Showing posts with label India. Show all posts
Showing posts with label India. Show all posts

Wednesday, November 12, 2025

ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၇)

 မြင့်မြတ်သူတို့၏ အားထုတ်မှုလေးမျိုး

▬▬▬▬▬▬▬▬▬▬▬▬▬▬
#ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၇)

မြင့်မြတ်သူတို့၏ လုပ်ဆောင်ချက်များကို “ပါရမီ” ဟု ခေါ်ကြောင်း၊ ထိုပါရမီတို့ ရင့်ကျက် ခိုင်မာလာအောင် ဖြည့်ဆည်းရာတွင် “ဖြောင့်မတ်မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ် ပညာ” ဟူသည့် ရပ်တည်ချက် လေးရပ်ပေါ်တွင် အခြေခံ၍ လုပ်ဆောင်ရကြောင်း ဖော်ပြခဲ့သည်။ ထိုရပ်တည်ချက် လေးရပ်ပေါ်တွင် အခြေခံကာ ပါရမီမျိုးစေ့တို့ ရှင်သန် ကြီးပွားတိုးတက်လာအောင် ပြုစုပျိုးထောင်ရသည်။ အလောင်းတော်တို့ ပါရမီဖြည့်ဆည်းရာတွင် လိုက်နာကျင့်သုံးသည့် ကြီးပွားတိုးတက်ရေး လမ်းစဉ်လေးရပ်ကို စရိယာပိဋက အဋ္ဌကထာတွင် ဖော်ပြထားပါသည်။ အင်္ဂါလေးပါးရှိသော အားထုတ်မှု (#စတုရင်္ဂယောဂ) ဟုလည်း ခေါ်သည်။

သုမေဓာ ရှင်ရသေ့သည် မိမိ ရည်မှန်းသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်စေရန် လိုက်နာ ဆောင်ရွက်ရမည့် ပါရမီတော်များကို ဆင်ခြင်ရာတွင် ပါရမီ တစ်ပါးမျှ ကြွင်းကျန်၍ မနေဘဲ ပြည့်စုံစေရန် စုံစမ်းဆင်ခြင်သည်။ ထိုသို စုံဆင်ခြင်၍ သိလာရသည့် သမ္မာသမ္ဗောဓိဉာဏ်၏ အဆောက်အဦ (requisites of the enlightenment) ခေါ် မဖြစ်မနေ လုပ်ဆောင်ရမည့် ပါရမီတော် ၁၀-ပါးလုံးကို အကြွင်းအကျန် မရှိစေဘဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူသည်။ ဤသည်ကို #သဗ္ဗသမ္ဘာရဘာဝနာ ဟုခေါ်သည်။

မီးပွတ်ယောက်ျားသည် ရှားနှစ်သား နှစ်ချောင်းကို ပူအောင် ပွတ်၍ မီးမွှေးရာတွင် မီးမထွက်ခင် မကြာခဏ နားနေပါက ရထားသည့် အပူဓာတ် ပြန်ပြန်လျော့ကာ မီးမတောက်ဘဲ ရှိတတ်သည်။ မရပ်မနားဘဲ ဇွဲဖြင့် တရစပ် ပွတ်တိုက်မှသာလျှင် အလိုရှိသည့် မီးကို ရနိုင်သည်။ ထို့အတူပင် ပါရမီဖြည့်ကျင့်ရာတွင် သုမေဓာ ရှင်ရသေ့ဘဝမှသည် နောက်ဆုံး သိဒ္ဓတ္ထမင်းသား ဘဝတိုင် ဘဝဆက်တိုင်း အစဉ်မပြတ်စေဘဲ ပါရမီဖြည့် ကျင့်တော်မူခဲ့ရသည်။ ဤသို့ ပါရမီတို့ကို စဉ်ဆက်မပြတ် ဘဝတိုင်း ဖြည့်ကျင့်ခြင်းကို #နိရန္တရဘာဝနာ ဟု ခေါ်သည်။

