ကိုယ့်ဟာကို အေးအေးဆေးဆေး
နေနေပေမယ့် အထင်လွဲခံ၊
အစွပ်စွဲခံရပြီး မဟုတ်မမှန်ပြောခံရတဲ့
အချိန်တွေဆိုတာ လူတိုင်းကြုံရတတ်ပါတယ်။
ကျွန်တော်လည်းကြုံဖူးတယ်။
ကိုယ့်ဖက်က မှန်နေပေမယ့်
ကိုယ့်ထက်ရာထူးကြီးသလို
ကိုယ်ကလည်း လေးစားအားကျရတဲ့
ကိုယ့်အထက်လူကြီးကမှားနေတာ။
သူ့အနေနဲ့ ဒီကိစ္စလေးက
အသေးအမွှားလေးပေမယ့်
ကိုယ်လိုအောက်ခြေဝန်ထမ်းအတွက်ကျတော့
တော်တော်ကြီးတဲ့ အမှားမျိုး။
သူအမိန့်ပေးတဲ့အတိုင်း
ကိုယ်ကလုပ်ရတာဆိုပေမယ့်
သူ့ထက်ရာထူးကြီးတဲ့လူကြီးနဲ့
အများအရှေ့ရောက်တော့ သူ့အမှားကို
ကိုယ့်အမှားဆိုပြီး ထိုးချပါလေရော။
လူငယ်ပီပီ အထက်လူကြီးမှားတာပါဆိုပြီး
အားလုံးအရှေ့မှာ သက်သေပြချင်ပေမယ့်
သူ့ရဲ့ဂုဏ်သိက္ခာရယ်၊
ကိုယ့်အပေါ်ကောင်းခဲ့ဖူးတာတွေရယ်ကြောင့်
ပြန်ပြောချင်စိတ်ကို မနည်း
မျိုသိပ်ခဲ့ရဖူးတယ်။
အဲဒီလိုမျိုသိပ်ခဲ့ခြင်းအားဖြင့်
သူလည်း ဂုဏ်သိက္ခာမဆုံးရှုံးတော့သလို
ကိုယ်လည်း လူအမုန်းမခံရတော့ဘူးပေါ့။
ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူဆိုရင်တော့
ဂုဏ်သိက္ခာမကလို့ ဘာပဲထိခိုက်ထိခိုက်
ပြောဖြစ်အောင်ကို ပြောဖြစ်ခဲ့မိဦးမှာ။
ကျွန်တော်တို့ နေ့စဥ်ဘဝတွေမှာလည်း
အဲဒီလိုမျိုးကိုယ်မမှားဘဲနဲ့
သည်းခံလိုက်ရတဲ့ အခိုက်အတန့်တွေ၊
ကိုယ်မမှားပေမယ့်
နောက်ဆုတ်ပေးလိုက်ရတဲ့
အခိုက်အတန့်မျိုးတွေဆိုတာ
ရှိတတ်ပါတယ်။
ကိုယ့်ဖက်က မှန်နေတိုင်းလည်း
ပြဿနာအကျယ်ကျယ်မဖြစ်ချင်လို့
အလျှော့ပေးလိုက်ရတာမျိုးတွေပေါ့။
အထူးသဖြင့် လုပ်ငန်းခွင်တွေနဲ့
Relationship တွေမှာပေါ့။
သူငယ်ချင်းတွေ၊ ချစ်သူတွေ၊
စကားများကြတဲ့အခါ အထင်လွဲကြတဲ့အခါ
စကားနိုင်လုကြတဲ့အခါ
ကိုယ်မမှားပေမယ့် ကိုယ့်ဖက်က
အလျှော့ပေးလိုက်တာက
အရှုံးပေးလိုက်တာမဟုတ်ပါဘူး။
ချစ်တဲ့စိတ်၊ ခင်တဲ့စိတ်၊လေးစားတဲ့စိတ်နဲ့
တစ်ဖက်လူကို အလျှော့ပေးလိုက်တာက
အများအမြင်မှာကိုယ်ရှုံးသွားပေမယ့်
အရှုံးထဲက အမြတ်က ကိုယ့်ချစ်ရတဲ့သူတွေ၊
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကိုတော့
မဆုံးရှုံးလိုက်ရတော့ဘူးပေါ့။
ကိုယ်ချစ်ရတဲ့သူတွေကို
ဆုံးရှုံးလိုက်ရတာထက်
ကိုယ်မမှားဘဲနဲ့ တောင်းပန်လိုက်ရတာ၊
ကိုယ်မဟုတ်ဘဲ စွပ်စွဲခံလိုက်ရတာက
တခါတလေ ပိုပြီးတန်ပါတယ်။
ကိုယ်တကယ်ချစ်ရပြီး
ကိုယ့်ကိုယ်လည်း တကယ်ချစ်ကြတဲ့
သူတွေအပေါ်ဆိုရင်ပေါ့။
တဖက်ကပြန်ကြည့်ရင်
ကိုယ့်မိတ်ဆွေတွေ၊ ချစ်သူတွေ၊
သူငယ်ချင်းတွေအထဲမှာ
သူတို့ဖက်ကမမှားဘဲနဲ့ ကိုယ့်ကို
တောင်းပန်တဲ့သူတွေ၊ကိုယ်နဲ့ပတ်သက်လာရင်
သူတို့တွေ ရဲ့ ဂုဏ်သိက္ခာတွေကို
ချနင်းပစ်တတ်တဲ့ သူတွေ ရှိခဲ့ရင်၊
ရှိနေရင် တန်ဖိုးထားစေချင်တာပါ။
ဒီခေတ်ကြီးမှာ မိတ်ဆွေ၊
သူငယ်ချင်းကောင်းဆိုတာ
ရွှေထက်ရှားနေပါပြီ။
လူတိုင်းကို ခွင့်လွှတ်၊အလျော့ပေး၊
သည်းခံရမယ်လို့ မဆိုလိုပေမယ့်
ကိုယ့်အပေါ်ကောင်းတဲ့သူတချို့
အပေါ်တော့ အတတ်နိုင်ဆုံး
မေတ္တာထားပြီး ခွင့်လွှတ်၊ သည်းခံ
အလျှော့ပေးစေချင်တာပါ။
" မေတ္တာလိုချင်ရင် မေတ္တာ
အရင်ပေးရတယ် " မဟုတ်လား။
Sint Nyi
22.11.25
No comments:
Post a Comment