Friday, February 6, 2026

တကယ်လို့သာ အာဏာမသိမ်းခဲ့ရင်

 အမေစုက ဒလတံတား ပန္နက်ရိုက်ပွဲကို ဒလဘက်ခြမ်းမှာ သွားတက်အပြီး သင်္ဘောဆိပ်ရောက်တော့ ခဏရပ်၊ ထုံးစံအတိုင်း ကဲ ဒီအမှိုက်တွေ ဘယ်သူပစ်သလဲ ဆူရော။ ပြည်သူတွေကလည်း အမေစုကို ကိုယ်ဆိုးလို့ရတဲ့ အမေလိုပဲ ခံစားကြရတာဆိုတော့ အမှိုက်တွေက ရေစီးနဲ့ မျောလာတယ် လုပ်ကြသေးတာ။ အမေစုက မှန်မှန်ပြောနော်ဆိုတော့မှ တချို့က ကျနော်တို့ ပစ်ထားတာပါ၊ တောင်းပန်ပါတယ် အမေလို့ အော်ပြောကြတယ်။ အဲတာ့ အမေက ဝန်ခံရဲတဲ့စိတ်ဓါတ်ကိုတော့ သဘောကျတယ်၊ ဒါပေမဲ့ တာဝန်ယူရဲတဲ့ စိတ်လည်း ရှိမယ်၊ ဒီအမှိုက်တွေကို ရှင်းဖို့ကိစ္စမှာလည်း ဝိုင်းကူရမယ်၊ စည်ပင်သာယာမှာပဲ တာဝန်ရှိတယ်လို့ တွေးလို့ မရဘူး၊ အမေတို့ နိုင်ငံက လိုအပ်ချက်တွေ သိပ်များတော့ အားလုံးဝိုင်းလုပ်ရမယ်လို့ ဆုံးမတယ်။ အဲ့အကြောင်းကို မန္တလေးတက္ကသိုလ်ထဲက ရသစာပေစကားဝိုင်းထဲမှာ အမေစုက တခုတ်တရ ထပ်ပြီး ပြန်ပြောဖူးတယ်။

အခုပြည်သူတွေက ဒလတံတားဖွင့်တော့ အဆန်းတကြယ် တက်ကြည့်ကြတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ဒီလို တံတားမျိုးဆိုတာ နိုင်ငံတကာမှာ ဥဒဟို ဟိုနားမှာ တခု၊ ဒီနားမှာ တခုပဲ။ သို့သော် မြန်မာပြည်မှာကျ ဒါမျိုးက နောက်ကျတယ်။ အခု အာဏာသိမ်းလိုက်လို့ ၅ နှစ် ထပ်နောကိကျသွားတယ်။ တကယ်လို့သာ အာဏာမသိမ်းခဲ့ရင် မြန်မာပြည်က ၅ နှစ်ပိုတိုးတက်မှာတောင်မဟုတ်။ အနည်းဆုံး ၁၀ နှစ်စာလောက် ရှေ့ရောက်နေမှာ အသေအချာပဲ။ ပြည်သူတွေအဖို့မှာလည်း ဒလတံတားကို အဆန်းတကြယ် သွားကြည့်စရာတောင် မလိုတဲ့ တိုးတက်မှုမျိုးနဲ့ နေသားတကျ ဖြစ်နေကြမှာ အသေအချာပဲ။
ဆက်ပြီး ရုန်းကန်ကြတာပေါ့ 💪
အမေစု ကျန်းမာပါစေ ❤️❤️❤️
ပြည်သူတွေကို နွေးထွေးစေတဲ့ ခေါင်းဆောင်၊ မျက်နှာ မငယ်ရစေတဲ့ ခေါင်းဆောင် အမေစုလည်း ကျန်းမာပါစေ။ ပြည်သူတွေလည်း နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ဘေးဒုက္ခပေါင်းစုံကနေ အမြန်ကင်းလွတ်ကြရပါစေ။
