သားသားအသက် ၁၈နှစ် မှာ ဘန်ကောက်က Raffles University တက်နေရင်း Anxiety Attack ရပါတယ်။ ကျွန်မကို ကျောင်းက ကျွန်မလိုက်လာမှဖြစ်မယ်၊ ကလေး အခြေအနေက စိတ်ပူရတယ်ဆိုပြီးအကြောင်းကြားလာပါတယ်။ အဲဒီအချိန်မှာ ကျွန်မ အဖေက ဆေးရုံတင်ထားရတယ်။ နောက် ၂ပတ်နေရင်သွားဖို့ လေယာဥ်လက်မှတ်ကလည်း ဝယ်ပြီးသားဆိုတော့ အဖေဆေးရုံကဆင်းပြီးမှ အရင် Plan အတိုင်းပဲသွားမယ်ပေါ့ ။
ကျောင်းကိုလည်း နင်တို့ပဲကြည့်ထိန်းထားပေး။ သူက ငယ်ငယ်တည်းက ဒီလိုပဲ၊ စာမေးပွဲရှိရင် ငိုတတ်တယ်၊ ခဏခဏလည်းအန်တတ်တယ််။ သူ့အဖေနဲ့ငါက အဆင်မပြေလို့ Separate ခွဲ နေကြတာမို့ ခလေး မှာ Trauma ရှိနေနိုင်တယ်။ ရန်ကုန်မှာ ရှိတုန်းက သူ့ကို Counseling Session ယူပေးဖူးတယ်။ သူ့ Counselor နဲ့ Online ကနေ ချိတ်ပေးလိုက်မယ်၊ ငါ့ အဖေက လောလောဆယ် ဆေးရုံပေါ်မှာ၊ ငါ့မှာ လူခွဲမရှိဘူး လို့ Email ပို့လိုက်တယ်။
အဲဒီအချိန်မှာ သားသား Video Call ခေါ်လာတယ်။ သူ့ကိုချော့မော့နှစ်သိမ့်ပြီး အများကြီးမတွေးနဲ့ ..သားနိုင်သလောက်လုပ်နော်..၊သားရဲ့ Counselor နဲ့ မေမေ ချိတ်ပေးမယ်လို့ပြောတော့ သားက ဘာမှမပြောဘူး၊ သူ့ကြည့်ရတာ ပြောချင်တဲ့စကားတွေအများကြီးရှိပေမဲ့ လည်ချောင်းထဲမှာ ဆို့နင့်ပြီး ပြောမထွက်ဘူး။ ပြီးတော့ သူ မျက်ရည်တွေ ကျပြီး တိတ်တိတ်လေး ငိုနေတယ်။
သူလေ..ဘာစကားမှမပြောပေမဲ့ ဖုန်းမချဘူး၊ ဒီအတိုင်းကို နာရီနဲ့ချီပြီးကိုင်ထားတယ်။ ဘာဖြစ်လို့လဲသားရယ်.. ဘာလို့ ဖုန်းမချချင်တာလဲဆိုတော့ မေမေရှိနေရင် အားရှိလို့ပါတဲ့။ အိုကေ၊ ဒါဆို သားလည်း အဲဒီဘက်မှာ သားလုပ်စရာ ရှိတာလုပ်၊ မေမေလည်း မေမေလုပ်စရာရှိတာလုပ်နေမယ်၊ ဖုန်းတော့ မချဘူး ဆိုတော့ သူကလည်း အိုကေတဲ့။ အဲလိုနဲ့ ၃နာရီကြာသွားတော့ မေမေဖုန်းချလိုက်တော့မယ်၊ ရလား ..ဆိုတော့ သူ နဲနဲ စိတ်ပြေသွားတယ်ထင်ပါတယ်။ ဖုန်းချသွားတယ်။
ဒါပေမဲ့ ကျွန်မ မသိတာက ကျွန်မကို ဖုန်းချသွားပေမယ့်သူ့ရဲ့ တစ်ဝမ်းကွဲမောင်နှမတွေကိုလည်းဖုန်းဆက်ပြီးဘာမှမပြောဘဲ အကြာကြီး ကိုင်ထားတာကိုပဲ။ ( ကျွန်မတူမလေး ပြန်ပြောပြလို့ နောက်မှသိရတာ) သူ အရမ်းကို အထီးကျန်နေလို့ ၊lonely ဖြစ်နေလို့..လို့ ထင်ပါရဲ့။
