အိမ်မှာ ဌက်ပျောသီးတွေလည်းရှိနေတယ်။ နေ့လည်လက်ဘက်ရည်သောက်ချိန်မှာ မိန်းမဘက်က အမျိုးတွေ ဧည့်သည်တွေလည်းရှိနေတော့ ကိတ်လေးတလုံးလောက် ကျွေးချင်လို့ ဌက်ပျောသီးကိတ် ဖုတ်တာ သင်ပေးပါလားဆိုတာနဲ့ Oven နဲ့ရော Air Fryer နဲ့ရော ၂မျိုးလုံးနဲ့ လုပ်မယ်ဆိုပြီး ကိတ်ခွက် ၃ခွက်စာ တခါတည်းပြင်ဆင်ခိုင်းလိုက်တယ်။
ဌက်ပျောကိတ်ပေါ့ဗျာ။ ၃လုံးစာအတွက်ဆို
အထွေထွေသုံး ဂျုံနု ၆၄၀ဂရမ်
ကြက်ဥ ၈လုံး
သကြား ၄၀၀ ဂရမ်
ဒိန်ချဥ် ၂၀၀ဂရမ်
ဆီ ၃၀၀ဂရမ်
ဌက်ပျောသီး ၆လုံး
ဘေကင်ပေါင်ဒါ ၂၈ဂရမ်
ဘေကင်ဆိုဒါ ၉ဂရမ်
စပျစ်ခြောက်ရှိရင် အနည်းငယ်
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ဌက်ပျောသီးအနံ့ရှိရင် ၁စက် ၂စက်လောက် ဒါပဲလိုအပ်တယ်။ မရှိလည်းရတယ်။ ကျွန်တော့်မှာမရှိလို့ မထည့်နေတော့ဘူး။ မဖုတ်ခင်မှာ ကျွန်တော့် Oven က 48L မို့ 170°C နဲ့ ၁၀မိနစ် Pre Heat ပေးထားလိုက်တယ်။ ခွက်တွေကိုလည်း မကပ်အောင် ဆီသုတ်ခိုင်းထားလိုက်တယ်။
ဌက်ပျောသီး သကြား ဆား ကို Hand Mixer နဲ့ ရောပြီး ကျေအောင်မွှေခိုင်းထားတယ်။ ကျေပြီဆိုတာနဲ့ ကြက် ဥတလုံးချင်းထည့်ပြီး ဒိန်ချဥ် ဆီ ထည့်ပြီး မွှတ်နေအောင် သကြားတွေလည်းကျေအောင် ဆက်တိုက်မွှေခိုင်းထားတယ်။ ဂျုံ ဘေကင်ပေါင်ဒါ ဘေကင်ဆိုဒါ တဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားတွေ ကျေညပ်ချောမွတ်လာအောင် မွှေခိုင်းလိုက်တယ်။ မုန့်သားတွေရရင် ခွက် တ၀က်စီထည့်ပြီး မျှလိုက်တယ်။ ၂လုံး အ၀ိုင်းခွက်က ၈လက်မ ကိတ်ခွက်မို့ ကျွန်တော့် Air Fryer 5L နဲ့ မဆန့်ဘူး။ Oven နဲ့ ဖုတ်ပြီး လေးထောင့်ကို Air Fryer နဲ့ ဖုတ်လိုက်တယ်။
Oven နဲ့ 170°C နဲ့ မိနစ် ၃၀လောက်ပဲ ဖုတ်လိုက်ရတယ်။ သွားကြားထိုးတံနဲ့ထိုးကြည့်တော့ ရနေပြီ။ အရောင်လေးလည်းလှတယ်။
Air Fryer ကျတော့ 170°C နဲ့ မိနစ် ၃၀လောက် ဖုတ်လိုက်တယ်။ သွားကြားထိုးတံနဲ့ ထိုးကြည့်တော့ နဲနဲစိုနေသေးလို့ နောက် ၁၀မိနစ်လောက်ထားလိုက်တယ်။ အရောင်ကျတော့ မျက်နှာပြင်က ရဲနေပြီး အတွင်းသားက အိတယ်။
ဒီ ဌက်ပျောကိတ်ကို ၂မျိုးလုံးနဲ့ ယှဥ်ကြည့်ပြီး ပြောချင်တာကတော့ Oven ကျ ကာလာမှန်တယ်။ အပေါ်မီး အောက်မီးပါတော့ ဘယ်လောက်ထူထူ စုံကျက်တယ်။ Air Fryer ကျတော့ မုန့်သားအထူကြီးဆိုရင် စုံမကျက်ဘူး။ မုန့်သားပါးရင်တော့ အချိန်ကုန်မြန်တယ်။ မီးမစားဘူးပေါ့လေ။
မိန်းမကမေးတယ် ဘေကင်ပေါင်ဒါရော ဘေကင်ဆိုဒါရော ဘာလို့သုံးတာလဲ မေးခွန်းထုတ်တော့ ဌက်ပျောသီးကိတ်မို့ ပွအောင်ထည့်ရတာလို့ ဒီပမာဏဖုတ်လို့ ကျစ်သွားရင် စားမကောင်းဘူးလို့ ဖြေရတယ်။ ပြီးတော့ ၂ဆပွတာမို့ မုန့်သားကို ခွက်တ၀က်ပဲထည့်ရတယ်။ ပိုထည့်ရင် ပွတက်ပြီး လျှံသွားရင် ကိတ်သားလည်းမလှဘူးပေါ့။
ဒီနေ့ နေ့လည်ခင်း Tea Time ကတော့ ဌက်ပျောကိတ်နဲ့ လက်ဘက်ရည် ဧည့်ခံဖြစ်လိုက်တယ် 
No comments:
Post a Comment