(အမေစုရဲ့ ၂၀၁၅-၂၀၂၀ ကြား လှုပ်ရှားမှုတွေကို နေ့ရက်အလိုက် ပြန်ပြီး စုစည်းတင်ပြပေးသွားပါမယ်။ ဓါတ်ပုံမှတ်တမ်း မူရင်းရိုက်ကူးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။)

" မတော်နဲ့မတည့် ခွေးကျိုးကို ရန်လုံမှည့်သတဲ့"

 

******************************
"ဟျောင့် ကိုထွေး မင်းဘယ်တုန်းကခွေးမွေးလိုက်တာလဲ ။ အရင် ငါလာတုန်းက မရှိပါဘူး။
"ဟာ ကိုကေး လာ လာ ။ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ကားရပ်တာတောင် သတိမထားလိုက်မိဘူး၊ လာ လာ ကားပေါ်က ဆင်းလေဗျာ။ ဘာလုပ်နေတာတုန်း "
"မဆင်းရဲပါဘူးကွာ ငါက ပေါင်ရိုးခွဲထားရတာ။ မင်းခွေးက လိုက်ကိုက်လို့ တစ်ကျိုးကနေ နှစ်ကျိုးဖြစ်နေပါ့မယ်"
ကိုကေးက ပခုံးလေးတွန့်ပြီးပြောလိုက်တော့
မောင်ကိုထွေးကရယ်တယ်။ သူ့နံဘေးမှာဝပ်နေတဲ့ ခွေးညိုလေးတင်ပါးကို ခပ်ဆတ်ဆတ်ပုတ်လိုက်ပြီး ပြန်ပြောတယ်။
"ခင်ဗျားကို လိုက်ကိုက်ဖို့နေနေသာသာ သူ့ကို ကြက်လိုက်ဆိတ်ရင်တောင် လွတ်အောင်မပြေးနိုင်ပါဘူးဗျာ၊ ဟိုတလောက ဝင်းခိုင်တို့နဲ့အတူမြို့ပြင်ထွက်ပြီး ဘျာလေးချနေတုန်း ကုန်ကားကဖြတ်တိုက်သွားပြီးလဲနေလို့ ဆေးခန်းပို့ကုပေး၊ ပြီးတော့သနားတာနဲ့ကောက်လာပြီးမွေးထားတာပါ။ ညာလက်တဖက်ကျိုးသွားတော့ လျှောက်ရင်တောင် ဆတ်တောက် ဆတ်တောက်ဖြစ်နေတာ တွေ့မဟုတ်လား"
ဒီတော့မှ ကိုကေးက ကားပေါ်က စိတ်ချလက်ချဆင်းတယ်။ ဟုတ်တယ်လေ သူ့ခမျာ အသက်ကြီးကာမှ ပေါင်ကျိုးပြီး စတီးရိုးထည့်ထားရတာ ၊ခွေးလိုက်လို့ပြေးရရင် ကျိုးထားတဲ့ခြေထောက်
တပိုင်းစီလိုက်ကောက်ရချည်ရဲ့။
မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် ချက်တလုံးဖောက်ပြီး သောက်လိုက်ကြ၊ မောင်ကိုထွေးချက်ထားတဲ့ ကြက်ဂွေး( ကြက်သားလေးပါလေဟန်နဲ့ ဂွေးတောက်ရွက်ဟင်းချို)လေးသောက်လိုက်နဲ့ စည်းစိမ်ကြီးခံနေကြတုန်း အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သံနဲ့အတူ စူးစူးဝါးဝါး အသံထွက်လာတယ်။
