Saturday, November 1, 2025

ဝက်ရိုးဟင်းချို

 ဝက်ရိုးဟင်းချို


ဝက်ရိုး ဂျင်း ကြက်သွန်ဖြူဥ ရေ
သကြား ဆား ကြက်သားမှုန့်
ထည့်ပြီး ၂နာရီလောက် တည်ပါ ။
စားခါနီးမှ မုန်ညင်းရွက်ထည့်လိုက်ပါ ။
ဒါမှ စိမ်းစိမ်းလေးနဲ့ စားလို့ပိုကောင်းမှာပါ ။
ကြေးအိုး ဟင်းရည် ချက်နည်းနဲ့ ဆင်တူပါတယ် ။
နောက်ဆုံး ငရုတ်ကောင်း ခပ်ပါ ။

ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချို

 ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချိုပါ


ကြက်ခြေထောက်/အရိုးတွေကို၁၀မိနှစ်လောက်ပြုတ်ပြီး
ရေအေးနဲ့သေချာပြန်ဆေးပြီးမှ အရသာမှုန့်ရယ်
ဂျင်းကြက်သွန်ဖြူညက်ညက်ထောင်းပြီး နူးအိအောင်တစ်ခါထပ်ပြီးပြုတ်ပါတယ် ပြီးမှ ဘူးသီးမထူမပါးလှီးထားတာတွေ ထည့်ပါတယ်
အရေနဲ့ အရသာ ကတော့ ကိုယ့်စိတ်ကြိုက်ထပ်ထည့်သွားပါ
​ဆီလုံးဝမထည့်ပါဘူး
ကြာဇံထည့်လိုက
ဘူးသီးနဲ့အတူ ရောထည့်ပါ

ပဲဝါလေးဟင်းချို

 ပဲဝါလေးဟင်းချို


ပဲကြာဇံကို ၁၅မိနစ်ခန့် ကြိုတင်ရေစိမ်ထားပေးပါ။ ကြက်သွန်ဖြူ ဂျင်းထောင်းထားပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်း ပဲဝါလေးနဲ့ စားနိုင်မယ့်ရေပမာဏအားထည့်ပြီး ပဲအစေ့ပျော့သည်အထိ တည်ပေးပါ။ နောက်ဆုံးမှ ဆား အရသာမှုန့် နှင့် ပဲကြာဇံထည့်ပါ။ အရသာစိတ်ကြိုက်ပြင်ဆင်ပါ။

မုန့်ညှင်းဟင်းချို

မုန့်ညှင်းဟင်းချို

ပါဝင်ပစ္စည်း
မုန့်ညှင်း
ကြက်သွန်နီ
ပုစွန်ခြောက်မှုန့်
ဆား

-မုန့်ညှင်းရွက်လေးတွေကို ချွေပြီး ဆားအနည်းငယ်ထည့်ပြီး ရေမြုပ်သည်ထိ ၅မိနစ်လောက်စိမ်ထားပါမယ် (ဟင်းသီးဟင်းရွက်တိုင်းလိုလို အဲ့လိုလေး ဆားစိမ်ပြီးမှ ရေသေချာဆေးချက်ဖြစ်ပါတယ်)

-အိုးပူထဲကို ဆီလေးအနည်းငယ်ထည့်ပြီး ပူလာလျှင် ကြက်သွန်နီလေးနွမ်းထိ ဆီသပ်လိုက်ပါမယ်
-ဟင်းချိုအရည် ချက်မှာမို့ ရေများများလေးထည့်ပြီး ဆုပွတ်တဲ့ထိ တည်ထားပါမယ်
-ရေဆူလာရင် မုန့်ညှင်းလေးတွေထည့်လိုက်ပါမယ်
အရသာအတွက် ပုစွန်ခြောက်မှုန့် ၊ဆား လိုသလောက်လေး ထည့်ပြီးချက်ထားလိုက်ပါမယ်
မုန်းညှင်းလေးတွေ နူးပြီဆိုရင်တော့ ချိုချိုလေးနဲ့ သောက်လို့ကောင်းတဲ့ မုန့်ညှင်းဟင်းချိုလေးရပါပြီ

 

