Showing posts with label Cake. Show all posts
Showing posts with label Cake. Show all posts

Saturday, April 18, 2026

ကြက်ဥပူတင်း

 ပူတင်းလေး ဖုတ်ဖို့ ပြင်ဆင်တာ ၃ မိနစ်လောက်ပဲ ကြာတာပါ ။


ဒါပေမဲ့ ကြက်ဥဒီတိုင်း စားတာထက် စားကောင်းပြီး အာဟာရလည်း ဖြစ်စေမယ် ။

အစပ်တွေ အငံတွေ စားထားပြီး ရေနွေးသောက်ဖို့ လိုတာဆိုတော့ ရေနွေးသောက်ရင်း အချိုတည်းမယ် ဆိုလည်း အိုခေတယ်လေ ။

ကြက်ဥ ၂ လုံး ဆား ပျားရည် နွားနို့လေးထဲပြီး ထဲ့ မွှေပါ ။

ပြီးရင် ဖုတ်မဲ့ ခွက်အောက် နို့စိမ်းလေး ခင်းပြီး ကြက်ဥမွှေထားတာလေး ထဲ့လိုက်ပါ ။

Microwave ထဲ low medium mode လောက်နဲ့ ၅ မိနစ် ထဲ့ထားလိုက်ပါ ။

( high medium ဆို စားလို့ သိပ်မကောင်းပါဘူး )

ထမင်းစားပြီး ပန်ကန်ဆေးနေတုံး ဖုတ်ရင် ကိုယ်တောင် ပန်းကန်ဆေးလို့ မပြီးသေး သူက ကျက်နေပါပြီ 😊

ရေနွေးတည်တော့မယ်ဆိုရင် အနံ့လေးမွှေးနေအောင် လက်ဖက်ခြောက်လေးကို လှော်လိုက်ပါ

အာ့ဆို ပူတင်းလေးနဲ့ လက်ဖက်ရည်လေးနဲ့ Super perfect ပါပဲမို့ ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့ ရပါပြီရှင် 😁

15 April 2026

Thursday, June 26, 2025

Banana Cake 2

 အိမ်မှာ ဌက်ပျောသီးတွေလည်းရှိနေတယ်။ နေ့လည်လက်ဘက်ရည်သောက်ချိန်မှာ မိန်းမဘက်က အမျိုးတွေ ဧည့်သည်တွေလည်းရှိနေတော့ ကိတ်လေးတလုံးလောက် ကျွေးချင်လို့ ဌက်ပျောသီးကိတ် ဖုတ်တာ သင်ပေးပါလားဆိုတာနဲ့ Oven နဲ့ရော Air Fryer နဲ့ရော ၂မျိုးလုံးနဲ့ လုပ်မယ်ဆိုပြီး ကိတ်ခွက် ၃ခွက်စာ တခါတည်းပြင်ဆင်ခိုင်းလိုက်တယ်။

