖို့၊ အနားယူဖို့ အချိန်ပေးတာကို လိုချင်ကြပါတယ်။ ဒီလိုအချိန်မှာ "ဘာဖြစ်နေတာလဲ" လို့ ဇွတ်အတင်း မေးမြန်းနေမယ့်အစား၊ လွှတ်ထားပေးနိုင်တဲ့ အမျိုးသမီးကို သူတို့ ပိုပြီး လေးစားချစ်ခင်လာတတ်ပါတယ်။

သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တာ၊ ဂိမ်းဆော့တာ၊ ဒါမှမဟုတ် သူ့ဝါသနာတစ်ခုခုကို လုပ်ဆောင်ဖို့ အချိန်ပေးတာကို "အချိန်ဖြုန်းတယ်" လို့ မမြင်ဘဲ နားလည်ပေးတဲ့ လက်တွဲဖော်မျိုးကို ရှာဖွေတတ် ကြပါတယ်။

Loyalty and Trustworthiness

ဒါကတော့ ကျား/မ မရွေး လိုအပ်တဲ့ အရာဖြစ်ပေမယ့်၊ အမျိုးသားတွေအတွက်တော့ "ကျောခိုင်းထား ရဲတဲ့ ယုံကြည်မှု" ဟာ အလွန်အရေးကြီးပါတယ်၊ သူ ရင်ဖွင့်ထားတဲ့ အားနည်းချက်တွေ၊ လျှို့ဝှက်ချက် တွေကို သူငယ်ချင်းတွေ၊ မိသားစုတွေဆီ ပြန်မပြောဘဲ ထိန်းသိမ်းပေးနိုင်သူ ဖြစ်ရပါမယ်။

ဘဝမှာ အဆင်မပြေမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ ကြုံလာတဲ့အခါ "မင်းဘေးမှာ ငါရှိတယ်" ဆိုပြီး ခိုင်ခိုင်မာမာ ရပ်တည်ပေးနိုင်တဲ့ အမျိုးသမီးဟာ သူတို့အတွက် တန်ဖိုးအဖြတ်မရတဲ့ ရတနာပါပဲ။

အမျိုးသားတွေ တကယ်လိုချင်တဲ့ လက်တွဲဖော်ဆိုတာ ရုပ်ရည်ချောမောလှပနေဖို့ထက်၊ သူ့ရဲ့ စိတ်ဝိညာဉ်ကို "အေးချမ်းမှု" (Peace) ပေးနိုင်တဲ့သူ ဖြစ်ပါတယ်၊သူတို့ဟာ ရှင်ဘုရင်တစ်ပါးလို ဆက်ဆံခံချင်တာမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို "အသိအမှတ်ပြု" ပြီး၊ သူတို့ ပင်ပန်းတဲ့အခါ ခေါင်းအုံးအိပ်စက်နိုင်မယ့် "ရင်ခွင်တစ်စုံ" (Comfort) ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးမျိုးကိုသာ တစ်သက်တာ လက်တွဲဖော်အဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။

#dryin
#advisor
#Inno_vertex

Thursday, November 13, 2025

mutual respect

 ပေါင်းသင်းဆက်ဆံရေးမှာ တချို့တွေက ဘယ်သူ့ကိုတော့ mutual respect ပေးရမယ် ဘယ်သူ့ကိုတော့ မထီမဲ့မြင်သွားလုပ်လို့မရဘူး ဘယ်သူ့ကိုတော့ အရေးတယူဆက်ဆံရမယ် ဘယ်သူ့ကိုတော့ သူတို့ စိတ်ပါသလို ဆက်ဆံမယ်ဆိုတာမျိုး လုပ်လေ့ရှိတယ်

တချို့ကတော့ IQ နိမ့်တယ် ပေါင်းသင်းဆက်ဆံရေးမှာရော စီးပွားရေးမှာရော mutual respect ဆိုတာ ဘာမှန်းတောင်သိပုံမရဘူး
ပေါင်းသင်းဆက်ဆံရေးမှာ မင်းက တဖက်လူအပေါ် mutual respect ပေးရက်နဲ့ တဖက်လူက မလိုတမျိုး လိုတမျိုး ဆက်ဆံလာတယ် သူတို့စိတ်ပါသလိုဆက်ဆံလာတယ်ဆိုရင် 6သချာတယ် အဲလူဟာ မင်းအပေါ် မထီမဲ့မြင် လုပ်နေတာဖြစ်တယ်
ပေါင်းသင်းဆက်ဆံရေးမှာ သွေး_ထွက်_အောင် မှန်တဲ့စကားတခွန်းကို ပြောပြမယ် တချို့တွေက သူတို့လုပ်လို့ရတဲ့သူတွေအပေါ်မှာပဲ သူတို့လုပ်တယ် သူတို့ သွားထိလို့မရတဲ့သူတွေအပေါ်ကျ သူတို့သွားမထိရဲဘူး
ဒေါသထွက်နေတဲ့လူတယောက်ဟာ သူ့လက်ထဲ ၃၀၀၀ တန် ဖန်ခွက်ကိုသာ ခွဲ_ချင်_ခွဲ_မယ် သူ့လက်ထဲက အိုင်ဖုန်းကိုတော့ ခွဲ_မှာမဟုတ်ဘူး
လူတယောက်က မင်းအပေါ် မထီမဲ့မြင်လုပ်နေပြီဆိုရင် 6သချာတယ် မင်းဟာ သူ့လက်ထဲက ၃၀၀၀ တန်ဖန်ခွက် ဖြစ်နေလို့ပါ
လူဆိုတာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိတာဖြစ်လို့ ဘယ်တော့မှ ကိုယ့်တန်ဖိုးကိုနိမ့်ပြီး သူတို့ထင်သလိုဆက်ဆံလို့ရတဲ့သူ အဖြစ်မခံပါနဲ့ အဲလိုလူမျိုးတွေကို ကိုယ့်အသိုင်းအဝိုင်းထဲ အဝင်မခံပါနဲ့လေ
@@

