Friday, February 13, 2026

တရားထူးမြင်သော ဦးဘဂျမ်း

 တချို့လည်း အဲခတ်တိုးလ်ရဲ့ The Power of Now ဘာသာပြန် ‘ပစ္စုပ္ပန်မှာ အဖြေရှာ’ စာအုပ်ကို စပြီး ဖတ်နေကြလောက်ပါပြီ။ သံသယစိတ်တွေ ဝင်လာကြ၊ မေးခွန်းတွေလည်း ပေါ်လာကြလောက်ပါပြီ။ တချို့လည်း မရင်းနှီးတဲ့ စကားလုံးတွေကြောင့် ခေါင်းတွေ ခြောက်စပြုနေလောက်ပါပြီ။


အမှာစာထဲမှာ ကျွန်တော် ရေးထားသလိုပဲ ဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော့်ဆီမှာ ပေါ်လာတဲ့ ပထမဆုံး မေးခွန်းတွေထဲက တစ်ခုက ဗုဒ္ဓဘာသာလည်း မဟုတ်၊ ဆရာလည်းမရှိဘဲ အဲခတ်တိုးလ်တစ်ယောက် တကယ် ဉာဏ်အလင်းရသွားတာ ဖြစ်နိုင်ရဲ့လား - ဆိုတဲ့ မေးခွန်းပါပဲ။ သူရသွားပုံကလည်း အာနာပါနတွေ၊ ဖြစ်ပျက်တွေ၊ ဉာဏ်စဉ်တွေ ဘာမှမပါဘဲနဲ့ဆိုတော့ ပိုစဉ်းစားစရာ ဖြစ်ရတာပေါ့။ သူ့စာတွေ ဖတ်ကြည့်၊ သူပြောတာတွေ နားထောင်ကြည့်၊ သူပြောတဲ့အတိုင်း လိုက်လုပ်ကြည့်တဲ့အခါ အဖြီးအဖြန်းတွေ မဟုတ်ဘူးဆိုတာ ကိုယ်တွေ့သိနိုင်ပါတယ်။

အမှာစာရေးပေးတဲ့ ဆရာတော် ဦးပညိန္ဒ (စာရေးဆရာမြသန်းစံ) လည်း ကျွန်တော်ပို့ပေးတဲ့ စာမူကြမ်းကို ဖတ်ပြီး အဲဒီလို အတွေးမျိုး ဝင်လာခဲ့တယ် ဆိုတာကို အမှာစာထဲမှာ ထည့်ရေးထားပါတယ်။

တစ်နေ့က စာအုပ်လက်မှတ်ထိုးနေတုန်း ဓမ္မမိတ်ဆွေ ကိုမောင်မောင်စိုး ရောက်လာပြီး စကားပြောကြရင်း အဲဒီအကြောင်း ရောက်သွားတော့ ဆရာကြီး ရွှေဥဒေါင်း ရေးဖူးတဲ့ ဦးဘဂျမ်း ဆိုတဲ့ ပုဂ္ဂိုလ် တရားရသွားပုံကလည်း အတော်ထူးဆန်းတယ် ဆိုပြီး ပြောပြပါတယ်။ ကိုမောင်မောင်စိုးက အဲဒီအကြောင်းကို စိတ်ဝင်စားလွန်းလို့ အဲဒီစာကို scan ဖတ်ပြီး pdf ဖိုင် လုပ်ထားပါတယ်။ ကျွန်တော့်ကိုလည်း share ပေးပါတယ်။ ဦးဘဂျမ်းက “သဗ္ဗေသင်္ခါရာ အနိစ္စာ” မှာ “သင်္ခါရ” တစ်လုံးကို ကောင်းကောင်း သဘောပေါက်သွားရာက ကိစ္စပြီးသွားတာပါပဲ ။ အရင်က အနိစ္စဆိုတာကို သဘောတော့ နားလည်တယ်၊ သင်္ခါရဆိုတာ ဘာလဲ၊ ဘာရဲ့ အနိစ္စလဲဆိုပြီး နားမလည်ဘူး ။ အဲဒါကို ကိုယ်တွေ့ကြုံပြီး နားလည်လိုက်တာနဲ့ သူ စိတ်တိုင်းကျသွားတော့တာပါပဲ ။ (တကယ်တော့ ဦးဘဂျမ်းမြင်လိုက်တာက အနိစ္စမဟုတ်ဘဲ အနတ္တလို့တောင် ကျွန်တော်ထင်မိပါတယ်။) ဦးဘဂျမ်းက အဲဒီအမြင်ကို ရသွားတဲ့အချိန်မှာ ဗုဒ္ဓဘာသာကို စွန့်လွှတ်ထားသူပါ။

