Showing posts with label Soup. Show all posts
Showing posts with label Soup. Show all posts

Saturday, September 5, 2026

ကိုယ်ခံအားကောင်းစေမယ့် သဘာဝစွပ်ပြုတ် 🍲

 ဖျားနာမှုတွေ အဖြစ်များတဲ့ ခုလို ရာသီမှာ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးတွေအတွက် မဖြစ်မနေ လုပ်ကျွေးသင့်တဲ့ စွပ်ပြုတ်လေးမို့ လုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေနဲ့ ပြောပြပေးလိုက်ပါတယ်ရှင်။

မိမိ ကြိုက်နှစ်သက်ရာ အရိုး နှင့် ပဲတစ်မျိုးမျိုးကို သုံးပါ။ နန္ဒာကတော့ ဆိတ်ဒူးရိုးကို အသုံးပြုထားပါတယ်ရှင်။ အရိုးတွေကို ရေနွေးဆူဆူမှာ ၁၀ မိနစ်ခန့် တစ်ရေပြုတ်သွန်ပြီးမှ အသုံးပြုလည်းရပါတယ်နော်။

မတူညီတဲ့ အသီးအနှံ အနည်းဆုံး ၃ မျိုးထည့်ပါမယ်။ ပြီးရင် ကြက်သွန်မြိတ်၊ ဂျင်းထည့်ပါမယ်။ ကြက်သွန်ဖြူကိုတော့ ကြက်ရိုး၊ ဝက်ရိုး အသုံးပြုမယ့်သူတွေ ထည့်ပေးပါ။

အားလုံးကို ကိုယ်ပြုတ်မယ့် အိုးတစ်ခုထဲ ထည့်ပါမယ်။ ဘယ်အိုး မဆို၊ ဘယ် မီးဖိုမဆို ရပါတယ်။ ရေကို အရိုး နဲ့ အသီးအနှံတွေမြုပ်အောင် ထည့်ပြီး အရသာအတွက် ဆားတစ်မျိုးပဲ အနည်းငယ်ထည့်ပေးပါတယ်ရှင်။ အချိုအရသာက အရိုး နဲ့ အသီးအနှံတွေထဲက စိမ့်ထွက်လာမှာမို့ တခြား ဘာဟင်းခတ်မှုန့်မှ ထည့်စရာမလို သဘာဝအတိုင်း ပြုတ်လို့ရပါတယ်နော်။

နန္ဒာကတော့ ဒီ လျှပ်စစ်မြေအိုးလေးကို သုံးပါတယ်။ အားလုံးပြီးရင် အဓိကက အဖုံးဖုံးပြီး မီးအအေးဆုံးလေးနဲ့ အချိန် ၃ နာရီခန့် အနည်းဆုံး ပြုတ်ပေးဖို့ပါ။ အဲ့လိုပြုတ်ရင် ရေလည်း တအားမခမ်းပါဘူး။ ခမ်းသွားရင်လည်း ရေနွေးလေး လိုသလို လိုက်ပြီး တည်ပေးပါ။

နန္ဒာကတော့ ၄ နာရီလောက် တောက်လျှောက်တည်ထားလိုက်တာ နောက်ဆုံးမှာ အရိုးထဲကရော အသီးအနှံတွေထဲကပါ သဘာဝ အာဟာရ နဲ့ အချိုဓာတ်တွေ စိမ့်ထွက်ပျော်ဝင်နေတဲ့ ကိုယ်ခံအားမြှင့်စွပ်ပြုတ်တစ်ခွက် ရလာပါတယ်ရှင်။ လူကြီး နဲ့ ကလေးတွေ၊ နလန်ထစ လူမမာတွေအတွက် ခွန်အားပြည့်စေပြီး လုပ်ပေးတဲ့သူအဖို့လည်း လုပ်ရလွယ်လွန်းတာမို့ မဖြစ်မနေ လုပ်သောက်ကြပါနော်။

