အားလုံးပဲ မင်္ဂလာပါ။ ယနေ့ တင်ဆက်ဆွေးနွေးလိုတဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပေမဲ့ မကြာခဏ လျစ်လျူရှူထားမိတတ်တဲ့ အသည်းရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အသည်းဟာ သင်ကျန်းမာအသက်ရှင်နေနိုင်ဖို့အတွက် တစက္ကန့်မှတောင် မနားပဲ အချိန်ပြည့် အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ လူအများစုဟာ ရောဂါအခြေအနေ
ဆိုးဆို၀ါး၀ါး မဖြစ်ခင်အချိန်အထိ အသည်းအကြောင်းကို မစဥ်းစားဘဲ နေမိတတ်ကြတယ်။ ဒါကြောင့်မို့လို့ အဖြစ်များတဲ့ အသည်းရောဂါအကြောင်းတွေ၊ ဒီရောဂါတွေ ဘယ်လိုစစ်ဆေးရမလဲဆိုတာ၊ ဘယ်လို ကာကွယ်ကုသနိုင်သလဲဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အသည်းက ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးသလဲ?
ဘာတွေ လုပ်ပေးသလဲ?
......................................
အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဓာတု စက်ရုံကြီးတစ်ရုံနဲ့ တူတယ်။ အသည်းရဲ့ လုပ်ငန်းတွေကတော့
သွေးနဲ့ အစာလမ်းကြောင်းက ပို့လိုက်တဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်သန့်စင်ပေးခြင်း
သည်းခြေရည်ထုတ်ပေးပြီး အစာခြေလုပ်ငန်းကို ကူညီခြင်း
ခန္ဓာကိုယ်အတွက် နောင်တချိန်သုံးနိုင်ဖို့ စွမ်းအင်၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကို သိုလှောင်ပေးထားခြင်း
သွေးတိတ်ဖို့နဲ့ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ ပရိုတင်းဓာတ်တွေကို ထုတ်လုပ်ပေးခြင်း
စတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အသည်းဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးလှပေမဲ့ တချို့သော ရောဂါတွေ တွယ်ငြိဖြစ်ပွားလွယ်တဲ့ အင်္ဂါအစိတ်အပိုင်းတခုလည်း ဖြစ်နေပါတယ်။
အသည်းရောဂါဆိုတာဘာလဲ?
အဖြစ်များတဲ့ အသည်းရောဂါတွေက ဘာတွေလဲ?
.................................
အသည်းရောဂါဆိုတာ အသည်းကို ပျက်စီးစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့ အခြေအနေတွေအားလုံးကို ခေါ်ပါတယ်။ အသည်းရောဂါတွေ အများကြီးရှိပေမဲ့ ဒီ post မှာတော့ အဖြစ်များတဲ့ အသည်းရောဂါအခြေအနေတွေကို ဆွေးနွေးသွားပါမယ်။
ပထမဆုံး အဖြစ်များတဲ့ ရောဂါအခြေအနေကတော့ အသည်းအဆီဖုံးရောဂါပဲ ဖြစ်ပါတယ်။
ဒီရောဂါဟာ ဘယ်လောက်အဖြစ်များသလဲဆိုတော့ လူ လေးယောက်မှာ ၁ ယောက်ဟာ အသည်းအဆီဖုံးရောဂါ ရှိနေတတ်ပါတယ်။
အသည်းအဆီဖုံးရောဂါကို အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါနဲ့ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါဆိုပြီး ခွဲထားပါတယ်။