မြန်မာဟင်းစစ်စစ်ကြက်သားဆီပြန်ချက်

 မြန်မာဟင်းစစ်စစ်ဆီပြန်ချက်လေးတခုနဲ့မိတ်ဆက်ပေးပါဦးမယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ်ချင်းကိုသာသုံးထားပြီးဟင်းအနှစ်ရဖို့ကြက်သွန်နီတမျိုးတည်းကိုသာသုံးကာ မဆလာ၊ ဒိန်ချဥ်၊ ကရဝေးရွက်၊သစ်ကြပိုးစသည်ဖြင့်မည်သည့်ဟင်းခတ်အမွှေးအကြိုင်ကိုမှမသုံးထားလို့မြန်မာဟင်းစစ်စစ်လို့ဆိုရခြင်းဖြစ်ပါတယ်။
ဆီပြန်ဟင်းလို့ခေါ်ပေမယ့်အနှစ်တွေအီဆိမ့်၊ဆီတွေဝေ့တက်နေတာမျိုးမဟုတ်ပဲ ဆီနဲ့အနှစ်ကိုကွဲထွက်သွားအောင်ချက်ထားတာမို့ စားတဲ့အချိန်မှာအသားတုံးကိုဆယ်ယူပြီးထမင်းနဲ့နယ်လိုက်တာနဲ့အနှစ်အရသာပြန်ရအောင် အနှစ်ကပ်စေတဲ့နည်းနဲ့ချက်ထားခြင်းမျိုးဖြစ်ပါတယ်။
တခါမှမချက်ဖူးသူတွေတောင်ဒီတိုင်းလေးချက်ကြည့်မယ်ဆိုရင်အဆင်ပြေစေမှာပါ။
ချက်နည်းလေးကတော့အင်မတန်လွယ်ပါတယ်။
ဗမာကြက် ၄၀ သားလောက်ဆိုရင် ၄ ပိုင်းသာပိုင်းပါ(ဒံပေါက်ထဲကကြက်သားပုံစံမျိုး) ကျွန်တော်သုံးတဲ့ကြက်က အနည်းငယ်ကြီးတာနဲ့ ဒယ်အိုးမဆံ့တာ
ကြောင့် ပေါင် ၂ ခြမ်းကို ၄ ပိုင်းပြန်ပိုင်းထားပါတယ်။
သန့်စင်ရေဆေးပြီးတဲ့ကြက်ကို ရေစင်အောင်စစ်ပြီးဆား၊အရသာမှုန့်၊နနွင်းအနည်းငယ်နှင့်ချင်းထောင်းအရည်လေးညှစ်ချပြိီးနယ်ကာအရသာနှပ်ထားပါ။
ကျွန်တော်သုံးတဲ့ကြက်က ၇၀ သားအရွယ်မို့အနည်းငယ်ရင့်မာမယ်ထင်တာကြောင့်ဟင်းချက်ဝိုင်လေးအနည်းငယ်ထည့်နယ်ထားပါတယ်။
ကြက်သားက ၃၀ သားလောက်ဖြစ်တာမို့ကြက်သွန်နီ ဥကြီးကြီး ၃ လုံးကို နုပ်နုပ်စဥ်းပြီးဆီသပ်ပါ။ ကြက်သွန်နီက ကြွပ်ပြီးရွှေဝါရောင်သမ်းလာပြီဆို အရောင်တင်မှုန့်လေးပါသည်ဆိုရုံထည့်ပါ။ ပြီးမှအရသာနယ်ထားတဲ့ကြက်သားတွေထည့်လုံးပါ။
ရေကိုအစောတလျင်မထည့်မိပါစေနဲ့။ မိမိသုံးတဲ့ကြက်သားက ရေစစ်ချိန်မှာရေမစင်တာမျိုး၊ တအားနုတဲ့ကြက်ဆိုပြဲအိသွားနိုင်ပါတယ်။ ကြက်သားထဲကအရည်စိမ့်ထွက်တာနဲ့လုံးမယ်ဆိုရင် ချက်ချင်းအသားတွေတင်းခဲလာပြီးကြွပ်နေတဲ့ကြက်သွန်နီကလဲခဏနဲ့အနှစ်ကျပါလိမ့်မယ်။
မီးအေးအေးနဲ့လုံးချက်ပြီး ဆူးခက်ရင်းလေးနဲ့ထိုးကြည့်လို့အနည်းငယ်မာနေမှသာရေလေးအနည်းငယ်ဖြည့်စွက်ပေးပါ။ ကျွန်တော်သုံးတဲ့ကြက်သားကအနည်းငယ်မာတာမို့ရေအနည်းငယ်စွက်ရပါတယ်။ နုရင်တော့ရေလုံးဝလိုက်စရာမလိုပါ။ ဆီနဲ့အငွေ့ရှိန်ကြောင့်နူးအိပါလိမ့်မယ်။
အနှစ်နဲ့ဆီတိကျသေချာစွာကွဲထွက်ပြီး ကြက်သားလဲနူးပြီဆိုဖိုခွင်ပေါ်မှချလို့ရပါပြီ။
ပုံထဲကအနေအထားအတိုင်းဖြစ်ပါတယ်။
ဒီချက်နည်းဟာ တခြားဟင်းခတ်အမွှေးအကြိုင်တွေမသုံးထားတာကြောင့် ကြက်သားရဲ့ပင်ကိုယ်ရနံ့မွှေးမွှေးကိုခံစားရရှိစေမှာပါ။ အချိုအတွက်လဲကြက်သွန်နီတမျိုးတည်းကိုသာအဓိကသုံးထားတာမို့ ကြက်သားရဲ့မွှေးရနံ့ကိုအပြည့်အဝထောက်ပံ့ပေးထားပါတယ်။
ဘယ်လိုလေးစားရင်အလိုက်ဖက်ဆုံးလဲဆိုတာလေးလဲဖော်ပြပါ့မယ်။ ကြက်သား ၁ တုံးကို ထမင်းလေးနဲ့နယ်လိုက်ပါ။ မိမိစားလိုတဲ့ ငပိရည်၊ငံပြာရည်ချက်၊ ငပိကြော်လေးနဲ့နယ်စားပါ။
ကျွန်တော်ကငပိရည်အလွတ်ကိုဆမ်း၊ ငရုတ်လှော်မှုန့်လေးဖြူး၊ ချဥ်ပေါင်ကြော်လေးနည်းနည်းထည့်နယ်ပြီးစားမှာဖြစ်ပါကြောင်း။
စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာရှိကြပါစေဗျား။
ချစ်ခြင်းများစွာဖြင့်..။
ဝင်းနိုင်သိန်း
၃၀ ၊ အောက်တိုဘာ ၊ ၂၀၂၅။