Sunday, November 9, 2025

မိုးသောက်ချိန် (KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ နှင့် အနုပညာရှင် ကိုနိုဗန်ထူး)

"THE VISA MAN (သို့မဟုတ်) ရုံးတက်ရင်းရုန်းထွက်ခဲ့သူတစ်ယောက်"

 "THE VISA MAN (သို့မဟုတ်)

ရုံးတက်ရင်းရုန်းထွက်ခဲ့သူတစ်ယောက်"

🖋️🖋️🖋️

သူ တစ်နေ့ကို နာရီ ၂၀ လောက် ဗီဇာပုံစံတွေလက်ရေးနဲ့ထိုင်ရေးရတာ လက်ချောင်းမှာသွေးစို့လာတဲ့အထိ။ သူ့အစိုးရက ရပ်ဖို့အမိန့်ပေးပေမယ့် သူမရပ်ခဲ့ဘူး။ ဗီဇာ ၆၀၀၀ လောက်ထုတ်ပေးခဲ့ပြီး ထောင်ပေါင်းများစွာသောအသက်တွေကို ကယ်တင်ခဲ့တယ်။

ဇူလိုင် ၁၉၄၀၊
ကောနက်စ်၊ လစ်သူရေးနီးယား။

ချီအူနဲဆူဂီဟာရာ အိပ်ရာနိုးလာတဲ့အခါ ဂျပန်ကောင်စစ်ဝန်ရုံးတံခါးရှေ့မှာ စုပြုံနေကြတဲ့လူအုပ်ကြီးကို မြင်ရတယ်။ ယောက်ျား​တွေ၊ မိန်းမတွေ၊ ကလေးတွေ အရွယ်စုံ။ ပိုလန်နိုင်ငံကနေ ထွက်ပြေးလာကြသူတွေ၊ နာဇီတို့သိမ်းထားတဲ့ နယ်မြေတွေကနေ ပြေးလာကြသူတွေ၊ ဘယ်ကိုမှပြေးစရာမြေမရှိ ဖြစ်နေတဲ့သူတွေပေါ့။ သူတို့က ဗီဇာထုတ်ပေးဖို့ အသနားခံနေကြတယ်။ ဂျပန်နိုင်ငံကနေတဆင့်ဖြတ်ပြီးသွားရမယ့်လမ်းကြောင်းကသာ သူတို့အတွက်မျှော်လင့်အားထားစရာဖြစ်နေတယ်။ ဒီ့အတွက် Transit visa လိုတယ်။

ချီအူနဲက အသက် ၄၀၊ သူ့ဘဝတလျှောက်လုံး အထက်အမိန့်ဆိုတာတွေနဲ့ နေသားကျပြီးသားသံတမန်တစ်ဦး။ တာဝန်ကျရာနေရာတစ်ခုပြီးတစ်ခုပြောင်းရင်း သူ့တိုင်းပြည်အပေါ်သစ္စာရှိစွာ အမှုထမ်းတယ်။ ဂျပန်အစိုးရခိုင်းတာမှန်သမျှ တသွေမတိမ်းလုပ်တယ်။ ဒါပေမယ့် အဲ့ဒီနေ့မနက်မှာ ရုံးပေါက်ဝသံတံခါးရှေ့က မျှော်လင့်ချက်မဲ့နေတဲ့မျက်နှာတွေကိုကြည့်ရင်း သူသိသွားတာတစ်ခုရှိတယ်။ ပေးထားတဲ့အမိန့်ကို အတိအကျလိုက်နာနေရင် ထောင်ပေါင်းများစွာသောအသက်တွေနဲ့ ကြေးထပ်ရနိုင်တယ်ဆိုတာပဲ။

