Wednesday, December 10, 2025

သောက်ကြမလား ပြေးကြမလား၊ အရက်ဘီယာနှင့် အပြေးသမား

အပြေးသမားတော်တော်များများနဲ့ ဘီယာကခွဲမရတဲ့ အချစ်ဆုံးတွေပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘီယာကြိုက်ပါတယ်။ အရင် ဘောလုံးကန်ကတည်းက အားရပါးရကန်ပြီးရင် အားရပါးရသောက်ခဲ့တာပါ။ အခုလို တာဝေးပြေးတော့လည်း ခက်ခက်ခဲခဲ မောမောပန်းပန်းပြေးပြီးရင် ကိုယ့်ဘာသာဆုချတဲ့ အနေနဲ့ ဘီယာအေးအေးလေး သောက်ချင်စိတ်က ပြင်းပြင်းထန်ထန်ပေါ်ပါတယ်။ တစ်ခါတစ်ခါ ဟာသအနေနဲ့ စဥ်းစားမိတယ်၊ လောကကြီးကတော်တော် ရက်စက်တာလို့၊ ဘီယာသာ ကျန်းမာရေးနဲ့ ညီညွတ်ရင် ဘယ်လောက်တောင်ကောင်းမလဲလို့။ ကျွန်တော်က ဘီယာတစ်ခုထဲ ကြိုက်တာလားဆိုတော့လည်း မဟုတ်ပါဘူး။ Red Wine ကောင်းကောင်းဆိုလည်း ကြိုက်ပြန်ရော၊ Whisky ဆိုရင်လည်း Single Malt ကောင်းကောင်းလေးတွေကို တန်ဖိုးထားတတ်ပြန်တယ်။ ကြိုက်တယ်ဆိုပေမယ့် အမြဲတမ်းကြီးလည်း မသောက်နိုင်ပြန်ဘူး။ ရက်တွေဆက်ပြီး သောက်လိုက်မိပြီဆိုတာနဲ့ ကိုယ့်ရဲ့ ကြံ့ခိုင်မှုတွေ ခံနိုင်ရည်တွေ ကျဆင်းလာတယ်ဆိုတာ သိပါတယ်၊ ခံစားမိပါတယ်။ ဒါကြောင့် အပြေးသမားတစ်ယောက်အနေနဲ့ ဒီအရက်ဘီယာအကြောင်းကို ဆွေးနွေးဖို့တော့ လိုနေပြီလို့ စဥ်းစားမိတာပါ။

