ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း
လူကြီး မဖြစ်ခင် လေ့ကျင့်ပြင်ဆင်ပေးသင့်တဲ့ စွမ်းရည်တွေထဲမှာ အရေးအကြီးဆုံး တစ်ခုက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပါပဲ။
မိဘတွေ၊ ဆရာတွေ၊ မိသားစုဝင်တွေရဲ့ ကူညီထိန်းကျောင်းမှု မပါဘဲ
■ ကိုယ့်ကိုယ်ကိုယ် စည်းတွေဘောင်တွေချပြီး တိတိကျကျ လိုက်နာနိုင်တာမျိုး
■ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲ ကျင့်သုံးနိုင်တာမျိုးပါ။
အလွယ်ပြောရမယ် ဆိုရင်တော့
■လုပ်ချင်ပေမဲ့ မလုပ်သင့်တာကို မလုပ်တာမျိုး
■ မလုပ်ချင်ပေမဲ့လည်း လုပ်သင့်တာကို လုပ်နိုင်တာမျိုးပါ။
မိဘနဲ့ ရင်အုပ်မကွာ ရှိနေသရွေ့ မသိသာပေမဲ့ မိသားစုနဲ့ ခွဲပြီး ထားရတဲ့အခါ အင်မတန် လိုအပ်တဲ့ အရည်အချင်း တစ်ခု ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ထိန်းတယ်ဆိုရာမှာလည်း အပြောအဆို၊ အပြုအမူတွေကစလို့ အတွေးတွေ၊ စိတ်ခံစားမှုတွေအဆုံး အကုန် အကျုံးဝင်ပါတယ်။
ကလေးတို့ရဲ့ နေ့စဥ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရခက်တာတွေ အများသားပါ။
■ဒေါသ မကြီးမိအောင်
■သူငယ်ချင်းတွေ၊ မောင်နှမတွေနဲ့ ရန်မဖြစ်မိအောင်
■မတည့်တာတွေ မစားမိအောင်
■မုန့်ဖိုးတွေ အများကြီး မသုံးမိအောင်
■အချိန်မဆွဲမိအောင်
■ဂိမ်းတွေ အကြာကြီး မကစားမိအောင် စသဖြင့်
စိတ်အလိုဆန္ဒတွေ၊ သာယာမှုတွေကို ငြင်းဆန်ရတာ၊
ကိုယ့်ကိုယ်ကိုယ် တားဆီးရပ်တန့်ရတာ
ကလေးတို့အတွက် မလွယ်ပါဘူး။
■ ညစောစောအိပ်ပြီး မနက်စောစော ထဖြစ်အောင်
■ အိမ်စာတွေ အချိန်မီ ပြီးအောင်
■ ရောင်စုံ အသီးအရွက်တွေ စားဖြစ်အောင်
■ ညတိုင်း ပုံမှန် စာကြည့်ဖြစ်အောင်
■ တစ်ကိုယ်ရေ သန့်ရှင်းအောင်
စသဖြင့်
မကြိုက်ပေမဲ့လည်း လုပ်ကိုလုပ်ရမယ့်အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် တွန်းနိုင်ဖို့၊ ခိုင်းနိုင်ဖို့ ဆိုတာလည်း motivation တွေ အများကြီး လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ရေရှည် ထိန်းချုပ်နိုင်ဖို့ဆိုတာ ကလေးမှာ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ အများကြီး လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိလာအောင် ဘယ်လို လေ့ကျင့်ပေးရမလဲ????????
အမှန်/ အမှား ခွဲခြားသိနိုင်တဲ့ ဥာဏ်ရည်၊
ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်း၊
အကျိုးအကြောင်း ဆက်စပ် တွေးခေါ်နိုင်စွမ်းတွေ ရှိဖို့ လိုပါတယ်။
ကိုယ့်အန္တရာယ်ကိုယ် သတိပြုတတ်၊ ရှောင်ရှားတတ်ရပါမယ်။
ကိုယ့်ကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာတွေ၊ လူတွေနဲ့ ခပ်ဝေးဝေးမှာ နေနိုင်ရပါမယ်။
အသက်အရွယ်နဲ့ လိုက်လျော ညီထွေရှိမယ့် စည်းကမ်းတွေကို လိုက်နာခိုင်းရပါမယ်။
ဘာကြောင့် ဒီစည်းကမ်းကို လိုက်နာဖို့ လိုသလဲ ဆိုတာ ကလေးကို အမြဲ စိတ်ရှည်လက်ရှည် ရှင်းပြပေးသင့်ပါတယ်။
စည်းကမ်းသတ်မှတ်ပြီးရင်လည်း တသမတ်တည်း ထားရပါမယ်။ ဒီနေ့ တင်းလိုက်၊ နောက်နေ့ လျှော့လိုက် မလုပ်ရပါဘူး။
ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကစားရင်တောင် ကစားပွဲရဲ့ စည်းကမ်းတွေကို အလေးအနက် ထားတတ်အောင် သင်ပေးရပါမယ်။
စည်းကမ်းလို့ တိတိကျကျ သတ်မှတ်ထားတဲ့ ပြဌာန်းချက်တွေ၊ မဖြစ်မနေ လိုက်နာရတဲ့ ကိုယ်ကျင့်တရားတွေ ရှိသလို လူပီသဖို့၊ လူသားဆန်ဖို့ ဖြည့်ဆည်းရတဲ့ လူ့ကျင့်ဝတ်တွေကိုလည်း အခွင့်ကြုံတိုင်း လက်တွေ့ သင်ကြားပေးသင့် ပါတယ်။
ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ကာကွယ်ရင်း သူတပါးကိုလည်း မထိခိုက်အောင် စောင့်ထိန်းနိုင်ဖို့ သင်ကြားပေးကြရမှာပါ။