တဖန် ပါရမီ ဖြည့်ကျင့်ခြင်းသည် လုံလောက်သော အချိန်ပမာဏ လိုသည်။ ပညာဓိက ဘုရားအလောင်းတော်များသည် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကြာ ပါရမီ ဖြည့်ကျင့်ရသည်။ သဒ္ဓါဓိက ဘုရားအလောင်းတော်များသည် ၈-အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ရသည်။ ဝီရိယာဓိက ဘုရား အလောင်းတော်များသည် ၁၆-အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ရသည်။ ဤကဲ့သို့ ပါရမီတို့ကို ကြာမြင့်စွာ ဖြည့်ကျင့်ခြင်းကို #စိရကာလဘာဝနာ ဟု ခေါ်သည်။

ပါရမီ ဖြည့်ကျင့်ခြင်းသည် ဝတ်ကျေတမ်းကျေ ခပ်ပေါ့ပေါ့ ဆောင်ရွက်ရသည့် အရာမျိုး မဟုတ်။ စိတ်မပါ့တပါ ဆောင်ရွက်ရသည် မဟုတ်။ မိမိလုပ်ဆောင်သည့် ဆောင်ရွက်ချက်များပေါ်တွင် စိတ်ဝင်တစား စိတ်ရောကိုယ်ပါ နှစ်မြုတ်၍ လေးလေးနက်နက် ဆောင်ရွက်ရသည်။ ဤသို့ ပါရမီတို့ကို စိတ်ရောကိုယ်ပါ လေးလေးစားစား ဖြည့်ကျင့်ခြင်းကို #သက္ကစ္စဘာဝနာ ဟု ခေါ်သည်။

🎯 မြင့်မြတ်သည့် အလောင်းတော်တို့ ပါရမီဖြည့် ကျင့်ရာတွင် လိုက်နာရသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လေးရပ် လောကီနယ်မှ ပညာရေး, စီးပွားရေး, နိုင်ငံရေး စသည့် ရည်မှန်းချက်တို့ကို အကောင်ထည် ဖော်ရာတွင်လည်း အသုံးဝင်နိုင်ပါသည်။

ဦးစွာ မိမိတို့ ရည်မှန်းသည့် ပန်းတိုင်သို့ ရောက်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကြွင်းအကျန်မရှိစေရန် ကြိုတင်စီမံ၍ စီမံသည့် အတိုင်းလည်း အပြည့်အစုံ ခြွင်းချက်မရှိ ဆောင်ရွက်ရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း မကြာခဏ အရှိန် ပြန်ယူနေရသည့် အဖြစ်သို့ မရောက်စေရန် စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နေရသည်။ လုပ်ငန်းတစ်ခု အောင်မြင်ရန် ဆိုသည်မှာ ယနေ့ စိုက်ပျိုး၍ နောက်နေ့ အသီးအပွင့်ကို ခူးဆွတ်နိုင်သည့် အရာမျိုး မဟုတ်။ ထိုက်သင့်သည့် အချိန်အတိုင်းအတာ တခုလိုအပ်သည်။ ထို့ကြောင့် လမ်းခုလတ်တွင် ရပ်တန့် မသွားဘဲ၊ မလျော့သော ဇွဲလုံ့လဖြင့် အချိန်ပေး လုပ်ဆောင်ရသည်။ ထို့အပြင် မိမိလုပ်သည့် အလုပ်အပေါ်တွင် စိတ်ဝင်တစား တန်ဖိုးထား၍ လေးစားစွာ လုပ်ဆောင်ကြရသည်။

ထိုသို့သော လုပ်ဆောင်မှုများကိုပင် မြင့်မြတ်သူတို့၏ အားထုတ်မှု လေးမျိုး, ကြီးပွားတိုးတက်ရေး လမ်းစဉ် လေးရပ်ဟု ခေါ်ဆိုကြပါသည်။

ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၆)

 မြင့်မြတ်သူတို့၏ အဓိဋ္ဌာန်လေးချက်

▬▬▬▬▬▬▬▬▬▬▬▬▬▬
#ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၆)

🔸 “ဗုဒ္ဓေါ ဗောဓေယျံ၊ မု‌တ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ”