ဒါနဲ့ ချီအူနဲဟာ တိုကျိုကို ကြေးနန်းရိုက်တယ်။
"ဂျူးဒုက္ခသည်တွေကို ဖြတ်သန်းဗီဇာထုတ်ပေးဖို့ ခွင့်ပြုပေးပါရန်"

အဖြေက ချက်ချင်းပြန်ဝင်လာတယ်။
"ခွင့်မပြု"

ဒုက္ခသည်တွေမှာ ဘာစာရွက်စာတမ်းအထောက်အထားမှ ပြည့်ပြည့်စုံစုံမရှိကြ။ သူတို့ရဲ့ ခရီးလမ်းဆုံးကလည်း ဘယ်နေမှန်းမရေရာကြ။ ဗီဇာထုတ်ပေးဖို့လိုအပ်ချက်တွေနဲ့ ကိုက်ညီမနေဘူး။ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်က ပြတ်သားတယ်။

"ဗီဇာပေးရန်ငြင်းပယ်"

ချီအူနဲဟာ နောက်ကြေးနန်းတစ်စောင် ထပ်ပို့တယ်။
"ဒုက္ခသည်တွေဟာ လက်ငင်းအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဗီဇာ ထုတ်ပေးခွင့်ပြုပါရန်"

အဖြေက "ခွင့်မပြု"

ချီအူနဲဟာ ကြံရာမရတဲ့အဆုံး တတိယမြောက်ကြေးနန်းတစ်စောင် ပို့ပြန်တယ်။
"အကူအညီမရရင် ရာပေါင်းများစွာသောမိသားစုတွေ သေဆုံးကြရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ပြန်သုံးသပ်ပေးပါရန်"

ကြေးနန်းပြန်ဝင်လာတယ်။
"လုံးဝခွင့်မပြုပါ။ ဗီဇာထုတ်ပေးမှုအားလုံး ယခုချက်ချင်းရပ်ဆိုင်းထားရန်။ တိုက်ရိုက်အမိန့်"

ချီအူနဲဆူဂီဟာရာတစ်ယောက် သူ့ရုံးခန်းပြတင်းပေါက်နားမှာရပ်ရင်း အပြင်ကပိုပိုကြီးလာတဲ့လူအုပ်ကြီးကို ငေးကြည့်နေတယ်။ နာရီတိုင်းမှာ မိသားစုအသစ်တွေတိုးတိုးလာနေတာ။ ဂျပန်ကောင်စစ်ဝန်ရုံးက သူတို့ကိုကူညီပေးလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ သူတို့ကြားရတယ်။ ဒီမျှော်လင့်ချက်တစ်ခုတည်းနဲ့ နေ့ပေါင်းများစွာ သူတို့ခရီးနှင်လာခဲ့ကြတာ။

ချီအူနဲဟာ သူ့ဇနီး ယူကီကိုနဲ့ သူတို့ရဲ့ကလေးငယ် ၃ ယောက်အကြောင်း တွေးမိပြန်တယ်။ ပြီးတော့ သူ့အလုပ်၊ သူ့တာဝန်၊ သူ့အနာဂတ်။ အပြင်ကမိသားစုတွေကရော? သူဘာမှမလုပ်ဘဲနေရင် ဒီမိသားစုတွေမှာလည်း အနာဂတ်မရှိနိုင်တော့ဘူး။

ဒီလိုနဲ့ ချီအူနဲဟာ သူ့ရဲ့ဖောင်တိန်ကို ကောက်ကိုင်ပြီး ဗီဇာပုံစံတွေကို လက်ရေးနဲ့စဖြည့်ပါတော့တယ်။ ဗီဇာအစောင်တိုင်းကို အချက်အလက်တွေပြည့်စုံနေအောင်ဖြည့်မှရမယ် - အမည်၊ မွေးသက္ကရာဇ်၊ ခရီးလမ်းဆုံးအရပ်၊ ခရီးသွားရခြင်းရည်ရွယ်ချက်။ သူ့လက်ရေးကလည်း သပ်ရပ်နေဖို့လိုသေးတယ်။ အမှားသေးသေးလေးတစ်ခုပါသွားရင်တောင် စစ်ဆေးတဲ့နေရာမှာ ငြင်းပယ်ခံရနိုင်တယ်။

တစ်နေ့ကို ၁၈ နာရီကနေ နာရီ ၂၀ လောက်ကြာအောင် ဗီဇာပုံစံတွေဖြည့်ရတယ်။ သူ့ဇနီး ယူကီကိုက ဘေးနားမှာနေရင်း သူဖောင်တိန်ဆက်မကိုင်နိုင်တော့လောက်အောင် လက်ချောင်းတွေတောင့်တင်းနာကျင်လာတဲ့အခါ ညင်ညင်သာသာနှိပ်ပြီး သက်သာအောင်လုပ်ပေးတယ်။ အစာစားတယ်ဆိုရုံလေး စားတဲ့ သူ့အတွက် အစားအသောက်တွေယူလာပေးတယ်။ သူအလုပ်လုပ်နေတုန်းမှာ ကလေးတွေကိုဂရုစိုက်ပေးထားတယ်။ သူလုပ်နေတာတွေကို ရပ်လိုက်ဖို့ သူ့ဇနီးဟာ တခါမှမပြောခဲ့ပါဘူး။ သူတို့မိသားစုအတွက် ဘယ်လိုထိခိုက်ဆုံးရှုံးနိုင်ခြေတွေရှိတယ်ဆိုတာလည်း ယူကီကိုသိတာပါပဲ။ ဒါပေမယ့် ချီအူနဲကို သူ့ဇနီးဟာ အပြည့်အဝပံ့ပိုးအားပေးခဲ့တယ်။

