Tuesday, April 7, 2026

DNA ထဲက မှတ်တမ်းများ- အထူးချွန်ဆုံး မာရသွန်သမားတို့၏ မျိုးဗီဇပုံစံ

 DNA ထဲက မှတ်တမ်းများ- အထူးချွန်ဆုံး မာရသွန်သမားတို့၏ မျိုးဗီဇပုံစံ


၂၂ မတ် ၂၀၂၆

၂၀၁၈ ခုနှစ်၊ ဘာလင်မာရသွန်ပြိုင်ပွဲမှာ အီလီယု ကစ်ပချိုဂီ (Eliud Kipchoge) တစ်ယောက် ၂ နာရီ ၁ မိနစ် ၃၉ စက္ကန့်နဲ့ ပန်းဝင်သွားတဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩမှင်သက်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့မှု၊ စနစ်တကျ စားသောက်မှုနဲ့ ထူးချွန်တဲ့ နည်းပြတွေရဲ့ ပံ့ပိုးမှုတွေက သိသာထင်ရှားတဲ့ အကြောင်းရင်းတွေ ဖြစ်ပေမဲ့၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတစ်ခုလည်း နောက်ကွယ်မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ DNA ပါပဲ။

လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းအားတွေရဲ့ နောက်ကွယ်မှာ မျိုးဗီဇ (Genetics) ဆိုတဲ့ ဘာသာစကားနဲ့ ရေးထိုးထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။

ရှုပ်ထွေးလှသော မျိုးဗီဇ ပဟေဠိ

မာရသွန်စွမ်းဆောင်ရည်ဆိုတာ "စူပါမျိုးဗီဇ" တစ်ခုတည်းက ထိန်းချုပ်ထားတာမျိုးတော့လည်း မဟုတ်ပါဘူး။ သုတေသနတွေအရ ဒါဟာ အင်မတန်ရှုပ်ထွေးလှတဲ့ မျိုးဗီဇပေါင်းစုံ (Polygenic) ပေါင်းစပ်မှုဖြစ်ပြီး မျိုးဗီဇတစ်ခုတည်းကိုပဲ အားကိုးလို့ မရဘူးဆိုတာကို ေဖာ်ပြနေပါတယ်။

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ စနစ်တကျ လေ့လာဆန်းစစ်မှုတစ်ခုမှာ မာရသွန် အပြေးသမား (၂,၉၈၄) ဦး အပါအဝင်၊ လူပေါင်း (၁၀,၄၄၂) ဦးကို စစ်ဆေးခဲ့ရာမှာတော့ မျိုးဗီဇ (၂၇) ခုထဲက ကွဲပြားတဲ့ ပုံသဏ္ဌာန် (Polymorphisms) (၁၆၀) ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲမှာမှ မာရသွန်စွမ်းဆောင်ရည်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ မျိုးဗီဇ (၁၄) ခုထဲက သီးခြားအမှတ်အသား (SNPs) (၁၆) ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Sport Gene စာအုပ်အကြောင်း

https://www.facebook.com/share/p/1ELsD95tth/

အမွေဆက်ခံရရှိထားတဲ့ အခြေခံအုတ်မြစ်

မာရသွန်သမားကောင်းတစ်ယောက်ဖြစ်ဖို့ မျိုးရိုးဗီဇက ဘယ်လောက်အထိ အရေးပါသလဲ? လို့ မေးလာရင် အဖြေကတော့ "တော်တော်လေးကို အရေးပါတယ်" ဆိုရမှာပါ။ လေ့လာမှုတွေအရ လူတစ်ယောက်ရဲ့ အခြေခံ အောက်ဆီဂျင်သုံးစွဲနိုင်မှု (Submaximal aerobic performance) ရဲ့ (၄၈ - ၇၄) ရာခိုင်နှုန်း အထိဟာ မျိုးဗီဇအပေါ်မှာ မူတည်နေပါတယ်။

ထင်ရှားတဲ့ HERITAGE Family Study ရဲ့ ဖော်ပြချက်အရလည်း လေ့ကျင့်ခန်းအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်း (VO₂max trainability) ရဲ့ (၄၇) ရာခိုင်နှုန်း နီးပါးဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဆိုလိုတာက လူတ‌ယောက် လေ့ကျင့်ခန်းလုပ်ရင် ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကတည်းက သူ့ရဲ့ DNA ထဲမှာ ရေးမှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။