“အမှန်တရားကို ငါသိမြင်သလို သတ္တဝါ အများအားလည်း သိမြင်စေပါအံ့၊ ဘဝအနှောင်အဖွဲ့မှ ငါလွတ်မြောက်သလို သတ္တဝါ အများအားလည်း လွတ်မြောက်စေပါအံ့၊ သံသရာဝဲဂယက်မှ ငါကူးထွက်နိုင်သလို သတ္တဝါ အများလည်း ကူးထွက်စေပါအံ့” ဟူသည့် သုမေဓာ ရှင်ရသေ့၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းတာဝန်များ ရှိသည်။ ထိုလုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဖြည့်ဆည်းခြင်းကိုပင် ပါရမီဖြည့်သည်ဟု ဆိုသည်။ ထိုလုပ်ငန်းတာဝန်များ တနည်း ပါရမီဆယ်ပါးသည် ဘုရားဖြစ်အောင် ပြုမည့် တရားများ (ဗုဒ္ဓကာရကဓမ္မာ) ဖြစ်သည်။ သုမေဓာ ရှင်ရသေ့၏ ရည်မှန်းချက်ကို ပြီးမြောက်စေမည့် တာဝန်များ ဖြစ်သည်။

မြင့်မြတ်သည့် အလုပ်တခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရာတွင် ခိုင်မာသည့် ရပ်တည်ချက် လေးခု (အဓိဋ္ဌာန်လေးပါး) လိုအပ်ပါသည်။

“ငါသည် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရန် ကြိုးစား၍ လောကသားတို့ကို ကယ်တင်ပါအံ့” ဟုသည့် စိတ်က ကြံရွယ် ရည်မှန်းသည့် အတိုင်း ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခြင်းကို #သစ္စာဓိဋ္ဌာန် ဟု ခေါ်သည်။ သစ္စာဓိဋ္ဌာန်သည် (၁) မိမိဝန်ခံ ကတိပြုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း (ပဋိညာသစ္စာ) (၂) မှန်သောစကားကိုသာ ဆိုခြင်း (ဝစီသစ္စာ) (၃) အမှန်တရားကို သိမြင်ခြင်း (ဉာဏသစ္စာ) ဟု သုံးပိုင်း ရှိသည်။ ပါရမီတို့ ပြည့်မြောက်စေရန်အတွက် အမှန်တရား အပေါ်တွင် ရပ်တည်ချက်ခိုင်မာရသည်။ သစ္စာ စောင့်စည်းရသည်။

မြင့်မြတ်သည့် အမှုကိစ္စတို့ကို ဆောင်ရွက်ရာတွင် စွန့်လွှတ်မှု ရှိရသည်။ ပို၍ မြင့်မြတ်သည့် ရည်မှန်းချက် အတွက်ဆိုလျှင် ပို၍ တန်ဖိုး ကြီးမားသည့် အရာများကို စွန့်လွှတ်ရသည်။ သုမေဓာ ရှင်ရသေ့သည် ထိုဘဝ၌ပင် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်သည့် အရည်ချင်း ရှိသော်လည်း၊ ထိုအခွင့်အရေးကို စွန့်လွှတ်ခဲ့သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ဘဝပေါင်း များစွာတွင် စည်းစိမ်ဥစ္စာ, ဩဇာအာဏာ, သားမယား, ခြေလက်အင်္ဂါနှင့် အသက်တို့ကို စွန့်လွှတ်ကာ လောကသားတို့ကို ကယ်တင်နိုင်မည့် သမ္မာသမ္ဗောဓိဉာဏ် အတွက် စတေးခဲ့ရသည်။ ဤသို့ မိမိတန်ဖိုးထားသည့် အရာများကို ပို၍ တန်ဖိုးထားအပ်သည့် မြင့်မြတ်မှုအတွက် စွန့်လွှတ် စတေးခြင်းကို #စာဂါဓိဋ္ဌာန် ဟုခေါ်သည်။ ယုတ်နိမ့်သည့် မကောင်းမှုများကို စွန်လွှတ်ရန်မှာ ဆိုဖွယ်ပင် မရှိတော့။ စာဂါဓိဋ္ဌာန်ကို (၁) လောကီ ကာမဂုဏ် စည်းစိမ်ဥစ္စာ, ဩဇာအာဏာ, အခြွေအရံ, ကျော်ဇောမှု စသည်တို့ကို စွန့်လွှတ်ခြင်း (၂) လောဘ, ဒေါသ စသည့် ကိလေသာတို့ကို စွန့်လွှတ်ခြင်း (၃) ဘဝကို ဖြစ်စေတတ်သည့် ကုသိုလ်, အကုသိုလ် အဘိသင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်းဟု အဆင့်ဆင့် ရှိသည်။ ပါရမီဖြည့်ဆည်းရာတွင် စွန့်လွှတ်သင့်သည်တို့ကို စွန့်လွှတ်ရန် ဝန်မလေးသည့် ရပ်တည်ချက် ရှိရသည်။ ပါရမီတို့၏ ဆန်ကျင်ဖက်တရားများကို တစတစ စွန့်လွှတ်သွားသည်နှင့်အမျှ ပါရမီတို့ တိုး၍ တိုး၍ ပြည့်လာသည်။