ဝိမုတ္တိရသ တရားတော်များထဲမှာ ဆရာတော် အာဂျန်ချားက အရှင်ကောဏ္ဍညဟာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” မှာ “သဗ္ဗေ” တစ်လုံးကို နားလည်သွားခဲ့တော့ “အညာသိ ကောဏ္ဍည”အဖြစ် တရားကို သိမြင်သွားခဲ့တယ်လို့ ဟောထားတာလည်း ရှိပါတယ်။ အရင်က အနိစ္စကို သိချင်သိခဲ့မယ်၊ ဒါပေမဲ့ အလုံးစုံ၊ အကြွင်းမကျန်၊ သင်္ခါရတရား အားလုံးဟာ အနိစ္စပါလားလို့ သိသွားတဲ့အခါ အားကိုးစရာ၊ ဆုပ်ကိုင်စရာ၊ မှီတွယ်စရာ ဘာတစ်ခုမှ မကျန်မှန်း သဘောပေါက်သွားတဲ့ အဓိပ္ပာယ်ပါပဲ။

ကျွန်တော်တို့အနေနဲ့ ကြည့်ရင်တော့ ဒါတွေက သမားရိုးကျ မဟုတ်တဲ့ အဖြစ်အပျက်တွေပေါ့။ ဒါပေမဲ့ ဒီနည်းလမ်းအတိုင်း ဉာဏ်ပွင့်လင်းမှုကို ရအောင် ရှာကြတဲ့ အခြား ဗုဒ္ဓဘာသာ လမ်းစဉ်တွေ ရှိနေပါတယ်။

အဲဒီတော့ မိမိတို့မှာ ပေါ်လာကြတဲ့ (ဒါမှမဟုတ်) အရင်ကတည်းက ရှိနေတဲ့ အလားတူ မေးခွန်းမျိုးတွေအတွက် အထောက်အပံ့ ရပါစေကြောင်း ဆရာကြီးရွှေဥဒေါင်းရဲ့ “တရားထူးမြင်သော ဦးဘဂျမ်း” ဆောင်းပါးကို အပိုင်း ၁-၂ ခွဲပြီး တင်ပြလိုက်ပါတယ်။

ကျော်စွာ

credit to ကိုမောင်မောင်စိုး

🍁🍁🍁🍁🍁🍁🍁

တရားထူးမြင်သော ဦးဘဂျမ်း (အပိုင်း - ၁)

(ရွှေဥဒေါင်း)

၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် ကွယ်လွန်သည့် ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်သော်လည်း၊ သူ၏ ထူးခြင်းကို လူသိနည်းလှသည်ဖြစ်၍ သူ၏ဓမ္မမိတ်ဆွေတစ်ဦး ဖြစ်သည့် ကျွန်ုပ်က အများပြည်သူတို့ သိကြစေခြင်းငှာ မှတ်တမ်း တင်လိုက်ရပါသည်။

