Tuesday, November 25, 2025

လောကကြီးမှောင် မိုက်ဖုံးနေတဲ့အချိန်ကာလ

 နာဇီလက်အောက် ကျရောက်နေတဲ့ ပါရီမှာ နေရတဲ့ ဘဝကို ဆီမွန်ဒီဗူးဘွားက ဒီလိုပြောဖူးတယ်။


“အကျဉ်းထောင်ကြီးထဲနေရသလိုပါပဲ။ ထောင်ရဲ့တင်းကျပ် တဲ့စည်းမျဉ်းတွေကိုခံနိုင်ရည်ရှိဖို့တခုတည်းသောနည်းလမ်း ကတော့ မိတ်ဆွေအပေါင်းတွေ ပုံမှန်ဆုံကြ၊ သောက်ကြစား ကြရင်း စကားစမြည်ပြောကြရတာပါပဲ”တဲ့။

အဲ့လိုနဲ့ ကဖေးဒီဖလောမှာ သူပုန်အနုပညာရှင်တွေ၊ အသိပ ညာရှင်တွေ ပုံမှန်တွေ့ဆုံဝိုင်းဖွဲ့ကြတာပေါ့၊ ဒီဗူးဘွားတို့၊ ကမူးတို့၊ ဆာ့တ်တို့က တဖက်က ဝိုင်းဖွဲ့ကြရင်း တဖက်ကနာဇီဆန့်ကျင်ရေးစာစောင်တွေ၊ လှုပ်ရှားမှုတွေ လုပ်ကြတယ်။

စာ​ရေးဆရာဖွန်ဆာ​မောရက်စ်တော့ “အဲ့ဒီနေ့ရက်​တွေဟာ မိတ်​ဆွေရင်းနှီးမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးတဲ့ကာလ တွေလို့”နောက်ပိုင်း ပြန်​ပြောဖူးပါတယ်၊

မှန်ပါတယ်။အကျပ်တည်ဆုံးကာလတွေ၊လောကကြီးမှောင် မိုက်ဖုံးနေတဲ့အချိန်ကာလတွေမှာ ရင်ဘတ်ချင်းတူတဲ့ မိတ် တွေကြားထဲက တွေ့ဆုံမှုတွေဟာ၊ နှီးနှောဖလှယ်မှုတွေဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

ဒီမိတ်ဆွေတွေနဲ့အတူ ဥာဏ်ပညာကို​ မြေကတုတ်လုပ်ရင်း ချစ်ခြင်းတရားနဲ့ ရှင်သန်နေထိုင်ရတာဟာ စိတ်ညစ်ညူးစ ရာကာလတွေကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းပဲ မဟုတ်လား။ 

