“ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေး” လို့ လူကြီးတွေက ဆိုတယ်…။
တချိူ့ကိစ္စသေးသေးလေးတွေမှာ တကယ်ကို အရှူံးပေးလိုက်မှ အဆင်ပြေသွားတာမျိူး ရှိတယ်…။
လူတိုင်းကို ပြိုင်မငြင်း၊ လူတိုင်းကို ကိုယ့်ကိစ္စတိုင်း လိုက်ရှင်းပြမနေဘဲ… ကိုယ့်အထာလေးနဲ့ ကိုယ်နေရတဲ့ အခြေအနေလေးတွေမှာတော့ လူတွေရဲ့ ပြောစကားကို အပြီး လက်မြှောက် အရှူံးပေးထားလိုက်မှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်လို့ရတာ…။
တန်ဖိုးမရှိတဲ့ကိစ္စတွေမှာ အရှူံးသာပေးလိုက်… အဲ့ဒါ တကယ်လည်း နှလုံးအေးတဲ့ဆေးပဲ…။
ဒါပေမယ့် သို့သော်………
ကိုယ့်ရဲ့ Identity တစ်ခုခု၊
ကိုယ့်ရဲ့ တန်ဖိုးထားမှု၊
ဖြစ်တည်မှုနဲ့ ပတ်သတ်တဲ့ စော်စော်ကားကား ကိစ္စမျိူး၊
physical attack လုပ်တာမျိူး၊
စကားနဲ့ abuse လုပ်တာမျိူးတွေ ဆိုရင်တော့… Stand your ground ပဲ။ ကိုယ့်ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး အဲ့ဒီ conflict ကို ရင်ဆိုင်ပစ်ဖို့ လိုပါတယ်…။
ဒီမှာ ပြောချင်တဲ့ Point က “ပြိုင်လာရင် အရှူံးပေး” ဆိုတဲ့ လူကြီးတွေရဲ့ စကားကို ပယ်ချစရာမလိုဘဲ upgrade လုပ်သင့်တာကိုပါ။
Conflict တွေကို ကိုင်တွယ်တဲ့နေရာမှာ စိတ်ပညာအရ (၃) မျိူး ရှိတယ်…။
၁)- Passive - ဒါက အမြဲတမ်း အရှုံးပေးထားတာ။ ကိုယ်ရမယ့် အခွင့်အရေးကို လွှတ်ပေးတယ်… သူများ အနင်းခံတယ်…။
၂)- Aggressive - ဒါကျတော့ ပြဿနာတစ်ခုမှာ ကိုယ်ကချည့် ဦးအောင်ဆော်၊ တစ်ဖက်လူအပေါ်မှာ Bully လုပ်၊ နိုင်လိုမင်းထက် ဗိုလ်ကျပြီး အနိုင်ယူတယ်…။
၃)- Assertive - ကျွန်တော်တို့ ဖြစ်သင့်တဲ့ Point က ဒါပဲ။ တစ်ဖက်လူကိုလည်း မစော်ကားဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ အခွင့်အရေးလည်း အပျောက်အရှ မခံဘူး။
ဥပမာ ဆိုကြပါစို့…။ ကျောင်းမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်က ကိုယ့် Idea ကို ယူသုံးပြီး credit မပေးဘူး…၊ သူ့ ကိုယ်ပိုင် Idea လို လုပ်လိုက်တယ် ဆိုရင်…
Passive ဖြစ်တဲ့လူက - “အေးလေ… သူက ဒီလိုပဲ… ထားလိုက်ပါ… ကိုယ့်ဘက်က အရှူံးပေးလိုက်ရင် အေးတာပဲ” လို့ ရိုးရိုးစင်းစင်းလေး တွေးတယ်…။
နောက်တစ်ခါ အလားတူ conflict ဖြစ်လာရင်လည်း ဘယ်လိုမှ ရင်ဆိုင်ချင်တော့မှာ မဟုတ်ဘူး။