ရည်မှန်းချက်တစ်ခု အတွက် မိမိတန်ဖိုးထားသည့် အရာတို့ကို စွန့်လွှတ်ရသောအခါတွင် ဖြစ်စေ၊ လောကသဘာဝအရ အခက်အခဲ အကြပ်အတည်းများ ကြုံလာရသောအခါတွင် ဖြစ်စေ မစွန့်ရက်နိုင်မှု, စိုးရိမ်ပူပန်မှု, မခံမရပ်နိုင်ဖြစ်မှုတို့ ဖြစ်ပေါ်တတ်သည်။ ထိုအခါတွင် ရည်မှန်းချက်တို့ အထမြောက်စေရန် စိတ်ကိုတည် ငြိမ်အေးချမ်းစွာထား၍ ကြံကြံ့ခိုင် ရင်ဆိုင်ရသည်။ စိတ်တည် ငြိမ်အေးချမ်းစွာ ရပ်တည်နိုင်မှုကို #ဥပသမာဓိဋ္ဌာန် ဟု ခေါ်သည်။ ဥပသမာဓိဋ္ဌာန်သည်လည်း (၁) သီလဖြင့် ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးသည့် ဝီတက္ကမကိလေသာတို့ကို ပယ်စွန့်ကာ ငြိမ်သက် အေးချမ်းစေခြင်း၊ (၂) သမာဓိဖြင့် မိမိစိတ်တွင် ထကြွသောင်းကြမ်းသည့် ပရိယုဋ္ဌာနကိလေသာနှင့် ကုသိုလ်တရားတို့ကို အဟန့်အတား ပြုတတ်သည့် နီဝရဏတရားတို့ကို ဝေးစွာ ပယ်စွန့်ကာ ငြိမ်သက် အေးချမ်းစေခြင်း၊ (၃) သမထဝိပဿနာပညာ, မဂ်ပညာတို့ဖြင့် အတွင်းစိတ်အစဉ်တွင် ကိန်း ၍နေသည့် အနုသယ ကိလေသာတို့ကို ပယ်သတ်ကာ ငြိမ်သက် အေးချမ်းစေခြင်း ဟု အဆင့်ဆင့် ရှိသည်။ ပါရမီမြောက်သော အမှုဖြစ်ရန် အတွက် ဥပသမာဓိဋ္ဌာန် ခေါ် စိတ်တည်ငြိမ် အေးချမ်းစွာ ရပ်တည်နိုင်ရန် လိုအပ်ပါသည်။

အများအကျိုးအတွက် ဆောင်ရွက်ရာတွင် မတွေဝေဘဲ နည်းမှန်လမ်းမှန်ကို သိရန်လိုအပ်သည်။ အသိပညာကို အခြေခံ၍ ရပ်တည်ခြင်းကို #ပညာဓိဋ္ဌာန် ဟုခေါ်သည်။ ပညာဓိဋ္ဌာန်သည် (၁) အမှန်ကို လျှော်စွာသိခြင်း (အနုဗောဓ) နှင့် (၃) အမှန်ကို ထိုးထွင်း၍ သိခြင်း (ပဋိဝေဓ) ဟု အကြမ်းအားဖြင့် နှစ်မျိုးရှိသည်။ သုတမယပညာ, စိန္တာမယပညာ, ဘာဝနာမယပညာ ဟုလည်း သုံးမျိုးခွဲနိုင်ပါသည်။ မြင့်မြတ်သည့် အလုပ်တို့ကို ဆောင်ရွက်ရာတွင် မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ်ပညာတို့ အပေါ်တွင် ခိုင်မာစွာ ရပ်တည်၍ လုပ်ဆောင်မှသာ ပါရမီမြောက်သည်။