"ဟဲ့ ရန်လုံ နင်က ဘယ်လိုဖြစ်ပြီ အပြင်ရောက်နေတာတုန်း။ ဟယ်တော် ခြံတံခါးကြီးပွင့်လို့ ။ တော့ ကိုထွေး ရှင်ဘာလုပ်နေတုန်း ၊ ရှင့်ခွေးဒုက္ခိတအပြင်ထွက်နေတယ် ၊တခြားခွေးတွေဝိုင်းကိုက်လို့ကတော့ ဟင်း မပြောလိုက်ချင်ဘူး"
" ဪ အေးအေး မိန်းမရေ ယောက်ျားသတိမထားလိုက်မိလို့ပါ ။ ဒီမှာ ကိုကေးရောက်လာလို့ ဧည့်ခံနေတာနဲ့ ဒီကောင်ထွက်သွားတာ သတိမထားလိုက်မိဘူးဖြစ်သွားတာ ဆောဒီးပါ မိန်းမရယ်"
မောင်ကိုထွေးရဲ့ သွားဖြီးလေးနဲ့ လေပြေထိုးသံလေးက ဇမ္ဗူ့သပြေရွက်ချပ်ကြိုကြား လေညင်းခတ်သွားသလို ချိုသာညင်းပျောင်းလို့ ။ မောင်ထွေးမိန်းမ ရင်ရင်စိုးက ခြံဝကနေဆိုင်ကယ်လေးလှိမ့်ဝင်လာပြီးရပ်လိုက်တယ်။ ကိုကေးကိုမြင်‌တော့ ခေါင်းညိတ်ပြုံးပြနှုတ်ဆက်တယ်။ ခွေးက ထော့နဲ့ထော့နဲ့ နဲ့ ဆိုင်ကယ်နောက်ကနေ ခြံထဲပြန်လိုက်ဝင်လာတယ်။
"ငါ့နှမ စာသင်ပြီးပြန်လာတာလား"
"ဟုတ်တယ်အစ်ကိုကေးရေ ။ နောက်တဝိုင်းကူးဖို့ ဖြတ်သွားရင်း ခဏပြန်ဝင်လာတာ။ လေ့ကျင့် ခန်း စာအုပ်လေးတွေကျန်ခဲ့လို့ ပြီးတော့ သူ့လဲမှာစရာရှိလို့"
ရင်ရင်စိုးက အိမ်ထဲဝင်သွားပြီ စာအုပ်တချို့ယူပြီးပြန်ထွက်လာတယ်။ မောင်ကိုထွေးကို မျက်စောင်းကြီးထိုးကြည့်တဲ့ပြီး
"စောင်တွေလှမ်းထားတာနေမပျောက်ခင် ရုပ်ထားနော်။ မေ့မနေနဲ့ ညကျရင် စောင်ရေခဲစိမ် ခြုံနေရဦးမယ်။ ပြီးရင် အစ်မစန္ဒာဆီပို့မယ့် အာလူးကြော်ထုတ်တွေကို သေသေချာချာထုတ်ပြီး ည ၇ နာရီကားနဲ့ပို့ဖို့ အဆင်သင့်လုပ်ထား။ ကျုပ်ပြန်လာမှ မထုတ်ရစေနဲ့ ။ ကိုကေးကိုအကြောင်းပြပြီး ဖင်ဘူးတောင်းထောင်အောင်လဲ သောက်မနေနဲ့ ။ ပြီးတော့ ရှင့်ခွေး ဒုက္ခိတကိုလည်း ကြည့်ထားဦး။ အပြင်ထွက်သွားပြီး အကိုက်ခံရလို့ ကျုပ်မှာ ဆေးဖိုးဝါးခကုန်ရဦးမယ်"
ဆိုင်ကယ်သံ‌တဖုန်းဖုန်း၊ မီးခိုးအလုံးလုံးကို နောက်ချန်ထားခဲ့ပြီး ရင်ရင်စိုးထွက်သွားတော့မှပဲ မောင်ကိုထွေးတယောက် ပခုံးနှစ်ဖက်ကြားပုဝင်နေတဲ့ ခေါင်းကလေး ပြန်ပြူထွက်လာတော့တယ်။ ပန်ကန်လုံးထဲက ချက်လက်ကျန်လေးကို ဂွပ်ခနဲကောက်မော့ ၊ လေပူကြီး ဟူးခနဲမှုတ်ထုတ်လိုက်ပြီး သွားကြိတ်တယ်။
