Wednesday, March 4, 2026

ရတနာနတ်မယ်ပြန်ရေးတဲ့အာဏာရှင်ကြီးဇာတ်လမ်း

 ရောက်တတ်ရာရာများ (၈)

မြန်မာပြည်အာဏာသိမ်းသမိုင်းကြောင်းနဲ့ ကမ္ဘာ့အစီအစဉ် ကြီးအကြောင်း ကြီးကြီးကျယ်ကျယ်တွေရေးပြီးတော့ ပေါ့ ပေါ့ပါးပါးလေး ရောက်တတ်ရာရာ ဆက်ပြောတာပေါ့။
တကယ်တော့ ရောက်တတ်ရာရာတွေ စပြီး တွေးဖြစ်၊ ရေးဖြစ်သွားတာက ရတနာနတ်မယ် [June Rose Bellamy] ရဲ့ “Le Mie Nove Vite”ဆိုတဲ့ သူ့ကိုယ်တိုင်ရေး အတ္ထုပတ္ထိ စာအုပ်ကိုလက် ဆောင်ရလို့ အဲ့စာအုပ်ဖတ်ရင်း ဟိုတွေး၊ဒီတွေး ရင်းကနေ စရေးဖြစ်တာပါ။
ရတနာနတ်မယ်ရဲ့စာအုပ်က ထွက်တာ​က​တော့၂၀၂၀ထဲကထွက်တာပါ၊ ဒါပေမဲ့လူတွေသိပ်သတိမထားမိကြဘူး။ အီ တလီဘာသာနဲ့ဖြစ်တာရယ် အင်္ဂလိပ်ဘာသာပြန် မရှိသေး တာရယ်ကြောင့် သတိမထားမိကြတာဖြစ်မယ်။ Le Mie Nove Vite ဆိုတော့ အဓိပ္ပာယ်က​တော့ “ကျမရဲ့ဘဝကိုးခု” ပေါ့။ [အင်္ဂလိပ်ဘာသာပြန်ထွက်လာရင်​တော့ ဘာသာပြန် ဆရာ​တွေလဲ ဗမာဘာသာပြန်ကြမှာပါ။]
ဒီစာအုပ်ထဲမှာ ဗိုလ်နေဝင်းနဲ့ အကြောင်းတွေကို အတွင်းကျ ကျရေးသားထားမယ်လို့ မျှော်လင့်ရပေမယ့်လည်းတကယ် တမ်းကျတော့ အခန်းတိုလေးတခုပဲ ပါပြီး သိပ်တော့ မထူး ခြားလှပါဘူး။
သူတို့နှစ်ဦး လက်ထပ်ပြီး ၅ လ​လောက် အကြာ စလည်ဝင်အိုး ဖင်မမဲခင်ကွဲတဲ့”အကြောင်းလောက်ပဲ အဓိက စိတ်ဝင် စားစရာရှိမယ်ထင်ပါတယ် ။ ဘာလို့လဲဆို​တော့ ဗိုလ်နေဝင်းနဲ့ ရတနာနတ်မယ်ကွဲကြရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အ ပြင်မှာ ကောလာဟလတွေ၊ ထင်ကြေးတွေကမျိုးစုံဖြစ်ခဲ့ကြတာကိုး။
ကြားရတတ်တဲ့ ကောလာဟလတမျိုးကတော့ ရတနာနတ် မယ်ဟာ စီအိုင်အေသူလျှိုဖြစ်လို့ ဗိုလ်နေဝင်းက ကွာလိုက် တာဆိုတဲ့ဇာတ်လမ်းပါ။ ရတနာနတ်မယ်ကတော့ဒီကောလာ ဟလဟာ စစ်ထောက်လှမ်ရေးက လွှင့်တဲ့လံကြုတ်သက် သက်လို့ ငြင်းပါတယ်။