အရက်သောက်လိုက်တဲ့အခါ အသည်းဟာ သောက်လိုက်တဲ့ အရက်ကို ခြေဖျက်ရပါတယ်။ ဒီလုပ်ငန်းစဥ်ကြောင့် အသည်းဟာ ၀န်ပိပြီး အဆီဓာတ်တွေကို မခြေဖျက်နိုင်တော့တဲ့အတွက် အသည်းအဆီဖုံးရောဂါ ဖြစ်ရပါတယ်။
တချို့လူတွေမှာ အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးရောဂါ ဖြစ်တာကို တွေ့ရတယ်။
လူတယောက်ဟာ အ၀လွန်လာတဲ့အခါ အဆီတွေဟာ ခန္ဓာကိုယ်က နေရာအနှံ့အပြားမှာ သွားစုတတ်ပါတယ်။ အပြင်ပန်းအနေနဲ့ ကြည့်တဲ့အခါ ၀မ်းဗိုက် တင်ပါး ခြေလက် စတဲ့ နေရာတွေမှာ အဆီပြင် အဆီခဲတွေ စုလာတာကို မြင်နိုင်သလို ကိုယ်တွင်းမှာတော့ အဆီတွေဟာ အသည်းမှာ သွားစုတတ်ပါတယ်။
ဒီလို အဆီတွေ အသည်းမှာ စုလာတဲ့အခါ အသည်းဆဲလ်တွေကို ထိခိုက်မှုတွေ ဖြစ်စေပြီး အသည်းယောင်တဲ့အခြေအနေကို ရောက်လာနိုင်တယ်။ အဲဒီကမှတဆင့် အသည်းမာ Fibrosisတဲ့ အဆင့်ကို ရောက်ပြီး နောက်ဆုံးမှာ အသည်းခြောက်တဲ့ Cirrhosis အဆင့်ကို ရောက်သွားတတ်ပါတယ်။
အသည်းအဆီဖုံးအဆင့်၊ အသည်း အနည်းငယ်ယောင်အဆင့် နဲ့ အသည်းမာတဲ့အဆင့်တွေမှာ အရက်ဖြတ်ခဲ့ရင်၊ အရက်မသောက်တဲ့လူတွေမှာ အဆီတွေကို အစားအသောက် အနေအထိုင်နဲ့ ပြန်ချခဲ့ရင် ပုံမှန် အသည်းအခြေအနေကို ပြန်ရောက်သွားနိုင်ပေမဲ့
ဒီအတိုင်း မပြုမပြင်ဘဲ ဆက်ထားလိုက်ရင်တော့ အသည်းခြောက်တဲ့ အဆင့်ကို ရောက်သွားပါလိမ့်မယ်။
အသည်းခြောက်တဲ့ အဆင့်ကနေပြီး အသည်းကင်ဆာအဖြစ်ကို ကူးပြောင်းသွားနိုင်ပါတယ်။
အသည်းရောင်အသား၀ါပိုးတွေကြောင့်လည်း အသည်းရောဂါတွေဖြစ်နိုင်တယ်။ အသည်းရောင် အသား၀ါ အေပိုးကနေပြီး ဘီ၊ စီ၊ ဒီ၊ နဲ့ အီး ပိုးအထိ ရှိပါတယ်။ အသည်းရောင် အသား၀ါ အေ ရောဂါဟာ မစင် နဲ့ ထိတွေ့ရာမှ ကူးစက်တာဖြစ်ပြီး ကာလတို အသည်းရောင်ရောဂါကို ဖြစ်စေတယ်။ ဒီရောဂါဟာ ဘီပိုး စီပိုးလို ကိုယ်ထဲမှာ အကြာကြီး နေလေ့မရှိပါဘူး။
အသည်းရောင် အသား၀ါ ပိုးတွေ အားလုံးဟာ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။
အကြမ်းဖျင်းပြောရရင် ဘီ ပိုး စီ ပိုး တွေဟာ ရောဂါရှိတဲ့လူတဲ့ ကိုယ်ခန္ဓာတွင်းက အရည်၊ သွေး စတာတွေကနေ ကူးပါတယ်။
ဘီပိုးရှိတဲ့လူရဲ့ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်၊ သွေး စတာနဲ့ ထိတွေ့မိရင် ရောဂါကူးတတ်တယ်။ လိင်ဆက်ဆံခြင်း၊ အမွေးရိတ်ဓား၊ လက်သည်းညှပ်၊ သွားပွတ်တံတွေကို အတူတူသုံးခြင်း၊ ဆေးထိုးအပ်အတူသုံးခြင်း၊ ကိုယ်၀န်ဆောင်မိခင်မှ ကလေးကို ကူးစက်ခြင်း၊ သွေးသွင်းခြင်း စတဲ့ နည်းတွေနဲ့ ကူးစက်နိုင်တယ်။
စီပိုးကတော့ သွေးသွင်းခြင်း၊ ကိုယ်၀န်ဆောင်မိခင်မှ ကလေးကို ကူးစက်ခြင်း စတဲ့ နည်းတွေနဲ့ ကူးစက်နိုင်ပါတယ်။