သံလိုက်၊ဝူဖရမ်သတ္ထုရိုင်း၊မြေရှားဒြပ်စင်

သံလိုက်၊ဝူဖရမ်သတ္ထုရိုင်း၊မြေရှားဒြပ်စင်

လျပ်စစ် နဲ့ အီလက်ထရွန်းနစ်ပညာ ကို အဓိက အားဖြင့်စာဖတ်ပြီ
လေ့လာခဲ့ သူ ကျွန်တော့် အတွက် ဦးအောင်သိန်း၊ဦးတင်အုန်း ၊ ဦးမိုးအောင် နှင့်
ပုသိမ်ကောလိပ် မှ ဆရာနှစ်ဦး တို့သည် ကျေးဇူးကြီးလှသော ကြားဆရာများ
ဖြစ်ကြပါတယ်။ စာအုပ်မရှိတော့၍ အမည်နာမ အတိအကျ မမှတ်မိသော ပုသိမ်
ကောလိပ်မှ ဆရာနှစ်ဦး က College Physics မှ လျပ်စစ် နှင့် သံလိုက်ဓာတ်
အခန်း ကို စာအုပ်အဖြစ်ဘာသာပြန်ခဲ့ပါတယ်။ မကြာခဏ ဖတ်ဖြစ်ပါတယ်။
အာအိုင်တီ ရဲ့ စတုတ္ထနှစ်ပြဌာန်းစာအုပ် P. Hammonnd ရဲ့ Magnetism စာအုပ်ကို
လည်း အလေးထားဖတ်ဖြစ်ခဲ့ပါတယ်။ ယခုတိုင်သိမ်းဆည်းထားဆဲပါ။
သံလိုက်နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိနားလည်ခဲ့ပါတယ်။ ဒီအတွက် အကျိုး
ထူးတွေ လည်းခံစားခဲ့ရဘူးပါတယ်။
သံလိုက်အားသုံး စက်တစ်မျိုး အတွက်ညာဏ် ပူဇော်ခအဖြစ် နှစ်ထပ် နံကပ်
တိုက်တစ်လုံး ရခဲ့ဘူးပါတယ်။ ကိုးကန့်နယ်မှ ဘူမိဗေဒပညာရှင် ဦးထွန်းမြင့် က သံလိုက်
အားသုံးသတ္ထုရိုင်း သန့်စင်စက်တစ်လုံးဆင်လိုသဖြင့် ရန်ကုန် မန္တလေး မှာပညာရှင် ရှာဖွေ
ခဲ့ပါတယ်။ လုပ်သားလျပ်စစ်ပိုင်ရှင် ဦးအောင် ကို သူ လေးစားယုံကြည်စွာ ရွေးချယ်ခဲ့
ပါတယ်။သူ ရွေးတာ မှန်ပါတယ်။ဆရာ ဟာ ထူးချွန်တဲ့ ပညာသည်ကြီးပါ။
သီအိုရီ က ရှင်းလင်း သော်လည်း အလုပ် လုပ်ပုံက မျက်စေ့ လည်ချင်စရာပါ။
ပင်ရင်းလျပ်စစ်သံလိုက်တုံးနှင့် လည်နေသော အညှို့ခံသံလိုက်ဝိုင်းပြား တို့
ကြားတွင် သတ္ထုရိုင်းမှုန်များတင်ပြီး ရွေ့လျားလည်ပတ်နေသော ကွန်ဗေယာ ခါးပတ်ပြား
ကိုထားထားပါတယ်။လည်နေသော အညှို့ခံသံလိုက်ပြားဝိုင်းများ က လျပ်စစ်သံလိုက်​၏
ဆွဲအားကို ဆန့်ကျင်ပြီး သတ္ထုရိုင်းမှုန့်များကို ပင့်ယူဆောင်ကျဉ်းပြီး ခွဲခြားသန့်စင်
ပေးလိုက် နိုင်ပါတယ်။
ဂေါက်ဆီယမ် နိယာမ ကို ယဉ်ပါးနားလည်သော ကျွန်တော့် အနေဖြင့် သံလိုက်တုံးနှင့်သံတို၊ သံစ အချိို့တို့ဖြင့် ပုံစံတူ ဆောက်ပြ​ခဲ့ပါတယ်။ ဆရာ က
ကျွန်တော့် ကို တာဝန်ယူ တည်ဆောက်ပေးဘို့ ပြောလာပါတယ်။ ဒါနဲ့ဘဲ
magnetic seperator for woolfram ores ကို လုပ်ဆောင်မှု စွမ်းရည် အပြည့်ဝဖြင့်လုပ်ဆောင်နိုင်သည်အထိပြုလုပ်ပေးခဲ့ပါတယ်။ ဦးထွန်းမြှင့် ယူလာသော ခဲမဖြူနှင့်
အဖြိုက်နက် ရောရာ သတ္ထုရိုင်းများဖြင့် အကြိမ်ကြိမ် စမ်းသပ်ခဲ့ရာ စိတ်ကျေနပ်ဖွယ်
လုပ်ဆောင်မှုရရှိခဲ့ပါသည်။ သို့အတွက်ကြောင့်ပင် ဦးထွန်းမြှင့်မှ ဉာဏ်ပူဇော်ခ အဖြင့်
ရွှေစင် ၇ နှစ်ကျပ်ခွဲသား ပေးအပ်ခဲ့ပါသည်။ ထိုစဉ်က မျက်ပါးရပ်ကြိုးတန်းရှိ ကျွန်တော်​၏ မိဘအိမ်မှာ နှစ်ထပ် ထန်ရံကာ သွပ်မိုးအိမ် ဖြစ်ခဲ့ပါသည်။ ဆောင်းရာသီတွင် ထန်ရံကြားမှ လေအေးတိုးဝင်တိုင်း စိမ့်နေအောင် အေးခဲ့ရသော ဆောင်းရာသီတိုင်းတွင် နံကပ်တိုက်အဖြင့် ပြောင်းလည်းတည်ဆောက်လိုကြောင်း ဖခင်ကြီးမှ ပြောလေ့ရှိပါသည်။
ထို့ကြောင့်ပင် ရရှိသော ရွှေစင် ၇နှစ်ကျပ်ခွဲသားကို ဖခင်ကြီးထံပေးအပ်ခဲ့ပါသည်။
သို့ဖြင့် ထန်ရံကာ သွပ်မိုးအိမ်ကို နံကပ်တိုက်အဖြင့် ပြောင်းလည်းတည်ဆောက်နိုင်ခဲ့ပါသည်။
ကျွန်တော် ပြုလုပ်ပေးခဲ့သော စက်မှာ ပန်းဝါဒေသတွင် လည်ပတ်နေကြောင်း မိတ်ဆွေအချို့ထံမှ ကြားသိခဲ့ရပါသည်။ ကြားသိသော သတင်းများအရ မြေရှားသတ္ထုရိုင်းသန့်စင်ခြင်းတွင် အသုံးချနေသည်ဟု သိရှိရပါသည်။ ထုတ်လုပ်အား ပိုမိုကောင်းလိုသဖြင့်
ပထမအောင်မြင်ထားသောစက်ကို အချိုးတူ ဆပွားတိုးချဲ့ထားသည့် စက်ကြီးတလုံးကို ပြုလုပ်လိုကြောင်း ဦးထွန်းမြင့်မှ အပ်နှံခဲ့ပါသည်။ သံလိုက်ပတ်လမ်းများကို တွက်ချက်ကြည့်ရာ ဆပွားတိုးချဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း အဖြေရပါသည်။သို့သော်လည်း ဦးထွန်းမြှင့်က စက်အကြီးရရန် စိတ်ထက်သန်လွန်းသဖြင့် ဖြစ်လာသမျှ အကျိုးဆက်ကို ရင်ဆိုင်ဖြေရှင်းရန်ဆုံးဖြတ်ပြီး ရှေ့ဆက်တိုးရန်ဆုံးဖြတ်ခဲ့သည်။လုပ်ငန်းခွင်သို့ စက်ကြီးကို ယူဆောင်သွားပြီး စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။ ယခင်စက်လောက် စွမ်းဆောင်ရည်မကောင်းကြောင်း အသိပေးပါသည်။ပြင်ဆင်မွန်းမံရန် ဦးထွန်းမြင့်နှင့် ကျွန်တော် တိုင်ပင်ဆွေးနွေးနေစဲမှာပဲ အဆက်သွယ်ပြက်ခဲ့ပါတယ်။ယနေ့ထက်တိုင် အဆက်သွယ်မရတော့ပါ။အကယ်၍သာ အဆက်သွယ်မပြက်ခဲ့ပါလျှင် ကျွန်တော်​၏ သံလိုက်အားသုံး သတ္ထုသန့်စင် စက်များသည် မြေရှားဒြပ်စင် ထုတ်လုပ်ရေး၌ တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေမည်မှာ အသေချာပင်။