စေတနာဖြင့် -
အချက်တစ်လိုင်း နန္ဒာ

Friday, January 30, 2026

ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုးမုန်လာဥဖြူနီဟင်းရည်

 ဆီလဲမပါဘဲ ကျန်းမာရေးနဲ့လဲညီညွတ်ပြီး အရမ်းသောက်လို့ကောင်းတဲ့ မုန်လာဥဖြူနီဟင်းရည်လေး ဒီဟင်းရည်လေးကို ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုး ကြိုက်တာနဲ့ချက်လို့ရပါတယ် အသားထည့်လဲရတယ်ပေါ့နော် ကြက်သားလေးနဲ့ ဆိုလဲ တစ်ခါထဲဟင်းဖြစ်တာပေါ့နော်

Em က အိမ်မှာဘဲကျောရိုးလေးတွေပိုနေလို့ သုံးလိုက်တာပါရှင်။ ပုံမှန်အိမ်မှာ မုန်လာဥဖြူတို့ မုန်လာဥနီတို့ ရေခဲသေတ္တာထဲမှာ မချက်ဖြစ်ဘဲ ပိုနေတာမျိုးတွေရှိတတ်တယ်လေနော်။ အဲ့တာလေးတွေကို ဖြတ်ချင်ရင်လဲ ဒီဟင်းရည်လေးကို ချက်လို့ရပါတယ်ရှင်
ဒီမုန်လာဥဖြူနီဟင်းရည်လေးက အပူကျတယ် အစာလဲကြေတယ် immune လဲတက်ပြီး detox လဲဖြစ်တယ်ပေါ့နော် ဆောင်းတွင်းအတွက်လဲ အရမ်းသင့်တော်ပါတယ်ရှင်
အစတုန်းက လူတိုင်းနီးပါးသိတဲ့ဟင်းရည်လေးပဲဆိုပြီး ဗီဒီယိုမရိုက်ဘဲနေတော့မလိုပါ စချက်ရင်းနဲ့မှ ရိုက်လိုက်ပါမယ်လေဆိုပြီး ရိုက်ဖြစ်သွားတာမို့ အစပိုင်းမပါတာပါရှင်။ တစ်ရည်ပြုတ်တယ်ဆိုတာ အရိုးထဲက အညစ်အကြေးလေးတွေ အမြှုပ်တွေကုန်သွားအောင် အိုးထဲကို ရေနွေးနည်းနည်းထည့်၊ ဆူအောင်တည်ပြီး ရေဆေးသန့်စင်ထားတဲ့ အရိုး၊အသားတွေကို ၅ မိနစ်လောက်ထည့်ပြုတ်တာပါ။ ပြီးရင် အိုးကိုလဲဆေး, အရိုးကိုလဲရေအေးနဲ့ပြန်ဆေးချပြီးမှ ဟင်းရည်ကိုစတည်တာပါရှင်
ပါဝင်ပစ္စည်းများ -
ဘဲရိုး - ကျောရိုးနဲ့လည်ပင်းရိုး (ဘဲတစ်ကောင်ရဲ့အရိုးပါရှင်)
မုန်လာဥဖြူ - အလတ်ဆိုဒ် ၁ လုံး
မုန်လာဥနီ - ၁-၂လုံး
ကြက်သွန်ဖြူ - ၁ ဥ
ဂျင်း - လက် ၁-၂ ဆစ်ခန့်
ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်နံနံ - အနည်းငယ် (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း
ဆား - လက်ဖက်စားဇွန်း ၂ ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်စားဇွန်း ၂ ဇွန်း
အရသာတွေကို အများကြီးတစ်ခါထဲမထည့်ဘဲ နည်းနည်းချင်းစီထည့်ပါရှင် ဟင်းရည်ကတည်ရင်း နည်းလာရင် ရေနွေးထပ်ရောပါ ပြီးရင် မြည်းကြည့်ပြီးလိုတဲ့အရသာကို ဖြည့်ပါနော်။ Em က 24cm အိုးကို အပြည့်ချက်တာပါရှင် စစချင်းရေ ၂လီတာထည့်ပါနော်)
ချစ်တဲ့
အမ်မလီ

Wednesday, December 10, 2025

အူလမ်းကြောင်း ကောင်းဖို့အတွက် အရိုးပြုတ်ရည်

 အူလမ်းကြောင်း ကောင်းဖို့အတွက် အရိုးပြုတ်ရည် ပြန်လုပ်သောက်နေပါပြီ ၃ လလောက်ရှိပြီ ပုံမှန်လုပ်သောက်နေပါတယ်