စီပိုးဟာ လိင်ဆက်ဆံရာက ကူးစက်ဖို့ မလွယ်ပေမဲ့ လိင်အင်္ဂါမှာ ဒဏ်ရာ အနာရှိရင်၊ ရာသီလာနေရင်၊ စအိုက ဆက်ဆံခဲ့ရင် စီပိုးကူးနိုင်ပါတယ်။
ဒီလို ဘီ ပိုး စီပိုး တွေဟာ အသည်းကို ကြိုက်တဲ့ပိုးတွေဖြစ်ပြီး အသည်းထဲမှာ ပွားများလေ့ရှိတယ်။ ဒီပိုးတွေ ၀င်ပြီးတဲ့အခါ ခန္ဓာကိုယ်က ဒီပိုးတွေကို တိုက်ထုတ်တဲ့အခါမှာ ရုတ်တရက် အသည်းရောင်ရောဂါ ဖြစ်တတ်ပါတယ်။ ဒီလို အသည်းရောင်ပြီး ပိုးတွေကို အသေသတ်နိုင်ခဲ့ရင် ဒီလူဆီမှာ ရောဂါပိုးဟာ လုံး၀ ပျောက်သွားတတ်ပါတယ်။ ဆေးပညာအခေါ်အရ ရောဂါပိုးတွေကို အင်တီဂျင် လို့ ခေါ်ပြီး ကိုယ်တွင်းကနေ ရောဂါပိုးကို တိုက်ထုတ်ဖို့ ထုတ်ပေးတဲ့ ဓာတ်ကို အင်တီဘော်ဒီလို့ ခေါ်ပါတယ်။ ဒါကြောင့် အများပြည်သူတွေ အနေနဲ့ အင်တီဂျင်ဆိုတာဟာ ရောဂါပိုး၊ အင်တီဘော်ဒီဆိုတာ ကိုယ်တွင်းက ထုတ်ပေးတဲ့ ရောဂါကို သတ်ပေးတဲ့ လက်နက်တစ်မျိုး၊ ခုခံအားတစ်မျိုးဆိုတာကို နားလည်ထားသင့်ပါတယ်။
ဒါကြောင့်မို့ သွေးစစ်တဲ့အခါ အင်တီဂျင် တွေ့တယ်လို့ ပြောရင် ဒါဟာ ကိုယ်တွင်းမှာ ပိုးရှိတာလို့ ပြောနိုင်ပြီး၊ အင်တီဘော်ဒီ တွေ့ရင်တော့ ဒါဟာ ဒီပိုးကို တိုက်ထုတ်တဲ့ ခုခံအားကို တွေ့တာလို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။
လူတယောက်ရဲ့ ကိုယ်ထဲကို ဘီပိုး၀င်သွားခဲ့ရင် လူအများစုဟာ ရောဂါပိုးကို အနိုင်ရပြီးတော့ ၅ ရာခိုင်နှုန်းလောက်သာ နာတာရှည် ရောဂါပိုးသယ်ဆောင်သူ ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဘီပိုးကူးစက်ခံရတဲ့ မွေးကင်းစ ကလေးတွေမှာတော့ ကာကွယ်ဆေးမထိုးနိုင်ရင် ၉၀ % နာတာရှည်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘီပိုးရှိတဲ့ မိခင်မှ ကလေးကို မကူးအောင် မီးဖွားပြီး ၁၂ နာရီအတွင်းမှာ ဘီပိုးကာကွယ်ဆေးကို မဖြစ်မနေထိုးပေးသင့်ပါတယ်။ ကလေးတွေရဲ့ ခုခံအားစနစ်ဟာ လူကြီးတွေလောက် မဖွံ့ဖြိုးတာကြောင့် ဖြစ်ပါတယ်။
စီပိုး၀င်သွားခဲ့ရင်တော့ လူတရာမှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိဟာ နာတာရှည် ပိုးရှိသူ ဖြစ်သွားတတ်ပါတယ်။
အသည်းရောင်တာဟာ ဘီပိုးစီပိုးကြောင့်တင်မဟုတ်ဘဲ အရက်၊ အချို့အစားအစာများ၊ ဆေး၀ါးများနဲ့ တခြား ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ တခါတလေ ကိုယ်တွင်း ခုခံအား မူမမှန်ခြင်းကြောင့်လည်း အသည်းရောင်တတ်ပါတယ်။
အသည်းရောဂါ ဖြစ်လို့ရှိရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြနိုင်သလဲ။
.............................................
