Friday, February 27, 2026

သတ္တိ ၃ဖြာ

 လမ်းမှာ သွားရင်းလာရင်း ဘာမှမဟုတ်ပဲ အဆဲခံရတာ ရန်စခံရတာမျိုးတွေ ခဏခဏ ကြုံဖူးတယ်။ အရင်ခေတ်တုန်းက ကိုယ့်ဟာကိုယ် ကားမောင်းသွားတာ ဟိုင်းလပ်လိုင်းကားတစ်စီးက အတင်း ကျော်တက်ပြီး ဖင်နဲ့ရမ်းတာမှာ ကားကို အသာလေး ဘေးကို တိမ်းလိုက်ရတာမျိုးလဲ ရှိတယ်။ သူ့ကားကို ကျော်တက်ခဲ့လို့ နေမှာပေါ့။ အမှန်က ကိုယ့်လမ်းကို သွားတာမှာ သူ့ကို ကျောတယ် ထင်သွားလား မသိဘူး။ အရင်ခေတ်က အဲဒါမျိုးတွေ ရှိတယ်။

ဘာကြောင့်မှန်းမသိ ကုန်ကားတစ်စီးက အနောက်က လိုက်လာပြီး ကိုယ့်ကားရှေ့ လာရပ် ကားပေါ်ကနေ ဆဲတာမျိုးလဲ ရှိတယ်။ ဘာမှ ပြန်မပြောပဲ ဘေးက ပတ်မောင်း ထွက်လာခဲ့လိုက်တယ်။ သူတို့ ဘာတွေ စိတ်တိုနေမှန်းလဲ မသိပါဘူး။
အဲလို ကိုယ်က ပြန်ရန်မလုပ်ပဲ ရှောင်ရှောင်လာတာမှာ သူတို့ကတော့ ကိုယ့်ကို သတ္တိမရှိဘူး၊ လူကြောက်ပါကွာ ဆိုတာမျိုး ထင်ပြီး သူတို့ကို သူတို့ သိပ်သဘောကျနေကြမယ် ထင်ပါတယ်။ သူတို့အပေါင်းအသင်းတွေကို ငါ ဒီနေ့ ဘယ်လို ဖြဲလာတာ ဆိုတာမျိုးလဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောကောင်း ပြောကြပါမယ်။
Facebook ပေါ် post လေးတွေ ထွေလီကာလီ တင်တာမှာ တစ်ချို့သော သူများက ဘာကြောင့်ရယ်မသိ ခုနကလို အကြောင်းမဲ့ တိုက်ခိုက်တာမျိုးတွေ ကြုံပါတယ်။ တစ်ခါတစ်လေ တစ်ချို့ကတော့ မသိမသာပေါ့၊ တစ်ချို့ကတော့ နာမည်တပ်ပြီးတော့ကို ပြောတာပါ။ engineering တွေ ပြောတာမှာ တစ်ချို့ concepts တွေက ဥဒါဟရုံ သက်သက်တွေပါ။ ဟူသော်ရ၏ ဆိုတာမျိုးတွေ၊ မယူလဲ ဘာမှ မဖြစ်။ ခုံတော်မောင်ကျဘမ်းတို့လို အိမ်မှာရှိတော့ အိမ်မြောင်၊ ကျောင်းမှာရှိတော့ ကျောင်းမြောင်၊ လက်ထဲရှိလို့ လက်မြောင်ဆိုပြီး စကားတွေ ကပ်သပ်နေတာမျိုးတွေကို ပြန်ပြောပြဖို့ တော်တော်ခက်ပါလိမ့်မယ်။ ခုံတော်မောင်ကျဘမ်းလဲ ရှင်ဥတ္တမကျော်နှင့် တွေ့တော့ ခံရတာပါပဲ။
သတ္တိ ၃ဖြာ ဆိုတာကို မှတ်သားဖူးတယ်။ ကာယသတ္တိ၊ ဉာဏသတ္တိ နှင့် စရဏသတ္တိပါ။ ကာယသတ္တိ ဆိုတာကတော့ ကိုယ်ကာယ ထွားကျိုင်းသန်မာလို့ သတ္တိရှိတာ၊ ဉာဏသတ္တိ ဆိုတာကတော့ ဉာဏ်ပညာကြီးမားလို့ သတ္တိရှိတာ၊ စရဏသတ္တိ ဆိုတာကတော့ အကျင့်စာရိတ္တနှင့် ဆိုင်တဲ့ သတ္တိပါ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားမြင့်မားရာက ထွက်လာတဲ့ သတ္တိမျိုးပါ။ ဆင်ခြေတုံတရားနှင့် ဒါလုပ်လိုက်ရင် အကျိုးယုတ်ဖို့ပဲ ရှိတယ်၊ ဘာမှ အကျိုးမရှိဘူး။ ဒေါသကို ချုပ်တည်းပြီး သည်းခံလိုက်နိုင်တာကလဲ အစွမ်းသတ္တိ တစ်မျိုးပါပဲ။ အဲဒီ သတ္တိမျိုးက ထင်သာမြင်သာတဲ့ ကာယသတ္တိ၊ ဉာဏသတ္တိတို့ထက် ပိုမိုခက်ပြီး ပိုမိုမြတ်တဲ့ သတ္တိပါ။

No comments:

Post a Comment