Saturday, November 22, 2025

အထင်လွဲခံ၊ အစွပ်စွဲခံရပြီး မဟုတ်မမှန်ပြောခံရတဲ့ အချိန်

 ကိုယ့်ဟာကို အေးအေးဆေးဆေး

နေနေပေမယ့် အထင်လွဲခံ၊
အစွပ်စွဲခံရပြီး မဟုတ်မမှန်ပြောခံရတဲ့
အချိန်တွေဆိုတာ လူတိုင်းကြုံရတတ်ပါတယ်။
အထူးသဖြင့် လုပ်ငန်းခွင်
ဆက်ဆံရေးတွေမှာပေါ့။
ကျွန်တော်လည်းကြုံဖူးတယ်။
ကိုယ့်ဖက်က မှန်နေပေမယ့်
ကိုယ့်ထက်ရာထူးကြီးသလို
ကိုယ်ကလည်း လေးစားအားကျရတဲ့
ကိုယ့်အထက်လူကြီးကမှားနေတာ။
သူ့အနေနဲ့ ဒီကိစ္စလေးက
အသေးအမွှားလေးပေမယ့်
ကိုယ်လိုအောက်ခြေဝန်ထမ်းအတွက်ကျတော့
တော်တော်ကြီးတဲ့ အမှားမျိုး။
သူအမိန့်ပေးတဲ့အတိုင်း
ကိုယ်ကလုပ်ရတာဆိုပေမယ့်
သူ့ထက်ရာထူးကြီးတဲ့လူကြီးနဲ့
အများအရှေ့ရောက်တော့ သူ့အမှားကို
ကိုယ့်အမှားဆိုပြီး ထိုးချပါလေရော။
လူငယ်ပီပီ အထက်လူကြီးမှားတာပါဆိုပြီး
အားလုံးအရှေ့မှာ သက်သေပြချင်ပေမယ့်
သူ့ရဲ့ဂုဏ်သိက္ခာရယ်၊
ကိုယ့်အပေါ်ကောင်းခဲ့ဖူးတာတွေရယ်ကြောင့်
ပြန်ပြောချင်စိတ်ကို မနည်း
မျိုသိပ်ခဲ့ရဖူးတယ်။
အဲဒီလိုမျိုသိပ်ခဲ့ခြင်းအားဖြင့်
သူလည်း ဂုဏ်သိက္ခာမဆုံးရှုံးတော့သလို
ကိုယ်လည်း လူအမုန်းမခံရတော့ဘူးပေါ့။
ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူဆိုရင်တော့
ဂုဏ်သိက္ခာမကလို့ ဘာပဲထိခိုက်ထိခိုက်
ပြောဖြစ်အောင်ကို ပြောဖြစ်ခဲ့မိဦးမှာ။
ကျွန်တော်တို့ နေ့စဥ်ဘဝတွေမှာလည်း
အဲဒီလိုမျိုးကိုယ်မမှားဘဲနဲ့
သည်းခံလိုက်ရတဲ့ အခိုက်အတန့်တွေ၊
ကိုယ်မမှားပေမယ့်
နောက်ဆုတ်ပေးလိုက်ရတဲ့
အခိုက်အတန့်မျိုးတွေဆိုတာ
ရှိတတ်ပါတယ်။
ကိုယ့်ဖက်က မှန်နေတိုင်းလည်း
ပြဿနာအကျယ်ကျယ်မဖြစ်ချင်လို့
အလျှော့ပေးလိုက်ရတာမျိုးတွေပေါ့။
အထူးသဖြင့် လုပ်ငန်းခွင်တွေနဲ့
Relationship တွေမှာပေါ့။
သူငယ်ချင်းတွေ၊ ချစ်သူတွေ၊
စကားများကြတဲ့အခါ အထင်လွဲကြတဲ့အခါ
စကားနိုင်လုကြတဲ့အခါ
ကိုယ်မမှားပေမယ့် ကိုယ့်ဖက်က
အလျှော့ပေးလိုက်တာက
အရှုံးပေးလိုက်တာမဟုတ်ပါဘူး။
ချစ်တဲ့စိတ်၊ ခင်တဲ့စိတ်၊လေးစားတဲ့စိတ်နဲ့
တစ်ဖက်လူကို အလျှော့ပေးလိုက်တာက
အများအမြင်မှာကိုယ်ရှုံးသွားပေမယ့်
အရှုံးထဲက အမြတ်က ကိုယ့်ချစ်ရတဲ့သူတွေ၊
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကိုတော့
မဆုံးရှုံးလိုက်ရတော့ဘူးပေါ့။
ကိုယ်ချစ်ရတဲ့သူတွေကို
ဆုံးရှုံးလိုက်ရတာထက်
ကိုယ်မမှားဘဲနဲ့ တောင်းပန်လိုက်ရတာ၊
ကိုယ်မဟုတ်ဘဲ စွပ်စွဲခံလိုက်ရတာက
တခါတလေ ပိုပြီးတန်ပါတယ်။
ကိုယ်တကယ်ချစ်ရပြီး
ကိုယ့်ကိုယ်လည်း တကယ်ချစ်ကြတဲ့
သူတွေအပေါ်ဆိုရင်ပေါ့။
တဖက်ကပြန်ကြည့်ရင်
ကိုယ့်မိတ်ဆွေတွေ၊ ချစ်သူတွေ၊
သူငယ်ချင်းတွေအထဲမှာ
သူတို့ဖက်ကမမှားဘဲနဲ့ ကိုယ့်ကို
တောင်းပန်တဲ့သူတွေ၊ကိုယ်နဲ့ပတ်သက်လာရင်
သူတို့တွေ ရဲ့ ဂုဏ်သိက္ခာတွေကို
ချနင်းပစ်တတ်တဲ့ သူတွေ ရှိခဲ့ရင်၊
ရှိနေရင် တန်ဖိုးထားစေချင်တာပါ။
ဒီခေတ်ကြီးမှာ မိတ်ဆွေ၊
သူငယ်ချင်းကောင်းဆိုတာ
ရွှေထက်ရှားနေပါပြီ။
လူတိုင်းကို ခွင့်လွှတ်၊အလျော့ပေး၊
သည်းခံရမယ်လို့ မဆိုလိုပေမယ့်
ကိုယ့်အပေါ်ကောင်းတဲ့သူတချို့
အပေါ်တော့ အတတ်နိုင်ဆုံး
မေတ္တာထားပြီး ခွင့်လွှတ်၊ သည်းခံ
အလျှော့ပေးစေချင်တာပါ။
" မေတ္တာလိုချင်ရင် မေတ္တာ
အရင်ပေးရတယ် " မဟုတ်လား။
Sint Nyi
22.11.25

လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား

 

💞 လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား
🤍 မိန်းမဆီကနေ ယောက်ျားလိုအပ်တာက
၁။ နားလည်ပေးမှု
၂။ ယုံကြည်မှု
၃။ အားပေးမှု
၄။ အသိအမှတ်ပြုမှု
၅။ လေးစားမှု
🤍ယောက်ျားဆီကနေ မိန်းမလိုအပ်တာက
၁။ စိတ်လုံခြုံမှု
၂။ ရိုမန်တစ်ဆန်မှု ( surprise တိုက်တာ)
၃။ အလိုလိုက်တာ၊ ချော့မော့တာ
🤍 လင်မယားကြား အဓိကပြဿနာက
၁။ ငွေရေးကြေးရေးပြဿနာ
၂။ လိင်ပိုင်းဆိုင်ရာပြဿနာ
၃။ ပြောဆိုဆက်ဆံရေးပြဿနာ
🤍လင်မယားကြား ပိုလုပ်ရမယ့်အရာနဲ့
လျော့လုပ်ရမယ့်အရာ
၁။ သူ့ပြောင်းလဲမှုကို ပိုအာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ပိုကြည့်ပါ။
၃။ အပြုသဘောဆောင်တဲ့ စကားကို ပိုပြောပါ။
၄။ အပြစ်တင်တာ နည်းပါစေ။
၅။ ဝေဖန်တာ နည်းပါစေ။
၆။ အထင်မှားတာ နည်းပါစေ။
🤍 လင်မယားကြား လုပ်ဆောင်သင့်တဲ့အချက်
၁။ သူ့ကောင်းကွက်ကို အာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ချီးကျူးပါ။
၃။ သူ့အခက်အခဲကို နားလည်ပါ။
၄။ သူ့အားနည်းချက်ကို သည်းခံပါ။
🤍 လင်မယားကြား ပြောရမယ့်စကား
၁။ ဆောရီး... ငါမှားသွားတယ်
၂။ နင့်ကို ငါယုံတယ်
၃။ နင့်အတွက် ငါဂုဏ်ယူတယ်
(နင် သိပ်တော်တာပဲ)
၄။ ချစ်တယ်နော်
🤍 လင်မယားကြား အတူတကွ ရှိသင့်တဲ့အချက်
၁။ ဘဝရည်မှန်းချက်
၂။ နေထိုင်မှုပတ်ဝန်းကျင်
၃။ ပြောစရာအကြောင်းအရာ
၄။ မိတ်ဆွေ သူငယ်ချင်း
မိသားစုကိစ္စမှာ အမှား၊ အမှန်ဆိုတာ မရှိဘူး။ သဟဇာတဖြစ်မဖြစ်၊ ညီညွတ်မှု ရှိမရှိပဲ ရှိတယ်။ သဟဇာတဖြစ်မှ အရာအားလုံး အောင်နိုင်တယ်။
အိမ်က အငြင်းပွားရာ နေရာ မဟုတ်ဘူး...
မေတ္တာအကြောင်း ပြောမယ့်နေရာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးက မေတ္တာဖြစ်ပြီး အစွမ်းထက်ဆုံး လက်နက်က ခံစားသက်ဝင်မှုဖြစ်တယ်။
-- မျှဝေပါတယ်.. ကျွန်မလည်း သင်ယူနေဆဲပါ