လူတော်တော်များများ သိတယ်လို့ ထင်ပြီး မပြောပြဖြစ်တဲ့ အကြောင်းအရာတစ်ခုကို လူတော်တော်များများ သေချာမသိတာ သွားတွေ့ပါတယ်။ ဒါကဘာလဲ ဆိုတော့ အရက်ဘီယာတစ်မျိုးမျိုး (Ethanol ပါတဲ့ မည်သည့်အရည်မဆို) ကို သောက်ရင် လူတွေက အိပ်လို့ကောင်းတယ်၊ အိပ်ပျော်လွယ်တယ်လို့ ထင်နေကြပါတယ်။ တကယ်က အရက်ဘီယာက အိပ်စက်ခြင်းကို နှောက်ယှက်ထိခိုက်စေပါတယ်။ Alcohol disrupts quality sleep. တကယ်ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ်မှာရရှိထားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ပြုပြင်အားဖြည့်ပေးနိုင်တဲ့ Quality Sleep ကို Alcohol က တားမြစ်ဖျက်စီးပါတယ်။ အဲဒါက အဓိကပြဿနာပါ။ အပြေးသမားတစ်ယောက်အနေနဲ့ရော တခြား မည်သည့် ပြင်းထန်တဲ့ ကစားနည်းကိုမဆို ကစားတဲ့ အားကစားသမားတစ်ယောက်အနေနဲ့ ဆိုရင် ခန္ဓာကိုယ်မှာရရှိလာတဲ့ ထိခိုက်ပင်ပန်းမှုတွေ၊ ကြွက်သားတွေနာကျင်ရောင်ရမ်းတာတွေကို ကောင်းစွာအိပ်စက်မှသာ Recovery ကောင်းကောင်းရမှာဖြစ်ပါတယ်။ ဒါမှသာ နောက်ရက်တွေမှာ ပိုမိုပြင်းထန်တဲ့ Training တွေကို လုပ်နိုင်လာတဲ့ တိုးတက်တဲ့ကြံခိုင်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အဲတော့ တချို့အိပ်ခါနီး အိပ်လို့ကောင်းအောင် ဝိုင်လေးတစ်ခွက်သောက်တာတို့၊ ဝီစကီလေးတစ်ခွက်လောက်သောက်ပြီး အိပ်ပါတယ်တို့ဆိုတာ အိပ်ခါနီးမှ အဲဒီအိပ်စက်ခြင်းကို ဖျက်စီးလိုက်သလိုပါပဲ။ ပိုက်ဆံအကုန်ခံပြီး ပေါက်ကရတွေ လျှောက်သောက်နေတာထက် ရေသောက်ပြီး အိပ်တာက ပိုကောင်းတဲ့ အိပ်စက်ခြင်းကို ရစေမှာပါ။ တကယ်ဆိုရင် အရက်ဘီယာတစ်မျိုးမျိုးကို မအိပ်ခင် ၃ နာရီလောက်ခွာပြီးပဲ ​နောက်ဆုံး သောက်သင့်ပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်းကျွန်တော်ဆိုရင် အရက်ဘီယာတစ်ခုခုသောက်ချင်တဲ့ နေ့ဆိုရင် စောစောသောက်၊ စောစောသိမ်း၊ ရေအဝသောက်ပြီး အိပ်ပါတယ်။ ည ၁၁ နာရီ အိပ်မယ်လို့ စဥ်းစားထားရင် ည ၈ နာရီအထိပဲ နောက်ဆုံး Drink ကို သောက်သင့်ပါတယ်။ ဒါတောင်မှ အရက်ဘီယာမသောက်ထားတဲ့ နေ့တွေလောက်တော့ အိပ်လို့ကောင်းမှာမဟုတ်ပါဘူး။
နောက်ထပ် အိပ်လို့ကောင်းစေတဲ့ Tricks ကလေးတွေရှိပါတယ်။ ၁) အိပ်ခန်းရဲ့ အပူချိန်ကို အေးစိမ့်နေအောင်ထားပါ၊ ၂) အခန်းကို တတ်နိုင်သမျှမှောင်မည်းနေအောင်ထားပြီး အိပ်ပါ၊ ၃) မနက်ခင်းမှာ Vitamin D ရအောင် ၁၅ မိနစ်ခန့် နေရောင်ခံပေးပါ၊ ၄) Vitamins များ ကြွယ်ဝသည့် အသားငါးနှင့် အသီးအရွက်များများစားပါ (ငှက်ပျောသီး၊ ထောပတ်သီး၊ ပန်းသီးနဲ့ အရွက်စိမ်းများဟာ အာဟာရတန်ဖိုးအရမ်းရှိပါတယ်)၊ ၅) အချဥ်ဖောက်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ကင်မ်ချီတို့၊ ချဥ်ဖတ်တို့၊ ဒိန်ချဥ်တို့ကို မှန်မှန်စားပေးပါ (ကျွန်တော်တို့ရဲ့ အူထဲမှာ နေကြတဲ့ Bacteria တွေက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး အရေးပါနေပါတယ်)၊ ၆) နောက်ဆုံး လူသိအရမ်းနည်းတဲ့ အကောင်းဆုံး Trick တစ်ခုက Mangensium ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေရှာစားပါ။ (ကျွန်တော်စားနေကြကတော့ ဖရုံစေ့ပါ (Pumpkin Seeds)။ တခြား သီဟိုလ်စေ့တို့လို အစေ့အဆံတွေကလည်း Magnesium ကြွယ်ဝပါတယ်။) ကိုယ့် Smart Watch က Sleep Tracking ကောင်းကောင်းလုပ်ပေးနိုင်တယ်ဆိုရင် အရက်ဘီယာ မသောက်တဲ့ နေ့တွေမှာ ရရှိတဲ့ Sleep Quality ကို တစ်ချက်လောက် ကြည့်စေချင်ပါတယ်။ ကွာတာကတော့ အမှန်ပဲ။
