ကိုယ်နဲ့လက်တွဲနေတဲ့လူက ကိုယ့်အပေါ်မှာ ဂုဏ်ယူတတ်တဲ့လူ ဟုတ်မဟုတ် ကြည့်ရွေးဖို့ လိုတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကို ရထားလို့ ဂုဏ်ယူဝင့်ကြွားဖြစ်နေရတဲ့ ပါတနာမျိုး ဖြစ်ပါရက်လား။
ကြင်နာတာ၊ ယုယတာ၊ စကားကို ပီယဝါစာ - နှစ်လိုဖွယ်ကောင်းအောင် ပြောတာ၊ သူ့ဘက် ကိုယ့်ဘက် မျှတွေးနိုင်တာ၊ ကိုယ်ထိလက်ရောက် ခဏ အသာထား စိတ်ညှိုးနွမ်းအောင် လုပ်ဖို့တောင် ဝန်လေးတာ၊ ညှာတာ စသဖြင့် ဒီလိုမျိုး ဂုဏ်ယူစရာအပြုအမူတွေ ရှိမရှိ.. ကြည့်တတ်ရမယ်။
လူတိုင်းက ပြီးပြည့်စုံချင်မှ စုံမယ်။ ကိုယ့်လူကလဲ လူတွေထဲက လူသားတစ်ယောက်မို့ Perfect ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့အချစ်မျိုး သူ့ဆီက ရတယ်၊ သူကလဲ ဒါကို ပေးနိုင်တယ်ဆိုရင် သူနဲ့ကိုယ်ကြားထဲမှာ.. Related Bliss ဖြစ်သွားတယ်။
Related Bliss ဆိုတာ တစိမ့်စိမ့် တွေးနေရင်တောင် ပျော်စရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူဝမ်းမြောက်စရာ ဆက်ဆံရေးလို့ ဆိုလိုတာပါ။ ဒါကို နောက်တစ်မျိုး.. Soulmate ဆိုဆို၊ Harmony ဆိုဆို Related Bliss ဖြစ်တာချင်းက အတူတူပဲ။
ဒီနေရာမှာ တစ်ခုသိစေချင်တာက ကိုယ်ကလဲ သူ ဂုဏ်ယူနေရင် ပြီးရော၊ ဘယ်လိုနေနေ ချစ်တဲ့သူ ချစ်တာပဲဆိုတာမျိုး သွားလုပ်လို့တော့ မရဘူး။ ဒါကျတော့ တစ်ကိုယ်ရည်စာဉာဏ်ရည်က စကားပြောသွားတာ။ ကိုယ် ဂုဏ်ယူနေရတဲ့လူကို ကြည့်ရမယ်။
မဟုတ်မဟပ်၊ လူတစ်ဦး ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပေးနေတဲ့သူ၊ သူများမျက်ရည်စာ စားနေရမှ မြိန်ရေရှက်ရေ ရှိတဲ့လူ၊ သမ္မာအာဇီဝမကျ ပိုက်ဆံချမ်းသာတဲ့လူကိုမှ ဂုဏ်ယူနေရပြီဆိုရင်တော့ ဒါ.. Brain issue ရှိနေတဲ့သဘောပဲ။
ဒီ့အတွက် ကိုယ့်လုပ်ရပ်က တကယ်ပဲ ထိုက်တန်တဲ့ ဂုဏ်ယူစရာလုပ်ရပ်မျိုး ဖြစ်သင့်တယ်။ ကြီးကြီးမားမား လုပ်မှ မဟုတ်ပါဘူး။ လုပ်ရပ်သေးသေးကြောင့် ကိုယ်ကိုယ်တိုင်ကရော၊ ကိုယ့်လူရော၊ ကိုယ်နဲ့နီးစပ်ရာ လူတွေကြားထဲမှာ Greatful ဖြစ်ရုံလောက်ဆိုရင်ကို တကယ်.. အဆင်ပြေပြီ။