ယနေ့တိုင် သံလိုက်ပညာရပ်ကို နောက်ထပ် အသုံးချရန် ထူးထူးခြားခြား အခွင့်ရေးမရခဲ့ပါ ပြီးခဲ့တဲ့ သုံးလခန့်က ဘန်ကောက်မြို့ ဝေ့ဌာနီဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရာတွင် အားပြင်းသံလိုက်အားသုံး စက်ဖြင့် ကုသပေးမှုကို ခံယူခဲ့ရပါသည်။ စိတ်ဝင်စားဖွယ် သံလိုက်အားသုံးစက်ကိုတည်ဆောက်ကြည့်ရန် စိတ်ကူးရခဲ့ပါသည်။ ယခုအခါတွင် PEMF ခေါ် အားပြင်းပျက်တောက်သံလိုက်အားသုံး အကြောအဆစ် ဆိုင်ရာ ကုသစက်ကို စမ်းသပ်ပြုလုပ်နေပါသည်။ မကြာမှီ အောင်မြင်မည်ဟု ယုံကြည်နိုင်ဖွယ် လမ်းစရနေပါပြီ။ 

အလိုရှိနေတဲ့ ဉာဏ်ပညာ

 ဘောင်ကျော်ကြည့်ရမယ်

သေတ္တာအပြင်ထွက် ကြည့်ရမယ်ဆိုတဲ့
စကားတွေဟာ လူပြောများကြလို့ မဲပြာပုဆိုး
ပင် ဖြစ်နေပါပြီ။ အဖန်တရာတေနေပါပြီ။
ဒါကို ကျနော် ထပ်ပြောလိုပါတယ်။
တကယ်တော့ ဘောင်ကျော်ကြည့်တယ်ဆိုတာ
ဉာဏ်ပညာကို ဆိုလိုတာပါပဲ။
ရေမရှိတဲ့ ကန်ဟာ ကြာမပွင့်နိုင်ပါဘူး။
ရေမရှိပဲ ကြာတွေပွင့်နေရင် ဒါ စဥ်းစားရတော့
မှာ ဖြစ်ပါတယ်။ မြေအောက်ရေနီးလို့၊
မြေအောက်ရေမနီးဘူးဆိုရင် လတ်တလော
မိုးရွာထားလို့၊ မိုးပါမရွာဘူးဆို ဒါ တနေရာက
ကြာပန်းတွေကို ယူပြီး ကန်မှာ ထိုးစိုက်ထား
တာ ဖြစ်ပါတယ်။ ဘာလို့ ထိုးစိုက်တာလဲ။
လတ်တလော ခရီးသွားတွေ ကို မြူဆွယ်ဖို့
လား။ ကန်အနီး ပွဲတော်ရှိလို့ လူကြည့်စရာ
အဖြစ် အလှစိုက်ထားတာလား စသဖြင့်ပေါ့။
ဆိုလိုတာက အကျိုးတစ်ခု၊ event တခု
တွေ့ရတယ်ဆို သူ့နောက်က အကြောင်းကို
လိုက်ကြည့်တယ်။ သူ့နောက်ခံ ဘက်ဂရောင်း
ပေါ် တင်ကြည့်တယ်။ ဒါမှသာ အချိပ်အဆက်
မိမှာ ဖြစ်တယ်။ ဒါမှသာ ဘောင်ကျော်ကြည့်
နိုင်ရာ ရောက်တယ်။အဲလိုကြည့်နိုင်ရင် ကြည့်သူ
အတွက် ဘဝစီးပွား တိုးတက်ဖို့ ရှိတာပေါ့။
စိုက်ပျိုးရေးတပွဲစားကြီးတွေဆို ဒတ်ကနဲ
သိပါတယ်။မြေအနေအထားကို ကြည့်လိုက်
တာနဲ့ ဒီမြေပေါ် ဘာသီးနှံဖြစ်မလဲ၊ဘယ်လောက်
ဖြစ်မလဲ ဆိုတာထိ သိပြီး ဖြစ်ပါတယ်။
ဒါဟာ ဘက်ဂရောင်းပေါ် တင်ကြည့်နိုင်တာ
ဖြစ်ပါတယ်။
ဘောင်ကျော်ဆိုတဲ့နေရာမှာ ကာလ၊အာကာသ
စတဲ့ အချင်းအရာတွေကိုလည်း ကျော်ကြည့်
ဖို့ လိုပါတယ်။ ခက်တာတွေ မပြောပါဘူး။
ဗီဒီယိုကားတွေမှာ မင်းသားနဲ့မင်းသမီးညား
လိုက်တာနဲ့ဇာတ်လမ်းပြီးဆုံးတယ်။လက်တွေ့
ဘဝမှာတော့ ယောကျ်ားနဲ့မိန်းမ ညားလိုက်တာ
နဲ့ ဘဝစတင်တယ် ဟူ၍။
ဒုတိယအဆိုဟာ ဘောင်ကျော်ကြည့်တတ်တဲ့