" တယ် ဒီမိန်းမကတော့ ... ဟွင်း ကိုကေးရှိလို့ အသာကြည့်နေလိုက်တာကို သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေတယ် ၊ ငါ တယ် ကတောက်စ်"
"စိတ်လျှော့ပါကွာ ၊ ဟိုမှာ ရင်စိုးက မီးသတ်ရှေ့ရောက်နေလောက်ပါပြီ။ ဒါနဲ့ နေပါဦး စောစောက ရင်စိုးခေါ်လိုက်တာ သေချာမကြားလိုက်လို့ ။ မင်းခွေးကို ဘယ်လိုနာမည်ခေါ်လိုက်တာ"
" ရန်လုံလေ ၊ သူ့ကိုတွေ့တဲ့နေရာ၊ ခေါ်လာတဲ့အချိန်‌တွေကို ကျနော်ကိုယ်တိုင် ဗေဒင်တွေဘာ‌တွေ တွက်ချက်ကြည့်ပြီး နာမည်ပေးထားတာ"
" ဖွီး"
ကိုကေးတယောက် ဝါးနေတဲ့ကြက်ဂွေးတွေသီးပြီး ပါးစပ်ထဲက အဖတ်လိုက်ပြန်ထွက်လာတယ်။ မနင်တာကံကောင်း။
" ဟာ ဟေ့လူ ဘယ်လိုဖြစ်တာတုန်း"
ကိုကေးချက်ခြင်းပြန်မပြောနိုင်ဘူး။ တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပြီး အသက်ကို မနည်းရှူနေရှာတယ်။ နှာရည်တွေလည်းအတောင့်လိုက်ထွက်ကျလို့ ။ ရေတခွက်ထည့်ပြီး အာလုပ်ကျင်း ၊ တငုံချင်းစီသောက်ချ၊ အသက်ကို ဝဝရှူ ....။ ပြီးတော့မှ
" ဘာ ဘယ်လို ဖြစ်ရမလဲ ၊ မင်းဂျီးတော်ကြီးတည့်မှ မင်းကြောင့်ဖြစ်တာပေါ့ကွ ။ ကားတိုက်ခံရလို့လမ်းဘေးလဲနေတဲ့ခွေး သနားလို့ခေါ်မွေးတာ ကောင်းပါတယ်။ မင်းရဲ့ ကရုဏာစိတ်ကိုလဲ အထင်ကြီးမိပါတယ်။ ဒါပေမယ့် ရှေ့လက်ကျိုးကြေပြီး ကြက်လိုက်ဆိတ်တာတောင် လွတ်အောင်မပြေးနိုင်ဘူးဆိုတဲ့ခွေးကို ရန်လုံမှည့်တာကတော့ မင်းကွာ ငါ့လခွမ်းတည့်မှ ခွီး အဟွတ် ဟပ်ချိုး"
ထင်လင်းဦး(Wisdom Villa)

နေ့တိုင်း အသေအလဲ ပြေးစရာ မလိုပါဘူး

 ပြေးစက်ပေါ်မှာ နှလုံးခုန်နှုန်း ၁၈၀ လောက်ရောက်ပြီး အမောဆို့မတတ် ပြေးနေမှ "ငါ ဝိတ်ကျတော့မယ်" လို့ ထင်နေတုန်းလား?

အင်္ကျီမှာ ချွေးတွေ ရွှဲနစ်ပြီး လမ်းမလျှောက်နိုင်တော့မှ "Cardio ဆော့တာ ထိတယ်" လို့ ယူဆနေတုန်းလား?