ACE- အောက်ဆီဂျင် အသုံးချမှု အင်ဂျင်

တာဝေးပြေးပွဲတွေမှာ အလေ့လာရဆုံးကတော့ ACE မျိုးဗီဇ ဖြစ်ပါတယ်။ သူက သွေးပေါင်ချိန်နဲ့ အောက်ဆီဂျင် ပို့ဆောင်မှုကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းတစ်မျိုးကို ထုတ်လုပ်ပေးတာပါ။ လူဖြူ (Caucasians) တွေထဲက ထူးချွန်တဲ့ အပြေးသမားတွေမှာ ACE Insertion (I) allele ဆိုတဲ့ ဗီဇကွဲ ပိုများနေတာကို တွေ့ရပါတယ်။ ဒါဟာ နှလုံးနဲ့ သွေးကြောစနစ်ကို ပိုမိုထိရောက်စေပြီး မာရသွန်လို ခရီးရှည်အတွက် အားသာချက် ဖြစ်စေပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ကင်ညာနိုင်ငံက ထူးချွန်တဲ့ အပြေးသမားတွေမှာတော့ ဒီဗီဇကွဲဟာ သာမန်လူတွေနဲ့ သိပ်မကွာခြားလှပါဘူး။ ဒါဟာ အရှေ့အာဖရိကသားတွေရဲ့ အပြေးစွမ်းရည်မှာ ACE တစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းရင်းတွေ ရှိနေသေးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ACTN3 နှင့် ကြွက်သား တည်ဆောက်ပုံ

"အရှိန်နှုန်းဗီဇ" (Speed Gene) လို့ လူသိများတဲ့ ACTN3 မျိုးဗီဇ ဟာ လျှင်မြန်စွာ ကျုံ့ဆန့်နိုင်တဲ့ ကြွက်သားမျှင်တွေအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အပြေးမြန်နှုန်းအတွက် သူက နာမည်ကြီးပေမဲ့၊ မာရသွန်သမားတွေမှာတော့ သူ့ရဲ့ အခန်းကဏ္ဍက အနည်းငယ် ကွဲပြားပါတယ်။

သုတေသနတွေအရ ကြွက်သားမျှင် တည်ဆောက်ပုံအတွက် ACTN3 R577X၊ နှလုံးသွေးကြော စွမ်းဆောင်ရည်အတွက် ACE I/D တို့ဟာ အရေးကြီးတဲ့ အမှတ်အသားတွေ ဖြစ်ပါတယ်။ သို့သော်လည်း မျိုးဗီဇတစ်ခုတည်းကိုပဲ ကြည့်ပြီး စွမ်းဆောင်ရည်ကို တိုင်းတာလို့ မရဘဲ၊ မျိုးဗီဇအချင်းချင်း အပြန်အလှန် ဆက်သွယ်လုပ်ဆောင်မှု (Gene interactions) ကသာ အဓိကကျလို့နေပါတယ်။

PGC-1α နှင့် PPARA- ဆဲလ်တွေရဲ့ လောင်စာစနစ်

PPARGC1A မျိုးဗီဇဟာ ဆဲလ်တွေရဲ့ စွမ်းအင်စက်ရုံလို့ ခေါ်တဲ့ မိုက်တိုကွန်းဒရီးယား (Mitochondria) တွေ ပွားများလာအောင် ထိန်းချုပ်ပေးတဲ့ "မဟာဗျူဟာမှူး" ဖြစ်ပါတယ်။

စပိန်နိုင်ငံက အထူးချွန်ဆုံး တာဝေးပြေးသမားတွေမှာ ဒီမျိုးဗီဇရဲ့ "G" ဗီဇမျိုးကွဲကို ပိုတွေ့ရတတ်ပါတယ်။ မိုက်တိုကွန်းဒရီးယားတွေ များလေလေ၊ စွမ်းအင်ကို ရေရှည် ပိုထုတ်ပေးနိုင်လေလေ ဖြစ်တာမို့ ကီလိုမီတာ (၄၂.၂) ကျော် ဝေးတဲ့ ပြိုင်ပွဲတွေမှာ ဒါဟာ အဆုံးအဖြတ် အားသာချက်တစ်ခု ဖြစ်လာပါတယ်။

TTN- အပြေးခြေလှမ်းများရဲ့ ဗိသုကာ

မာရသွန်သမားတွေအတွက် လူသိနည်းပေမဲ့ အရေးပါတဲ့ နောက်ထပ် မျိုးဗီဇတစ်ခုကတော့ TTN (Titin) ပါ။ သူက ကြွက်သားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံကို ထိန်းချုပ်‌ေပးပါတယ်။