နောက်ရက်တွေမှာတော့ သူ့ကို ကျွန်မဘယ်လိုမှ ဖုန်းခေါ်လို့မရတော့ဘူး။ သူလုံးလုံး မကိုင်တော့ဘူး။ သူ Viber ကမကိုင်တော့ Discord ကခေါ်တယ်၊ မရဘူး။ သူ့ TikTok Account လိုက်ရှာတယ်။ အဲဒီမှာ သူတင်ထားတဲ့ Post တွေ့ပြီးကျွန်မခေါင်းအကြီးကြီးဖြစ်သွားတယ်။ လူ တစ်ယောက် ခေါင်းငိုက်စိုက်နဲ့ caption က End Me လို့ရေးထားတော့ ဘုရား ၊ ဘုရား လွဲပါစေ၊ ဖယ်ပါစေ။ သားရေ မလုပ်ပါနဲ့ ။ မလုပ်လိုက်ပါနဲ့ လို့ ကျွန်မစိတ်ထဲက အကြိမ်ကြိမ်တောင်းပန်နေမိတယ်။
သူ့ဆရာ ကို အကြောင်းကြားလိုက်တော့ ဆရာက သူနဲ့ တစ်တိုက်ထဲနေတဲ့ စီနီယာ တစ်ယောက်ကို သွားကြည့်ခိုင်းပေးတယ်။ သူရှိနေသေးတယ်။ သူ ဘာမှမဖြစ်ဘူး။ သူ ကျွန်မဘဝထဲက မထွက်သွားသေးဘူး။ဘုရားသိကြားမလို့ မေ့သားလေး အသက်ရှင်နေသေးတယ်။ ကျွန်မ ချက်ချင်း လေယာဥ်လက်မှတ်ပြောင်းပြီးနောက်နေ့ သူ့ဆီလိုက်သွားခဲ့တော့တယ်။
ကျွန်မလာနေပြီဆိုတဲ့အကြောင်း ၊ ရောက်မယ့်အချိန်နဲ့ ကျွန်မ ဖုန်းဆက်ရင် ဖုန်းကိုင်ဖို့ ၊ သူ့ကွန်ဒိုက Card System နဲ့မို့ သူ လာဆင်းမခေါ်ရင် ကျွန်မ အထဲဝင်လို့မရမှာမို့ဖုန်းကိုင်ပါဆိုတာ အကြိမ်၂၀လောက် စာတွေပို့ထားလိုက်တယ်။ ကျွန်မ ရောက်လို့ ဖုန်းဆက်တော့ သူ ဖုန်းကိုင်ပါတယ်။ ကျွန်မကိုလည်း ဆင်းကြိုပါတယ်။ ကျွန်မလေ လမ်းအလယ်မှာ သူ့ကို အကြာကြီး ဖက်ထားမိတယ်။
အိမ်ပေါ်ရောက်တော့ တစ်အိမ်လုံးကရှုပ်ပွ။ ဘေစင်ထဲမှာ အိုးတွေ၊ခွက်တွေ၊ပန်းကန်တွေအပုံလိုက်။ ကြမ်းပြင်က ဖုံအလိမ်းလိမ်း ၊သဲတရှပ်ရှပ်နဲ့။ အမှိုက်ပုံးထဲမှာ အမှိုက်တွေပြည့်လျံနေတယ်။ မွေ့ယာခင်းတွေကတစ်ပိုင်းတစ်စကျွတ်ထွက်နေတယ်။ခေါင်းအုံးတွေက တောင်တစ်လုံး၊ မြောက်တစ်လုံး။ ဆိုဖာပေါ်မှာ သူ့ laptop ကပွင့်လျက်သား၊ ဘေးမှာကျောင်းproject အတွက် လုပ်လက်စ စာရွက်စာတန်းတွေ ပြန့်ကျဲရှုပ်ပွနေတယ်။ တချို့ကကြမ်းပြင်ပေါ်မှာ ။
ခရီးဝေးကလာတဲ့ ကျွန်မအတွက် ခြေချစရာ နေရာမရှိ။ အိပ်ဖို့မပြောနဲ့..၊ထိုင်စရာ နေရာလေး တစ်ခုတောင်ရှိမနေ။အဝတ်လျော်စက်ထဲမှာ အဝတ်တွေအပြည့်၊ လျော်ပြီး မလှမ်းထားဘူး။ TV စင်ပေါ်မှာ Billတွေအထပ်လိုက်။ ရေခွန်၊ မီးခွန် ၊ wifi ခွန်တွေ။ ဆောင်ပြီးပြီလား မေးတော့ သူမသိဘူးလို့ပြောတယ်။ တစ်ချိန်လုံး ထိမ်းလာရတဲ့စိုးရိမ်ပူပန်စိတ်တွေ က ဒေါသအဖြစ် အသွင်ပြောင်းပြီး ကျွန်မပေါက်ကွဲထွက်တော့တယ်။