ကျွန်ုပ်သည် ၁၉၄၇ ခုနှစ်လောက်က လူထုသတင်းစာ၌ အနတ္တအကြောင်းကို ခေါင်းကြီးတစ်ပုဒ် ရေးထည့်လိုက်ရာ၊ ၄င်းကို ဖတ်ရသော ပုဂ္ဂိုလ် ၂ ယောက်သည် လူထုသတင်းစာတိုက် သို့ လာကြ၍၊ “ဒီဆောင်းပါးရေးတဲ့လူ ဘယ်မှာနေသလဲ။”-ဟု ဒေါ်အမာ အား မေးကြသည် ဆို၏။ ဒေါ်အမာက ကျွန်ုပ် “ဓားတန်းရပ်”၌ နေကြောင်း ပြောလိုက်ရသည်။”-ဟု ကျွန်ုပ်အား ပြောသဖြင့်၊ ကျွန်ုပ် မျှော်လျက်ရှိသော်လည်း မပေါ်လာကြချေ။ ထိုလူ ၂ ယောက်အနက် တစ်ယောက်မှာ မန္တလေးမြို့ ဆန်လှူအသင်းဥက္ကဋ္ဌ ဦးဘအုန်း ဖြစ်သည်။ -ဟု သိရသော်လည်း၊ အခြားတစ်ယောက်မှာ “မည်သူ မည်ဝါ ဖြစ်သည်။”-ဟု ဒေါ်အမာက မပြောနိုင်သဖြင့် ကျွန်ုပ်လည်း မသိရချေ။ ကျွန်ုပ်သည် ထိုစဉ်အခါက လောကုတ္တရာရေးဆိုင်ရာ ခေါင်းကြီးမျိုးကို ရေးခဲလှ၍ တစ်ခါတရံ တစ်ပုဒ်တလေမျှလောက် အစမ်းသဘောနှင့် ရေးကြည့်လိုက်ခြင်း ဖြစ်သောကြောင့် စာဖတ် ပရိသတ်က မည်ကဲ့သို့ လက်ခံကြသည်ကို သိလိုဇောနှင့် မျှော်မိခြင်းဖြစ်ရာ၊ သူတို့မရောက်လာသဖြင့် ကျွန်ုပ်လည်း ထောက်လှမ်း စုံစမ်းခြင်း မပြုတော့ပါ။ ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ ကျွန်ုပ်၏စာများနှင့် ပတ်သက်၍ စိတ်ဝင်စားစွာနှင့် နားထောင်လေ့ ရှိပါသည်။ ထို့နောက် ကျွန်ုပ်သည် ဦးဘအုန်းကို အနည်းငယ် သိကျွမ်း၍ ၁ကြိမ်-၂ကြိမ် တွေ့ဆုံမိကြသော်လည်း သူကလည်း မေးမြန်းခြင်း မရှိ၊ ကျွန်ုပ်ကလည်း စုံစမ်းချင်တတ်သော ဝါသနာမရှိသဖြင့် အနတ္တခေါင်းကြီးအကြောင်းမှာ အဆက်ပြတ်သွားခဲ့လေ၏။