စိတ်မကောင်းပါဘူး မိတ်ဆွေ... ခင်ဗျား အထင်လွဲနေပါပြီ။
တကယ်တမ်း ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို အဆီလောင်ကျွမ်းစေပြီး၊ အသက်ရှည်ကျန်းမာစေမယ့် လျှို့ဝှက်ချက်က "အမောခံခြင်း" ထဲမှာ မရှိပါဘူး။
အဲဒီ လျှို့ဝှက်ချက်က "စကားပြောနိုင်ရုံ ပြေးခြင်း" (Zone 2 Training) ထဲမှာ ရှိနေတာပါ။
ဒါကို ACSM (American College of Sports Medicine) က အခိုင်အမာ ထောက်ခံထားပါတယ်။ ဘာကြောင့်လဲဆိုတာကို သိပ္ပံနည်းကျ၊ ဒါပေမဲ့ ရိုးရှင်းတဲ့ ဥပမာတစ်ခုနဲ့ ရှင်းပြပါမယ်။
ဆဲလ်စွမ်းအင် စက်ရုံများ မိုက်တိုကွန်ဒရိယ
ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာ Mitochondria ဆိုတဲ့ အကောင်လေးတွေ ရှိတယ်။ သူတို့ကို "အဆီလောင်ကျွမ်းပေးတဲ့ မီးဖိုကြီးတွေ" (Fat Burning Furnaces) လို့ မြင်ယောင်ကြည့်ပါ။
ခင်ဗျား ဝိတ်ကျချင်ရင် ဒီမီးဖိုတွေ များများရှိဖို့၊ မီးဖိုတွေ ကြီးဖို့ လိုပါတယ်။
HIIT vs. Zone 2
ခင်ဗျားက HIIT (High Intensity) တွေ၊ အမောဖောက်မတတ် ပြေးတာတွေ လုပ်လိုက်တဲ့အခါ... ခင်ဗျားက ရှိပြီးသား မီးဖိုကို "တာဘို" (Turbo) ဖွင့်ပြီး အကုန် မောင်းတင်လိုက်တာနဲ့ တူပါတယ်။
ကောင်းလား? ကောင်းပါတယ်။ ကယ်လိုရီ လောင်တာ မြန်ပါတယ်။
ဒါပေမဲ့... ပြဿနာက ခင်ဗျားရဲ့ စက်ရုံ (ခန္ဓာကိုယ်) က Stress (ဖိစီးမှု) တွေ အရမ်းများသွားပြီး၊ ရေရှည်မှာ မောပန်းနွမ်းနယ်လာမယ်။ ပြီးတော့ မီးဖိုအသစ်တွေ ထပ်မဆောက်နိုင်တော့ဘူး။
ဒါပေမဲ့ Zone 2 Cardio (နှလုံးခုန်နှုန်း ၆၀% - ၇၀% ဝန်းကျင်) ကို လုပ်တဲ့အခါ...
ခင်ဗျားက စက်ရုံကို အေးအေးဆေးဆေး လည်ပတ်စေတာ ဖြစ်လို့၊ ခန္ဓာကိုယ်က "Mitochondrial Biogenesis" ဆိုတဲ့ လုပ်ငန်းစဉ်ကို စလုပ်ပါတယ်။မြန်မာလို ရှင်းရှင်းပြောရရင် "မီးဖိုအသစ်တွေ ထပ်ဆောက်တာ" ပါ။
Zone 2 များများဆော့လေ... ခင်ဗျားဆီမှာ အဆီလောင်ပေးမယ့် မီးဖို အရေအတွက် များလာလေပါပဲ။
မီးဖိုများလာရင် ခင်ဗျား ဘာမှ မလုပ်ဘဲ ထိုင်နေရင်တောင် အဆီလောင်နှုန်း (Metabolic Rate) က မြင့်တက်လာမှာပါ။
စကားပြော စမ်းသပ်ချက်
"ငါ Zone 2 ရောက်မရောက် ဘယ်လိုသိမလဲ? နှလုံးခုန်နှုန်းတိုင်းတဲ့ နာရီ ဝယ်ရမလား?"မလိုပါဘူး။ "Talk Test" ကို သုံးပါ။
ခင်ဗျား ပြေးနေရင်း (သို့) လမ်းလျှောက်နေရင်း... ဘေးက သူငယ်ချင်းနဲ့ စကားပြောကြည့်ပါ။