တိုင်းပြည်ကို ငွေ မျက်နှာနဲ့ဖျက် နေကြသူအပေါင်း

 တစ်ခုလောက် ပြောချင်နေတာ ကြာပြီ

ပြောရင် လည်း စိတ်မဆိုးကြနဲ့

တိုင်းပြည်ကို ငွေ မျက်နှာနဲ့ဖျက် နေကြသူအပေါင်းကတော့ ဒီစာ ကို ကြိုက်မှာမဟုတ်ဘူး

ဧရာဝတီ တိုင်းက ပြည်သူတွေမှာ
ရောဂါ ပိုထူပြောကြတာ ကို
ဘယ်ကျန်းမာရေး စစ်တမ်း ကမှ
စိစစ် မကောက်ပေးကြဘူး

ဘာလို့လည်း ဆို သူဖြစ်သူခံဆိုတဲ့
စိတ်ထားတွေကြောင့်ပဲ

အဲတာဆို ဧရာဝတီ တိုင်း ကို ပြန်ကြည့်ကြရအောင်
မြန်မာပြည်ရဲ့ အမှိုက်ပုံဆိုတာ ဧရာဝတီ တိုင်းပါပဲ

ဘာလို့ဆို ဟိုးထိပ်ဆုံး ကချင်မြေကနေစပြီး
မြန်မာပြည်အလယ်ပိုင်း နဲ့ ချင်းရှမ်း က စွန့်ပစ် ဓာတု ဘေးထွက်ဆိုးကျိုးတွေ အကုန်လုံးက ဧရာဝတီ မြစ်ထဲ စီးဝင်ပြီး

နောက်ဆုံး ဧရာဝတီ တိုင်းမှာ အထုပ်ဖြည်တယ်

နောက်ဆုံးမှ ကပ္ပလီ ပင်လယ်ပြင် ထဲ စီးဝင်တယ်။

ချင်းတွင်း မြစ်ထဲက ရွှေဖောင် တွေ ဆီက ဘေးထွက်ရော
မိုးကုတ် သပိတ်ကျင်းနားက ရွှေတွင်းတွေဆီက ဓာတုဆေးရည်ရောက ဧရာဝတီထဲ စီးဆင်းကြရတယ်

ကိုယ်ပိုင် မြစ် မို့ ပရမ်းပတာ လုပ်နေကြတာကို ကြည့်ရက် ကြတာကိုတော့ နှမျောမိတယ်

အရှေ့တောင် အာရှ မှာ ကိုယ်ပိုင် မြစ်တွေ ရှိရဲ့သားနဲ့ မထိန်းသိမ်းကြတာ အလွန် အံ့ဩမိတယ်(အခြားနိူင်ငံတွေမှာ ရှားတယ်)

မြန်မာ မှာ ကိုယ်ပိုင် မြစ်ကြီး ၃ခု ကို ရှိတာဗျာ။
အဲ မှာ ကို ရေလမ်းပို့ဆောင်ရေး မထွန်းကားနိူင်ဘူး