အဆိုဖြစ်တယ်။ ကာလကို ကျော်ကြည့်တာ
ဖြစ်တယ်။ ဗီဒီယိုဟာ ဖန်တီးသူက ကာလကို
ကန့်သတ်ပြီး ဖန်တီးပြထားတာ ဖြစ်ပါတယ်။
ပျော်ရွှင်စွာညားကြလေသတည်းဆိုတဲ့ ကာလ
နေရာမှာ crop ဖြတ်တောက်ပြီး ကန့်ထားတာ
ဖြစ်ပါတယ်။ သူ့ အကန့်ကို ကျော်မကြည့်ရင်
ဘဝအစစ်ကို ဘယ်မြင်တော့မလဲ။
မြောင်းထဲကျနေတဲ့ သမင်ကို ကယ်တဲ့
မူဗီလေးတွေ၊
ရန်သူလက်ကနေ လွတ်သွားတဲ့ ကျွဲ၊နွားနောက်၊
ယုန် စတဲ့ အဖြစ်လေးတွေကိုလည်း မူဗီရိုက်
တင်တယ်။
ကြည့်မိသူ ကျနော်တို့ ကြည်နူးသွားတာပေါ့။
သို့တိုင် ဘောင်ကျော်ကြည့်လိုက်တဲ့အခါမှာ
တော့ ကြည်နူးစိတ်ပြန်ပျောက်ပါတယ်။
ကျွဲ၊ နွားနောက်ဆိုတာ အမြဲအမဲလိုက်ခံရမှာ
ဖြစ်ပါတယ်။ အခုတစ်ကြိမ် မူဗီမှာပြသလို
လွတ်မြောက်သွားပေမယ့် နောက်တကြိမ်
နောက်တစ်ကြိမ်တွေမှာ အခုလိုလွတ်ပါ့မလား။
တနည်းဖြင့် ကျွဲ၊နွားနောက် ဖြစ်နေတာနဲ့အမျှ
တစ်ကြိမ်မဟုတ် တစ်ကြိမ် အမဲလိုက်ခံရမှာပဲ
ဖြစ်တယ်။ တစ်ကြိမ်မဟုတ်တစ်ကြိမ် မိပြီး
အစားခံရမှာပဲဖြစ်တယ်။ အဲဒီလိုမြင်လိုက်တဲ့
အခါ ယခုတစ်ကြိမ်လွတ်မြောက်မှုအတွက်
ပြည့်ပြည့်ဝဝပီတိ မခံစားရတော့ပါဘူး။
တနည်းအားဖြင့် ကာလအလျားကိုဆန့်ကြည့်
လိုက်တဲ့အခါ အခုတကြိမ်လွတ်မြောက်မှုဟာ
အပြီးတိုင်လွတ်မြောက်မှု မဟုတ်ဘူးလို့
သဘာဝတရားကိုမြင်ရပါတယ်။
မြောင်းထဲကျလို့၊
တခုခုနဲ့ညိလို့ ကယ်ဆယ်ရတဲ့ကိစ္စဆိုရင်လည်း
ကာလအလျားကိုဆန့်ကြည့်လိုက်တဲ့အခါ
သူတို့ရှင်သန်နေသမျှ၊ မြောင်းတွေ အမှိုက်တွေ
ပိုက်တွေရှိနေသမျှ အဲဒီအဟိတ်တိရစ္ဆာန်တွေ
အဖို့ မြောင်းထဲကျဦးမယ်၊ ပိုက်တွေနဲ့ ညိအုံ
မယ်ဆိုတာ ဖြစ်နေဦးမှာပဲ။ အဲဒီလိုဆိုလို့တော့
သူတို့အတွက် ထာဝရဘေးကင်းဖို့ဆိုရင်
မလိုအပ်တဲ့မြောင်းတွေ၊ ကြိုး အမှိုက်
စတာတွေကို လူသားတွေအနေနဲ့ ပရမ်းပတာ
ပစ်မချဖို့လိုတာပေါ့။
စာကလည်း ရေးရင်းနဲ့ သူများသိပြီးသားတွေ၊
ငါ့ဟာက အသစ်မှမဟုတ်ပဲလို့ ခံစားရလို့
ဥပမာအဖြစ်အပျက်လေးတွေ ဆက်မပေး
တော့ပါဘူး။
ကျနော်ဆိုချင်တဲ့လိုရင်းကို ချုံရရင်
ကန့်သတ်ဖန်တီးပြတဲ့ကာလကို ကျော်ကြည့်ရ
မယ်။ အကျိုးတစ်ခု၊ event တခု ၊ အဖူးအပွင့်
တခုကို တွေ့တယ်ဆိုရင် background အပေါ်
တင်ကြည့်ရမယ်။ အဲဒီလိုကြည့်နိုင်တဲ့အခါ၊
ကြားနိုင်တဲ့အခါ သဘာဝကျကျမြင်လာမယ်၊
ဖုံးထားတဲ့ပကာသန ကွာကျပြီး မူလသရုပ်
ကိုယ်ထည်ကို မြင်လာရမယ်။
ဒါဟာ ကျနော်တို့အလိုရှိနေတဲ့ ဉာဏ်ပညာ
ဆိုတာပဲ ဖြစ်ပါတယ်။
Oo Thaw