လန်ဒန်မာရသွန် အပြေးသမားတွေကို လေ့လာမှုအရ ဒီမျိုးဗီဇမှာ T-allele ရှိသူတွေဟာ ကြွက်သားမျှင် အစုအဝေး (Fascicle length) ပိုတိုတာကို တွေ့ရပါတယ်။ ဒါဟာ အားစိုက်ထုတ်မှုကို လျော့နည်းစေပြီး ပြေးတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီဗီဇကွဲ ပါဝင်သူတွေဟာ မပါဝင်သူတွေထက် ပျမ်းမျှ အားဖြင့် (၂) မိနစ်ကျော် ပိုမြန်နေတာကို တွေ့ရပြီး ဒါဟာ ထိပ်တန်းပြိုင်ပွဲတွေမှာဆိုရင် အလွန်ကြီးမားတဲ့ ကွာဟချက်ပဲ ဖြစ်ပါတယ်။

မျိုးဗီဇဖြင့် ခန့်မှန်းခြင်းရဲ့ အကန့်အသတ်

ဒီလောက် သိပ္ပံနည်းကျ တွေ့ရှိချက်တွေ ရှိနေပေမဲ့၊ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇကို ကြည့်ရုံနဲ့ နောက်ထပ် ကမ္ဘာ့စံချိန်တင်မယ့်သူကို မခန့်မှန်းနိုင်ကြသေးပါဘူး။

တကယ်တော့ ကမ္ဘာ့အဆင့် တာဝေးပြေးသမားတွေရဲ့ ထက်ဝက်လောက်မှာ အထက်မှာ ပြောခဲ့တဲ့ "အကောင်းဆုံး" ဆိုတဲ့ မျိုးဗီဇတွေ အပြည့်အစုံ ပါမနေပါဘူး။ မျိုးဗီဇဟာ အခွင့်အလမ်းကို ပိုကောင်းစေတာ မှန်ပေမဲ့ အောင်မြင်မှုကိုတော့ အာမမခံနိုင်ပါဘူး။ နောက်ပြီး မျိုးဗီဇတွေရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲပေးနိုင်တဲ့ "Epigenetics" လိုမျိုး အပြင်ပန်း အချက်အလက်တွေကလည်း ရှိပါသေးတယ်။

မာရသွန်ပြေးခြင်းရဲ့ မျိုးဗီဇပညာရပ်ဟာ အားကစားသိပ္ပံလောကမှာ အလွန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကဏ္ဍတစ်ခုပါ။ နှလုံးသွေးကြော အင်ဂျင်ကို အားကောင်းစေတဲ့ ACE ကနေ ခြေလှမ်းတွေကို ပေါ့ပါးစေတဲ့ TTN အထိ၊ မျိုးဗီဇတွေဟာ လူတစ်ယောက်ရဲ့ အလားအလာကို ပုံဖော်ပေးနေပါတယ်။

ဒါပေမဲ့ သိပ္ပံပညာက ရှင်းရှင်းလင်းလင်း ပြောထားတာ တစ်ခု ရှိပါတယ်။ "မျိုးဗီဇက သေနတ်ထဲကို ကျည်ဆန်ဖြည့်ပေးတာပဲ တတ်နိုင်ပြီး၊ မောင်းခလုတ်ကို ဖြုတ်တာကတော့ လေ့ကျင့်မှု၊ အာဟာရ၊ နည်းစနစ်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။" ဒီနေ့ခေတ်မှာဆိုရင် ဖိနပ်လိုမျိုး အထောက်ကူပြု ပစ္စည်းတွေကအစ အဆုံးဖြတ်ပေးနိုင်တဲ့ အကြောင်းခံ (factors) တွေထဲ ပါဝင်နေပါပြီ။

ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှု၊ အစားသောက်၊ နည်းစနစ်၊ ကြိုးစားအားထုတ်မှု၊ အထောက်ကူ ပစ္စည်း အကုန်တူနေရင်တော့ ဒီ မျိုးဗီဇအမွေ (Genetic Factors) တွေက အဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

မာရသွန်ဆိုတာ သဘာဝတရားက ပေးတဲ့ လက်ဆောင်နဲ့ လူသားရဲ့ ဇွဲလုံ့လတို့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ အလှပဆုံး သက်သေတစ်ခုပဲ ဖြစ်ပါတော့တယ်။

Photo - Runner's World

No comments:

Post a Comment