စကားကို ပုံမှန်အတိုင်း ပြောလို့ရနေသေးတယ်၊ ဒါပေမဲ့ သီချင်းအော်ဆိုဖို့တော့ မောနေတယ်ဆိုရင်... Bingo! ခင်ဗျား Zone 2 ထဲ ရောက်နေပါပြီ။
စကားပြောရင်း အသက်ရှူမဝတော့ဘူး၊ စကားတစ်လုံးချင်းစီပဲ ပြောနိုင်တော့တယ်ဆိုရင်... ခင်ဗျား ပြေးတာ မြန်လွန်းသွားပါပြီ (Zone 3/4 ရောက်သွားပါပြီ)။ အရှိန်လျှော့ပါ။
Slow is Smooth, Smooth is Fast
Navy SEALs တွေရဲ့ ဆောင်ပုဒ်တစ်ခု ရှိတယ်။ "Slow is smooth, smooth is fast" တဲ့။(နှေးမှ ငြိမ်မယ်၊ ငြိမ်မှ မြန်မယ်)။
ကျန်းမာရေးအတွက်လည်း ဒီအတိုင်းပါပဲ။ နေ့တိုင်း အသေအလဲ ပြေးစရာ မလိုပါဘူး။ဖုန်းပြောလို့ရရုံ၊ Podcast နားထောင်လို့ရရုံ အရှိန်လေးနဲ့ ၄၅ မိနစ်လောက် ပုံမှန် လုပ်သွားတာက... ခင်ဗျားကို အဆီပိုကျစေသလို၊ နှလုံးကျန်းမာရေးကိုလည်း အံ့မခန်း ကောင်းမွန်စေပြီး အသက်ရှည်စေမှာပါ။
ဒါကြောင့် နောက်တစ်ခါ Gym ရောက်ရင် ပြေးစက်ပေါ်မှာ ပြိုင်ပွဲဝင်သလို မလုပ်ပါနဲ့တော့။Relax လုပ်ပါ။ စကားပြောပါ။ အဆီကျပါစေ။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉

တကယ်တမ်းမှာ တော်လှန်ရေးဟာ ဒုက္ခတွေချည်းမဟုတ်ပါဘူး

မတရားမှုကို ဆန့်ကျင်တဲ့သူ တယောက်ဖြစ်ရင် စွန့်လွှတ်ရတာတွေများတယ်၊ ဆုံးရှုံးရတာတွေ များတတ်တော့ မတရားမှုကိုဆန့်ကျင်ရမှာ၊ တော်လှန်ရမှာ မဝံ့မရဲဖြစ်တတ်ကြ၊ ကြောက်တတ်ကြပါတယ်။ တကယ်တမ်းမှာ တော်လှန်ရေးဟာ ဒုက္ခတွေချည်းမဟုတ်ပါဘူး။ လူတယောက် တသက်တာ ရှင်သန်နေထိုင်နည်းကို သင်ကြားပေးတဲ့ သင်ကြားရေးကျောင်းကြီးလည်း ဖြစ်ပါတယ်။ တကိုယ်ရေကောင်းစားရေး အတ္တသမားတွေမရနိုင်တာတွေရှိပါတယ်။ ဘာတွေရမှာလဲဆိုတော့ -
၁။ ဘဝရည်မှန်းချက် ပိုမိုခိုင်မာလာတာ
လူအများစုဟာ နေ့စဉ် လှုပ်ရှားသွားလာနေပေမယ့် ဘဝအဓိပ္ပာယ်မဲ့သလို ခံစားနေရ၊ လမ်းပျောက်နေရတတ်ပါတယ်။ ဘာကိုမှ အလေးအနက်မထားဘဲ အသက်ရှူနေတာမျိုး ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ ပါဝင်လိုက်တဲ့အခါ 'ငါဟာ ငါ့အတွက်တင်မဟုတ်ဘဲ အနာဂတ်အတွက်ပါ အရေးပါသူ တယောက်' ဆိုတဲ့ ရည်မှန်းချက်ပါ ပါလာတယ်။ ဒါဟာ စိတ်ဓာတ်ကျဆင်းမှုတွေကို ကျော်လွှားနိုင်တဲ့ အားဆေးတခု ဖြစ်ပါတယ်။
၂။ ကိုယ်ကျင့်သိက္ခာနဲ့ မိမိကိုယ်ကိုယ် လေးစားတတ်တာ
မတရားမှုကို ခေါင်းငုံ့မခံတဲ့သူ၊ မှန်ရာဘက်က ရပ်တည်ခဲ့သူဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်ယူမှု ရပါလိမ့်မယ်။ တချိန်မှာ ဘဝမှတ်တိုင်တွေကို ပြန်ပြောင်းတွေးတဲ့အခါ 'ငါတော့ ဒီလို ဖြတ်သန်းလာခဲ့တယ်' ဆိုတဲ့ ပီတိရပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်မားစေပါမယ်။