ကတိသစ္စာ တည်ကြည်ခြင်းက မြင့်မြတ်သော အလုပ်တို့ကို လုပ်ဖြစ်စေသည်။ စွန့်လွှတ်ခြင်းဖြင့် မြင့်မြတ်မှုကို ရယူရသည်။ မြင့်မြတ်မှု၏ ဂုဏ်ဖြင့် တည်ငြိမ်အေးချမ်းမှုကို ပွားများ လေ့ကျင့်ယူရသည်။ ပညာဖြင့် မြင့်မြတ်မှုကို စင်ကြယ်စေရသည်။

အမှန်တရားပေါ် ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #ကိုယ်ကျင့်သီလကို ပေါ်လွင်စေသည်။ စွန့်လွှတ်မှုဖြင့် ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #ရိုးသားဖြူစင်မှုကို ပေါ်လွင်စေသည်။ တည်ငြိမ်အေးချမ်းစွာ ရပ်တည်ခြင်းက မြင့်မြတ်သူ၏ #စိတ်ဓာတ်ကြံ့ခိုင်မှုကို ပေါ်လွင်စေသည်။ ပညာအပေါ် ခိုင်မာစွာတည်ခြင်းက မြင့်မြတ်သူ၏ #ပညာကို ပေါ်လွင်စေသည်။

ဘုရားအဖြစ် ဆုထူးပန် ပါရမီဖြည့်နေသူများ မဟုတ်ကြဘဲ၊ လောကီ သဘောအရ မြင့်မြတ်သည့် ရည်မှန်းချက်များ ဖြစ်မြောက်အောင် ကြိုးပမ်းနေကြသူများပင် “ဖြောင့်မတ် မှန်ကန်ခြင်း, စွန့်လွှတ်ခြင်း, တည်ငြိမ် အေးချမ်းခြင်းနှင့် အသိဉာဏ်ပညာ” ဟူသည့် ဤအဓိဋ္ဌာန်လေးချက်ပေါ်တွင် ခိုင်မာစွာ ရပ်တည် ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၅)

 ပါရမီတော်ခန်း - ပါရမီပဝစယဉာဏ်တော်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
#ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၅)

⚜ “ဗောဓိသမ္ဘာ၊ ကျင့်ခန်းဝါ၌၊ အရာကျကျ၊ ဆိုဆုံးမသည်၊ ကုံငဤသို့ကျယ်ဝန်းတည်း။”
(ရှင်မဟာသီလဝံသ - ပါရမီတော်ခန်းပျို့)

မြင့်မြတ်သူတို့၏ ကရုဏာပညာတို့ကို အခြေခံကာ ဆောင်ရွက်ခြင်းသည် ပါရမီ ဟုခေါ်ကြောင်း ဆိုခဲ့သည်။ သန္ဓေတည်လာသည့် မြင့်မြတ်မှုကို ရင့်ကျက် ခိုင်မာလာအောင် လုပ်ရသည်။ သုမေဓာ ရှင်ရသေ့သည် “ဤကမ္ဘာမှသည် မရေတွက်နိုင်သော ကာလတွင် လောက၌ ဘုရားစင်စစ် ဖြစ်လိမ့်မည်” ဟူသည့် ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ဗျာဒိတ်စကားကို ကြားရသောအခါ၊ နတ်လူအပေါင်းတို့က “ဤရသေ့သည်ကား ဗုဒ္ဓမျိုးစေ့ကို စိုက်ပျိုးသူတည်း” ဟု ဝမ်းမြောက် ရွှင်လန်းစွာ ကောင်းချီးပေးကြသည်။ ရည်မှန်းချက်ရှိလျှင် ထိုရည်မှန်းချက်ကို ပြည့်မြောက်စေမည့် အလုပ်ကို လုပ်ရသည်။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းတွင် ပျိုးခဲ့သော ဗုဒ္ဓမျိုးစေ့ ရင့်ကျက် ရှင်သန် သီးပွင့်စေရန်အတွက် အလုပ်လုပ်ရမည် ဖြစ်သည်။ သုမေဓာ ရှင်ရသေ့က “မည်သည့် တရားတို့က ဘုရားအဖြစ်ကို ပြုတတ်သည်ကို စူးစမ်းဆင်ခြင်လေသည်။ ထိုသို့ စုံစမ်းဆင်ခြင်သောအခါ ဘုရားဖြစ်ရန် ပြုရမည့် တရားများ (#ဗုဒ္ဓကရဓမ္မာ) သည် ဒါန, သီလ စသည့် ပါရမီဆယ်ပါး တရားများ ဖြစ်ကြောင်း သိမြင်လေသည်။ ဤကဲ့သို့ ပါရမီတော်တို့ကို ဆရာ့အကူအညီမပါဘဲ မိမိကိုယ်တိုင် “သယမ္ဘူဉာဉ် ပညာယှဉ်လျက်” စုံစမ်းဆင်ခြင်နိုင်သည့် အလောင်းတော်၏ ဉာဏ်တော်ကို “ပါရမီပဝစယဉာဏ်တော်” ဟု ကျမ်းဂန်တို့တွင် ခေါ်သည်။