သကျသီဟဇရပ်

၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ကျွန်ုပ်သည် လူထုတိုက်မှ နုတ်ထွက်ပြီးနောက်၊ တရားရှာခြင်းမဟုတ် တရား ဝါသနာပါသော ရှင်, လူ, ရဟန်း စသည်များနှင့် အလျဉ်းသင့်သည့် အခါများ၌ ဆွေးနွေးလေ့ရှိ၏။ ထိုနှစ်ထဲတွင် သကျသီဟဘုရား အတွင်း မန္တလေး ဟိုက်ကုတ်ရုံးအုပ်စာရေးကြီး ပင်စင်စား ဦးဘညွန့် ၏ အုတ်ဇရပ်၌ သီတင်းနေ့တိုင်း တရားဓမ္မဆွေးနွေးကြသည်။-ဟု ကြားသိရသဖြင့်၊ ဒေါ်အမာ၏ဖခင် (ကျွန်ုပ်နှင့် ကျောင်းနေဖက် သူငယ်ချင်း) ဦးတင်နှင့် အတူသွားရောက်ကြသည်။ ဇရပ်သို့ မှန်မှန် လာကြသည့် ပုဂ္ဂိုလ် ၈ ယောက်ခန့်အနက် အားလုံးမှာ လယ်တီဆရာတော်ဘုရား အစရှိသော နာမည်ကျော်ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ၏ကျမ်းစာအုပ်များကို ဖတ်ရှုမှတ်သားထားကြသူများသာဖြစ်၍ တရားအားထုတ်ဖူးကြသည့် လက္ခဏာမရှိခြင်းကို တွေ့ရ၏။ ဤသို့ ဆိုခြင်းအားဖြင့် ‘တရားဓမ္မအကြောင်းကို စဉ်းစားကြဖူးသူများ မဟုတ်’ ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသည့် ကမ္မဋ္ဌာန်းဂိုဏ်း(ရိပ်သာ)များသို့ သွားရောက် အားထုတ်ဖူးကြသည့် လက္ခဏာမရှိခြင်းကို ဆိုလိုပါသည်။ ကမ္မဋ္ဌာန်းအလုပ်ကို “ဟုတ်လှသည်”မထင်ဘဲ၊ ကျမ်းစာအုပ်များ ဖတ်ရှုကာ တစ်ဆင့်ကမ်း ဖောက်သည်ချခြင်းအလုပ်နှင့် မွေ့လျော်လျက်ရှိကြသည့် “တရားသမားများ”သည် မန္တလေးမြို့ပေါ်တွင် ပေါများလှပါသည်။ ဇရပ်သို့ လာကြသော ပုဂ္ဂိုလ်များအနက် ၁ ယောက်-၂ ယောက်တို့မှာ ဒီပနီ ကျမ်းစာအုပ်များကို အတော်နှံ့စပ်အောင် ဖတ်ထားကြ၍ သူတို့ချင်း ရှေ့ဆောင် ဆွေးနွေးကြသည်များကို ကျန်လူများက ကြားနာကြခြင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ဒီပနီကျမ်းမျိုး အသင့်အတင့် ဖတ်ရှုဖူး ပါသော်လည်း ထိုပုဂ္ဂိုလ် ၂ ဦးကဲ့သို့ စုံလင်နှံ့စပ်ခြင်း မရှိသည်နှင့် တစ်စုံတစ်ရာဝင်၍ မ’တော’ဘဲ သူတို့၏ပြောဟောခြင်းများကိုသာလျှင် ဗဟုသုတအနေဖြင့် ကြားနာလျက်ရှိပါသည်။

ဦးဘဂျမ်း

တစ်ခုသောသီတင်းနေ့၌ ဝဝတုတ်တုတ် အသားဖြူဖြူ အသက် ၅ဝ ကျော်ခန့်ရှိ လူတစ်ယောက်သည် ဇရပ်သို့ ရောက်လာ၍ ပထမ၌ ကျွန်ုပ်တို့နည်းတူ တိတ်ဆိတ်စွာ နားထောင်လျက် ရှိ၏။ ဟောပြောသူက ဟောပြော၍ အတန်ကြာလတ်သော် လူဝဝသည် “တရားဓမ္မကိစ္စတွင် စာဖတ်ရုံဖြင့်မပြီးဘဲ အားထုတ်ခြင်း၏ အရေးကြီး ခြင်းအကြောင်း”ကို ပြောလေရာ၊ အခြားလူများ နှုတ်ဆိတ်သွားကြ၍ ကျွန်ုပ်မူကား စိတ်ဝင်စားစွာနှင့် ထိုလူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ကျွန်ုပ်က အနီးရှိလူတစ်ယောက်အား “မည်သူဖြစ်ပါ သနည်း။”ဟု မေးကြည့်ရာ၊ “ဧရာဝတီ မီးသင်္ဘောကုမ္ပဏီ(L.F.C)တွင် ကိုယ်စားလှယ်အဖြစ်နှင့် လုပ်ခဲ့ဖူးသည့် ဦးဘဂျမ်း ဖြစ်သည်။”- ဟု ပြော၏။ ထို့နောက် ဦးဘဂျမ်းသည် တရားအားထုတ်ခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားလာသည်။