အပြင်မှာတန်းစီစောင့်နေကြတဲ့ ဒုက္ခသည်တွေဟာ လူတန်းရှည်ကြီးဖြစ်လို့နေတယ်။ မနက်တိုင်း ကောင်စစ်ဝန်ရုံးတံခါးဖွင့်တာနဲ့ သူတို့အရှေ့ကိုတဟုန်ထိုးပြေးကြတော့တာပဲ။ ချီအူနဲဟာ သူတို့ဆီကအချက်အလက်တွေယူရတယ်၊ ပြည်ဝင်ခွင့်လျှောက်လွှာတွေ ဖြည့်ရတယ်၊ တံဆိပ်တုံးထုရတယ်၊ လက်မှတ်ထိုးရတယ်၊ ပြီးတဲ့အခါမှ သူတို့လက်ထဲထည့်ပေးရတယ်။

နောက်ထပ်တစ်ယောက် ...
နောက်ထပ်မိသားစုတစ်စု ...
နောက်ထပ်ဘဝတစ်ခု ...

သူ့လက်ချောင်းတွေအခြေအနေဘယ်လောက်ဆိုးလာလဲဆို တစ်ချောင်းနဲ့တစ်ချောင်း စေ့လို့တောင်မရတော့ဘူး။ ခြေကုန်လက်ပန်းကျပြီး အမြင်တွေလည်းဝါးကုန်ပြီ။ ထိုင်ခုံမှာ ခါးကိုင်းပြီးစာရေးရလွန်းလို့ နောက်ကျောတစ်ခုလုံးလည်း နာကျင်ကိုက်ခဲနေပြီ။ ဒါပေမယ့် သူဆက်ရေးနေတာပဲ။

တိုကျိုကနေ ကြေးနန်းတွေထပ်ရောက်လာတယ်။
"အခုချက်ချင်းရပ်ပါ။ ခင်ဗျားဟာ ပေးထားတဲ့အမိန့်ကို တိုက်ရိုက်ဖီဆန်နေတာဖြစ်တယ်။ ဒီ့အတွက် အကျိုးဆက်တွေရှိလာလိမ့်မယ်"

ချီအူနဲဟာ မရပ်ပါဘူး။ ဗီဇာတွေဆက်ရေးတယ်။

၂၉ ရက်တိတိ၊ တစ်လနီးပါးပဲ။ ဗီဇာရေးတဲ့အလုပ်ကလွဲပြီး သူဘာမှမလုပ်ဘူး။ ဒီကာလအတွင်းမှာ အရေအတွက်အားဖြင့် ၂၀၀၀ ကနေ ၆၀၀၀ လောက်ရှိတဲ့ ဗီဇာတွေ သူထုတ်ပေးခဲ့တယ်။ အရေအတွက်အတိအကျတော့ ဘယ်သူမှမသိကြဘူး။ သူကိုယ်တိုင်လည်း ဗီဇာဘယ်နှစ်စောင်ထုတ်ပေးလိုက်တယ်ဆိုတာမျိုး မှတ်ထားမနေတော့ဘူး။ အသက်တွေကို ကယ်နိုင်သမျှကယ်ဖို့ပဲ သူအလုပ်များနေတာဆိုတော့ အပိုအလုပ်တွေ သူဘာမှမလုပ်တော့ဘူးပေါ့။

ဗီဇာတစ်စောင်ဟာ မိသားစုတစ်ခုကို ဆိုက်ဘေးရီးယား-ဗလာဒီဗော့စတော့ မီးရထားလမ်းကြောင်းနဲ့ ဆိုဗီယက်ယူနီယံကိုဖြတ်၊ ဗလာဒီဗော့စတော့ကနေ ဂျပန်ကို သင်္ဘောနဲ့ကူး၊ ဂျပန်ကနေတဆင့်မှ ရှန်ဟဲ၊ ဩစတြေးလျ၊ အမေရိက၊ တောင်အမေရိက စသဖြင့် သူတို့ကိုလက်ခံမယ့် ဘယ်နေရာကိုမဆို ခရီးဆက်ခွင့်ရကြတယ်။ ဒီဗီဇာတွေဟာ သူတို့အတွက် အသက်ကယ်ကြိုးပဲ။ မှင်နဲ့ရေးထားတဲ့၊ ကြံမိကြံရာကြံထားတဲ့ အသက်ကယ်ကြိုးတွေ။