ဗုဒ္ဓဝင်ပါဠိတော်တွင်လာသည့် သုမေဓာရှင်ရသေ့၏ ပါရမီတော်တို့ကို စုံစမ်းရှာဖွေကာ မိမိကိုယ် မိမိဆုံးမသည့် “ပါရမီတော် ဆင်ခြင်ခန်း” ကို အကျဉ်းခြုံး၍ ပြပါမည်။

(၁) ရေပြည့်အိုးကို သွန်မှောက်သကဲ့သို့၊ သင်သည်လည်း အလှူခံပုဂ္ဂိုလ်တို့အား အယုတ်အလတ်အမြတ် မရွေးဘဲ ပေးလှူကာ #ဒါနပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၂) စာမရီသားကောင်သည် မိမိ၏ မြီးဆံ မပျက်စီးစေရန် အသေခံ၍ စောင့်ရှောက်သကဲ့သို့၊ သင်သည်လည်း အခါခပ်သိမ်း လေးပါးသော သီလတို့ကို စောင့်ရှောက်ကာ #သီလ ပါရမီကို ဖြည့်ကျင့်ပါလော့။

(မှတ်ချက်။ “လေးပါးသော သီလ” ဟူသည်မှာ
• သိက္ခာပုဒ်တို့ကို စောင့်ထိန်းသည့် ပါတိမောက္ခသံဝရ သီလ၊
• မျက်စိ, နားစသည့် ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းသည့် ဣန္ဒြိယသံဝရ သီလ၊
• အသက်မွေးမှုကို စင်ကြယ်အောင် စောင့်ထိန်းသည့် အာဇီဝပါရိသုဒ္ဓိ သီလ၊
• ပစ္စည်းလေးပါးကို ဆင်ခြင်၍ သုံးစွဲခြင်းကို မှီ၍ ဖြစ်သော ပစ္စယသန္နိဿိတ သီလ တို့ဖြစ်သည်။)