ဤသို့ဖြစ်လာရခြင်းမှာ တရားအကြောင်း ဆွေးနွေးကြသော အခါမျိုးတွင် စာသမားများသည် စာထဲကအခြင်းအရာကို ပြောပြ၍၊ ကမ္မဋ္ဌာန်းထိုင်လျက်ရှိစဉ် ကိုယ်ထဲ၌ ဘယ်ကဲ့သို့ ဖြစ်သည်။ စိတ်ထဲ၌ ဘယ်ပုံ ဖြစ်သွားသည်။ ဝေဒနာ ဘယ်ပုံပေါ်၍ ဘယ်မျှလောက် အခံရခက်သည်။ သတိဘယ်ပုံ လစ်သွားသည်။”အစရှိသော အခြင်းအရာများကိုသာ ပြောကြလေသည်။ တရားသဘာဝနှင့် ပတ်သက်၍၊ “မည်သို့ဉာဏ်အမြင်မျိုး ပေါ်လာပြီး ဘယ်ကဲ့သို့ ပြောင်းပြန်သဘော မြင်လိုက်ရသည်။”-အစရှိသည်တို့ကို ပြောသံမကြားရဘဲ ဦးဘဂျမ်း၏စကား၌ “ပြောင်းပြန်”အဓိပ္ပာယ်မျိုး ပါလာသည်ထင်သောကြောင့် ဖြစ်ပါသည်။ အချိန်ကုန်၍ ပြန်ကြမည်” ပြုရာတွင် ကျွန်ုပ်သည် ဦးဘဂျမ်းအနီးသို့ ချဉ်းကပ်၍ အနတ္တနှင့် ပတ်သက်သည့် စကားအနည်းငယ် ပြောလိုက်ရာတွင်၊ သူက “ဪ ဆရာကြီးရွှေဥဒေါင်းလား။ ခင်ဗျားကို တွေ့ချင်လို့ လူထုတိုက်ကို သွားမေးပါသေးတယ်။” ဟု ပြောသဖြင့် “ဦးဘအုန်းနှင့် လာတဲ့လူ ဆိုတာ ခင်ဗျားလား။”-ဟု ကျွန်ုပ်က ပြန်မေးပြီး တစ်ခဏချင်းတွင် အတော်ရင်းနှီးသွားကြလေသည်။

ပွဲထုတ်ခြင်း

နောက်တစ်သီတင်း၌ ဦးဘဂျမ်းနှင့် ကျွန်ုပ်သည် ဇရပ်၌ တွေ့ဆုံကြပြန်၍ တရားဆွေးနွေးကြရာတွင် များစွာသော ပြဿနာတို့၌ စာဖတ်သမားများက တစ်ဖက်, ဦးဘဂျမ်းနှင့် ကျွန်ုပ်က တစ်ဖက် ဖြစ်နေကြခြင်းကို တွေ့ရ၏။ အယူအဆ သဘောကွဲလွဲတိုင်း သူနှင့် ကျွန်ုပ်ကား သဘောတူလျက် ရှိကြ၏။ နောက်ဆုံး၌ ကျွန်ုပ်သည် ဦးဘဂျမ်းကို ကျွန်ုပ်၏နေအိမ်သို့ ဖိတ်ခေါ်ဆွေးနွေးကြည့်ရာ၊ သူက ပြောခြင်းများ၌ ကျွန်ုပ်က တစ်ခွန်းတလေမျှသာ ထောက်လေ့ရှိ၏။ ဤပုဂ္ဂိုလ်ကား သူသိထားသည့် တရားသဘာဝကို သူတစ်ပါးအား ပြောပြခွင့်မရသဖြင့် အလွန်ပြောဟောချင်သည်ကို ကျွန်ုပ်ရိပ်မိသဖြင့် ကျွန်ုပ်၏ “အသိ”အကြောင်းကို မပြောဘဲ သူ၏ “အသိ”အကြောင်း ကိုသာ ကျွန်ုပ်က နှိုက်၍ စုံစမ်းလေသည်။ ဤအသိကား ကျွန်ုပ်သည် တရားဓမ္မနှင့်ပတ်သက်၍ ဦးဘဂျမ်းအပေါ်တွင် ကျေနပ်လျက် ရှိပါသည်။ သို့ရာတွင် ကျွန်ုပ်သည် သူ့အကြောင်းကို ကျွန်ုပ်သိရရုံသာမက၊ ကျွန်ုပ်၏ ဓမ္မမိတ်ဆွေ များအား သိစေလိုသည်ဖြစ်သောကြောင့် ဦးဘဂျမ်းကို ပွဲထုတ်ဖို့ စီစဉ်ပါတော့သည်။ သို့ဖြစ်၍ ကျွန်ုပ်၏နေအိမ်၌ ဥပုသ်တစ်ပတ်ခြား တရားဆွေးနွေးပွဲပြုလုပ်ရန် ချိန်းဆိုပြီး မိတ်ဆွေ ၄-၅ ယောက်ကိုလည်း ကျွန်ုပ်ဖိတ်ခေါ်ထားလေသည်။

