Saturday, November 1, 2025

သံလိုက်၊ဝူဖရမ်သတ္ထုရိုင်း၊မြေရှားဒြပ်စင်

သံလိုက်၊ဝူဖရမ်သတ္ထုရိုင်း၊မြေရှားဒြပ်စင်

လျပ်စစ် နဲ့ အီလက်ထရွန်းနစ်ပညာ ကို အဓိက အားဖြင့်စာဖတ်ပြီ
လေ့လာခဲ့ သူ ကျွန်တော့် အတွက် ဦးအောင်သိန်း၊ဦးတင်အုန်း ၊ ဦးမိုးအောင် နှင့်
ပုသိမ်ကောလိပ် မှ ဆရာနှစ်ဦး တို့သည် ကျေးဇူးကြီးလှသော ကြားဆရာများ
ဖြစ်ကြပါတယ်။ စာအုပ်မရှိတော့၍ အမည်နာမ အတိအကျ မမှတ်မိသော ပုသိမ်
ကောလိပ်မှ ဆရာနှစ်ဦး က College Physics မှ လျပ်စစ် နှင့် သံလိုက်ဓာတ်
အခန်း ကို စာအုပ်အဖြစ်ဘာသာပြန်ခဲ့ပါတယ်။ မကြာခဏ ဖတ်ဖြစ်ပါတယ်။
အာအိုင်တီ ရဲ့ စတုတ္ထနှစ်ပြဌာန်းစာအုပ် P. Hammonnd ရဲ့ Magnetism စာအုပ်ကို
လည်း အလေးထားဖတ်ဖြစ်ခဲ့ပါတယ်။ ယခုတိုင်သိမ်းဆည်းထားဆဲပါ။
သံလိုက်နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိနားလည်ခဲ့ပါတယ်။ ဒီအတွက် အကျိုး
ထူးတွေ လည်းခံစားခဲ့ရဘူးပါတယ်။
သံလိုက်အားသုံး စက်တစ်မျိုး အတွက်ညာဏ် ပူဇော်ခအဖြစ် နှစ်ထပ် နံကပ်
တိုက်တစ်လုံး ရခဲ့ဘူးပါတယ်။ ကိုးကန့်နယ်မှ ဘူမိဗေဒပညာရှင် ဦးထွန်းမြင့် က သံလိုက်
အားသုံးသတ္ထုရိုင်း သန့်စင်စက်တစ်လုံးဆင်လိုသဖြင့် ရန်ကုန် မန္တလေး မှာပညာရှင် ရှာဖွေ
ခဲ့ပါတယ်။ လုပ်သားလျပ်စစ်ပိုင်ရှင် ဦးအောင် ကို သူ လေးစားယုံကြည်စွာ ရွေးချယ်ခဲ့
ပါတယ်။သူ ရွေးတာ မှန်ပါတယ်။ဆရာ ဟာ ထူးချွန်တဲ့ ပညာသည်ကြီးပါ။
သီအိုရီ က ရှင်းလင်း သော်လည်း အလုပ် လုပ်ပုံက မျက်စေ့ လည်ချင်စရာပါ။
ပင်ရင်းလျပ်စစ်သံလိုက်တုံးနှင့် လည်နေသော အညှို့ခံသံလိုက်ဝိုင်းပြား တို့
ကြားတွင် သတ္ထုရိုင်းမှုန်များတင်ပြီး ရွေ့လျားလည်ပတ်နေသော ကွန်ဗေယာ ခါးပတ်ပြား
ကိုထားထားပါတယ်။လည်နေသော အညှို့ခံသံလိုက်ပြားဝိုင်းများ က လျပ်စစ်သံလိုက်​၏
ဆွဲအားကို ဆန့်ကျင်ပြီး သတ္ထုရိုင်းမှုန့်များကို ပင့်ယူဆောင်ကျဉ်းပြီး ခွဲခြားသန့်စင်
ပေးလိုက် နိုင်ပါတယ်။
ဂေါက်ဆီယမ် နိယာမ ကို ယဉ်ပါးနားလည်သော ကျွန်တော့် အနေဖြင့် သံလိုက်တုံးနှင့်သံတို၊ သံစ အချိို့တို့ဖြင့် ပုံစံတူ ဆောက်ပြ​ခဲ့ပါတယ်။ ဆရာ က
ကျွန်တော့် ကို တာဝန်ယူ တည်ဆောက်ပေးဘို့ ပြောလာပါတယ်။ ဒါနဲ့ဘဲ
magnetic seperator for woolfram ores ကို လုပ်ဆောင်မှု စွမ်းရည် အပြည့်ဝဖြင့်လုပ်ဆောင်နိုင်သည်အထိပြုလုပ်ပေးခဲ့ပါတယ်။ ဦးထွန်းမြှင့် ယူလာသော ခဲမဖြူနှင့်
အဖြိုက်နက် ရောရာ သတ္ထုရိုင်းများဖြင့် အကြိမ်ကြိမ် စမ်းသပ်ခဲ့ရာ စိတ်ကျေနပ်ဖွယ်
လုပ်ဆောင်မှုရရှိခဲ့ပါသည်။ သို့အတွက်ကြောင့်ပင် ဦးထွန်းမြှင့်မှ ဉာဏ်ပူဇော်ခ အဖြင့်