(၃) နှောင်အိမ်တွင် ကြာမြင့်စွာသော ကာလပတ်လုံး ဆင်းရဲစွာ အနှိပ်စက်ခံရသူသည် ထိုနှောင်အိမ်ကို တပ်မက်ခြင်း မရှိဘဲ လွတ်မြောက်ခြင်းကိုသာ လိုလားသကဲ့သို့၊ သင်သည်လည်း ဘဝခပ်သိမ်းအား နှောင်အိမ်အဖြစ် ရှုကာ ဘဝသုံးပါးမှ လွတ်မြောက်ရန် တောထွက်ခြင်းသို့ ရှေးရှုကာ #နိက္ခမပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၄) ဆွမ်းခံသော ရဟန်းသည် အယုတ်အလတ်အမြတ် မရွေးဘဲ မျှတသော ဆွမ်းကို ရရန် ခံယူသကဲ့သို့၊ သင်သည်လည်း အခါခပ်သိမ်း ပညာရှိတို့ကို မေးမြန်းကာ #ပညာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၅) သားတို့သနင်း ခြင်္သေ့မင်းသည် ထိုင်ရာ, ထရာ, သွားရာ အခါခပ်သိမ်း တွန့်ဆုတ်ခြင်း မရှိဘဲ တက်ကြွသောစိတ် ရှိသကဲ့သို့၊ သင်သည်လည်း ခပ်သိမ်းသော ဘဝ၌ လုံ့လဝီရိယကို မြဲစွာ ချီးမြှောက်ကာ #ဝီရိယပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၆) မြေကြီးသည် ပစ်ချအပ်သော အရာကို စင်ကြယ်သည် ဖြစ်စေ မစင်ကြယ်သည် ဖြစ်စေ ချစ်ခြင်းမုန်းခြင်း မပြုဘဲ ခံယူသကဲ့သို့၊ သင်သည်လည်း ခပ်သိမ်းသော သူတို့၏ မြှောက်ပင့်ပူဇော်ခြင်း, နှိပ်ချဆက်ဆံခြင်းတို့ကို သည်းခံကာ #ခန္တီပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၇) လောကတွင် သောက်ရှူးကြယ်သည် မည်သည့် အချိန်, မည့်သည့် ဥတုတွင်မျှ သွားမြဲလမ်းမှ သွေဖီ၍ မသွားဘဲ ချိန်ခွင်ကဲ့သို့ တည်သကဲ့သို့၊ သင်သည်လည်း အမှန်တရား လမ်ကြောင်းမှ မသွေဖီစေဘဲ #သစ္စာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၈) မတုန်မလှုပ် ခိုင်မြဲစွာတည်သော ကျောက်သားတောင်သည် လေပြင်းတို့ကြောင့် မတုန်လှုပ်ဘဲ မိမိအရပ်၌သာ တည်သကဲ့သို့၊ သင်သည်လည်း ဆောက်တည်ခြင်း၌ အခါခပ်သိမ်း မတုန်မလှုပ် ဖြစ်ကာ #အဓိဋ္ဌာနပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၉) ရေသည် သူတော်ကောင်းကို ဖြစ်စေ သူယုတ်မာကို ဖြစ်စေ အေးမြစေ၍ မြူအညစ်ကြေးကို စင်ကြယ်စေသကဲ့သို့၊ သင်သည်လည်း ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တူမျှသော မေတ္တာပွားကာ #မေတ္တာပါရမီ ကို ဖြည့်ကျင့်ပါလော့။

(၁၀) မြေကြီးသည် ပစ်ချအပ်သော အရာကို စင်ကြယ်သည် ဖြစ်စေ မစင်ကြယ်သည် ဖြစ်စေ ချစ်ခြင်းမုန်းခြင်း မပြုဘဲ အလယ်အလတ် သဘောထားသကဲ့သို့၊ သင်သည်လည်း ဆင်းရဲ ချမ်းသာတို့၌ အခါခပ်သိမ်း ချိန်ခွင်ပမာ တူမျှစွာထားကာ #ဥပေက္ခာပါရမီ ကို ဖြည့်ကျင့်ပါလော့။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင် ဂေါတမ ဗုဒ္ဓမြတ်စွာ အဖြစ် ပေါ်ထွန်းလာခဲ့ရခြင်းသည် သုမေဓာရှင်ရသေ့ ဆုတောင်းပြည့်၍ မဟုတ်။ ဘုရားအဖြစ်ကို ရောက်စေနိုင်မည့် ပါရမီတော်တို့ကို ကိုယ်တိုင်ဆင်ခြင်ကာ ဘဝပေါင်းများစွာ ဖြည့်ဆည်းခဲ့ခြင်း ကြောင့်သာဖြစ်သည်။ ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်ပေးသည် ဆိုခြင်းမှာ ဆုပေးခြင်း မဟုတ်၊ သုမေဓာရှင်ရသေ့တွင် သူချခဲ့သည့် ဗုဒ္ဓမျိုးစေ့ကို ရှင်သန်စည်ပင်အောင် ပြုစုပျိုးထောင်နိုင်သည့် ကရုဏာ, ပညာအစွမ်းအစ ရှိသည်, ဘုရားဖြစ်ရန် အင်္ဂါအရည်အချင်းများ ပြည့်စုံသည်ကို မြင်၍သာ “ဘုရားစင်စစ် ဧကန် ဖြစ်ရမည်” ဟု ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်စကား မိန့်ကြားခဲ့ခြင်း ဖြစ်သည်။