တရားတောင်းခြင်း

ကျွန်ုပ်တို့၏ ဆွေးနွေးပွဲသို့ ပုဂ္ဂိုလ် ၄-၅-၆ ယောက် ရောက်ကြသည့်အနက်၊ မန္တလေးမြို့ရှိ လက်ဝဲသမားလူငယ်များအနက်တွင် နည်းပြဆရာကြီးအဖြစ်နှင့် ထင်ရှားလျက်ရှိ၍ ယခုအခါ၌ မန္တလေးတက္ကသိုလ်တွင် လက်ထောက်ကထိကဖြစ်နေသည့် (ရဟန်းလူထွက်) ဦးဆန်းထွန်းတစ်ယောက်လည်း ပါဝင်သည်။ ဦးဆန်းထွန်း သည် “ကျွန်ုပ်အား လက်ဝဲသမားစစ်စစ်ကြီး တစ်ယောက်ဖြစ်အောင် ဆွဲဆောင်လိုသောရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း ဖြစ်သည်။”-ဟု နောင်အခါ၌ ကျွန်ုပ်သိရှိရသည်။ သူသည် ရဟန်း အဖြစ်နှင့် ဗုဒ္ဓစာပေများကို အတော်ကြီးနှံ့စပ်အောင် လေ့လာသင်ကြား ထားခဲ့သူတစ်ယောက် ဖြစ်သည်။”-ဟု ကျွန်ုပ်တို့ သိရ၍ စာပေ (ပါဠိတော်)နှင့် ပတ်သက်သည့်ကိစ္စများ၌ မရှင်းလင်းသည်များကို သူ့အား မေးမြန်းရန်ကြံရွယ်ချက်ဖြင့် ကျွန်ုပ်က ဖိတ်ခေါ်ခြင်း ဖြစ်လေ သည်။

ကျွန်ုပ်က မိတ်ဆွေများအား ဦးဘဂျမ်းအကြောင်းကို ပြောပြကာ မိတ်ဆက်ပေးပြီးနောက် ဦးဘဂျမ်းအား “ကိုင်း- ဦးဘဂျမ်း။ ခင်ဗျား အားထုတ်ခဲ့ပုံအကြောင်းကို အစကစပြီး လုံးစေ့ပတ်စေ့ ပြောပြစမ်းပါဗျာ။ ကျွန်တော်တို့အားလုံးက ကြားနာလိုပါတယ်” - ဟု တောင်းပန်လေရာ၊ ဦးဘဂျမ်း ပြောပြသည်များကို သူကိုယ်တိုင် ပြောပြသည့်အနေဖြင့် အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။