တပတ်ကို ၅ ရက် သောက်ဖြစ်ပါတယ်ရှင့်
အရင်အိမ် မှာနေတုန်းက နေရာကျယ်တော့ မီးသွေး မီးဖိူနဲ့ ပြုတ်တယ် အခုတော့ Slow cooker နဲ့ပြုတ်ပါတယ်
အရိုးပြုတ်ရည် (ပြုတ်နည်း / ကောင်းကျိုး ပါတင်ပေးလိုက်ပါတယ်)
☘️အရိုးပြုတ်ရည်လုပ်နည်း ☘️
ခနခန လာမေးကြလို့ ထွေး အိမ်မှာလုပ်တဲ့ နည်းလေးတင်ပေးလိုက်ပါတယ်ရှင့်
အမဲနံရိုး ကြမ်း၇၀သား ကြက်ခြေတောက် နဲ့ ကြက်အရိုးက ၅၀သားလောက်နဲ့ ၂ မျိုးလုံး ထည့်ပါတယ် (ကြိုက်နှစ်သက်ရာအရိုးထည့်နိုင်ပါတယ်)
၂ မျိုးပေါင်း အရိုး တပိသာကျော်လောက်ရှိမယ် (၁၀ ရက်စာလောက်ရပါတယ် အရမ်းပျစ်နေရင် နွှေးတဲ့အချိန် ရေရောပြီးနွှေးလိုက်ပါ)
တည်မဲ့အိူးထဲ ထည့်ပြီး ရေအိုးတဝက်ကျော်ကျော်ထည့်ပါတယ် ရေပွက်လာရင် အရိုးတွေ အရင် မီးပြင်းပြင်းနဲ့တည်လိုက်ပါတယ် ခန ပဲ တည်တယ်အညှီတွေ အဆီ အမဲအမြှုပ်တွေ ထွက်လာပါမယ် တည်ထားတဲ့ ရေရော အရိုးတွေရော ပထမ အရည်ကိုသွန်ပြီးရေပြန်ဆေးလိုက်ပါတယ်
အရင်ကတော့ ခပ်ထုတ်တာပဲ လုပ်တယ် ကြက်ရိုးဆိုရင် ရတယ် အမဲရိုးပါတော့ အမဲအညစ်တွေထွက်လို့ တရေ သွန်လိုက်တယ်
ပြီးမှ ရေကိုအရိုးမြုပ်ရုံထည့်ပြီး ပန်းသီးရှာလကာရည် ထမင်းစားဇွန်း ၂ဇွန်း ထည့်ပါတယ် (အရိုးထဲက အာနိသင်ပိုထွက်အောင်ပါ)
ဂျင်း ကြက်သွန်ဖြူ ထုပြီး ထည့်ပါတယ် စပါးလင်ကြိုက်ရင် ထည့်လဲရပါတယ်ရှင့် ကြက်သွန်နီ ကြိုက်ရင် အနေတော် ၂ လုံး ထည့်လို့ရပါတယ် ထွေး ကတော့မထည့်ထားပါဘူး အရည်ပျစ်လို့ပါရှင့်
ပန်းရောင်ဆား ထည့်ပါတယ်
ပထမဆုံးမီးဖိုပေါ်မှာ မီးပြင်းပြင်းနဲ့တည်ရပါမယ်
အပေါ်ကထပ်ထွက်လာတဲ့ အမြှုပ် အမဲတွေခပ်ထုတ်လိုက်ပါရှင့် ပြီးရင် Slow Cooker ထဲ ထည့်ပြီး တည်ထားလိုက်ပါတယ်
Slow Cooker မရှိရင်လဲ မီးဖိုပေါ်မှာ မီးအေးအေးနဲ့ တည်ထားလို့ရပါတယ် အနည်းဆုံး ၈နာရီတော့ တည်ပေးပါ အချိန် ကြာလေကောင်းလေပါ
ထွေးကတော့ အချိန် ၁၂/၁၄ နာရီလောက် ကြာအောင်တည်ထားပါတယ် ရလာတဲ့အရိုးပြုတ်ရည်ကို ဇကာနဲ့ အရိုးတွေစစ်လိုက်ပါတယ် ရှင့်