သူ့ရဲ့ရေးသားချက်အရတော့ အဓိက ကွဲကြတာ ညစာစားပွဲ တခုမှာဖြစ်တဲ့ပြသနာကြောင့်ပါ။ ဗိုလ်နေဝင်းက ဂျပန်ခေတ် က သူ့မိတ်ဆွေ​ဟောင်း ကာတာဂျီမာကို အိမ်မှာ ညစာစားပွဲ တည်ခင်းဧည့်ခံနေရင်း စီးပွါးရေးသီအိုရီတွေနဲ့ပတ်သက်ပြီး ဟိတ်တလုံးဟန်တလုံး ပြောနေချိန်မှာ ရတနာနတ်မယ်က “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ကြည့်ရမယ်ဆို ရင်တော့ ရှင်ဟာ စီးပွါးရေးအကြောင်းတွေ ဘာတွေပြောဖို့ အသင့်တော်ဆုံးလူမဟုတ်ဘူး”လို့ ခနဲ့တဲ့တဲ့ပြောချလိုက်တဲ့ အခါ ဒေါသကုမ္မာရ ဗိုလ်နေဝင်းတယောက် ယမ်းပုံမီးကျ ဖြစ်ပါလေရော၊
တကယ်တော့လဲ ရတနာနတ်မယ် ပြောလဲပြောချင်စရာပါ။ တိုင်း ပြည်က ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေချိန် သူ က ဟန်ကြီးပန်ကြီးနဲ့ စီးပွါးရေးသီအိုရီတွေ ပြောနေတာကိုး။ ဒါလဲ ဗမာစစ်ဗိုလ်တွေရဲ့ဝသီဖြစ်မလားပဲ။ သူတို့ အကုန်သိ အကုန်တတ်လို့ထင်ကြတာကိုး။ ဒါကြောင့်လဲဒေးဗစ်စတိုင်း ဘတ်က မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကို တခြားနိုင်ငံက စစ်အာဏာရှင်တွေနဲ့ နှိုင်းယှဉ်ပြီး “ဗမာပြည်ကစစ်ဗိုလ်ချုပ် တွေဟာ သူတို့ ဘာကို မသိဘူးလဲဆိုတာကို ကောင်းကောင်း မသိဘူး”လို့မှတ်ချက်ရေးဖူးတယ်။
ဥပမာ-ပတ်ချုံဟီးက သူတို့စစ်ဗိုလ်ချုပ်တွေဟာ စီးပွါးရေးအကြောင်းကို မသိဘူးဆိုတာကို သဘောပေါက်တဲ့အတွက် စီးပွါးရေးပညာရှင်တွေကိုပြန်ခေါ်ပြီး တောင်ကိုရီးယား စီး ပွါးရေးကိုလည်ပတ်မောင်းနှင်ခဲ့တယ်။ ဗိုလ်နေဝင်းကတော့ စီးပွါးရေးသီအိုရီတွေကိုဟန်ကြီးပန်ကြီးနဲ့ ပြောနေရင်းတိုင်း ပြည်က မွဲသထက်မွဲသွားတာပါပဲ။
စကားပြန်ဆက်ရရင် ဗိုလ်နေဝင်းလဲ ယမ်းပုံမီးကျပြီး အနား က ဆေးလိပ်ခွက်နဲ့ ရတနာနတ်မယ်ကို ကောက်ပေါက်ပါ လေရော။ ရှောင်လိုက်​ပေမယ့် ပါးရိုးကို ထိသွားတယ်။ ဒါကို မကျေနပ်သေးဘဲ ပြေးပြီးရိုက်နှက်ထိုးကြိတ်ဖို့ ပြင်တဲ့အခါ သူ့ကိုယ်ရေးအရာရှိတွေက ဝိုင်းဆွဲကြရတာပေါ့။ အဲ့ဒီအခါ ထောက်လှမ်းရေးမျက်မှန်ကြီးတင်ဦးက ရတနာနတ်မယ်ကို ခေါ်ပြီး နိုင်ငံခြားရေးရုံးက ဦး​လေး​မောင်ရဲ့အိမ်ကို လိုက်ပို့ပေးပြီး အဲ့ဒီမှာ ညအိပ်နေစေပါတယ်။