ဘာသာကို စွန့်ခြင်း

“ဂျပန်ခေတ်မှာတုန်းက ဗုံးရှောင်ကြရင်း ကျွန်တော်တို့ အိမ်သားများဟာ စစ်ကိုင်းတောင်ရိုး ချောင်တစ်ချောင်မှာ နေကြတယ်ခင်ဗျ။ တစ်နေ့သ၌တော့ ကျွန်တော့်စိတ်ထဲမှာ အကြံတစ်ခု ဖြစ်တယ်။ “ယခုလို အားနေတဲ့အခိုက်မှာ အလကား အချိန်ဖြုန်းနေမည့်အစား ဘာသာတရားကို လေ့လာလျှင် ကောင်းမယ်။ ငါဟာ ဗုဒ္ဓဘာသာ တစ်ယောက် ဖြစ်တယ်ဆိုပေမယ့် ငါ့မိဘက ‘ဗုဒ္ဓဘာသာ’ဆိုလို့ ငါလည်း ဗုဒ္ဓဘာသာ ဖြစ်နေလေသလား မဆိုနိုင်ဘူး။ ခရစ်ယာန် ဝမ်းထဲ ဝင်စားလျှင်လည်း ခရစ်ယာန် ဖြစ်မယ်။ မူစလင်ဝမ်းထဲ ဝင်စားလျှင်လည်း မူစလင် ဖြစ်မယ်။ ဟိန္ဒူဝမ်းထဲ ဝင်စားလျှင်လည်း ဟိန္ဒူဖြစ်မှာပဲနှင့် တူတယ်။ သည်တော့ ငါ့မှာ လှိုက်လှဲနက်နဲတဲ့ တကယ့်ယုံကြည်မှုရယ်လို့ ဘာမှရှိပုံမရဘူး။ ဒီဘာသာတွေဟာ ဘယ်ဒင်းက တကယ်မှန်ကန်တယ်လို့ ငါမသိရဘူး။ ကိုယ်တိုင် စုံစမ်းဦးမှ တော်မယ်။ စုံစမ်းတဲ့အခါမှာလည်း ငါက ဗုဒ္ဓဘာသာ တစ်ယောက်အနေနှင့် စုံစမ်းခဲ့လို့ရှိလျှင် လက်ရှိဘာသာဘက်လိုက်ပြီး မဲတင်းပေးနေမိမှာပဲ။ အမှန်ကို ရောက်နိုင်မယ် မဟုတ်ဘူး။ သည်တော့ကာ ငါသည် ဗုဒ္ဓဘာသာကို စွန့်ပစ်လိုက်ပြီ။ သည်ကနေ့ကစပြီး ငါ့မှာ ဘာဘာသာမှ မရှိတော့ဘူး။ လွတ်လွတ်လပ်လပ် စဉ်းစား မယ်လို့ ဆုံးဖြတ်လိုက်တယ်ခင်ဗျ။

နည်းတောင်းခြင်း

“ကောင်းပြီ။ ဒါဖြင့် ဘာသာကြီး ၄ မျိုးရှိတဲ့အနက် ‘ဘယ်ဘာသာကို ရှေးဦးစွာ စုံစမ်းမလဲ။’-လို့ ကိုယ့်ကိုယ်ကို မေးလိုက်တော့ ‘ငါ ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာကို ရှေးဦးပထမစပြီး စုံစမ်းလျှင် ကောင်းမယ်။’-လို့ ဆုံးဖြတ်လိုက်တယ်။ ‘ဘယ်လိုစုံစမ်းမလဲ’-တဲ့။ စဉ်းစားလိုက်တော့ ကျွန်တော်က “စာပေ”ဆိုလို့ ဘာမှ မတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးခင်ဗျ။ အရိုင်းသက်သက်ပဲ။ ဒီတော့ ကျွန်တော်က ကျောင်းမှာရှိတဲ့ဘုန်းတော်ကြီးကို ချဉ်းကပ်ပြီး ‘အရှင်ဘုရား။ ဗုဒ္ဓဘာသာမှာ “အထွတ်အထိပ်”ဆိုတဲ့ မဂ်တရား, ဖိုလ်တရားကို တပည့်တော် အားထုတ်ချင်ပါတယ်။ နည်းလမ်းညွှန်ပြ တော်မူပါအရှင်ဘုရား။’-လို့ လျှောက်ထားတယ်။ သည်တော့ ဘုန်းကြီးက ‘မဂ်တရား, ဖိုလ်တရားဆိုတာ အလွန်နက်နဲခက်ခဲတယ်။ ဒကာကြီးတို့လိုလောက်နှင့် ဘယ်မှရနိုင်ပါမလဲ’-တဲ့ မိန့်တော်မူတယ်။ သည်တော့ ကျွန်တော်က ‘ရတာ-မရတာကို ထားပါဘုရား။ တပည့်တော် အားထုတ်စမ်းကြည့်ချင်ပါတယ်၊ ဟောပြတော်မူပါ။’ - လို့ လျှောက်ပြန်တယ်။ ဘုန်းကြီးက ‘သည်တရားမျိုးဟာက တော်ရုံ-တန်ရုံ ဇွဲသတ္တိမျိုးနှင့် ရနိုင်တာမဟုတ်ဘူး ဒကာကြီး။’ - လို့ အမိန့်ရှိပြန်တော့၊ ကျွန်တော်က ‘ဟောသာဟောတော်မူပါဘုရား။ အရှင်ဘုရားက “ဒီနေရာက မထနှင့် ဘယ်နှစ်ရက်ထိုင်ပြီး အားထုတ်ရမယ်”လို့ အမိန့်ပေးပါ။ တပည့်တော်က “ညောင်းညာတယ်”ဆိုပြီး ထခဲ့လို့ရှိလျှင် တပည့်တော်ကို ဓားနဲ့ခုတ်ပိုင်းလိုက်ပါ။ အရှင်ဘုရားမှာ အမှုမဖြစ်ရအောင် တပည့်တော်က စာရေးပြီး လက်မှတ်ရေးထိုး ထားခဲ့ပါ့မယ်ဘုရား။’-လို့ လျှောက်ထားပြန်တယ်ခင်ဗျ။ သည်တော့လည်း ဘုန်းကြီးက အာနာပါနလိုလို, အရဟံဂုဏ်တော်လိုလို၊ လက္ခဏာရေး ၃ ပါးလိုလိုနှင့် ‘တစ်ခုတည်း တိတိကျကျ အာရုံပြုတတ်ဖို့’ ဟောတော်မမူဘဲ ၃-၄-၅ မျိုး လျှောက်ပြီး ဟောတယ်ခင်ဗျ။”