အအေးခံလိုက်ရင်ထွက်လာတဲ့အဆီတွေကိုတော့ အပေါ်ယံပဲ နဲနဲ ခပ်ထုတ်လိုက်ပါတယ်ရှင့်
သိမ်းမဲ့ဘူးထဲထည့်အအေးခံပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်ပါတယ်ရှင့် အခဲကန့်ထဲ ထည့်သိမ်းထားပြီး သောက်မဲ့တခွက်စာကို အပူပေးပြီး နံနံပင်ထည့် သံပုရာရည် ညှစ်ပြီး တခွက်သောက်ပါတယ်ရှင့် မနက် နေ့လည် အဆင်ပြေတဲ့အချိန် သောက်လို့ရပါတယ်ရှင့်
ထွေး အိမ်မှာလုပ်တဲ့ လုပ်နည်းမလို့ အမြင်မတူတာရှိရင် ပြောပြပေးပါရှင့်
❤️❤️ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းပြောပြတဲ့❤️❤️
အရိုးပြုတ်ရည်အကြောင်း-
☘️ အဆစ်အမြစ်နာနေသူ
☘️ ဒူးနာနေသူ( အရိုးနုများပြန်ပြုပြင်ပေးတယ်)
☘️ harshimoto ဖြစ်နေသူ
☘️ ကျီးပေါင်းတက်နေသူ
☘️ allergy ဖြစ်နေသူ
☘️ autoimmune ဖြစ်ပြီး antibodies အရမ်းတက်နေသူ
☘️ အစာလမ်းကြောင်းပြဿနာဖြစ်နေသူ
☘️ ဦးနှောက်နဲ့ အာရုံကြောပြဿနာဖြစ်နေသူ
☘️ သွေး ၊ ကြွက်သား ၊ကလီစာများပြဿနာဖြစ်နေသူ
☘️ အရိုးပါးနေသူ
☘️ အရိုးအဆစ်ရောင်ကိုင်းသူ
☘️ leaky gut ဖြစ်နေသူ
☘️ ဆံပင်၊ လက်သည်း၊ ခြေသည်းပြဿနာဖြစ်နေသူ
☘️ နှာစေးချောင်းဆိုး ဖြစ်နေသူ
☘️ fasting လုပ်နေသူ
☘️ ကိုယ်ခံအားတက်လိုသူ
☘️ ကီမိုသွင်းထားပြီး ဘာမှအစားမဝင်သူ
☘️ ကီမိုသွင်းလိုက်လို့ အူကျန်းမာရေးပျက်သွားသူ
☘️ Autism ကလေးများတိုက်ရန်
☘️ ခန္ဓာကိုယ်ရောင်ကိုင်းနေသူများ သောက်ရန်...
ဆရာမကြီးက အကြံပေးထားပါတယ်ရှင်
🌱အရိုးပြုတ်ရည်၏အကျိုးအာနိသင်များ....
၁.အရိုးအဆစ်ရောင်အမ်းခြင်းမှ သက်သာစေခြင်း။
၂.နှာစေးချောင်းဆိုးကို ဖြစ်စေတတ်တဲ့ virus ပိုးများကိုတားမြစ်စေနိုင်ခြင်း။ခန္ဓာကိုယ်ခုခံအား ကောင်းစေပါတယ်။
၃.ခန္ဓာကိုယ်တွင်း‌ ယောင်ကိုင်းခြင်းမှ သက်သာစေပါတယ်။
၄.အရိုးတွေကိုခိုင်ခံ့ကျန်းမာစေပါတယ်။
၅.ဆံပင်နဲ့လက်သည်းခြေသည်း ကျန်းမာရေးတွက်လည်း ကောင်းပါတယ်။
၆.ဦးနှောက်နှင့်အာရုံကြော အတွက်လည်း အလွန်ကောင်းပါတယ်။Autism ကလေး တွေကိုလည်း တိုက်ကြည့်စေချင်ပါ