ဌက်ပျောကိတ်ပေါ့ဗျာ။ ၃လုံးစာအတွက်ဆို
အထွေထွေသုံး ဂျုံနု ၆၄၀ဂရမ်
ကြက်ဥ ၈လုံး
သကြား ၄၀၀ ဂရမ်
ဒိန်ချဥ် ၂၀၀ဂရမ်
ဆီ ၃၀၀ဂရမ်
ဌက်ပျောသီး ၆လုံး
ဘေကင်ပေါင်ဒါ ၂၈ဂရမ်
ဘေကင်ဆိုဒါ ၉ဂရမ်
စပျစ်ခြောက်ရှိရင် အနည်းငယ်
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ဌက်ပျောသီးအနံ့ရှိရင် ၁စက် ၂စက်လောက် ဒါပဲလိုအပ်တယ်။ မရှိလည်းရတယ်။ ကျွန်တော့်မှာမရှိလို့ မထည့်နေတော့ဘူး။ မဖုတ်ခင်မှာ ကျွန်တော့် Oven က 48L မို့ 170°C နဲ့ ၁၀မိနစ် Pre Heat ပေးထားလိုက်တယ်။ ခွက်တွေကိုလည်း မကပ်အောင် ဆီသုတ်ခိုင်းထားလိုက်တယ်။
ဌက်ပျောသီး သကြား ဆား ကို Hand Mixer နဲ့ ရောပြီး ကျေအောင်မွှေခိုင်းထားတယ်။ ​ကျေပြီဆိုတာနဲ့ ကြက် ဥတလုံးချင်းထည့်ပြီး ဒိန်ချဥ် ဆီ ထည့်ပြီး မွှတ်နေအောင် သကြားတွေလည်း​ကျေအောင် ဆက်တိုက်မွှေခိုင်းထားတယ်။ ဂျုံ ဘေကင်ပေါင်ဒါ ဘေကင်ဆိုဒါ တဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားတွေ ကျေညပ်ချောမွတ်လာအောင် မွှေခိုင်းလိုက်တယ်။ မုန့်သားတွေရရင် ခွက် တ၀က်စီထည့်ပြီး မျှလိုက်တယ်။ ၂လုံး အ၀ိုင်းခွက်က ၈လက်မ ကိတ်ခွက်မို့ ကျွန်တော့် Air Fryer 5L နဲ့ မဆန့်ဘူး။ Oven နဲ့ ဖုတ်ပြီး လေးထောင့်ကို Air Fryer နဲ့ ဖုတ်လိုက်တယ်။
Oven နဲ့ 170°C နဲ့ မိနစ် ၃၀လောက်ပဲ ဖုတ်လိုက်ရတယ်။ သွားကြားထိုးတံနဲ့ထိုးကြည့်တော့ ရနေပြီ။ အရောင်လေးလည်းလှတယ်။
Air Fryer ကျတော့ 170°C နဲ့ မိနစ် ၃၀လောက် ဖုတ်လိုက်တယ်။ သွားကြားထိုးတံနဲ့ ထိုးကြည့်တော့ နဲနဲစိုနေသေးလို့ နောက် ၁၀မိနစ်လောက်ထားလိုက်တယ်။ အရောင်ကျတော့ မျက်နှာပြင်က ရဲနေပြီး အတွင်းသားက အိတယ်။
ဒီ ဌက်ပျောကိတ်ကို ၂မျိုးလုံးနဲ့ ယှဥ်ကြည့်ပြီး ပြောချင်တာကတော့ Oven ကျ ကာလာမှန်တယ်။ အပေါ်မီး အောက်မီးပါတော့ ဘယ်လောက်ထူထူ စုံကျက်တယ်။ Air Fryer ကျတော့ မုန့်သားအထူကြီးဆိုရင် စုံမကျက်ဘူး။ မုန့်သားပါးရင်တော့ အချိန်ကုန်မြန်တယ်။ မီးမစားဘူးပေါ့လေ။
မိန်းမကမေးတယ် ဘေကင်ပေါင်ဒါရော ဘေကင်ဆိုဒါရော ဘာလို့သုံးတာလဲ မေးခွန်းထုတ်တော့ ဌက်ပျောသီးကိတ်မို့ ပွအောင်ထည့်ရတာလို့ ဒီပမာဏဖုတ်လို့ ကျစ်သွားရင် စားမကောင်းဘူးလို့ ​ဖြေရတယ်။ ပြီးတော့ ၂ဆပွတာမို့ မုန့်သားကို ခွက်တ၀က်ပဲထည့်ရတယ်။ ပိုထည့်ရင် ပွတက်ပြီး လျှံသွားရင် ကိတ်သားလည်းမလှဘူးပေါ့။
ဒီနေ့ နေ့လည်ခင်း Tea Time ကတော့ ဌက်ပျောကိတ်နဲ့ လက်ဘက်ရည် ဧည့်ခံဖြစ်လိုက်တယ် 😊

Banana Cake 1

 Banana Cake ကို ကျွန်တော် Air Fryer နဲ့ရော Oven နဲ့ရော ဖုတ်တာ ရေးပေးဖူးတယ်။ ထုံးစံအတိုင်း သင်္ဘောပေါ် တပတ် ၃ရက်လောက် အချိုပွဲလုပ်တယ်။ ဒီနေ့ကတော့ Banana Cake ပေါ့။ ကျွန်တော် ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က Join Ship လုပ်တော့ Provision ဘုတ်ညနေမှ လာလို့ တညလုံးသယ်လိုက်ရတဲ့အကြောင်း ရေးလိုက်သေးတယ်။ ဌက်ပျောသီးက ကီလို ၄၀လောက်ပါလာတယ်။ ကိုယ့်သင်္ဘောသားတွေကို နေ့လည်တိုင်း အသီးတမျိုးမျိုးကျွေးတယ်။ ဌက်ပျောသီးကို တရက်ခြားကျွေးတာတောင် မကုန်လို့ မဲလာပြီ ပျော့လာပြီ။ ဒီတော့ အမြဲသုံးလို့ရနေအောင် ခဲထားလိုက်တယ်။ ကိတ်မုန့်ဖုတ်ချင်ရင် အခဲအသားခန်းထဲထုတ်ပြီး သုံးရုံပဲပေါ့။