ရွှေ လုပ်ကွက်တွေ ကို စိစစ် သင့်တယ်။
တူးသလောက် ရွှေစျေး မကျ တာ အဖြေရှာသင့်တယ်။

မြန်မာပြည်က အလုပ်မလုပ်တတ် ရွှေတူးကြတာပဲ(အဲလို ပြောလို့ စိတ်မဆိုးနဲ့ သပိတ်ကျင်းမှာ နေခဲ့တာ ရွှေတူးတယ် ဆိုတာ ကို ကောင်းကောင်းေ နာ ကြေ ခဲ့တာ ။ အခွင့်အရေး ရမှ ရွှေ တူးကြတာ ကို စိတ်ကြီး ဝင် မနေနဲ့ ငယ်ငယ် တုန်းက ရွှေတူးစားရင် လူပျင်းတွေ လို့ အမျိုးတွေက သတ်မှတ်ကြတာ)

အဲတော့ ပညာရေး နဲ့ တည်ဆောက်ခိုင်းပါဗျာ
တစ်စိတ်ရှိ ရွှေ ထ တူးကြတာတွေ လျော့ ကြပါတော့ လို့သာ ဆိုခြင်တယ်
(ချင်းတွင်းက တူးတာကပိုဆိုး)

နိူ်ငငံခြားမှာ ဆို ဧရာဝတီ တိုင်း လို နေရာက သူတွေက အစိုးရ ကို ပြန် တရားစွဲ လို့ရတယ်

ဘာလို့ဆို ရေအရင်းအမြစ်ကို ဖျက်ဆီး ကြလို့

ဓာတု စွန့်ပစ်တွေကို မထိန်းသိမ်းကြလို့
စနစ်တကျ မစွန့်ပစ်လို့

(အစိုးရ ကနေ တူးဖော်မှူတွေ စိစစ်ပြီး
စနစ်တကျ မရှိတဲ့ သူတွေကို တာဝန်ယူခိုင်းရမှာ၊ ပြီးပြီးရော လုပ်သွားလို့ မရဘူးလေ)

တကယ်တော့ ဧရာဝတီမြစ်ဟာ မြန်မာပြည်မှာ အညစ်ပတ်ဆုံး မြစ်ပါပဲ

နောက်မှ အမွေဆက်ခံ သံလွင် အကြောင်း ရေး ဦးမယ်

ရွှေတွေ တူး ငွေတွေရပြီး
ပြဒါးသင့် ပြည်တွင်း ငါးတွေ ပြန်စားမိနေမှတော့ ဘာထူးမလည်း ငွေရှိနေတာက

အလကားပဲ ငါ့ကောင်တို့ရေ

နိုင်ငံအတွက် မျှော်လင့်ချက်

 ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ထိုင်းမှာ အစိုးရအပြောင်းအလဲ ၄ ကြိမ်လောက်ဖြစ်တယ်။ ဒီလောက် တိုင်းပြည်ရဲ့ ထိပ်ပိုင်းက အစိုးရအဖွဲ့တွေ အပြောင်းအလဲဖြစ်ပြီး အချင်းချင်းကြား ပဋိပက္ခတွေရှိနေပေမဲ့ ထိုင်းစစ်တပ်ကို အာဏာဝင်သိမ်းပေးပါဦးလို့ ဘယ်သူမှ မပြောကြဘူး။