Conflict တိုင်းမှာ အရှုံးချည့်ပေးနေတာမှာ ကြီးကြီးမားမား ဆိုးကျိူးက (၂) ခုရှိတယ်…။
၁)- ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လို့ ခေါ်တဲ့ Self-esteem ကို လျော့သွားစေတာ…။
“ငါက ဘာမှ ပြန်မပြောရဲတဲ့လူပဲ”…. “ငါက အမြဲတမ်း အနစ်နာခံနေရတော့မှာပဲ”
လို့ ကိုယ့်ကိုယ်ကိုယ် မသိမသာ တံဆိပ်ခတ်မိလာလိမ့်မယ်…။
၂)- ကိုယ့်အနေနဲ့ အမြဲအရှုံးပေးနေရင် တစ်ဖက်လူက ကိုယ့်ကို အမြတ်ထုတ်လို့ရတဲ့ resource ကြီးလို့ပဲ မြင်လာမှာ…။ ကိုယ့်ဘက်က ကြီးကြီးမားမား အရှူံးပေးထားရင် နောက်တစ်ခါ ထပ် အမြတ်ထုတ်ဖို့ ပိုတောင် တွန့်ဆုတ်မှာ မဟုတ်တော့ဘူး…။
“ဒီကောင်က၊ ဒီကောင်မလေးက ငါ လုပ်လို့ရပါတယ်ကွာ”… ဆိုတဲ့ mindset အမှားကြီးနဲ့ ကိုယ့်အပေါ်မှာ dominant ဖြစ်လာလိမ့်မယ်…။
Conflict တွေ ကြုံလာတိုင်း Assertive ဖြစ်ဖြစ် ဖြေရှင်းဖို့ အတွက် အရင်ဆုံး… ကိုယ်က ဒီ conflict ကို ရင်ဆိုင်ရဲတဲ့လူ ဖြစ်ကြောင်း တစ်ဖက်လူကို အရင် ပေး သိမှ ရလိမ့်မယ်…။
ဆိုလိုတာက ကိုယ့်ကိုလာထိပါးစော်ကားရင် ပြန်တုံ့ပြန် မယ် ဆိုတာ ပြရမယ်…။ ပြီးမှ ညှိနှိုင်းမှုကို သွားရမယ်…။ ဒါမှလည်း တစ်ဖက်လူက “သူ့ကို ငါလုပ်လို့ မရပါလား” ဆိုတဲ့ အသိလေး အရင် ဝင်လာမှာ…။
…
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သတိထား ကြည့်ပါ။ “အားနာတယ်… အရှူံးပေးတယ်” ဆိုတာကို လွန်လွန်ကျူးကျူး အဆိပ်အတောက် ဖြစ်တဲ့အထိကို သုံးနေကြတာ…။
ဘော်ဒါအချင်းချင်းပဲမဟုတ်လား၊ ကိုယ့်ထက် အကြီး မဟုတ်လား၊ အမျိူးတွေပဲ မဟုတ်လား ဆိုတဲ့ card တွေကို ထုတ်သုံးပြီး ပုဂ္ဂိုလ်ရေး စည်းဝိုင်းထဲကို ဝင်ရောက်စွက်ဖက်ချင်ကြတယ်…။
ကိုယ့်ရဲ့ Career ရွေးချယ်မှု၊ အိမ်ထောင်ရေး ဒါမှမဟုတ် ငွေကြေးကိစ္စတွေမှာ “လူကြီးတွေစကားနားထောင်ပါ… အရှူံးပေးလိုက်ပါ…” ဆိုတဲ့ ဖိအားတွေက တစ်ဖက်လူကို passive ဖြစ်သွားစေဖို့ လုံလောက်တယ်…။
ကိုယ့်ရဲ့ စည်းဝိုင်းကို ကိုယ်တိုင် စည်းသား မထားရင် လူတွေကို အဲ့စည်းကို ကျော်ဝင်လာဖို့ ဖိတ်ခေါ်နေသလိုပဲ ဖြစ်နေမှာ…။
ဒါနဲ့ ပတ်သတ်ပြီး ရင်းနှီးတဲ့ အကိုတစ်ယောက်ရဲ့ Conflict ကို ရင်ဆိုင်ပုံလေး တစ်ခု ထည့်ရေးချင်ပါတယ်…။