၃။ ရဲဘော်ရဲဘက်စိတ် ရရှိတာ
တော်လှန်ရေးတခုကို အတူဖြတ်သန်းတဲ့အခါ မိုးထဲရေထဲမှာ အသက်အန္တရာယ်တောင် ရင်ဆိုင်ရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်နဲ့တယောက် ယုံကြည်မှုတွေပေး၊ အပြန်အလှန် အကူအညီတွေပေး၊ ဖေးမမှုတွေ ပေးခဲ့ကြတဲ့အခါ ရဲဘော်ရဲဘက်စိတ် ကိန်းအောင်းသွားပါတယ်။ အဲဒါဟာ သာမန် ညီအစ်ကို မောင်နှမသားချင်းတွေမှာတောင် မရနိုင်တဲ့ စိတ်ဓာတ်မျိုး ဖြစ်ပါတယ်။ ဘဝနှောင်းပိုင်း တချိန်မှာ ပြန်ဆုံကြရင် သေလောက်တဲ့ ဒုက္ခတွေဟာ ရယ်မောစရာတွေအဖြစ် ပြန်ပြောနိုင်ကြတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။
၄။ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ် မြင့်မားလာတာ
တော်လှန်ရေးဟာ ပုပ်သိုးနေတဲ့ စနစ်တခုကို ဆန့်ကျင်တာဖြစ်တဲ့အတွက် အဲဒီစနစ်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာရပါတယ်။ စနစ်ကို မောင်းနှင်သူတွေရဲ့ ပြောစကားတွေကို ဆန်းစစ်ရပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေတတ်လာမယ်။ လက်တွေ့နဲ့ယှဉ်ပြီး နှိုင်းချိန်ရပါတယ်။ အဲဒီတော့ လိမ်ညာဝါဒဖြန့်မှုတွေကို ခွဲခြားတတ်လာမယ်။
၅။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှု အရည်အချင်း မြင့်လာတာ
တော်လှန်ရေးဟာ တကိုယ်တော် ဓားတလက်၊ မြင်းတစီးနဲ့ ထင်တိုင်းစိုင်းရတာ မဟုတ်တော့ တပါးသူနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ Teamwork skills မြင့်လာမယ်။ အခက်အနေတွေ ကြုံတဲ့အခါ စုပေါင်းအဖြေရှာတတ်လာမယ်။ အသံတွေကို နားထောင်တတ်လာမယ်။ အခက်အခဲကြားမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ရလာမယ်။ 'မုဆိုးစိုင်သင်' ဆိုသလို မိမိသဘောထားကို ထိရောက်အောင် ဆက်သွယ်ပြောဆိုတာတွေ တတ်လာပါလိမ့်မယ်။
၆။ ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ခြင်း
မတရားမှုကို အံတုလိုက်တဲ့အချိန်မှာ 'ကြောက်စိတ်' ဟာ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားတတ်ပါတယ်။ ဒူပေဒါပေခံနိုင်ရည် ( Resilience) ရလာပါလိမ့်မယ်။ အဲဒါဟာ မိမိကိုယ်ပိုင်ဘဝ၊ လုပ်ငန်းခွင်နဲ့ ဘဝရဲ့ တခြားသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာပါ ပျော့ညံ့သူ မဖြစ်စေတော့ပါဘူး။