၁၉၄၀ စက်တင်ဘာ ၄

ဂျပန်အစိုးရဆီက အမိန့်စာရောက်လာတယ်။ လစ်သူရေးနီးယားမှာရှိတဲ့ ကောင်စစ်ဝန်ရုံးကိုချက်ချင်းပိတ်ပြီး ဂျပန်ကိုပြန်လာဖို့။ ဆိုဗီယက်ယူနီယံအသိမ်းခံရပြီးတဲ့နောက် ဂျပန်က သူတို့ရဲ့သံဝန်ထမ်းတွေကို ပြန်ခေါ်နေပြီ။ ချီအူနဲလည်းပါတာပေါ့။ ဒါပေမယ့် ကောင်စစ်ဝန်ရုံးအပြင်မှာ မိသားစုတွေအများကြီး ရှိနေကြတုန်းပဲ၊ စောင့်နေကြတုန်းပဲ၊ ကောက်ရိုးလေးတစ်မျှင်ကို ဖမ်းဆုပ်ဖို့ ကြိုးစားနေကြတုန်းပဲ။

ကောင်စစ်ဝန်ရုံး ပိတ်ရတော့မယ့်နေ့။ ချီအူနဲဟာ မီးရထားဘူတာဆီသွားခါနီးထိ ဗီဇာပုံစံတွေ ရေးနေတုန်း။ ဘူတာသွားတဲ့လမ်းက ကားပေါ်မှာလည်း ဆက်ရေးတယ်။ ဘူတာပလက်ဖောင်းမှာ ရထားအလာစောင့်ရင်းနဲ့လည်း ဆက်ရေးတယ်။ ရထားထွက်တဲ့အခါ ဒုက္ခသည်တွေက ရထားဘေးကနေပြေးလိုက်ကြတယ်။ ရထားပြတင်းပေါက်ရှိရာဆီ လက်တွေလှမ်းလို့ပေါ့။

ချီအူနဲဟာ ဆက်ရေးနေဆဲပါပဲ။ ဗီဇာပုံစံအလွတ်တွေကို လက်မှတ်ထိုးပြီး ပြတင်းပေါက်ကနေ ကြဲချပေးခဲ့တယ်။ ရထားနောက်ပြေးလိုက်လာတဲ့လူအုပ်ထဲက ရသွားတဲ့သူတွေ သူတို့ဟာသူတို့ဖြည့်ပြီးသုံးလို့ ရလိုရငြား။ အလုပ်ဖြစ်ချင်မှတော့ဖြစ်မယ်၊ ဒါပေမယ့် တခုခုလည်းဖြစ်သွားနိုင်တာပဲမို့လား။

အသက်ရှင်သန်ကျန်ရစ်သူတွေရဲ့ ပြန်ပြောပြချက်အရ ရထားကြီးတဖြည်းဖြည်းဝေးသွားတဲ့အခါ ချီအူနဲဟာ လူအုပ်ရှိရာကို လေးလေးစားစားဦးညွှတ်ရင်း အော်ပြောသွားတယ်။

"ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ ကျွန်တော်ဆက်ရေးဖို့မဖြစ်နိုင်တော့လို့ပါ။ ခင်ဗျားတို့အားလုံးအတွက် ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ"

လူအုပ်ကြီးရဲ့ မြင်ကွင်းကနေ သူ တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။

အကျိုးဆက်က မြန်မြန်ပဲဖြစ်လာပါတယ်။ ချီအူနဲ ဂျပန်ပြန်ရောက်တဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကိုအလုပ်ထုတ်လိုက်တယ်။ တရားဝင်ထုတ်ပြန်ကြေညာချက်အရဆိုရင်တော့ ဝန်ကြီးဌာန လူဦးရေလျှော့တဲ့အထဲ ပါသွားတယ်ပေါ့။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ လူတိုင်းသိတာပဲ။ တိုက်ရိုက်အမိန့်မနာခံမှု။

သူ့ရဲ့ သံဝန်ထမ်းဘဝ ပြီးဆုံးသွားပြီ။ အသက်က ၄၀၊ စောင့်ရှောက်စရာမိသားစုနဲ့ အလုပ်လက်မဲ့ဘဝ။

ချီအူနဲဆူဂီဟာရာတစ်ယောက် နောက်အနှစ် ၄၀ လုံးလုံး ကျပမ်းအလုပ်အကုန်လုပ်တယ်။ တအိမ်တက် တအိမ်ဆင်းပြီး မီးသီးတွေလိုက်ရောင်းတယ်။ ပို့ကုန်သွင်းကုန် ကုမ္ပဏီတစ်ခုမှာဝင်လုပ်တယ်။ လစ်သူရေးနီးယားမှာ လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သူဘာမှမပြောသလောက်ပဲ။ သူ့ဘဝကို တိတ်တိတ်ဆိတ်ဆိတ်ဖြတ်သန်းတယ်။ ဒီအဖြစ်အပျက်ကနေ သူ ပုန်းရှောင်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ သူလုပ်ခဲ့တာတွေဟာ ဘာမှထူးထူးခြားခြားမဟုတ်ဘူးလို့ပဲ ရိုးရိုးလေး သူတွေးတာ။