အဲ့ဒီ အကိုက သူ့မိန်းမ ကလေး မွေးတော့… မိန်းမဖြစ်သူရဲ့ မိဘတွေက ဆေးရုံက ဆင်းဆင်းချင်း ကလေးကို ဗေဒင်ဆရာဆီ ခေါ်သွားပြီး နာမည်ပါ ကောက်ပေးလိုက်တယ်…။ အဖေဖြစ်သူကို တစ်စက်တောင် အသိမပေးလိုက်ဘူး…။
ဒီကိစ္စက တကယ်တမ်းကျတော့ Boundary Hijack (ကိုယ့်အခွင့်အရေးကို သိမ်းပိုက်ခံရတာ) ဖြစ်ပါတယ်…။
“သူတို့က လူကြီးတွေပဲ မို့လို့ ထားလိုက်ပါ… နာမည် တစ်လုံးလေးပဲ လေ” ဆိုပြီး အရှုံးပေးလိုက်မယ်ဆိုရင် နောက်ပိုင်း ကလေး ဘယ်ကျောင်းထားမလဲ၊ ဘယ်လိုပုံစံ ပျိူးထောင်မလဲ၊ ဘာကျေွးကြမလဲ ဆိုတဲ့ ကိစ္စတွေထိ ဘိုးဘွားတွေက ဝင်စွက်ဖက်တော့မယ်…။
အဲ့ဒီအချိန်ကျမှ ပြန်ပြောရင်… “အရင်တည်းက ဒီလိုပဲ နေလာခဲ့ပြီးတော့ ခုမှ လာကန့်ကွက်ရသလား” လို့ ပိုဆိုးတဲ့ ပြဿနာတွေ တက်ပါလိမ့်မယ်…။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ လက်ထပ်ပြီး ကလေးရလာတဲ့အခါမှာ Nuclear family (သီးသန့် မိသားစုငယ်) ဖြစ်သွားပါတယ်…။ အဘိုးအဘွားဖြစ်သူတွေက Extended family (သီးခြား မိသားစု) ဖြစ်ပါတယ်…။
ဒီတော့ ဒီကိစ္စမှာ အဲ့ဒီအကိုရဲ့ ယောက္ခမဖြစ်သူက ကိုယ့်မိသားစု အရေးကိစ္စထဲကို ဖောက်ထွင်းပြီး ဝင်လာတာပါ။ ဒီ ထွင်းထားတဲ့ အပေါက်ကို ချက်ချင်း ပြန်မပိတ်ရင် ကလေးရဲ့ ဘဝတစ်ခုလုံးကို ဝင် မခြယ်လှယ်ဘူးလို့ ပြောလို့ မရဘူး…။
ဒီ Conflict ကို ရင်ဆိုင်ရတဲ့အခါမှာ Aggressive ဖြစ်ပြီး ရန်တွေ့တာ၊ ကော်ဆဲတာတွေ သွား လုပ်လို့ မရဘူးလေ။ တစ်ဖက်ကလည်း မိဘလို လေးစားရတဲ့သူတွေ ဖြစ်နေတာကိုး…။
အဲ့ဒီအကို ပြဿနာ ဖြေရှင်းခဲ့ပုံလေး သဘောကျတယ်…။
အဖေနဲ့ အမေ စကားပြောရအောင်ဆိုပြီး အားလုံးကို ခေါ်လိုက်တယ်…။
“အဖေနဲ့ အမေ ကလေးကို ချစ်လို့၊ ကံကောင်းစေချင်လို့ အခုလို ဗေဒင်တွေ မေးပြီး နာမည်ပေးပေးတာ ကျေးဇူးတင်ကြောင်း” အရင် ပြောတယ်…။ (အဲ့ဒါ အရင်ဆုံး သူတို့ စေတနာကို Appreciate လုပ်ပေးတာပါ။)
“ဒါပေမယ့် ကလေး မမွေးခင်တည်းက သားတို့ လင်မယားနှစ်ယောက် တိုင်ပင်ထားတဲ့ နာမည်လေး ရှိတယ်…။ သားက ကလေးရဲ့ အဖေဖြစ်တဲ့အတွက် ကလေးရဲ့ နာမည်ကို သားတို့ နှစ်ယောက်ကိုယ်တိုင်ပဲ ပေးချင်ပါတယ်…။ ဒါ့ကြောင့် ဗေဒင်မေးလာတဲ့ နာမည်ကို မယူတောဲ သားတို့ ရွေးထားတ့ဲ နာမည်ကို ပဲ မှည့်လိုက်ပါမယ်…” လို့ ပြောတယ်…။ (ဒါ ပြတ်သားတဲ့ စည်း တစ်ခု ချတာပါ)