ရွှေစင် ၇ နှစ်ကျပ်ခွဲသား ပေးအပ်ခဲ့ပါသည်။ ထိုစဉ်က မျက်ပါးရပ်ကြိုးတန်းရှိ ကျွန်တော်​၏ မိဘအိမ်မှာ နှစ်ထပ် ထန်ရံကာ သွပ်မိုးအိမ် ဖြစ်ခဲ့ပါသည်။ ဆောင်းရာသီတွင် ထန်ရံကြားမှ လေအေးတိုးဝင်တိုင်း စိမ့်နေအောင် အေးခဲ့ရသော ဆောင်းရာသီတိုင်းတွင် နံကပ်တိုက်အဖြင့် ပြောင်းလည်းတည်ဆောက်လိုကြောင်း ဖခင်ကြီးမှ ပြောလေ့ရှိပါသည်။
ထို့ကြောင့်ပင် ရရှိသော ရွှေစင် ၇နှစ်ကျပ်ခွဲသားကို ဖခင်ကြီးထံပေးအပ်ခဲ့ပါသည်။
သို့ဖြင့် ထန်ရံကာ သွပ်မိုးအိမ်ကို နံကပ်တိုက်အဖြင့် ပြောင်းလည်းတည်ဆောက်နိုင်ခဲ့ပါသည်။
ကျွန်တော် ပြုလုပ်ပေးခဲ့သော စက်မှာ ပန်းဝါဒေသတွင် လည်ပတ်နေကြောင်း မိတ်ဆွေအချို့ထံမှ ကြားသိခဲ့ရပါသည်။ ကြားသိသော သတင်းများအရ မြေရှားသတ္ထုရိုင်းသန့်စင်ခြင်းတွင် အသုံးချနေသည်ဟု သိရှိရပါသည်။ ထုတ်လုပ်အား ပိုမိုကောင်းလိုသဖြင့်
ပထမအောင်မြင်ထားသောစက်ကို အချိုးတူ ဆပွားတိုးချဲ့ထားသည့် စက်ကြီးတလုံးကို ပြုလုပ်လိုကြောင်း ဦးထွန်းမြင့်မှ အပ်နှံခဲ့ပါသည်။ သံလိုက်ပတ်လမ်းများကို တွက်ချက်ကြည့်ရာ ဆပွားတိုးချဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း အဖြေရပါသည်။သို့သော်လည်း ဦးထွန်းမြှင့်က စက်အကြီးရရန် စိတ်ထက်သန်လွန်းသဖြင့် ဖြစ်လာသမျှ အကျိုးဆက်ကို ရင်ဆိုင်ဖြေရှင်းရန်ဆုံးဖြတ်ပြီး ရှေ့ဆက်တိုးရန်ဆုံးဖြတ်ခဲ့သည်။လုပ်ငန်းခွင်သို့ စက်ကြီးကို ယူဆောင်သွားပြီး စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။ ယခင်စက်လောက် စွမ်းဆောင်ရည်မကောင်းကြောင်း အသိပေးပါသည်။ပြင်ဆင်မွန်းမံရန် ဦးထွန်းမြင့်နှင့် ကျွန်တော် တိုင်ပင်ဆွေးနွေးနေစဲမှာပဲ အဆက်သွယ်ပြက်ခဲ့ပါတယ်။ယနေ့ထက်တိုင် အဆက်သွယ်မရတော့ပါ။အကယ်၍သာ အဆက်သွယ်မပြက်ခဲ့ပါလျှင် ကျွန်တော်​၏ သံလိုက်အားသုံး သတ္ထုသန့်စင် စက်များသည် မြေရှားဒြပ်စင် ထုတ်လုပ်ရေး၌ တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေမည်မှာ အသေချာပင်။

ယနေ့တိုင် သံလိုက်ပညာရပ်ကို နောက်ထပ် အသုံးချရန် ထူးထူးခြားခြား အခွင့်ရေးမရခဲ့ပါ ပြီးခဲ့တဲ့ သုံးလခန့်က ဘန်ကောက်မြို့ ဝေ့ဌာနီဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရာတွင် အားပြင်းသံလိုက်အားသုံး စက်ဖြင့် ကုသပေးမှုကို ခံယူခဲ့ရပါသည်။ စိတ်ဝင်စားဖွယ် သံလိုက်အားသုံးစက်ကိုတည်ဆောက်ကြည့်ရန် စိတ်ကူးရခဲ့ပါသည်။ ယခုအခါတွင် PEMF ခေါ် အားပြင်းပျက်တောက်သံလိုက်အားသုံး အကြောအဆစ် ဆိုင်ရာ ကုသစက်ကို စမ်းသပ်ပြုလုပ်နေပါသည်။ မကြာမှီ အောင်မြင်မည်ဟု ယုံကြည်နိုင်ဖွယ် လမ်းစရနေပါပြီ။ 

No comments:

Post a Comment