အသည်းအဆီဖုံး ရောဂါ အဆင့်မှာ များသောအားဖြင့်တော့ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။ တကယ်တော့ လူဦးရေရဲ့ လေးပုံတစ်ပုံမှာ အသည်းအဆီဖုံးရောဂါရှိနေတတ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများ သူတို့ အသည်းအဆီဖုံးနေမှန်း မသိကြဘူး။
များသောအားဖြင့် ဒီရောဂါကို တွေ့ရတဲ့ နည်းတွေကတော့ ပုံမှန် သွေးစစ်တဲ့အခါ အသည်း နဲ့ ပတ်သက်တဲ့ သွေးအဖြေမှာ နည်းနည်းလေး ပုံမမှန်တာ တွေ့ရရင် မိသားစု ဆရာ၀န်က အသည်းကို အာထရာဆောင်း ရိုက်ခိုင်းတာမျိုးကြောင့် တွေ့ရလေ့ရှိတယ်။ တချို့လူတွေမှာ ပုံမှန် check up လုပ်တဲ့ အခါတွေမှာလည်း တွေ့ရတာများပါတယ်။
အသည်းဟာ အဆီဖုံးလို့ နည်းနည်းလေး ပိုအရွယ်ပိုကြီးလာတဲ့အခါ အသည်းကို ဖုံးထားတဲ့အခွံဟာ တင်းလာတာကြောင့် ညာဘက် ၀မ်းဗိုက် အထက်ပိုင်းမှာ အောင့်သလိုလို တင်းသလိုလို ခံစားရနိုင်တယ်။
ကိုယ်ဟာ အရက်လည်း ပုံမှန်ထက်ပိုသောက်တယ်။ အ၀လည်း လွန်နေတယ်။ ၀မ်းဗိုက် ညာဘက် အပေါ်ပိုင်းမှာလည်း အောင့်တောင့်တောင့် မအီမသာ ခံစားလာရမယ် ဆိုရင်တော့ အနည်းဆုံးအနေနဲ့ သွေးစစ်ကြည့်ပြီး ၀မ်းဗိုက်အာထရာဆောင်းလည်း ရိုက်ကြည့်သင့်ပါတယ်။
ဒီထက်ပိုဆိုးတဲ့ အသည်းခြောက်တဲ့ အဆင့်ရောက်လာရင်တော့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေဟာကျဆင်းလာတဲ့အတွက် ရောဂါလက္ခဏာအမျိုးမျိုးကို တွေ့ရပါလိမ့်မယ်။
အသည်းခြောက်ရောဂါမှာ အတွေ့များတဲ့ လက္ခဏာတွေကတော့
မျက်လုံးနဲ့ အရေပြားတွေ အ၀ါရောင်ပြောင်းလာခြင်း၊ Jaundice
ကိုယ်လက်မအီမသာ နုံးချိလာခြင်း
၀မ်းဗိုက်ဖောင်းကားပြီး ရေဖျဥ်းစွဲခြင်း။
သွေးခဲစေတဲ့ ဓာတ်တွေကို အသည်းမှ မထုတ်ပေးနိုင်တော့တဲ့အတွက် ခန္ဓာကိုယ်မှာ အညိုအမဲ စွဲလွယ်ခြင်း။ သွေးထွက်လွယ်ခြင်း။
ကိုယ်တွင်း အဆိပ်အတောက်တွေကို အသည်းက မရှင်းပေးနိုင်တော့တဲ့အတွက် မူးေ၀ထိုင်းမှိုင်းလာခြင်း။
အရေပြားယားယံခြင်း
ဆီးအရောင်ရင့်ပြီး ၀မ်းအရောင်ဖျော့လာခြင်း။
ဗိုက်တာမင်ချို့တဲ့ခြင်း - သည်းခြေရည်ကိုကောင်းစွာ မစွန့်ထုတ်နိုင်တဲ့အတွက် ဗိုက်တာမင် A, D, E နဲ့ K တွေကို အူလမ်းကြောင်းက မစုပ်ယူနိုင်တော့တာကြောင့် ဗိုက်တာမင်ချို့တဲ့တဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
နောက်ဆုံး အသည်းကင်ဆာအဖြစ်ကို ပြောင်းသွားခဲ့ရင်တော့ အသည်းခြောက်ရောဂါရဲ့ လက္ခဏာတွေဟာ ပိုဆိုးလာပြီး လူနာဟာ ကိုယ်အလေးချိန်တွေ သိသိသာသာကျလာတဲ့အပြင် ဗိုက်နာ ဗိုက်အောင့် ေ၀ဒနာကိုလည်း ပိုပြီး ပြင်းထန်စွာ ခံစားရလာနိုင်ပါတယ်။
