Thursday, April 9, 2026

ကမ္ဘာကြီးကို နှစ်ခြမ်းခွဲထားတဲ့ Frequency စံနှုန်း (50Hz vs 60Hz ဘာလို့ ကွဲနေရတာလဲ)

 


မြန်မာနိုင်ငံမှာ အိမ်သုံးမီးက 230V, 50Hz ကို သုံးပါတယ်။ ဒါပေမဲ့ အမေရိကန် ဒါမှမဟုတ် ဂျပန်ကနေ ဝင်လာတဲ့ စက်ပစ္စည်းတွေကို ကြည့်လိုက်ရင် 110V, 60Hz ဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ် ကမ္ဘာပေါ်မှာ ဒီလို အရေးကြီးတဲ့ လျှပ်စစ်စံနှုန်းကို ဘာလို့ တစ်ပြေးညီ မသုံးဘဲ ကွဲလွဲနေရတာလဲ

ဒီအဖြေကို သိဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က သမိုင်းကြောင်းလေးဆီ ခဏ ပြန်သွားရပါမယ်

AC (Alternating Current) လျှပ်စစ်စနစ်ကြီးကို အသက်သွင်းခဲ့တဲ့ ပါရမီရှင် အင်ဂျင်နီယာကြီး နီကိုလာ တက်စလာဟာ AC မော်တာတွေ အကောင်းဆုံးနဲ့ အသံအငြိမ်ဆုံး လည်ပတ်နိုင်ဖို့အတွက် 60Hz က အသင့်တော်ဆုံး ဖြစ်တယ်လို့ သင်္ချာနည်းကျ တွက်ချက်ပြခဲ့ပါတယ်

ဒါ့အပြင် 60Hz ဟာ မီးသီးတွေမှာ မျက်စိနဲ့မြင်နိုင်တဲ့ တုန်ခါမှု (Flicker) ကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါတယ် ဒါကြောင့် အမေရိကန်က ဒီ 60Hz ကိုပဲ စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး အသုံးပြုခဲ့ပါတယ်

အမေရိကန်က 60Hz ကို သုံးနေချိန်မှာ ဥရောပမှာ လျှပ်စစ်ပိုင်းကို ဦးဆောင်နေတဲ့ ဂျာမန်ကုမ္ပဏီကြီး AEG ကတော့ တစ်မျိုး စဉ်းစားပါတယ် 60 ဆိုတဲ့ ဂဏန်းက သင်္ချာတွက်ချက်ရတာ ရှုပ်ထွေးတယ် Metric System (ဆယ်လီစိတ် စနစ်) နဲ့လည်း ကိုက်ညီအောင် တွက်ရလွယ်တဲ့ 50 ဆိုတဲ့ ဂဏန်းအပြည့်ကိုပဲ စံအဖြစ် သတ်မှတ်မယ်" ဆိုပြီး 50Hz ကို ရွေးချယ်ခဲ့ပါတယ်

တကယ်တော့ အဲ့ဒီအချိန်က ဥရောပ အင်ဂျင်နီယာတွေဟာ 50Hz ထက် 60Hz က စက်တွေအတွက် ပိုကောင်းမှန်း သိကြပေမဲ့၊ တွက်ချက်ရ လွယ်ကူမှုကို ပိုဦးစားပေးလိုက်ရာကနေ ယနေ့တိုင် ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရခြင်း ဖြစ်ပါတယ်

AC မော်တာတွေရဲ့ အမြန်နှုန်းဟာ Hz ပေါ်မှာ တိုက်ရိုက် မူတည်ပါတယ် ဒါကြောင့် 60Hz နိုင်ငံတွေက မော်တာတွေဟာ 50Hz နိုင်ငံတွေက မော်တာတွေထက် ၂၀% ပိုမြန်မြန် လည်ပတ်ပါတယ် (ဥပမာ - 3000 RPM vs 3600 RPM)

60Hz သုံးတဲ့ ထရန်စဖော်မာတွေဟာ 50Hz သုံးတဲ့ ကောင်တွေထက် အရွယ်အစား ပိုသေးငယ်ပြီး ပစ္စည်း အသုံးပြုရမှု ပိုနည်းပါတယ် ဒါကြောင့် လေယာဉ်ပျံတွေပေါ်မှာဆိုရင် ပစ္စည်းတွေ ပေါ့ပါးအောင် 400Hz အထိတောင် တင်သုံးကြပါတယ်
Transformer တစ်လုံး ဘယ်လိုတည်‌ေဆာက်မလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒါတွေ သိခဲ့ပြီးသားလို့ ယူဆပါတယ်

ဖုန်းအားသွင်းခေါင်းတွေ၊ တီဗီတွေ၊ ကွန်ပျူတာတွေ (SMPS ပါတဲ့ စက်တွေ) ကတော့ AC ကို DC ပြောင်းသုံးတာမို့ 50Hz/60Hz ဘာလာလာ ပြဿနာ မရှိပါဘူး

ဒါပေမဲ့ မော်တာပါတဲ့ စက်တွေ (ရေခဲသေတ္တာ၊ ပန်ကာ၊ အဲကွန်း၊ ရေစုပ်စက်) တွေမှာတော့ သတိထားရပါမယ် 60Hz အတွက် ထုတ်ထားတဲ့ မော်တာကို မြန်မာနိုင်ငံက 50Hz မီးနဲ့ လာသုံးရင် မော်တာလည်ပတ်နှုန်း ၂၀% နှေးသွားပါမယ် အထဲက ပန်ကာနှေးသွားလို့ အအေးပေးစနစ် အားနည်းသွားတဲ့အပြင်၊ Impedance ကျသွားတဲ့အတွက် Current တွေ ပိုဆွဲပြီး မော်တာ အလွယ်တကူ ပူလာကာ လောင်ကျွမ်းသွားတတ်ပါတယ်

50Hz နဲ့ 60Hz ဟာ တစ်ခုထက် တစ်ခု သိသိသာသာ ကြီးကြီးမားမား သာလွန်ကောင်းမွန်နေတာမျိုး မဟုတ်ဘဲ၊ သမိုင်းကြောင်းအရ အခြေချခဲ့တဲ့ စံသတ်မှတ်ချက်တွေသာ ဖြစ်ပါတယ် ဒါပေမဲ့ နိုင်ငံခြားကနေ မော်တာပါတဲ့ စက်တွေ ဝယ်ယူသုံးစွဲတော့မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ 50Hz စံနှုန်းနဲ့ ကိုက်ညီမှု ရှိ/မရှိ (သို့မဟုတ် 50/60Hz နှစ်မျိုးလုံး သုံးရကြောင်း) ကို Nameplate မှာ မဖြစ်မနေ သေချာ ဖတ်ရှုစစ်ဆေးသင့်ပါတယ်ခင်ဗျာ

No comments:

Post a Comment