ထမင်းကြော်ဆီ

ထမင်းကြော်ဆီအတွက်ပါ
ကြက်သွန်ဖြူ၊ ချင်း နဲ့ နာနတ်ပွင့်တို့ အားလုံးပေါင်းစပ်ပါဝင်တဲ့ flavor ဟာ အစားအစာကို အရသာအပြင် နှစ်ချိုက်စွဲလမ်းစေမယ့် ရနံ့ မျိုးကိုပေးပါတယ်။
ဆီကို ပူတယ်ဆိုရုံလေးအပူပေးပြီး မြန်မပြည်ထွက် ကြက်သွန်ဖြူဥသေးသေးလေးတွေကို အခွံမာပါထည့်ပြီး မညက်တညက်လေးထောင်းထားတာ။ ချင်းကိုလည်းအခွံမခွါပဲ ဒါးပြားရိုက်ထားတာလေးထည့်ကြော်၊ နာနတ်ပွင့်လေး ၁ ပွင့်လောက်၊ ဆီများရင် ပိုထည့်ကြက်သွန်ကြွပ်ကာနီးလေးမှာမှထည့်ကြော်ပေးပြီး ဆီကို အအေးခံပြီး ထားလိုက်ရင် မနက်စာထမင်းကြော်တာ၊ ထမင်းကြော်ကို ဟင်းနဲ့တွဲရောင်းတဲ့အခါကြော်တာမျိုးတွေမှာဒီဆီကိုသုံးရင် ထမင်းကြော်ရနံ့လေးအမြဲမွှေးမွှေးလေးရပြီး ထမင်းလည်းပိုစားလို့မြိန်စေပါတယ်။
Edited,
ဆီကိုပဲသုံးမှာဆိုတော့ ကျွန်တော်သုံးရင်တော့ ကြက်သွန်ဖြူကိုစစ်ဖယ်ထားပြီး ချင်း နာနတ်ပွင့်ကိုတော့ ဆီထဲပဲထားခဲ့ပါတယ် ကြက်သွန်ဖြူဆီချက်ကတော့ တချားလိုတဲ့နေရာမှာထည့်သုံးပါတယ် တစ်ခုသတိထားရမှာက ကြက်သွန်ဖြူဆီချက်မှာ နာနတ်ပွင့်ရနံ့လည်းပါနေကြာကြောင့် ဝက်အချိုနှပ်တဲ့ထဲနောက်ဆုံးအချိန်မှာအနှစ်အတွက်ဖြူးထည့်တာမျိုးလည်းလုပ်လို့ရပါတယ်
စာဖတ်သူများ အရသာရှိသော အစားအစာများ ဖန်တီးသုံးဆောင်နိုင်ကြပါစေ 😍

 