ဖောက်ပြန်တာကို ထမင်းစာရေသောက်တစ်ခုလို မြင်နေကြတဲ့ ခေတ်မှာ ကိုယ့်အပေါ်မှာ မဖောက်မပြန်၊ မတိမ်းမစောင်းတဲ့ Self-Consistent လူမျိုးကိုမှ ရထားရင် ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းတယ်။
တစ်ခါတလေ တချို့က မဖောက်ပြန်ဘူးဆိုပေမဲ့ Mental abuse (စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ)မျိုးတွေ ရှိတယ်။ ဒါကိုလဲ ကြည့်တတ်ရမယ်၊ ဒီအခါ Mentally Supporter ကို ရထားရင် ဂုဏ်ယူလို့ရတယ်။
“ မင်း မိန်းမက မင်းအပေါ်မှာ ကြင်နာလိုက်တာ ”.. “ နင့်လူက နင့်ကိုဆို ချစ်တတ်လိုက်တာ.. ” ဒါတွေအပြင် “ သူ သိပ်တော်တာပဲ၊ မရှိတဲ့လူကို ကူညီတတ်တယ်၊ မျှဝေပေးတယ် ” “ ဆရာကတော်က တကယ်လဲသဘောကောင်း ” စသဖြင့်။
ဒီလိုမျိုး ချီးမွမ်းတာ၊ ချီးကျူးတာ၊ အားကျပီတိဖြစ်နေတာမျိုးကို ကိုယ့်လူဆီကရော၊ ကိုယ်နဲ့နီးစပ်ရာ နီးစပ်ကြောင်းလူတွေဆီကပါ ကြားရ၊ မြင်ရရင် ဘယ်လောက်ပျော်စရာကောင်းလဲ တွေးကြည့်ပါ။ အပေါ်မှာပြောခဲ့တဲ့.. Related bliss ဆိုတာ.. ဒါပဲ။
ကျွန်တော်နဲ့ ဘောလုံးကန်ဖော်ကန်ဖက် အသိအစ်ကိုတစ်ယောက် ရှိတယ်။ တက်တူးက တစ်ကိုယ်လုံး၊ ရုတ်တရက်ကြည့် ဇိုးလိုလို ဖိုက်တာလိုလိုအထာနဲ့။ သူ့နဲ့ သိပ်မရင်းနှီးတုန်းကဆို.. ရုတ်တရက် သူ့ကြည့်ရင် တော်တော်ကို လန့်တယ်။
နောက်ပိုင်း အကြောင်းသိတော့မှ အရှိန်နည်းနည်းပြေကျသွားတာ။ လန့်လဲ လန့်ချင်စရာပဲဗျ၊ ဘောလုံးကန် ကြမ်းသလားမပြောနဲ့။ ဘောဖန်တွေဆို သိတယ်၊ ရာမို့စ်တို့လို၊ ဒီယေဂိုကော်စတာတို့လို ကြမ်းတာ။ သူနာ ကိုယ်နာ ဂရုကို မစိုက်ဘူး။
အဲလို စိတ်ကြမ်းကိုယ်ကြမ်း ဖိုက်တာလို ဇိုးတစ်ယောက်နဲ့ ညားတဲ့မိန်းမ ဘာပြောလဲသိလား၊ ဒီယောက်ျားကို ရထားတာ ကံကောင်းလိုက်တာ.. တဲ့။ ကံကောင်းအောင်လဲပဲ သူ တကယ်လဲ နေတတ်တာကိုး။ သူ့မိန်းမကို.. ကြင်နာတယ်၊ နွေးထွေးမှု ပေးတယ်၊ ဂရုစိုက်တယ်။
သူ့ဘာသူ.. ဘောလုံးကန်တဲ့နေရာမှာ အကြမ်းပတမ်းဆန်တာ တစ်ကန့်.. သူ့မိန်းမအပေါ် ကြင်နာတာက တစ်ကန့်။သူ့မိန်းမ ကိုယ်ဝန်လွယ်တုန်းကဆို ဆေးလူးပေး၊ ရေတွေချိုးပေး၊ အသေအကြေ ဂရုစိုက်တယ်ဆိုတာ။ အတုယူဖို့ပါ ကောင်းတယ်။