နှစ်များစွာကြာပြီးတဲ့နောက် သူ့ကို အဲ့ဒီတုန်းက ဘာလို့လုပ်ဖြစ်ခဲ့တာလဲလို့ မေးတဲ့အခါ သူပြန်ဖြေတာက "ဒီ မိသားစုတွေဟာလည်း လူသားတွေပဲ၊ ပြီးတော့ သူတို့အကူအညီလိုနေတယ်၊ ကျွန်တော် ဘာမှမလုပ်ဘဲ ဘယ်လိုနေလို့ရမလဲ" တဲ့။

သူကယ်ပေးခဲ့တဲ့လူတွေဟာ ကမ္ဘာအနှံ့ကို ရောက်သွားတယ်။ သူတို့ဘဝတွေကို အစ္စရေးမှာ၊ အမေရိကမှာ၊ ဩစတြေးလျမှာ၊ ဘရာဇီးမှာ စသဖြင့် ထူထောင်ကြတယ်။ သူတို့ သားသမီးတွေရကြတယ်။ မြေးတွေ မြစ်တွေရကြတယ်။ သူတို့တွေအများစုဟာ သူတို့ကိုကယ်ခဲ့တဲ့ ဂျပန်သံဝန်ထမ်းက ဘယ်သူဆိုတာ နာမည်လေးတောင်မှ မသိကြပါဘူး။ သူတို့ဆီမှာ ရှိခဲ့ဖူးတဲ့ ချီအူနဲလက်မှတ်ထိုးထားတဲ့ စာရွက်အပိုင်းအစလေးဟာ အသက်ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားက ကွဲပြားမှုကိုဖြစ်စေခဲ့ပေမယ့် သူဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမသိကြ။

ဒီလိုနဲ့ ၁၉၆၉ ခုနှစ်ကို ရောက်လာတယ်။ ယေရှူဝါနီရှရီ ဆိုတဲ့လူတစ်ယောက်က ချီအူနဲနာမည်ကို ဂျပန်သံဝန်ထမ်းများစာရင်းမှာ အမှတ်မထင်တွေ့ပြီး ရုတ်တရက်သတိရသွားတယ်။ "ဒါ ငါတို့ကိုကယ်ခဲ့တဲ့လူပဲ"

နီရှရီဟာ ချီအူနဲကြောင့်အသက်ရှင်ကျန်ခဲ့သူတွေကို စပြီးရှာဖွေတယ်။ တဖြည်းဖြည်းနဲ့ ကွန်ရက်လေးတစ်ခုဖြစ်လာတယ်။ လက်ရေးနဲ့ရေးပေးထားတဲ့ ဗီဇာစာရွက်လေးတွေကိုသုံးပြီး လွတ်မြောက်ခဲ့ရသူတွေက သူတို့ရဲ့ဇာတ်လမ်းတွေကို ပြန်ပြောလာကြတယ်။ သူတို့နားလည်သွားတာက ထောင်ပေါင်းများစွာသော သူတို့လိုလူတွေရဲ့ရှင်သန်နေခြင်းဟာ အမိန့်နာခံခြင်းကိုကျော်ပြီး စာနာကရုဏာကိုရွေးချယ်ခဲ့တဲ့ လူတစ်ဦးကြောင့်ဆိုတာပဲ။

၁၉၈၅ မှာ အစ္စရေးက Yad Vashem လူမျိုးတုန်းအဖြစ်အပျက်အောက်မေ့ဖွယ်ကနေပြီးတော့ ချီအူနဲဆူဂီဟာရာကို "နိုင်ငံတွေအားလုံးထဲမှ တရားရှင်" ဆိုပြီး ဂုဏ်ပြုပါတယ်။ ဒီသတ်မှတ်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုကြီးအတွင်း ဂျူးတွေရဲ့အသက်ကိုကယ်တင်ခဲ့ကြသူတွေထဲကမှ ဂျူးလူမျိုးမဟုတ်တဲ့သူတွေကိုပေးတဲ့အထဲမယ် အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တယ်။

ချီအူနဲဟာ အခမ်းအနားတက်ဖို့ အစ္စရေးကိုသွားခဲ့တယ်။ အသက်က ၈၅ နှစ်၊ အားနည်းဖျော့တော့နေပြီ။ သူလုပ်ခဲ့တာတွေအတွက် ဝင့်ကြွားတဲ့ပုံစံမျိုးလည်း ရှိမနေပါဘူး။ ကမ္ဘာအနှံ့က ရှင်သန်ကျန်ရစ်သူတွေဟာ သူ့ကိုတွေ့ချင်လို့ စုရုံးလာကြတယ်။ တချို့သူတို့ကလေးတွေ၊ မြေးတွေကို ခေါ်လာကြတယ်။ သူတို့က ချီအူနဲကိုပြောကြတယ်။