ကျနော်တို့လေးစားသဘောကျတဲ့ အင်္ဂလိပ်စာဆရာ/မပုံစံ

 ကျနော်တို့လေးစားသဘောကျတဲ့

အင်္ဂလိပ်စာဆရာ/မပုံစံဆိုတာ
၁) ကိုယ်ကိုယ်တိုင်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ရမယ်။ ဒီမှာပြောတာ ဂန္ဓမာတွေ စိန်ပန်းတွေ‌ရတာကိုဆိုလိုတာမဟုတ်ပါ။ communication ရတာကို ဆိုလိုတယ်။ Proficiency ကိုဆိုလိုပါတယ်။ သဒ္ဒါတွေ vocab တွေပိုင်တယ်ဆိုပြီး သီးသန့်ကြီးကြွယ်နေတာက သိုင်းအလှပြတာနဲ့တူတယ်။ တကယ်လည်းချရော ထိပ်ဆုံးက ကွဲတာ။ တကယ်တတ်တယ်ဆိုရင် IELTS လို TOEFL လို test score လေးတခုတော့ရှိသင့်တယ်။ အနည်းဆုံး BC English score ဖြစ်ဖြစ် ရှိသင့်တာပေါ့။ B2/ C1 လောက်မှမရှိရင် တကယ်တမ်း သိပ်အလုပ်မဖြစ်လှပါဘူး။
၂) language အကြောင်းကိုသိရမယ်။
ဘာသာစကားသင်တဲ့သူက ဘာသာစကားအကြောင်းမသိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာသာစကားရဲ့သဘောသဘာဝကိုသိရမယ်။ကားမောင်းတဲ့သူက ကားအကြောင်းသိရမယ်။ ကားဝက်ရှော့မှာလုပ်ရင် စက်ပိုင်းပါသိရမယ်။ တချို့ကဝက်ရှော့မှာလုပ်သလောက်အထိသိတယ်။ ကိုယ်တိုင်ကားမမောင်းတတ်တာလည်းရှိသေးတယ်။ ၁) အချက်နဲ့လည်းကိုက်ညီဖို့လိုတယ်။
၃) communication ရဲ့သဘောကိုသိရမယ်။
ဘာသာစကားကိုသင်တယ်ဆိုပေမယ့် တကယ်တမ်းက ပြောဆိုဆက်သွယ်ရေးကိုသင်တာဖြစ်ပါတယ်။ ကားအကြောင်းကိုလည်းသိရုံသင်ရတာမဟုတ်ဘဲ မောင်းတတ်အောင်သင်ရတာဖြစ်ပါတယ်။ ကားကိုလည်းမောင်းတတ်ရုံမဟုတ် လမ်းတောင်းရင် လက်လေးထောင်ပြတတ်ရတာကအစ၊ ဘယ်နားရောက်ရင် ချိုင့်ရှိလို့ ဖြည်းဖြည်းချင်းလှိမ့်ဆိုတာအဆုံး ကားမောင်းတတ်ခြင်းမှာပါဝင်တယ်။ အဲ့လိုပဲ ပြောဆိုဆက်ဆံရေးမှာ ဘယ်လိုထိရောက်အောင်သွားမလဲဆိုတာအထိ သင်ပေးနိုင်မှဖြစ်တာ။
၄) language acquisition ရဲ့အကြောင်းကိုသိရမယ်။
ဘသာစကားသင်ယူတတ်မြောက်တယ်ဆိုတာ ဘယ်လို သင်ယူလို့ တတ်သွားတာလဲဆိုတာမသိဘဲနဲ့ဆိုရင် ရမ်းတုပ်မှန်းတုပ်တွေသာဖြစ်မှာပဲ။ ကျားကျားမီးယပ်တွေဖြစ်နေမှာပဲ။ ဘာရောဂါလာလာ ၉၆ပါး ပျောက်ဆေးကြီးဆိုပြီး ဆေးတဖုံတည်းနဲ့ ဆော်လွှတ်နေသလိုဖြစ်မှာ။ သမားလောကမှာ ဆရာယောင်တွေ ခေတ်ကောင်းနေသလိုကြီး။ အင်္ဂလိပ်စာလောက ခင်စန်းရီတွေဖြစ်နေမှာ။
၅) သင်ကြားနည်းအဖြာဖြာကိုသိရမယ်။
သင်ကြားနည်းတမျိုးကိုသာသိတယ်ဆိုမဟုတ်သေးဘူး။ သင်ကြားနည်းမျိုးစုံကိုသိရမယ်။ Approach မှန်မှန်နဲ့ချဉ်းကပ်တတ်ရမယ်။ method အဆင့်ကို ပြောတာမဟုတ်ဘူး။ မှန်ကန်တဲ့ သဘောထားအခြေခံ သမာဒိဌိဖြစ်ရမယ်။ မဟုတ်ရင် နောက်ကလုပ်သမျှ နည်းတွေကလည်း သိပ်ထိရောက်မှာမဟုတ်ဘူး။ ဒါကလည်းရှေ့ကအချက်နဲ့ချိတ်ဆက်နေတယ်။
၆) သင်ယူသူတွေကိုနားလည်ရမယ်။
တော်တဲ့ဆရာက ဘာသာရပ်ကိုသိတယ်။ အဲ့ထက်တော်တဲ့ဆရာက ကိုယ့်ရဲ့သင်ယူသူကိုသိတယ်။ သင်ယူသူရဲ့ စိတ်၊ သင်ယူသူရဲ့ အကျင့်၊ အားသာချက် အားနည်းချက် ဘယ်လိုအကူအညီပေးမှ ပိုထိရောက်မယ် ဒါတွေကိုသိမှရမယ်။
၇) အမြဲမပြတ်လေ့လာနေသူဖြစ်ရမယ်။
ကိုယ့်ရဲ့ professional capacities ကိုအမြဲတိုးတက်နေအောင်လုပ်ရမယ်။
အင်္ဂလိပ်ဘာသာစကားသင်ကြားနည်းတွေလောက်နဲ့တင်လမဆုံးဘဲ ပညာရေးအသိပညာတွေပါရှိဖို့လိုတယ်။ အင်္ဂလိပ်ဘာသာစကားသင်တယ်ဆိုတာ ပညာရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်။ အကုန်ရောယှက်နေတယ်။
အစတည်းက ELT ဆိုတာက ပညာရေးသီဝရီတို့၊ စိတ်ပညာသီဝရီတို့ကို နို့သက်ခံစို့ရတဲ့ Parasitic discipline တခုဖြစ်တယ်။
နောက်တဆင့်မှာ ကိုယ့်ရဲ့ သင်ကြားရေးအသိပညာတွေကို ပြန်လည်မျှဝေပေးနိုင်ရင်တော့ ပိုပြီးကောင်းမယ်လို့ထင်မိပါတယ်။