တစ်ရက်လောက် ဘဝမှာ အကောင်းတကာ့ အကောင်းဆုံး အိပ်စက်မှုကို ရဖို့ ကြိုးစားမကြည့်ချင်ကြဘူးလား? ကျွန်တော်တော့ ကြိုးစားကြည့်ဖူးတယ်။ အရက်ဘီယာကို ၁ လလောက်ဖြတ်လိုက်တယ် (တကယ်ကတော့ စုစုပေါင်း ၂၇ ရက်)။ အပေါ်က အချက်တွေလည်း လိုက်လုပ်တယ်ပေါ့လေ။ Garmin Sleep Score 96 အထိတက်ရဖူးတယ်။ အရမ်းအိပ်လို့ကောင်းပြီး နိုးထလာတဲ့ အရသာက ကျွန်တော်တို့ အသက်ကြီးလာလေ မကြုံနိုင်တော့လေ ဖြစ်လာတဲ့ အရသာမျိုးပါ။ ပြန်ပြီး ကြုံရတဲ့ အချိန်မှာ ဟိုးငယ်စဥ်ကလေးဘဝက လွပ်လပ်ပေါ့ပါးပြီး ကြည်လင်နေတဲ့ အရသာလေးပြန်ရပါတယ်။ တခါတလေမှာ အဲလိုအရသာကို နေ့တိုင်းရချင်စိတ်လည်း ဖြစ်မိပါတယ်။ ခက်တာက အကြာကြီး အရက်ဘီယာမသောက်ဘဲကလည်း မနေနိုင်ပြန်တော့ သောက်လိုက် ပြန်လျှော့လိုက်၊ ခဏဖြတ်လိုက်၊ ထိမ်းပြီး ပြန်သောက်လိုက်ပါပဲ။
အရသာကြိုက်လို့သာ သောက်နေရတာ အရက်ဘီယာက အိပ်ရေးပျက်စေတာအပြင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို တခြားပြဿနာတွေလည်း တက်စေပါတယ်။ အူထဲက Bacteria တွေ (Microbiome လို့လည်း ခေါ်ပါတယ်) ကို Balance ပျက်စီးစေပြီး မကောင်းတဲ့ ပိုးတွေပွားများစေတတ်တယ်။ အဲလို Balance ပျက်လာရင် အိပ်မပျော်တာအပြင်၊ စိတ်ကျရောဂါနဲ့ တခြား ကိုယ်ခံအားဖောက်ပြန်တဲ့ ရောဂါတွေအထိ ရှုပ်ထွေးမှုတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အရက်ဘီယာများများသောက်သုံးကြတဲ့ တိုင်းပြည်တိုင်းရဲ့ Culture တိုင်းမှာ အချဥ်ဖောက်ထားတဲ့ စားစရာတွေကို စွဲစွဲမက်မက်စားကြတာတွေ့ရမှာပါ။ Germany မှာ ဘီယာနဲ့ Sauerkraut ဂေါ်ဖီချဥ်၊ Russia မှာ Vodka နဲ့ Kvass ဂေါ်ဖီချဥ်၊ Japan မှာ Sake နဲ့ အချဥ်ဖောက်ထားတဲ့ပဲ Natto၊ Korea မှာ Soju နဲ့ Kimchi၊ China မှာ Baiju နဲ့ တို့ဖူးချဥ် Doubanjiang စတဲ့ ဥပမာအတွဲအစပ်တွေကို ကမ္ဘာအနှံ့က အရက်ဘီယာကို များများသောက်တတ်တဲ့ နိုင်ငံတိုင်းမှာ တွေ့ရတတ်ပါတယ်။ ဒီတော့ ကိုယ်က ရှောင်လည်း မရှောင်နိုင်၊ ဖြတ်လည်း မဖြတ်နိုင်ဆိုရင်တော့ အချဥ်ဖောက်ထားတဲ့ အစားအစာတွေကို သတိရှိရှိနဲ့ များများစားပေးဖို့လိုပါတယ်။
အပြေးသမားတွေအတွက် အရက်ဘီယာကပေးတဲ့ တခြားပြဿနာတွေက Heart Rate တက်တာ၊ Heart Rate Variability ကျတာ၊ Glycogen Storage ကို လျော့ကျစေတာနဲ့ Training Adaptation လို့ခေါ်တဲ့ လေ့ကျင့်မှုကြောင့် ပိုမိုသန်မာလာမှုတွေကို အနှောင့်အယှက်ပေးတာတွေလည်း ရှိပါသေးတယ်။ ဒီတော့ ကိုယ်တွေ သောက်တာလည်း သောက်ကြတာပေါ့၊ လျှော့နိုင်သလောက်လည်း လျှော့ဖို့တော့ လိုနေပါတယ်။ အထူးသဖြင့် ပြိုင်ပွဲမတိုင်ခင် ၁ လလောက် လုံးဝရှောင်သင့်ပါတယ်။ ပြင်းထန်တဲ့ Training မတိုင်ခင်မှာ သောက်တာမျိုးတွေလည်း လုံးဝမလုပ်သင့်ပါဘူး။ အရမ်းဝေးတဲ့ Ultramarathon ပြေးမယ်ဆိုရင်လည်း မပြေးခင် အားပြည့်နေအောင် ကြိုရှောင်ပြီး ကောင်းကောင်းအိပ်ထားဖို့ အကြံပေးချင်ပါတယ်။
နှစ်စဥ်နှစ်တိုင်း ၁ လကနေ ၃ လလောက်အထိ အရက်ဘီယာကို နားပစ်လိုက်တာကလည်း အင်မတန်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။​ တချို့တွေ January တစ်လလုံး နားတာမျိုး၊ ဝါတွင်း ၃ လနားတာမျိုးတွေက အသည်းကို Reset ပြန်ချပေးရာရောက်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျှော့ချပေးရာရောက်ပါတယ်။​ တချို့လူတွေလို လုံးဝမသောက်ဘဲ ရာသက်ပန်ရှောင်ပြီး နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ်တွေကတော့ လောလောဆယ်မှာ အဲလောက်မလုပ်နိုင်သေးတော့ မကြာခဏနားလိုက်၊ သောက်လိုက်၊ ထိမ်းလိုက်၊ လွန်သွားလိုက်၊ ပြန်ရှောင်လိုက်ဆိုပြီး ဆက်လက်သံသယာလည်နေဖို့ ရှိနေပါတယ်။ ကဲ ကိုယ့်ဆရာ/ဆရာမ အပြေးသမားတွေရော သောက်ကြမလား၊ ပြေးကြမလား? ပြေးပြီး သောက်ကြမလား?

No comments:

Post a Comment