"ခင်ဗျားကြောင့်သာ ကျုပ်တို့ဒီနေ့ရှိနေနိုင်တာ၊ ခင်ဗျားကြောင့်သာ ကျုပ်မိသားစုဆိုတာလည်း ဆက်ရှိနေတာပါဗျာ"

ရှင်ကျန်ရစ်သူတစ်ယောက်ကမေးတယ်။
"ကျွန်တော်တို့အသက်ကို ခင်ဗျားကလက်ဆောင်ပေးတာ၊ ဘယ်လိုမျိုးကျေးဇူးပြန်ဆပ်လို့ရမလဲ"

ချီအူနဲရဲ့အဖြေ
"သိက္ခာရှိတဲ့ ဘယ်လူမဆို လုပ်မယ့်အလုပ်မျိုးပဲ ကျွန်တော်လုပ်ခဲ့တာပါဗျာ၊ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး"

တကယ်တော့ ဒါကမမှန်ပါဘူး။ သိက္ခာရှိတဲ့လူအများစုဟာ အမိန့်နာခံကြသူတွေသာဖြစ်တယ်။ ကြံရာမရဖြစ်နေတဲ့မိသားစုတွေကိုကြည့်ပြီး လူများစုတွေးမယ့်အတွေးက "ဒါက ငါ့ပြဿနာမဟုတ်ဘူး၊ ငါ ရင်းရမယ့်ကိစ္စမဟုတ်ဘူး" အဲ့လိုပေါ့။

ချီအူနဲဆူဂီဟာရာကတော့ ဒီဒုက္ခရောက်နေတဲ့မိသားစုတွေကိုကြည့်ပြီး တွေးတယ်၊ "သူတို့ဟာလည်း ငါ့လိုလူသားတွေပဲ၊ ငါ့မှာဖောင်တိန်ရှိတယ်၊ ငါကူညီမယ်"

၁၉၈၆ ဇူလိုင် ၃၁ မှာ ချီအူနဲဆူဂီဟာရာ ကွယ်လွန်တယ်။ သူ့ရဲ့ သူရဲကောင်းဆန်မှုအတွက် အသိအမှတ်ပြုခြင်းခံရပြီး တစ်နှစ်အကြာမှာပေါ့။ သူဆုံးတော့ အသက် ၈၆ နှစ် ရှိပါပြီ။ အနှစ် ၄၀ လောက် သူ လူမသိသူမသိဘဝနဲ့နေခဲ့ရတယ်။ သာမန်အလုပ်တွေလုပ်ပြီး သာမန်လူတစ်ယောက်လိုပဲ နေခဲ့တယ်။ ဒါပေမယ့် သူချန်ထားခဲ့တဲ့အမွေကတော့ သာမန်မဟုတ်ပါဘူး။

ဒီကနေ့ဆိုရင် ခန့်မှန်းခြေ ၄ သောင်းကျော်လောက်ရှိတဲ့ လူတွေရဲ့အသက်ဟာ ၁၉၄၀ ရဲ့ နွေရာသီတစ်ခုမှာ ချီအူနဲဆူဂီဟာရာထုတ်ပေးလိုက်တဲ့ ဗီဇာတွေကြောင့်သာ ရှင်သန်နေရတာပါ။ ဒုက္ခသည်တွေ၊ သူတို့ရဲ့ကလေးတွေ၊ အဲ့ဒီကလေးတွေရဲ့ကလေးတွေ၊ ဒီလိုမိသားစုသစ်ပင်ကြီးတစ်ခုလုံးရဲ့ ဖြစ်တည်နေရခြင်းဟာ မူဝါဒတွေကိုကျော်ပြီး လူသားဆန်မှုကို ရွေးချယ်ခဲ့တဲ့လူတစ်ယောက်ကြောင့်သာပဲ။

အခုတော့ ဂျပန်နိုင်ငံမှာလည်း ချီအူနဲဟာ နိုင်ငံ့သူရဲကောင်းတစ်ဦးလို ထင်ရှားနေပါပြီ။ သူ့အတွက် အောက်မေ့ဖွယ်နေရာတွေ၊ ပြတိုက်တွေ၊ ရုပ်တုတွေ ရှိလာပြီ။ ကျောင်းတွေမှာ သူ့ရဲ့ဇာတ်လမ်းကို သင်ပေးနေကြပြီ။