ရံဖန်ရံခါ ဘီပိုး စီပိုး၀င်တဲ့အခါမှာ အလွန်ပြင်းထန်တဲ့ အသည်းရောင်ရောဂါဖြစ်တတ်ပါတယ်။ ဒီ အခြေအနေမှာ အသည်းဟာ လုံး၀ အလုပ်မလုပ်နိုင်တော့တာကြောင့် Liver failure ဆိုတဲ့ အသည်းလုပ်ငန်းများလုံး၀ ရပ်တန့်သွားပြီး အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့တာကြောင့်၊ ဒီလူနာတွေဟာ ဆေးရုံ အထူးကြပ်မတ်ဆောင် အိုင်စီယူထဲမှာ နောက်ဆုံးအဆင့် အသည်းအစားထိုးပြီး ကုသမှသာ အသက်ဆက်ရှင်နိုင်ပါလိမ့်မယ်။
အသည်းခြောက်ရောဂါ အရမ်းဆိုးတဲ့အခြေအနေ၊ အသည်းကင်ဆာနောက်ဆုံး အဆင့် အခြေအနေတွေမှာလည်း ဒီလို Liver Failure မျိုးတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
ဘယ်လို စစ်ဆေးမှုတွေ လုပ်ရမလဲ။
..........................................
ပထမဆုံးကတော့ သွေးစစ်တာပါပဲ။
အသည်းရောဂါအတွက် စစ်ရတဲ့ သွေးတွေ အများကြီးရှိပါတယ်။
လူသိအများဆုံးကတော့ ဘီပိုး စီပိုး စစ်တာပါ။
နိုင်ငံခြားသွားဖို့ဖြစ်ဖြစ်၊ ခွဲစိတ်ခန်း၀င်ဖို့ဖြစ်ဖြစ်၊ အလုပ်လျှောက်တာပဲ ဖြစ်ဖြစ် သွေးသွားစစ်ကြည့်ရင်းနဲ့ ဒီလို ဘီပိုး စီပိုးတွေကို တွေ့ရတာမျိုးက ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ဘီပိုး စီပိုး သယ်ဆောင်ထားသူတွေဟာ နှစ်အတော်ကြာကြာ ဘာလက္ခဏာမှ မပြဘဲ နေနိုင်တာမို့ပါ။
နောက်စစ်နိုင်တဲ့ သွေးတွေကတော့ Liver Function Test လို့ ခေါ်တဲ့ အသည်းလုပ်ငန်းတွေကို စစ်တဲ့ သွေးပဲ ဖြစ်ပါတယ်။ ဒီသွေးထဲမှာ ဘီလီရူဘင် ပမာဏ၊ အသည်းဆဲလ်တွေထဲမှာ ရှိတဲ့ အင်ဇိုင်းတွေ၊ သွေးထဲမှာ ရှိတဲ့ ပရိုတင်းပမာဏတွေကို စစ်ဆေးတာပဲ ဖြစ်တယ်။
မျက်လုံးနဲ့ အရေပြားတွေ၀ါတာ၊ တကိုယ်လုံး ယားယံတာတွေဟာ ခန္ဓာကိုယ်မှာ ဘီလီရူဘင်ဓာတ်တွေ မြင့်တက်နေလို့ပဲ ဖြစ်ပါတယ်။ ဘီလီရူဘင်ဆိုတာ သွေးနီဥတွေ ပျက်စီးရာက ထွက်လာတဲ့ ဓာတ်တမျိုးဖြစ်ပြီး ပုံမှန်ဆိုရင် အသည်းက ခြေဖျက်စွန့်ထုတ်ပေးပေမဲ့ အသည်းပျက်ယွင်းတဲ့ အခြေအနေတွေမှာတော့ ကိုယ်ထဲမှာ ဘီလီရူဘင်တွေ မြင့်တက်လာပါတယ်။ ဒါက အသား၀ါရခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။
နောက်အသုံးများတဲ့ စစ်ဆေးမှုကတော့ ၀မ်းဗိုက်အာထရာဆောင်းရိုက်ခြင်းပဲ ဖြစ်ပါတယ်။ အာထရာဆောင်းရိုက်ပြီး အသည်းအဆီဖုံးနေလား။ အသည်းခြောက် အသည်းရောင်နေသလားဆိုတာ သိနိုင်တယ်။
အသည်းမာ အသည်းခြောက် ဘယ်အဆင့်လဲ အတိအကျသိချင်ရင်တော့ Fibroscan ဆိုတဲ့ အထူးစပါယ်ရှယ် အာထရာတမျိုးကို ရိုက်ကြည့်နိုင်ပါတယ်။
အာထရာဆောင်းရိုက်ကြည့်လို့ ရောဂါ မသဲကွဲဘူး။ ဒါမှမဟုတ် ကင်ဆာရောဂါ သံသယရှိမယ်ဆိုရင်တော့ စီတီစကင်။ MRI scan တွေ ရိုက်ဖို့ လိုနိုင်ပါတယ်။
အသည်းရောဂါတွေကို ဘယ်လို ကာကွယ်ကုသရမလဲ။
................................................