Mediation Skills

 Mediation Skills (Meditation မဟုတ်ဘူးနော်

😄) အကြောင်းကို မနေ့က Ivy English School က ဆရာ/မတွေကို သင်တန်းပေးဖြစ်တယ်။
Mediation ဆိုတာဘာလဲ၊
ဆက်သွယ်ပြောဆိုရာမှာ ကြားခံအဖြစ်ဆောင်ရွက်ခြင်း၊ လူမှုရေးပွဲစားလုပ်ခြင်းလို့ ဆိုနိုင်ပါတယ်။
ဥပမာ အဖေနဲ့အမေ ရန်ဖြစ်နေရင်၊ သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်နေရင် သူတို့က ကိုယ်တွေကိုကြားခံထားပြီး စကားပြောကြတာမျိုးပေါ့။
အဲ့အခါကိုယ်က သူတို့ပြောတဲ့အတိုင်းတိုက်ရိုက်မဟုတ်ဘဲ ကိုယ့်စကားနဲ့ကိုယ်ပြန်ပြောတာမျိုးပေါ့။ သူတို့က ဒေါသအရမ်းထွက်နေလို့ ပြောတဲ့စကားကို ကိုယ်က ကြားက ဖော့ပြောလိုက်တာမျိုး၊ ဒါမှမဟုတ် ပိုရန်ဖြစ်စေချင်ရင် ပိုပြီးသာသာထိုးထိုးပြောင်းပြောပစ်တာမျိုးဟာ mediation လုပ်ခြင်းပါပဲ
ကိုယ်ကြည့်ဖူးတဲ့ရုပ်ရှင်၊ ဘောလုံးပွဲ စတာတွေကိုကို တစ်‌ေယာက်ယောက်ကိုပြန်ပြောပြတဲ့အခါ အတိအကျကြီးမဟုတ်ဘဲ အဓိကအချက်တွေကိုကောက်နှုတ်ပြောပေးတာ၊အကျဉ်းချုပ်ပေးတာ၊ သူ့အတွက်နားလည်လွယ်မယ့် ပုံစံကိုပြောင်းပြောင်းပေးတာဟာ Mediation ပါပဲ။
ဘာကြောင့် Mediation ကို language သင်တဲ့နေရာမှာထည့်သင်သင့်တာလဲ။
၁) mediation က ပြင်ပလောကက communication ပုံစံတစ်ခုဖြစ်လို့ပါ။ အရင်က skill တခုချင်းကို သီးသန့်မြင်တဲ့ပုံစံက‌နေ အခုကျ ဆက်စပ်မြင်လာပါပြီ။ စကားပြောတယ်ဆိုတာ ပြောရုံသက်သက်မဟုတ်ပါဘူး။ တခြားက ကြားလာတာကို ပြန်ပြောတာဖြစ်နိုင်ပါတယ်။ အတိအကျပြန်ပြောတာမဟုတ်ပါဘူး။ နားထောင်သူအပေါ်မူတည်ပြီး ပြင်ပြောတာဖြစ်ပါတယ်။ listening and speaking ကဆက်စပ်သွားပြီး audience ကို ထည့်စဉ်းစားရတဲ့သဘောတွေပါလာတယ်။ နေ့စဉ်ဘဝမှာ လုပ်နေတာတွေက mediation တွေဖြစ်နေတတ်ပါတယ်။
၂) ဘာသာစကားအဆင့်‌ေတွကုိ A1, A2 , B1, B2 သတ်မှတ်နိုင်အောင်ထုတ်တဲ့ မူဘောင် CEFR ဆိုတာရှိပါတယ်။ ၂၀၁၈ က ထင်တယ် စပြီးသူက ပုံမှန် four skills နဲ့မသွားတော့ဘဲ Production, Reception, Interaction, Mediation ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ အခုတော့ Pearson ကထုတ်တဲ့ Speak Out မှာဆို Mediation ကို ထည့်သင်လာပြီ။ နောက်ပိုင်း Cambridge English exams တွေမှာလည်း တွေ့လာရနိုင်တယ်။ Cambridge နဲ့ National Geographic က mediation အကြောင်း ဆောင်းပါးတွေ၊ webinarsတွေ လုပ်ကြတယ်။
ပြည့်ပြည့်စုံစုံလေးဖတ်ချင်ရင် Cambridgeက Paperတခုကိုဖတ်ကြည့်လို့ရတယ်။ အောက်မှာ link ပါ။
ဒါက ခပ်တိုတိုပဲဖတ်ချင် ဖတ်ဖို့ blog post ပါ။
ဆောင်းပါးဆိုရင် ဆရာဝေယံထွဋ်ရဲ့ article ကိုလည်းဖတ်ကြည့်လို့ရပါတယ်။ သူလည်း တော်တော်ပြည့်ပြည့်စုံစုံရေးထားတယ်။
CEFR ရဲ့ Descriptors အသေးစိတ်တွေကိုသိချင်ရင်တော့
ဒီ website မှာမွှေနှောက်ပါ။
Teaching English Oxford ရဲ့ article https://www.google.com/.../help-english-learners.../amp/
Webinar ကြည့်ချင်ရင်