ကိုယ့်စိတ်ကိုယ်ထိန်းနိုင်အောင်လည်း ငယ်ငယ်ထဲက ဂရုတစိုက် လေ့ကျင့်ပေးခဲ့သင့်ပါတယ်။
ပေါက်ကွဲပြီး ဖွင့်ထုတ်တဲ့ ပုံစံမျိုးကို အားမပေးရပါဘူး။
စိတ်ခံစားမှုတွေ ပြင်းထန်လွန်းရင် အသက်ရှူလေ့ကျင့်ခန်းတွေ၊ စိတ်ထိန်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။
ကလေးကို သိပ်အလိုလိုက်လွန်းရင် ဖျက်ဆီးသလို ဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်ထဲက ဆန္ဒတွေ၊ လောဘတွေ၊ ဒေါသတွေကို ထိန်းနိုင်အောင် အလေ့အကျင့် လုပ်ပေးထားသင့်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သနားလွန်းနေတာမျိုး၊ စိတ်ပျော့လွန်းတာမျိုး၊ စိတ်အလိုလိုက်လွန်းတာမျိုးတွေ ကလေးမှာ ပေါ်လာရင် အချိန်မီ ပြုပြင်ပေးသင့်ပါတယ်။
ကလေးတွေက ငယ်တုန်းမှာ ကိုယ့်ခံစားချက်တွေ၊ ကိုယ့်ဆန္ဒတွေကိုပဲ ဗဟိုပြုပြီး နေကြတာ များပါတယ်။ ကိုယ့်ကြောင့် တခြားသူ မထိခိုက်အောင်ဆိုတာမျိုး ထည့်မတွေးတတ်ပါဘူး။ လူကြီးက ပြောပြပေးမှ တခြားသူတွေကို စာနာတတ်၊ ထည့်တွက်တတ် လာတာပါ။
တစ်ခုခု မပြောခင်၊ မလုပ်ခင် စဥ်းစား ချင့်ချိန်တဲ့ အလေ့အကျင့် လုပ်ပေးရပါမယ်။
စိတ်လိုက်မာန်ပါ မတုံ့ပြန်မိခင် ကိုယ့်ကိုယ်ကိုယ် ချော့တတ်ဖို့၊ နှစ်သိမ့်အားပေးတတ်ဖို့၊ အာရုံလွှဲတတ်ဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူ၊ အကောင်းမြင် တန်ဖိုးထားတတ်သူတွေပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်ဖို့ ကြိုးစားကြတာပါ။
မိဘတွေ ကိုယ်တိုင်ကလည်း ကလေးကို ယုံကြည်မှုတွေ ပေးရပါမယ်။
ရွေးချယ် ဆုံးဖြတ်ခွင့်တွေ၊ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ပေးရပါမယ်။ ကလေး တစ်ယောက်နဲ့ တစ်ယောက် လွတ်လပ်မှုကို ခံနိုင်ရည်ရှိပုံချင်း မတူတဲ့အတွက် ကိုယ့်ကလေးရဲ့ အသိဥာဏ်နဲ့ ရင့်ကျက်မှုပေါ် မူတည်ပြီး တဖြည်းဖြည်း တိုးပေးသွားသင့်ပါတယ်။
Peer pressure ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ ကလေးတွေ အများကြီးပါ။
အပေါင်းအသင်းကောင်းဖို့ အင်မတန် အရေးကြီးပါတယ်။
အများလုပ်တိုင်း လိုက်မလုပ်ဘဲ လိုအပ်လာရင် No ပြောရဲအောင်၊ No ပြောဖို့ အားမနာအောင် လည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။
ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေ၊ ပန်းတိုင်တွေကို ရှင်းရှင်းလင်းလင်း သိထားမှ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ထိန်းကျောင်းနိုင်မှာပါ။
ကလေးရဲ့ ရည်မှန်းချက်တွေအတွက် အချိန်ပေးပြီး ဆွေးနွေးပေးပါ။ဖြစ်ချင်တာတွေကို ချရေးခိုင်းပါ။ ဘယ်လို ပြီးမြောက်အောင် လုပ်မလဲဆိုတာ အသေးစိတ် plan တွေ ဆွဲခိုင်းပါ။
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဆင့်ချင်း၊ တစ်ကန့်ချင်း ဖြေရှင်းတဲ့ အလေ့အထကို သင်ကြားပေးပါ။
ကလေးကိုယ်တိုင် ဖြေရှင်းဖို့ အခွင့်အရေး ပေးပါ။
မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။
ကလေးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်လို့ ချိီးကျူးခံရရင်ကိုပဲ
■ ဥာဏ်ပညာရှိတယ်
■ ရင့်ကျက်တယ်
■ စိတ်ဓါတ် ကြံ့ခိုင် သန်မာတယ်
■ ဇွဲကောင်းတယ်
■ စိတ်အားထက်သန်မှု ရှိတယ် စတဲ့ အရည်အချင်း တော်တော်များများကို ကိုယ်စားပြုပါတယ်
မိဘကို ကြောက်လို့၊ မလွန်ဆန်နိုင်လို့ လိမ္မာနေတာမျိုးထက် ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားပြီး
ကိုယ့်စိတ်ကိုယ်နိုင်ပြီး
ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ သားသားမီးမီးတို့ ဖြစ်လာအောင် ကျွန်မတို့ အများကြီး ကြိုးစားကြရမှာပါ။
ဒေါက်တာ မေမွန်
မတ် ၁၂၊ ၂၀၂၅