ဘယ်ရောဂါအခြေအနေအတွက်မဆို အကောင်းဆုံးက ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာပါပဲ။
အသည်းအဆီဖုံးရောဂါမဖြစ်အောင် အရက်ရှောင်ခြင်း။ ကိုယ်အလေးချိန်ထိန်းခြင်း။ ခန္ဓာကိုယ်က အဆီတွေကို လျှော့ချခြင်း စတာတွေကို လုပ်ရပါမယ်။
ဆီးချိုရှိရင် ဆီးချိုကို အတတ်နိုင်ဆုံး ထိန်းရပါမယ်။
အသည်းကို ထိခိုက်စေမဲ့ အစားအသောက်တွေကို ရှောင်ရမယ်။
မြန်မာလူမျိုးတွေ စားလေ့ရှိတဲ့ ငရုတ်သီးမှုန့်မှာ တွေ့ရတတ်တဲ့ Aflatoxin ဆိုတဲ့ မှိုဆိပ်တမျိုးဟာ အသည်းကင်ဆာကို ဖြစ်စေတဲ့အတွက် မှိုစွဲတဲ့ ငရုတ်သီးမှုန့်တွေကို ရှောင်သင့်ပါတယ်။
အသည်းအားကောင်းစေတဲ့ အစားအသောက်တွေကတော့
ဖရဲသီး စတဲ့ သစ်သီး၀လံတွေနဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ
အိုမီဂါ ၃ ပါတဲ့ ငါးတွေ။ ဥပမာ ဆော်လ်မွန်ငါး
Green tea လက်ဘက်စိမ်းရေနွေးကြမ်း
လေ့လာတွေ့ရှိချက်တွေအရ စနွင်းမှုန့်ဟာ အသည်းအဆီကို လျှော့ချပေးပြီး ရောင်ရမ်းမှုတွေကို ကျစေတဲ့အတွက် အသည်းကျန်းမာရေးကို အားပေးနိုင်ပါတယ်။
ဘီပိုးအတွက် ကာကွယ်ဆေးရှိပါတယ်။ ကာကွယ်ဆေး သုံးကြိမ်ပြည့်အောင် ထိုးရပါမယ်။
ဘီပိုး မကူးစက်ဖို့ လိင်ဆက်ဆံရာမှာ အကာအကွယ်သုံးခြင်း။ လက်သည်းညှပ်၊ အမွေးရိတ်ဓား။ သွားပွတ်တံ၊ ဆေးမင်ထိုးအပ်တွေကို သူများနဲ့ ရောမသုံးခြင်း။
ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးအောင် မွေးပြီးပြီးချင်း ကာကွယ်ဆေးထိုးပေးခြင်း စတဲ့ နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
အသည်းရောင် အသား၀ါ စီပိုးအတွက်ကတော့ ကာကွယ်ဆေးမရှိသေးပါဘူး။ စီပိုးဟာ သွေးကနေ အဓိက ကူးတဲ့အတွက် သွေးမကြာခဏသွင်းရတဲ့လူနာတွေမှာ စီပိုးမရှိအောင် စစ်ထားတဲ့ သွေးတွေကို သွင်းရပါမယ်။ လိင်ဆက်ဆံရာမှာ အကာအကွယ်သုံးပါ။ ဆေးထိုးအပ်တွေ၊ အမွေးရိတ်ဓားတွေကို သူများနဲ့ ရောမသုံးပါနဲ့။ တက်တူးထိုးရာမှာလည်း စိတ်ချရတဲ့ နေရာတွေမှာပဲ ထိုးသင့်ပါတယ်။
အသည်းရောဂါဖြစ်နေတဲ့လူတွေ ဘယ်လို ကုသမှုတွေ ခံယူရမလဲ။