ကျွန်တော့်မှာ ကိတ်မုန့်လုပ်တဲ့ဂျုံနုမရှိဘူး။ ရိုးရိုး All Purpose Flour တွေပဲရှိတယ်။ ပြသနာမရှိဘူး အထွေထွေသုံးဂျုံဖြစ်ရင်ပြီးရော ဆိုင်ကထက်တောင်ကောင်းမဲ့ကိတ်မျိုး လုပ်တတ်ရင် ရတာပေါ့ဗျာ။ ကျွန်တော်အခု ပြထားတဲ့ ကိတ်ခွက် ၄လုံးစာရတာပေါ့။
အထွေထွေသုံး ဂျုံ ၅၈၀ ဂရမ်
ကြက်ဥ ၈လုံး
သကြား ၄၀၀ ဂရမ်
ဒိန်ချဥ် ၂၀၀ဂရမ်
ဆီ ၃၀၀ဂရမ်
ဌက်ပျောသီး ၆လုံး ၆၄၀ဂရမ်
ဘေကင်ပေါင်ဒါ ၂၈ဂရမ်
ဘေကင်ဆိုဒါ ၉ဂရမ်
စပျစ်ခြောက်ရှိရင် အနည်းငယ်
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ဌက်ပျောသီးအနံ့ရှိရင် ၁စက် ၂စက်လောက် ဒါပဲလိုအပ်တယ်။ မရှိလည်းရတယ်။ စပျစ်ခြောက်မရှိလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော့်မှာ ဘေကင်ဆိုဒါမရှိလို့ အခုတောင်မထည့်ထားဘူး။ ဒါပေမဲ့ လုံး၀ကိုရှယ်အရသာရတယ်။
Oven ကောင်းရင် ပုံမှန်ဆို 170 180°C လောက် Pre Heat ပေးရင်ရပြီ။ မိနစ် ၃၀လောက် ဖုတ်ရင်ရတယ်။
ဌက်ပျောသီး သကြား ဆား ကို Hand Mixer နဲ့ ရောပြီး ကျေအောင်မွှေတယ်။ ကျေပြီဆိုတာနဲ့ ကြက် ဥတလုံးချင်းထည့်ပြီး ဒိန်ချဥ် ဆီ ထည့်ပြီး မွှတ်နေအောင် သကြားတွေလည်းကျေအောင် ဆက်တိုက်မွှေတယ်။ ဂျုံ ဘေကင်ပေါင်ဒါ ဘေကင်ဆိုဒါ တဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားတွေ ကြေညပ်ချောမွတ်လာအောင် မွှေလိုက်တယ်။ မုန့်သားရပြီဆို ဖုန်မဲ့ခွက်တွေကို ဆီလေးပွတ်ထားလိုက်တယ်။ မကပ်အောင်ပေါ့။ ခွက်တွေထဲ ထည့်လိုက်တယ်။
Oven နဲ့ ဆို 170°C နဲ့ မိနစ် ၃၀လောက်ပဲ ဖုတ်လိုက်မှာ။ ကျွန်တော့် ဒီက Oven ကြီးက အပူချိန် ၂၀၀ မှာထားရတယ်။ ကြာချိန်ကလည်း မိနစ် ၅၀လောက်ပေးရတယ်။ ဒါတောင် ကျွန်တော်သိပ်မကြိုက်သေးဘူး။ သွားကြားထိုးတံနဲ့ ထိုးကြည့်တော့ နဲနဲစိုနေသေးလို့ ထားရသေးတယ်။
ဌက်ပျောကိတ်လုပ်ရင် ဘေကင်ပေါင်ဒါရော ဘေကင်ဆိုဒါရော ဘာလို့သုံးတာလဲဆိုလို့ ထည့်ရင် ပွပြီးပိုစားကောင်းတယ်။ ဌက်ပျောသီးကိတ်မို့ ပွအောင်ထည့်ရတယ်။ တခြားကိတ်တွေမှာ လိုတဲ့အမျိုးအစားလိုတာရှိသလို မလိုတာတွေလည်းရှိတယ်။ ပွတက်လာလို့ ခွက် တ၀က်ပဲ ထည့်ရတာပေါ့လေ။
သင်္ဘောသားတွေအတွက် အကောင်းဆုံး အစားအစာတွေနေ့စဥ် ပြုလုပ်ပေးနေရတာနဲ့တင် ကျွန်တော့်အလုပ်မှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ကို ထမင်းကျွေးနေတဲ့အလုပ် မိသားစုစား၀တ်နေရေးအတွက် ကျွန်တော် လုပ်နေတဲ့ ကျွန်တော့် Galley လုပ်ငန်းခွင်ကိုလည်း ချစ်တယ်။ ပျော်လည်းပျော်ပါတယ်။

ပေါင်မုန့်ကြက်ဥကြော်အိအိလေး joy the pa chyl FB