သူ့ကိုဒါလေးတောင်..ဒီလောက်လေးတောင် မလုပ်နိုင်တဲ့ လူပျော့လူညံ့အဖြစ်ပုံဖော်တယ်။ ကျွန်မကိုစိတ် ဒုက္ခပေးသူလို့ စွပ်စွဲတယ်။ ကျွန်မပိုက်ဆံတွေကိုထိုင်ဖြုန်းနေတာ၊ မိဘ ကို မသိတတ်တာ စသဖြင့် သူ နာကျင်စေမယ့်စကားလုံးတွေနဲ့ ဒေါသပုံ ထမိတော့တယ်။
သူ ကျွန်မကို ဘာမှပြန်မပြောဘူး။ မျက်လုံးချင်းလည်းမဆုံဘူး။ အရပ်၆ပေ၃လက်မနဲ့ ပေါင်၂၅၀ရှိတဲ့ သူ့ခန္ဓာကိုယ်ကြီးကိုအတတ်နိုင်ဆုံး ကျုံ့ထားတယ်။ ကျွန်မသိလိုက်တယ်၊ သူ ကျွန်မရှေ့ကနေ သေးသေးလေးဖြစ်ပြီး၊ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်နေပြီ။ သူ့မျက်နှာ တစ်ခုလုံး မျက်ရည်တွေနဲ့ရွှဲနစ်နေတယ်။သူ့ခမျာ အသံထွက်ပြီးမငိုရဲဘူး။ ပုခုံးလေးလှုပ်ပြီးတောင်မရှိုက်ရဲဘူး။
ကျွန်မ စိတ်ကို လျော့ချလိုက်ပြီး ဆောရီး သားရေ၊ မေမေ တအားစိတ်ရှုပ်သွားလို့ပါလို့ ပြန်တောင်းပန်ရတယ်။ မေမေ အခု သားနားမှာ ရှိနေပြီနော်။ သားမလုပ်နိုင်သေးတာတွေကို ကူပေးဖို့မေမေ ရောက်လာတာ။ မေမေဘာပြောထားလဲ ၊ Problem ရှိရင် Solution ရှာရမယ်လေနော်။ ကျွန်မ ပြန်ပြီး မာန်တင်းလိုက်ရတယ်။ ငါသူ့ကို အပြစ်ပြောနေရုံနဲ့ ဒီပြဿနာတွေ မပြေလည်သွားဘူး။
ကျွန်မလဲပြိုနေလို့ မဖြစ်တာမို့ လောလောဆယ် ခြေချလို့ရအောင် ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတာတွေအကုန်ကောက်ပြီး ခုတင်ပေါ်တင်လိုက်တယ်။ ပြီးတော့ ဖုန်တွေ၊သဲတွေလှဲထုတ်၊ ပြည့်နှက်နေတဲ့ အမှိုက်ပုံးထဲက အမှိုက်အိတ်ကို စုစည်းပြီး အပြင်ထုတ်၊ နောက် အမှိုက်အိတ်တစ်လုံးစွပ်နဲ့..။ နည်းနည်းခြေချစရာရှိလာတယ်။ သူ့ရဲ့ကုတင်ပေါ်ကျွန်မပစ်တင်ထားသမျှတွေ ပြန်ယူ၊ အမျိုးအစားခွဲပြီးသူ့နေရာနဲ့သူထားသို၊ ပြီးတော့ အိပ်ရာခင်းစွပ် အသစ်ရှာပြီး ခင်းပေးလိုက်တော့ အိပ်စရာ နေရာလေးလည်း အဆင်ပြေသွားပြီမို့ ဆိုဖာပေါ်ထိုင်ငူငိုင်နေတဲ့ သူ့ကို ကုတင်ပေါ် တက်အိပ်ဖို့ ပြော လိုက်တယ်။ စိတ်ထဲမှာတော့တနုံ့နုံ့နဲ့ ကြည့်စမ်း အမေကို တချက်လေးမှကူဖော်မရဘူး။ ငါ မနားတမ်းလုပ်နေတာကို သူ ဒီအတိုင်း ထိုင်ကြည့်နေတာ ဆိုပြီး ဒေါမနသ တွေ ပွားလာပြန်တယ်။