Monday, November 3, 2025

အသားလုံးစွပ်ပြုတ်ပူပူလေး

ညနေစာအတွက် အခုလို ဂျပန်တိုဟူး အသားလုံးစွပ်ပြုတ်ပူပူလေး ချက်စားကြည့်ပါ ။

✨ဝက်ကြိတ်သား ( 100 g ) ကို ငရုတ်ကောင်း ၊ ဆား ၊ ဟင်းခတ်မှုန့် စတာတွေကို အနည်းငယ် စီထည့်ပါမယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ကို အနည်းငယ်ထောင်းကာ အရည်ညှစ်ထည့်ပါမယ်။ ကော်မှုန့် တဇွန်း / ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ခန့် ထည့်ပါ ။ ပါဝင်ပစ္စည်းများကို အကုန်သမအောင်နယ်ကာ ၁၀မိနစ်ခန့် အသားနှပ်ထားပါမယ် ။

✨ဟင်းချို ပြုတ်ဖို့အတွက် ရေနွေးဆူလာပြီဆိုရင် ခုနက အသားနှပ်ထားတာတွေကိုလုံးပီး ထည့်ပါမယ်။ အသားကျက်လျှင်ရေပေါ် ပေါ်လာပါလိမ့်မယ်။ အသီးအရွက်အတွက် မုန်ညှင်းဖြူ ကို ထည့်ပါမယ်။ ဟင်းချို အပေါ့အငံ အတွက် အရသာမှုန့် နဲ့ ငရုတ်ကောင်း အနည်းငယ်ပဲ ထပ်ထည့်ပါမယ်။ မိမိစားချင်တဲ့ အသီးအရွက်တွေလည်း ထည့်ကာ ချက်ပြုတ်နိုင်ပါသေးတယ်။ အရသာအတွက် မိမိစိတ်ကြိုက်ပြင်ဆင်ကာ စားသုံးနိုင်ပါတယ် ။ ပီးလျှင် ဂျပန်တိုဟူးလေး ထည့်ကာ နောက်ထပ် ၅မိနစ်ခန့်ချက်ပီးလျှင် ဟင်းချိုပူပူနွေးနွေးလေး ရပါပီ 🥰

✨စားခါနီးမှ ကြက်သွန်မြိတ်လေးတွေထည့်ကာသုံးဆောင် နိုင်ပါတယ်။

🍲ချဉ်စပ်ကြိုက်သူလေးတွေက ငရုတ်သီးစိမ်း / ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပီး စားခါနီးမှ သံပုရာသီး ညှစ်ကာသုံးဆောင်နိုင်ပါတယ်ရှင်။

🍜ထမင်းမစားချင်သူလေးတွေ ဆိုလျှင်လည်း အခုလိုစွပ်ပြုတ်လေးထဲကို ဝဥကြာဇံလေး တခွေခန့်ထည့်ကာ ကြာဇံပြုတ်လေးလိုလုပ်စားလို့လည်းရပါတယ်။

✅ တနေ့တာမှာ အသီးအရွက် / အသား / ငါး / ပဲ အမျိုးမျိုး / ဥ အမျိုးမျိုး စတာတွေကို သင့်တင့်မျှတစွာ
စားသုံးဖို့ မမေ့နဲ့နော် 🥰

Dietplan တွေမှာ တနေ့တာအတွက် လုံလောက်ပီး စားသုံးရမယ့် Calories ပမာဏအလိုက် တွက်ပေးထားလို့ကျန်းမာရေး အတွက်လည်း စိတ်မပူရပါဘူးနော်။ Plan ကြောင့် ကျန်းမာရေးပိုကောင်းလာကြတာပဲရှိပါတယ် ။ ❤️

✅တစ်ယောက်ချင်းစီရဲ့ တနေ့တာလိုအပ်တဲ့ Calorie / လျော့စားသင့်တဲ့ပမာဏ / ရောဂါအခံအလိုက်ဆောင်ရန် / ရှောင်ရန် စတာတွေ မတူညီကြတဲ့အတွက် Plan တွေမှာ Group လိုက်မရှိပါဘူး ။ ❌

🍀တစ်ဦးချင်းသီးသန့် တွေပဲရှိပါတယ်ရှင် ။

Dietplan တွေမှာ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြိီဆို အခုပဲ စတင်လိုက်ပါ 🥰😍
အသေးစိတ်ကို Messenger မှာ စုံစမ်းနိုင်ပါတယ်။

အကုန်လုံး ကျန်းမာလှပကြပါစေရှင် 🥰

#dietconsultant_healthydietplan #healthydiet #SharingIsCaringIsLoving #dietplanning #cooking 