ထိုင်းစစ်တပ်ကလည်း အာဏာမသိမ်းဘူး။ ပြည်သူတွေလည်း အနေအစားမပျက်ဘူး၊ မီးမပျက်ဘူး၊ အင်တာနက်မပျက်ဘူး၊ အခြေခံဝန်ဆောင်မှု ဘာတစ်ခုမှ မပျက်ဘူး။ ကျန်းမာရေး၊ ပညာရေးတို့ဆို လေတောင် အဟက်မခံရဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမကျေလည်မှုဖြစ်တယ်၊ ကိုယ့်ပါတီရှုံးတယ်၊ စစ်တပ်ကို အာဏာသွားသိမ်းခိုင်းတယ်၊ စစ်တပ်ကလည်း မလုပ်ရဲတာ ဘာမှမရှိဘူးကွဆိုပြီး အာဏာသိမ်းတယ်။
အင်တာနက်ပျက်တယ်၊ မီးပျက်တယ်( ပျက်တာမှ ပုံမှန်ထက်ကို ပျက်တာ)။ အခြေခံဝန်ဆောင်မှု အကုန်ပျက်တယ်။ လူမှုစီးပွားပျက်တယ်၊ တကိုယ်ရေလုံခြုံမှုပျက်စီးတယ်၊ ကျန်းမာရေးတို့၊ ပညာရေးတို့ဆိုရင် ဆိုဖွယ်ရာပင်မရှိ၊ ဖွတ်ဖွတ်ညက်ညက်ကိုကြေလို့။
အာဏာသိမ်းမှုသမိုင်းကိုပြန်ကြည်ရင် ထိုင်းက မြန်မာထက် လေးဆလောက်ကိုများတယ်။
ထိုင်းမှာ စစ်တပ်အာဏာသိမ်းမှု ၁၂ ကြိမ်ဖြစ်ခဲ့တယ်။ သို့သော် လက်ရှိ ၂၀၂၅ ခုနှစ် အာရှရဲ့ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ နံပတ် ၁၉ ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ ကြိမ်ဖြစ်ခဲ့တယ်။ လက်ရှိ အာရှရဲ့ အချမ်းသာဆုံးစာရင်းမှာ ၄၁ တဲ့။ သူ့အောက်မှာ ယီမင်၊ အာဖဂန်နစ္စတန်၊ လစ်ဘနွန်၊ သီရိလင်္ကာ၊ မြောက်ကိုးရီးယား၊ ပါလက်စတိုင်း၊ ဆီးယီးယား နိုင်ငံတွေပဲရှိတယ်။
အရှေ့တောင်အာရှ အာဆီယံ ၁၁ နိုင်ငံမှာ မြန်မာဟာ အဆင်းရဲဆုံးနိုင်ငံ။ တလောကမှ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ လူဦးရေ ၁ ဒသမ ၄ သန်းလောက်ရှိတဲ့ တီမောတောင်မှ မြန်မာနိုင်ငံထက် ချမ်းသာတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး အာဏာသိမ်းမှုမဖြစ်ခင် ၁၉၆၀ ခုနှစ်က အခြေအနေကိုပြန်ကြည့်ရင် အာရှရဲ့ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ထိုင်းက အဆင့် ၁၁၊ မြန်မာက အဆင့် ၂၀မှာရပ်တည်ခဲ့တယ်။
ဘေးချင်းကပ် နိုင်ငံနှစ်ခု၊ စစ်တပ်က မကြာခဏ အာဏာသိမ်းတတ်တဲ့နိုင်ငံနှစ်ခု၊ နိုင်ငံရေးသမားတွေကြား မကြေလည်မှုနဲ့ ပဋိပက္ခတွေရှိနေတဲ့ နိုင်ငံနှစ်ခု ထိုင်းနဲ့ မြန်မာ။
သို့သော် မတူတာက ထိုင်းက နိုင်ငံရေးသမားတွေရော၊ စစ်တပ်ကရော ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့၊ လူထုကိုမထိခိုက်အောင်လုပ်ဖို့ဆိုတာ ဘုံရည်မှန်းချက်ဖြစ်တယ်။
မြန်မာကတော့ --- ပြောဖို့ပင်လိုအပ်တော့မည်မထင်... အားလုံးအသိပင်...
ကိုယ့်အုပ်စု၊ ကိုယ့်မိသားစုရဲ့ အကျိုးစီးပွားကိုကျော်လွန်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူရဲ့ ဘုံအကျိုးစီးပွားကိုမှ မကြည့်နိုင်တဲ့ အလွန်ကျဉ်းမြောင်းတဲ့ နိုင်ငံရေးသမားတွေ၊ စစ်ခေါင်းဆောင်တွေရှိနေသမျှကတော့ နိုင်ငံအတွက် ဘာမျှော်လင့်ချက်မှမရှိပါ။
တော်သေးပြီ။
ပုံက ဘန်ကောက်သွားတုန်းက ရိုက်ထားတဲ့ပုံပါ။