ကျနော်တို့လေးစားသဘောကျတဲ့
အင်္ဂလိပ်စာဆရာ/မပုံစံဆိုတာ
၁) ကိုယ်ကိုယ်တိုင်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ရမယ်။ ဒီမှာပြောတာ ဂန္ဓမာတွေ စိန်ပန်းတွေရတာကိုဆိုလိုတာမဟုတ်ပါ။ communication ရတာကို ဆိုလိုတယ်။ Proficiency ကိုဆိုလိုပါတယ်။ သဒ္ဒါတွေ vocab တွေပိုင်တယ်ဆိုပြီး သီးသန့်ကြီးကြွယ်နေတာက သိုင်းအလှပြတာနဲ့တူတယ်။ တကယ်လည်းချရော ထိပ်ဆုံးက ကွဲတာ။ တကယ်တတ်တယ်ဆိုရင် IELTS လို TOEFL လို test score လေးတခုတော့ရှိသင့်တယ်။ အနည်းဆုံး BC English score ဖြစ်ဖြစ် ရှိသင့်တာပေါ့။ B2/ C1 လောက်မှမရှိရင် တကယ်တမ်း သိပ်အလုပ်မဖြစ်လှပါဘူး။
၂) language အကြောင်းကိုသိရမယ်။
ဘာသာစကားသင်တဲ့သူက ဘာသာစကားအကြောင်းမသိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာသာစကားရဲ့သဘောသဘာဝကိုသိရမယ်။ကားမောင်းတဲ့သူက ကားအကြောင်းသိရမယ်။ ကားဝက်ရှော့မှာလုပ်ရင် စက်ပိုင်းပါသိရမယ်။ တချို့ကဝက်ရှော့မှာလုပ်သလောက်အထိသိတယ်။ ကိုယ်တိုင်ကားမမောင်းတတ်တာလည်းရှိသေးတယ်။ ၁) အချက်နဲ့လည်းကိုက်ညီဖို့လိုတယ်။
၃) communication ရဲ့သဘောကိုသိရမယ်။
ဘာသာစကားကိုသင်တယ်ဆိုပေမယ့် တကယ်တမ်းက ပြောဆိုဆက်သွယ်ရေးကိုသင်တာဖြစ်ပါတယ်။ ကားအကြောင်းကိုလည်းသိရုံသင်ရတာမဟုတ်ဘဲ မောင်းတတ်အောင်သင်ရတာဖြစ်ပါတယ်။ ကားကိုလည်းမောင်းတတ်ရုံမဟုတ် လမ်းတောင်းရင် လက်လေးထောင်ပြတတ်ရတာကအစ၊ ဘယ်နားရောက်ရင် ချိုင့်ရှိလို့ ဖြည်းဖြည်းချင်းလှိမ့်ဆိုတာအဆုံး ကားမောင်းတတ်ခြင်းမှာပါဝင်တယ်။ အဲ့လိုပဲ ပြောဆိုဆက်ဆံရေးမှာ ဘယ်လိုထိရောက်အောင်သွားမလဲဆိုတာအထိ သင်ပေးနိုင်မှဖြစ်တာ။
၄) language acquisition ရဲ့အကြောင်းကိုသိရမယ်။
ဘသာစကားသင်ယူတတ်မြောက်တယ်ဆိုတာ ဘယ်လို သင်ယူလို့ တတ်သွားတာလဲဆိုတာမသိဘဲနဲ့ဆိုရင် ရမ်းတုပ်မှန်းတုပ်တွေသာဖြစ်မှာပဲ။ ကျားကျားမီးယပ်တွေဖြစ်နေမှာပဲ။ ဘာရောဂါလာလာ ၉၆ပါး ပျောက်ဆေးကြီးဆိုပြီး ဆေးတဖုံတည်းနဲ့ ဆော်လွှတ်နေသလိုဖြစ်မှာ။ သမားလောကမှာ ဆရာယောင်တွေ ခေတ်ကောင်းနေသလိုကြီး။ အင်္ဂလိပ်စာလောက ခင်စန်းရီတွေဖြစ်နေမှာ။
၅) သင်ကြားနည်းအဖြာဖြာကိုသိရမယ်။
သင်ကြားနည်းတမျိုးကိုသာသိတယ်ဆိုမဟုတ်သေးဘူး။ သင်ကြားနည်းမျိုးစုံကိုသိရမယ်။ Approach မှန်မှန်နဲ့ချဉ်းကပ်တတ်ရမယ်။ method အဆင့်ကို ပြောတာမဟုတ်ဘူး။ မှန်ကန်တဲ့ သဘောထားအခြေခံ သမာဒိဌိဖြစ်ရမယ်။ မဟုတ်ရင် နောက်ကလုပ်သမျှ နည်းတွေကလည်း သိပ်ထိရောက်မှာမဟုတ်ဘူး။ ဒါကလည်းရှေ့ကအချက်နဲ့ချိတ်ဆက်နေတယ်။
၆) သင်ယူသူတွေကိုနားလည်ရမယ်။
တော်တဲ့ဆရာက ဘာသာရပ်ကိုသိတယ်။ အဲ့ထက်တော်တဲ့ဆရာက ကိုယ့်ရဲ့သင်ယူသူကိုသိတယ်။ သင်ယူသူရဲ့ စိတ်၊ သင်ယူသူရဲ့ အကျင့်၊ အားသာချက် အားနည်းချက် ဘယ်လိုအကူအညီပေးမှ ပိုထိရောက်မယ် ဒါတွေကိုသိမှရမယ်။
၇) အမြဲမပြတ်လေ့လာနေသူဖြစ်ရမယ်။
ကိုယ့်ရဲ့ professional capacities ကိုအမြဲတိုးတက်နေအောင်လုပ်ရမယ်။
အင်္ဂလိပ်ဘာသာစကားသင်ကြားနည်းတွေလောက်နဲ့တင်လမဆုံးဘဲ ပညာရေးအသိပညာတွေပါရှိဖို့လိုတယ်။ အင်္ဂလိပ်ဘာသာစကားသင်တယ်ဆိုတာ ပညာရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်။ အကုန်ရောယှက်နေတယ်။
အစတည်းက ELT ဆိုတာက ပညာရေးသီဝရီတို့၊ စိတ်ပညာသီဝရီတို့ကို နို့သက်ခံစို့ရတဲ့ Parasitic discipline တခုဖြစ်တယ်။
နောက်တဆင့်မှာ ကိုယ့်ရဲ့ သင်ကြားရေးအသိပညာတွေကို ပြန်လည်မျှဝေပေးနိုင်ရင်တော့ ပိုပြီးကောင်းမယ်လို့ထင်မိပါတယ်။
No comments:
Post a Comment