နောက်နေ့ကျတော့ စန္ဒာဝင်းလိုက်လာပြီးပြေရာပြေကြောင်း ပြောတာပေါ့။ “ဖေဖေက ခုတလော စိတ်မတည်မငြိမ်နဲ့စိတ် တိုနေလို့ပါ။ ယောကျာ်းဆိုတာက ဒေါသကြီးတာဖြစ်တတ် ပါတယ်။ ကျမအမေတုန်းကဆိုရင်လဲ သူ ဒါမျိုးလုပ်ခဲ့တာ ဘယ်နှစ်ခါမှန်း​တောင်မသိပါဘူး၊ ခွင့်လွှတ်​ပေးလိုက်ပါ” ဆို ပြီးပြောတာပေါ့။
ရတနာနတ်မယ်ကတော့ “ညဉ်းအမေကိုဘယ်လိုလုပ်ခဲ့တယ် ဆိုတာနဲ့ ငါနဲ့မဆိုင်ဘူး။ ငါတော့ ဆက်မပေါင်းနိုင်တော့ဘူး ဆိုပြီး အပြတ်ဖြတ်ပါတော့တယ်။ နောက်ဆုံးတော့ ရတနာ နတ်မယ်လည်း လန်ဒန်ကိုထွက်သွားပါတယ်။ သူ့ရဲ့ပါးရိုးက တော့ ခွဲစိတ်ကုသဖို့လိုတဲ့အတွက် လန်ဒန်မှာ ခွဲစိတ်ကုသခဲ့ရပြီး လိုအပ်တဲ့ ပိုက်ဆံကိုတော့ လန်ဒန်က မြန်မာသံရုံးကနေ တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ သူတို့နှစ်ဦးရဲ့ ဇာတ် လမ်းတခန်းရပ်သွားခဲ့ပါတယ်။
ဒါကတော့ ရတနာနတ်မယ်ပြန်ရေးတဲ့ဇာတ်လမ်းပါ။ ဘယ် လောက်ထိမှန်မမှန်ဆိုတာတော့တခြားမှတ်တမ်းတွေနဲ့တိုက် ဆိုင်ကြည့်ဖို့ခက်လို့ ပြောရခက်ပါတယ်။ ကြေးမုံဦးသောင်း ကတော့ ဆေးလိပ်ပြာခွက်နဲ့ပစ်ခံရပြီး မျက်နှာထိလို့လန်ဒန် ထွက်သွားပြီး ကွာလိုက်တယ်လို့ရေးဖူးပါတယ်။ ရောဘတ် တေလာကတော့ ညစာစားပွဲမှာ ကိုယ်ထိလက်ရောက် ရန် သတ်ကြလို့ နှစ်ယောက်စလုံး ဒဏ်ရာတွေရကြပြီး ကွဲတယ် လို့ရေးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရတနာနတ်မယ်ရေးတဲ့အဖြစ်သာ မှန်ရင် တော့ အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရပြီး လူတ ကာထက် ခေါင်းတလုံး ပိုမြင့်တယ်လို့ အထင်ရောက်နေတဲ့ အာဏာရှင်ကြီးကိုလူကြားထဲမှာ “တိုင်းပြည်ဒီလောက်ဆင်း ရဲနေချိန်မှာ ရှင်ဟာစီးပွါးရေးအကြောင်းတွေပြောရလောက် တဲ့ အဆင့်မရှိဘူး”ဆိုတာမျိုး ပြောချပစ်လိုက်တဲ့ စကားက တော့ အ​တော်​ပြောင်​မြောက်တယ်လို့​ပြောရမှာပါပဲ။အာဏာ ရှင်ကြီး အရှိုက်ထိမယ် ဆိုလဲ ထိ​လောက်ပါ​လေရဲ့။

No comments:

Post a Comment