အသည်းအဆီဖုံးနဲ့ အသည်းမာရောဂါရှိတဲ့ လူနာတွေမှာ ကိုယ်အလေးချိန်နဲ့ အဆီဓာတ်ကို လျှော့ချနိုင်ခဲ့ရင် အသည်းဟာ နဂိုမူလကျန်းမာတဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။
အသည်းခြောက်တဲ့ လူနာတွေမှာတော့ အရက်ဖြတ်လိုက်မယ်ဆိုရင်၊ ကျန်းမာတဲ့ နေထိုင်စားသောက်မှုကို ပြောင်းလိုက်မယ်ဆိုရင် အသည်းခြောက်ရောဂါဟာ ပိုမဆိုးတော့ဘဲ ပြန်သက်သာလာနိုင်ပါတယ်။ အသည်းခြောက်လို့ဖြစ်တဲ့ ရေဖျဥ်းရောဂါကို သက်သာဖို့ ဆီးဆေး။ ရေဖျဥ်းစွဲရာကနေ ပိုးမ၀င်အောင် ပဋိဇီ၀ဆေးတွေ သောက်ဖို့ လိုနိုင်တယ်။
ဘီပိုး ရှိတဲ့ လူနာတွေမှာတော့ ဘီပိုးသတ်ဆေး Entecavir + Tenofovir စတဲ့ ဆေးတွေကို အချိန်အတိုင်းအတာ တခုအထိ စွဲသောက်ဖို့ လိုပါလိမ့်မယ်။ ဘီပိုးကို ပျောက်အောင် ကုနိုင်တဲ့ ဆေးမပေါ်သေးပါဘူး။ ပိုးကောင်ရေ နည်းအောင် ထိန်းဖို့ ဆေးသောက်ရတာဖြစ်ပါတယ်။
စီပိုးကိုတော့ လုံး၀ ပျောက်သွားတဲ့အထိ ဆေးသောက်လို့ ရပါတယ်။ စီပိုးသတ်ဆေးတွေထဲမှာ အသုံးများတာကတော့ Sofosbuvir + Velpatasvir (Brand name Epclusa) တို့ပဲ ဖြစ်ပါတယ်။ ဒီဆေးတွေကို သုံးလလောက် ဆက်သောက်လိုက်ရင် စီပိုး အရှင်းပျောက်သွားနိုင်ပါတယ်။
အသည်းရောဂါတွေ ပိုဆိုးလာပြီး နောက်ဆုံးအဆင့် end-staged liver failure အဆင့်ကို ရောက်သွားခဲ့ရင်တော့ အသည်းအစားထိုးကုသဖို့ လိုလာပါလိမ့်မယ်။
ဒါကြောင့် ဒီ အဆင့်အထိမရောက်ဘဲ ရောဂါကို ထိန်းထားနိုင်ဖို့၊ အသည်းမာတဲ့ အဆင့်၊ အသည်းရောင်တဲ့ အဆင့်ကနေ ပြန်ကောင်းနိုင်ဖို့ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကျန်းမာတဲ့ အစားအသောက် အနေအထိုင်၊ အသည်းရောင်အသား၀ါကို ကုတဲ့ ဆေး၀ါးတွေ သောက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အသည်းကို ပြန်လည် ကျန်းမာလာစေနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ Planet Myanmar ချန်နယ်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို စဥ်ဆက်မပြတ်နားဆင်ချင်တယ်ဆိုရင် ချန်နယ်ကို Subscribe လုပ်ထားပြီး Noti Bell လေးကို ပါ နှိပ်ထားပေးနိုင်ပါတယ်။
အားလုံး အနာရောဂါကင်းေ၀းပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။