Thursday, April 9, 2026

ဖိပေးလိုက်ရုံနဲ့ လျှပ်စစ်ထွက်လာတဲ့ ပုံဆောင်ခဲ (Piezoelectric Effect ဆိုတာ ဘာလဲ)

 

(မီးဖိုချောင်သုံး Gas မီးခြစ်တွေကို ခြောက် ခနဲ နှိပ်လိုက်ရင် မီးပွားလေး ထွက်လာတာကို သတိထားမိကြမှာပါ အဲ့ဒီအထဲမှာ ဓာတ်ခဲ လုံးဝ (လုံးဝ) မပါပါဘူး ဒါဆို နှိပ်လိုက်တဲ့ ဖိအားလေးကနေ လျှပ်စစ်မီးပွား ဘယ်လိုလုပ် ထွက်လာတာလဲ ပြီးတော့ မီတာတွေ၊ ကွန်ပျူတာတွေမှာ အသံမြည်တဲ့ Buzzer လေးတွေကရော သံလိုက်မပါဘဲ ဘယ်လို အသံထွက်တာလဲ)
ဒီလျှို့ဝှက်ချက်တွေ အားလုံးရဲ့ နောက်ကွယ်မှာ အင်မတန် အံ့ဩစရာကောင်းတဲ့ Piezoelectric Effect ဆိုတဲ့ ရူပဗေဒ ဖြစ်စဉ်တစ်ခု ရှိပါတယ်
Piezo (ပီဇို) ဆိုတာ ဂရိစကားက လာတာဖြစ်ပြီး "ဖိသိပ်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ် လွန်ခဲ့တဲ့ နှစ် ၁၄၀ ကျော်က ပြင်သစ် ရူပဗေဒပညာရှင် ညီအစ်ကို နှစ်ယောက်က သလင်းကျောက်လိုမျိုး ပုံဆောင်ခဲတွေကို အပြင်ကနေ တူနဲ့ရိုက်လိုက်တဲ့အခါ၊ ဒါမှမဟုတ် အားနဲ့ ဖိသိပ်လိုက်တဲ့အခါ သူတို့အလိုလို လျှပ်စစ်ဗို့အားတွေ ထွက်ပေါ်လာတာကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြပါတယ်
ပုံမှန်အချိန်မှာ အဲ့ဒီ သလင်းကျောက်တွေရဲ့ အထဲက အက်တမ်တွေမှာ အပေါင်းဓာတ်နဲ့ အနှုတ်ဓာတ်တွေဟာ ဟန်ချက်ညီညီ ပေါင်းစပ်ငြိမ်သက်နေပါတယ်
ဒါပေမဲ့ အပြင်ကနေ အားပြင်းပြင်းနဲ့ ရုတ်တရက် ဖိသိပ်လိုက်တဲ့အခါ အထဲက အက်တမ်တွေရဲ့ တည်ဆောက်ပုံ ပုံပျက်သွားပြီး အပေါင်းဓာတ်နဲ့ အနှုတ်ဓာတ်တွေ ဟိုဘက်ဒီဘက် ကွဲထွက်သွားပါတယ် အဲ့ဒီလို ကွဲထွက်သွားတဲ့ အားကြောင့် အစွန်းနှစ်ဖက်မှာ ကြီးမားတဲ့ ဗို့အားတစ်ခု ချက်ချင်း ထွက်ပေါ်လာတာပါ
(မီးခြစ်တွေမှာ နှိပ်လိုက်တဲ့ အားလေးကြောင့် ချက်ချင်း ဗို့အား ထောင်ဂဏန်းလောက်အထိ ထွက်လာပြီး လေကိုဖြတ်ကာ မီးပွားလေး (Spark) အဖြစ် ကူးသွားတာ ဖြစ်ပါတယ်)
အင်ဂျင်နီယာတွေကလည်း ပိုပြီး လည်ပါတယ် ကျောက်တုံးကို ဖိရင် လျှပ်စစ်ထွက်တယ်ဆိုရင် အဲ့ဒီ ကျောက်တုံးကို လျှပ်စစ် ပြန်ကျွေးရင်ရော ဘာဖြစ်မလဲ စမ်းကြည့်ကြပါတယ်
တကယ့်ကိုပဲ အဲ့ဒီကျောက်တုံးလေးဆီကို လျှပ်စစ် (AC) ပြန်ပေးလိုက်တဲ့အခါ လျှပ်စစ်ရဲ့ အပေါင်းအနှုတ် ပြောင်းလဲမှု (Frequency) အတိုင်း ကျောက်တုံးလေးက အလိုအလျောက် ကျုံ့လိုက် ဆန့်လိုက်ဖြစ်ပြီး အလွန်မြန်ဆန်စွာ တုန်ခါပါတော့တယ် ဒီတုန်ခါမှုကြောင့် လေကို ရိုက်ခတ်ပြီး အသံထွက်လာပါတယ်
ဒီကျောက်တုံးလေးတွေကို ကျွန်တော်တို့ နေ့စဉ်ဘဝ နေရာတိုင်းမှာ သုံးနေကြပါတယ် မီတာတွေမှာ Continuity တိုင်းရင် "တီ" ဆိုပြီး မြည်တဲ့အသံ၊ အိမ်က မိုက်ကရိုဝေ့ဖ်၊ အဲကွန်းတွေက ထွက်တဲ့ အသံလေးတွေဟာ ဒီကျောက်ပြားလေးကို လျှပ်စစ်ပေးပြီး တုန်ခါစေတာပါ (သံလိုက်နဲ့ ကွိုင် လုံးဝ မပါပါဘူး)
ကားတွေ နောက်ဆုတ်ရင် အသံမြည်တဲ့ Sensor တွေ ဆေးရုံက အာထရာဆောင်း (Ultrasound) စက်တွေဟာ ဒီကျောက်တုံးလေးကို အလွန်မြန်တဲ့ ကြိမ်နှုန်းနဲ့ တုန်ခါစေပြီး လူ့နားနဲ့ မကြားနိုင်တဲ့ အသံလှိုင်းတွေ ထုတ်လွှတ်တာပါ
ယုတ်စွအဆုံး လက်ပတ်နာရီတွေထဲမှာတောင် သလင်းကျောက် (Quartz) လေးတွေ ထည့်ထားပါတယ်
ဓာတ်ခဲကနေ လျှပ်စစ်ပေးလိုက်တဲ့အခါ သူက တစ်စက္ကန့်ကို အကြိမ်ရေ ၃၂,၇၆၈ ကြိမ် အတိအကျ တုန်ခါတဲ့အတွက် နာရီတွေကို စက္ကန့်မခြား မှန်ကန်အောင် အသုံးပြုနိုင်တာပါ
စက်ရုပ်တွေ၊ ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းတွေမှာ အသံမြည်ဖို့၊ အာရုံခံဖို့နဲ့ အချိန်ကိုက် လည်ပတ်ဖို့အတွက် ဒီ Piezoelectric လို့ခေါ်တဲ့ ဖိအားကနေ လျှပ်စစ်ထွက်၊ လျှပ်စစ်ကနေ ဖိအားပြန်ဖြစ်စေတဲ့ နည်းပညာလေးဟာ မရှိမဖြစ် အရေးပါဆုံး အရာတစ်ခုအဖြစ် တည်ရှိနေပါတယ်ခင်ဗျာ
ဘေးကင်းလုံခြုံကြပါစေ

No comments:

Post a Comment