ကိုယ့်ဒေါသကိုယ် ဘရိတ်အုပ်ပြီးပဲ ချွတ်ထားတဲ့ မွေ့ယာခင်းတွေ ၊ အဝတ်ခြင်းတောင်းထဲက မလျော်ရသေးတဲ့အဝတ်တွေစုပြီး လျော်ဖို့ လုပ်ရတယ်။ အဝတ်လျော်စက်ထဲက လျော်ပြီးသားအဝတ်တွေဆွဲထုတ်တော့ Overload နဲ့ လျော်ထားတာ ထင်တယ်။ ပြည့်ကျပ်နေပြီး အဝတ်လျော်စက်က မလှည့်နိုင်တော့ ဆပ်ပြာတွေလည်း မပြောင်၊ ဂျီးတွေလည်း မပြောင်မို့ တဝက်လောက်ဆွဲထုတ်ပြီး အစကနေ ပြန်လျော်ရတယ်။ လုပ်နေရင်းတန်းလန်းနဲ့လည်းအဝတ် ဆိုတာ ဒီလို မလျော်ရဘူး၊ အဝတ်လျော်စက်မှာ KG ဘယ်လောက်ပဲ လျော်လို့ရတယ်ဆိုတဲ့ Capacity ကိုကြည့်ပြီး လျော်ရကြောင်း ၊ များသွားရင် စက်ပျက်တတ်ကြောင်း၊ စက်ပျက်သွားရင် လျော်ရမှာဖြစ်ကြောင်း၊ လျော်ရရင် ပိုက်ဆံအလဟဿဖြုန်းတာနဲ့တူကြောင်း၊ သား မသိရင် You Tube မှာ သွားကြည့်ပြီးလျော်လေ ဆိုပြီး လက်ချာရိုက်သမျှကို ဒီအတိုင်းပဲ မလှုပ်မယှက်နားထောင်နေပါတယ်။
ဘေစင်ထဲက အိုးခွက်ပန်းကန်တွေကို အကုန်ဆေးကြောပြီး မီးဖိုချောင် လှည့်ပတ် ကြည့်လိုက်တော့ ထမင်းအိုးထဲမှာ ထမင်း တစ်လုံး ချက်ထားတယ်။ Air Fryer ထဲမှာ Chicken Nuggets တွေ ကင်ထားတာတွေ့တယ်။ ရေခဲသေတ္တာ ဖွင့်ကြည့်တော့ ရေတွေ ၊အအေးတွေ ၊နို့ဗူးတွေ၊ ကြက်ဥနဲ့ ပေါင်မုန့် တွေ ဖြည့်ထားတယ်။ ကျွန်မကြိုက်တတ်တဲ့ အနံ့မွှေးတဲ့ဖယောင်းတိုင်တွေ ဝယ်ထားတာ၊ အခန်းမွှေးအောင် Air Freshener ဗူးတွေ ဝယ်ဖျန်းထားတာ သတိထားမိလာတယ်။
အို မေမေ့ ကလေးလေးရယ်.. ဒါ သားသားမေမေ့ကို ကြိုဆိုတာပေါ့နော်။ သူတတ်သလောက်မှတ်သလောက် အားထုတ်ထားတာတွေ အသိအမှတ်အပြု မခံရပဲ အပြစ်တွေပဲ အပြောခံရတဲ့အခါ သူ ဘယ်လောက်တောင် နာကျင်လိမ့်မလဲ။ ကျွန်မ သူ့ဆီအပြေးသွားပြီး ဖက်ထားလိုက်တယ်။ I am sorry.. I am really really sorry. I didn’t mean it. လို့ အကြိမ်ကြိမ် အထပ်ထပ် ပြောမိပေမယ့် ကြမ်းကျွံရင်သာ နှုတ်လို့ရမယ်၊ စကားကျွံရင်တော့ နှုတ်လို့မရဘူး မဟုတ်လား။ ကျွန်မရဲ့ စကားမြှားတွေက သူ့ကို စူးနစ်နေပြီးသားမို့ အဲဒီတစ်ညလုံး ကျွန်မကို ကျော ခိုင်း အိပ်ပြီး ငိုနေတော့တာ။
ဒါက သူ့ရဲ့ ADHD journey ရဲ့အစပါ ။ အဲဒီအချိန်မှာ သူ့ရဲ့ ADHD အကြောင်း တစွန်းတစတောင် ကျွန်မ သိမနေသေးပါ။ ဒီအကြောင်းတွေ ပြန်ရေးရတာ ကျွန်မအတွက်ခက်ခဲလွန်းတာမို့ ဒီမှာ ခတ္တရပ်နားပါရစေရှင်။
(ကျွန်မရဲ့ သားလေးက ADHD Inattentive Type+mild Autism (Asperger’s) ပါ။ အဲလိုAutism နဲ့ADHD တွဲရင် ဘယ်လိုလက္ခဏာ ဆိုတာကို သက်သက် post တင်ပြီးပြောပြပါမယ်။ )
ကျွန်မကချမ်းမြချောပါ။ ADHD သားလေးတစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်။
No comments:
Post a Comment