Saturday, November 1, 2025

ဝက်ရိုးဟင်းချို

 ဝက်ရိုးဟင်းချို


ဝက်ရိုး ဂျင်း ကြက်သွန်ဖြူဥ ရေ
သကြား ဆား ကြက်သားမှုန့်
ထည့်ပြီး ၂နာရီလောက် တည်ပါ ။
စားခါနီးမှ မုန်ညင်းရွက်ထည့်လိုက်ပါ ။
ဒါမှ စိမ်းစိမ်းလေးနဲ့ စားလို့ပိုကောင်းမှာပါ ။
ကြေးအိုး ဟင်းရည် ချက်နည်းနဲ့ ဆင်တူပါတယ် ။
နောက်ဆုံး ငရုတ်ကောင်း ခပ်ပါ ။

ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချို

 ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချိုပါ


ကြက်ခြေထောက်/အရိုးတွေကို၁၀မိနှစ်လောက်ပြုတ်ပြီး
ရေအေးနဲ့သေချာပြန်ဆေးပြီးမှ အရသာမှုန့်ရယ်
ဂျင်းကြက်သွန်ဖြူညက်ညက်ထောင်းပြီး နူးအိအောင်တစ်ခါထပ်ပြီးပြုတ်ပါတယ် ပြီးမှ ဘူးသီးမထူမပါးလှီးထားတာတွေ ထည့်ပါတယ်
အရေနဲ့ အရသာ ကတော့ ကိုယ့်စိတ်ကြိုက်ထပ်ထည့်သွားပါ
​ဆီလုံးဝမထည့်ပါဘူး
ကြာဇံထည့်လိုက
ဘူးသီးနဲ့အတူ ရောထည့်ပါ

ပဲဝါလေးဟင်းချို

 ပဲဝါလေးဟင်းချို


ပဲကြာဇံကို ၁၅မိနစ်ခန့် ကြိုတင်ရေစိမ်ထားပေးပါ။ ကြက်သွန်ဖြူ ဂျင်းထောင်းထားပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်း ပဲဝါလေးနဲ့ စားနိုင်မယ့်ရေပမာဏအားထည့်ပြီး ပဲအစေ့ပျော့သည်အထိ တည်ပေးပါ။ နောက်ဆုံးမှ ဆား အရသာမှုန့် နှင့် ပဲကြာဇံထည့်ပါ။ အရသာစိတ်ကြိုက်ပြင်ဆင်ပါ။

မုန့်ညှင်းဟင်းချို

မုန့်ညှင်းဟင်းချို

ပါဝင်ပစ္စည်း
မုန့်ညှင်း
ကြက်သွန်နီ
ပုစွန်ခြောက်မှုန့်
ဆား

-မုန့်ညှင်းရွက်လေးတွေကို ချွေပြီး ဆားအနည်းငယ်ထည့်ပြီး ရေမြုပ်သည်ထိ ၅မိနစ်လောက်စိမ်ထားပါမယ် (ဟင်းသီးဟင်းရွက်တိုင်းလိုလို အဲ့လိုလေး ဆားစိမ်ပြီးမှ ရေသေချာဆေးချက်ဖြစ်ပါတယ်)

-အိုးပူထဲကို ဆီလေးအနည်းငယ်ထည့်ပြီး ပူလာလျှင် ကြက်သွန်နီလေးနွမ်းထိ ဆီသပ်လိုက်ပါမယ်
-ဟင်းချိုအရည် ချက်မှာမို့ ရေများများလေးထည့်ပြီး ဆုပွတ်တဲ့ထိ တည်ထားပါမယ်
-ရေဆူလာရင် မုန့်ညှင်းလေးတွေထည့်လိုက်ပါမယ်
အရသာအတွက် ပုစွန်ခြောက်မှုန့် ၊ဆား လိုသလောက်လေး ထည့်ပြီးချက်ထားလိုက်ပါမယ်
မုန်းညှင်းလေးတွေ နူးပြီဆိုရင်တော့ ချိုချိုလေးနဲ့ သောက်လို့ကောင်းတဲ့ မုန့်ညှင်းဟင်းချိုလေးရပါပြီ