ဒါပေမယ့် အနှစ် ၄၀ လုံးလုံး သူဟာအမေ့လျော့ခံဖြစ်ခဲ့တယ်။ ကြုံရာကျဘမ်းအလုပ်တွေလုပ်ရင်း သူ့မိသားစုကိုပံ့ပိုးခဲ့ရတယ်။ သူ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ အသိအမှတ်ပြုခံရဖို့လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ သူ့ရဲ့ရွေးချယ်မှုအတွက်လည်း ဘယ်သောအခါမှ နောင်တမရခဲ့ဘူး။ ဘာလို့လဲဆိုတော့ တခါတလေမှာ ကမ္ဘာကြီးကမေ့နေတတ်တဲ့အရာကို သူနားလည်ခဲ့လို့ပါပဲ။

"ဥပဒေတွေဆိုတာ လူတွေပြုလုပ်ထားတဲ့အရာ၊ သူတို့ဟာ လူတွေချိုးဖောက်တာကိုခံရနိုင်တယ်။ တခါတလေမှာ ဥပဒေဖောက်ခြင်းကသာ လူ့ကျင့်ဝတ်နဲ့ညီတဲ့ရွေးချယ်မှုမျိုး ဖြစ်နိုင်တယ်"

အထက်ကတိုက်ရိုက်ပေးလာတဲ့အမိန့်နဲ့ မျှော်လင့်ချက်မဲ့လမ်းဆုံးနေတဲ့ မိသားစုတွေအုပ်လိုက်ကြီးကို သူကြည့်တယ်။ ပြီးတဲ့အခါ မိသားစုတွေကိုပဲ သူရွေးလိုက်တယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဘဝ၊ သူ့ဂုဏ်သိက္ခာ၊ သူ့ဝင်ငွေ ... သူလုပ်ခဲ့သမျှအရာတွေအားလုံးကို သူတခါမျှမြင်ဖူးသိဖူးခြင်းမရှိခဲ့တဲ့သူတွေအတွက် စတေးလိုက်တယ်။ ဖောင်တိန်လေးတစ်ချောင်းနဲ့ပဲ သူလုပ်သွားခဲ့တာပါ။ တစ်နေ့ကို နာရီ ၂၀ နဲ့ ရက်ပေါင်း ၂၉ ရက်တိတိတောက်လျှောက်၊ ဗီဇာ ၆ ထောင်၊ အသက်ပေါင်း ၄ သောင်းကျော်။

မျက်နှာလွှဲခဲပစ်မလုပ်နိုင်ခဲ့တဲ့ လူတစ်ယောက်။

ချီအူနဲဆူဂီဟာရာဆိုတဲ့ သူ့နာမည်ကို သတိရပါ။

သူ့ဘေးမှာ မားမားမတ်မတ်ရပ်ပေးခဲ့တဲ့ သူ့ဇနီး ယူကီကိုဆူဂီဟာရာကို သတိရပါ။

အမြဲတမ်းကျယ်ကျယ်လောင်လောင်ဖြစ်နေမှ၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်မှ၊ အဲ့လိုမှမဟုတ်ရင် ပြဇာတ်ဆန်နေမှ သူရသတ္တိမဟုတ်မှန်းလည်း သတိရပါ။

တခါတလေမှာ သတ္တိဆိုတာ နာကျင်တောင့်တင်းနေတဲ့လက်နဲ့ သံဝန်ထမ်းတစ်ယောက်ပဲ။ အဲ့ဒီလက်နဲ့ ဗီဇာတစ်စောင်ရေးလိုက်ခြင်းဟာ နောက်ထပ်မိသားစုတစ်ခုကို ကယ်တင်လိုက်ခြင်း၊ လူ့ကျင့်ဝတ်နဲ့မညီတဲ့ အမိန့်အာဏာတစ်ခုကို ဖီဆန်လိုက်ခြင်းပဲ။

ဘာလို့လဲဆို လူ့အသက်တွေဟာ အမိန့်တွေ၊ မူဝါဒတွေထက် ပိုအရေးပါတာမို့။

ဘာလို့လဲဆို စာနာကရုဏာဟာ အမိန့်နာခံမှုထက် ပိုအရေးကြီးတာမို့။

ဘာလို့လဲဆို သင့်မှာ တစ်စုံတစ်ယောက်ကို ကူညီကယ်တင်ဖို့စွမ်းအားရှိနေပြီး ဒါကိုအသုံးချဖို့မကြိုးစားဘူးဆိုရင်လည်း ဒါ ရွေးချယ်မှုပဲ။ ချီအူနဲဆူဂီဟာရာကတော့ သူ့ရွေးချယ်မှုကိုလုပ်ခဲ့တယ်။ အဲ့ဒီအတွက် လူ ၄၀၀၀၀ ကျော် ရှင်သန်ခဲ့ရတယ်။

ခင်ဗျားတို့ရော ဘာကိုရွေးမှာလဲ?

#မောင်ဉာဏ်
(ဆီလျော်အောင် ဘာသာပြန်သည်)
၆ နိုဝင်ဘာ ၂၀၂၅

#ငွေရောင်အနားကွပ်လေးများ
#ChiuneSugihara