“ကျွန်တော်က ကလေးရဲ့ အဖေပဲလေ” ဆိုတဲ့ ရပိုင်ခွင့် ကို ပြတ်ပြတ်သားသား ထုတ် ပြနိုင်လိုက်တော့ တခြားတစ်ဖက်ကလည်း ဘာမှ ပြန်မပြောသာဘူး။
ဒါက ယဉ်ယဉ်ကျေးကျေးနဲ့ အချိူသပ်ပြီး ကိုယ့်ရပိုင်ခွင့် ကို ကိုယ် အပြည့်အဝ ပြန်ယူတာ ဖြစ်ပါတယ်…။
ရိုင်းစရာလည်း မလိုဘူး၊ အရှူံးပေးစရာလည်း မလိုဘူး။ ကိုယ်ဖြစ်ချင်တာလည်း ဖြစ်လို့ရသွားတယ်…။
အဲ့ဒီအကြောင်း ကို သိရတော့ … ဒီဘဲ ပြဿနာကိုင်တွယ်တာ “ဂေါ်လှချည်လား” လို့ အားကျ အတုယူရတယ်…။
သေချာတာကတော့ အဲ့လို သွားပြောလိုက်တဲ့အခါမှာ အဘိုးအဘွားဖြစ်သူကတွေက စိတ်ဆိုး ငြိုငြင်သွားမှာ သေချာတယ်…။ ဒါပေမယ့် သူတို့ စိတ်ဆိုးတာက အဲ့ဒီအကိုရဲ့ ပြဿနာ မဟုတ်တော့ဘူး။ ကိုယ့်သားသမီးအတွက် အဖေတစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့နေရာမှာ သူများစိတ်ကောက်မှာကို ကြောက်နေလို့ မရဘူးလေ။
ကိုယ်က အားနာလို့ပဲဖြစ်ဖြစ်၊ မငြင်းရဲလို့ပဲ ဖြစ်ဖြစ် အရှူံးပေးလိုက်တာက - ပြဿနာ ပြီးသွားတာ မဟုတ်ပါဘူး။ စိတ်ထဲမှာ resentment (မကျေနပ်မှု) တွေ စုပြုံလာတာပါ။ အရှူံးပေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ပြီး မုန်းလာလိမ့်မယ်…။
“ငါဘာလို့ ငြင်းချလို့ ရရဲ့သားနဲ့ မငြင်းလိုက်တာလဲ” … “ပြန်ပြောလိုက်လို့ ရရဲ့သားနဲ့ မပြောခဲ့တာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိမယ်…။
အဲ့ဒီနာကျည်းမှုတွေ၊ ဖိအားတွေ များလာတဲ့တစ်နေ့မှာ အဆိုးဝါးဆုံး ပေါက်ကွဲတတ်ပါတယ်…။
သူများစိတ်ခုသွားမှာစိုးလို့၊ ဖြစ်လာမယ့့် ပြဿနာကို မရင်ဆိုင်ချင်လို့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ နေရာတကာ အရှူံးပေးနေတာက သူများကို သနားပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်နေတာနဲ့ ဘာမှတော့ သိပ်မကွာဘူး…။
Conflict ဖြစ်တိုင်းမှာ “ငါနိုင်ရမယ်” ဆိုတဲ့ စိတ် ရှိစရာ မလိုပါဘူး…။ ဖြေရှင်းခြင်း ဆိုတဲ့ Logic နဲ့ သွားရမှာပါ။
ဒါက “ငါ တို့ ရန်ဖြစ်နေတာမဟုတ်ဘူး…။ ငါတို့ ကြားက ပြဿနာကို တိုက်ခိုက်နေတာ…” ဆိုတဲ့ Mindset ဖြစ်ပါတယ်…။
Minn Khent (PYAY)
1st March 2026
Sunday midnight at 1:30am
No comments:
Post a Comment