ပြောချင်ပြောကြမယ်၊ သူယူထားတဲ့မိန်းမ ဒီလောက်လေးတော့ လုပ်ပေးရမှာပေါ့ဆိုပြီး၊ ဟုတ်တယ် တာဝန်ဝတ္တရားအရ လုပ်ပေးရမယ်ဆိုရင်တောင် ဂရုစိုက်မခံရတဲ့လူတွေမှ အများကြီး။
ဟိုအစ်မကလည်း သူ့ယောက်ျား (အသိအစ်ကို) အပေါ်မှာ အထင်ကြီးတယ်... လေးစားတယ်။ သူ့ကို ပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့ မကြာခဏပြောသလို ဂုဏ်လဲယူသေးတယ်။ ဘေးက လူတွေပါ မြင်ရင်လဲ အပျော်တွေ ကူးစက်တယ်။
ယောက်ျားတွေမှာက ရှင်းတယ်။ ဆရာ ပါပီယွန်ပြောခဲ့ဖူးသလို “ ဘဝမှာ ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက်နီးနီး စိတ်ကြီးဝင်စရာ ” ပဲ တဲ့။
တစ်ခါကလဲ ဆရာမကြီး လူထုဒေါ်အမာကို တစ်ယောက်က မေးခွန်းတစ်ခု မေးတယ်။ အမေမာ တဲ့၊ ဒီလောက်များတဲ့စာတွေကို ဘယ်လိုရေးဖြစ်ခဲ့တာလဲ တဲ့။ အမေမာ ပြန်ဖြေတာပေါ့။
“ ဒီလောက်များတဲ့စာတွေ ဘာလို့ရေးဖြစ်ခဲ့တာလဲလို့ မေးရင်တော့.. အတိုဆုံးအဖြေက ဦးလှနဲ့ အကြောင်းပါခဲ့လို့ပဲ ဖြေရမှာပါ။ တကယ်ပါ။ ကျွန်မခင်ပွန်းက ဦးလှမဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင် ဒီလိုစာတွေ ထွက်လာဖို့ မရှိပါဘူး ” တဲ့။
ဒီလို အထင်ကြီးမှုမျိုးရလေလေ သူတို့က ပိုပြီး ချစ်ပေးနိုင်လေလေ၊ အထင်ကြီးခံရအောင် ဂုဏ်ယူနေရအောင် နေပြလေလေပဲ။ သဘောကတော့.. ကိုယ့်လုပ်ရပ်က Bliss ဖြစ်စေတဲ့လုပ်ရပ်ဆိုရင်.. ကိုယ့်လူက ကိုယ့်အပေါ် ဂုဏ်ယူနေမယ် ပေါ့။
ဘဝလက်တွဲဖော် ရွေးတဲ့အခါ.. ဒါလေးက ထည့်စဉ်းစားဖို့ ကောင်းတဲ့အချက်လို့ပဲ မြင်တယ်။
ကိုယ်ကလဲ သူ ဂုဏ်ယူရတဲ့လုပ်ရပ်မျိုး လုပ်ရမယ်။ ကိုယ်လက်တွဲတဲ့သူအပေါ်မှာ ကိုယ်တိုင်ကလဲ ဂုဏ်ယူနေရတဲ့လူမျိုး ဖြစ်နေရမယ်။ တစ်ခုရှိတာက ကိုယ် အကောင်းလုပ်လို့မှ ဂုဏ်ယူရကောင်းမှန်း မသိသူဆိုရင်တော့ Related Bliss မဖြစ်တော့ဘူး။
ဒါ့ကြောင့် “ ကိုယ့်ကို လက်တွဲလို့ ဂုဏ်ယူနေရတဲ့သူကိုပဲ လက်တွဲပါ..။ ”
ဘုန်းမောင်ဦး
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။
No comments:
Post a Comment