ဆက်ရန် ...

အပိုင်း (၂) https://www.facebook.com/share/p/19Tg7AYbf9/

#lovekindnesstranquility

တရားထူးမြင်သော ဦးဘဂျမ်း (အပိုင်း - ၂)

(ရွှေဥဒေါင်း)

ဘုရားဖူးရခြင်း

“သည်တော့ ကျွန်တော် ဘာလုပ်သလဲဆိုတော့၊ ဘုန်းကြီးကျောင်းပေါ်က ဆင်းလာခဲ့ပြီး လူနှင့်ဝေးပေ့ ဆိုတဲ့ ဇရပ်ကြီးတစ်ဆောင်ကိုသွား၊ ထောင့်တစ်ထောင့်မှာထိုင်၊ ဆင်းတုတော်တစ်ဆူဘက်လှည့်ပြီး စေ့စေ့ပါအောင် ဖူးတယ်ခင်ဗျ။ စိတ်ထဲကတော့အရဟံဂုဏ်တော်ကို ဆင်ခြင်ပါတယ်။ ရက်ပေါင်း အတော်ကြာလာတဲ့အခါကျတော့ ဆင်းတုတော်ကို မျက်စိမှိတ်ပြီး အာရုံပြုနေရာမှာ ဆင်းတုတော်ပုံသဏ္ဌာန် ပျောက်သွားပြီး သက်တော်ထင်ရှားရှိတဲ့ ဂေါတမဗုဒ္ဓရဲ့သဏ္ဌာန်တော် ပေါ်ပေါက်လာပါတယ်။ နေရာဌာနကလည်း ကျွန်တော်တို့ထိုင်နေတဲ့ ဇရပ်ကြီး မဟုတ်တော့ဘဲ သစ်ပင်တွေ တော်တော်များတဲ့ တောကြီးတစ်တော ဖြစ်နေပါတယ်။ မြတ်စွာဘုရားက သစ်ပင်ရင်းမှာ ထိုင်တော်မူလျက်ရှိရာမှာ တစ်ကိုယ်တော်တည်း မဟုတ်တော့ဘဲ၊ ရသေ့အသွင်နှင့် ပုဂ္ဂိုလ် ၅ ဦး ရှိနေကြပါတယ်။ ၁ဦးက ချောင်တစ်ခုမှာ သပိတ်ကို ရေဆေးလို့၊ ၁ ဦး ၂ ဦးက တိုလီမိုလီ ဘာဟီရကိစ္စကလေးများ ဆောင်ရွက်လို့၊ ၂ ဦးကတော့ မြတ်စွာဘုရားအနီးမှာထိုင်ကာ သူတို့ချင်း စကားပြောလို့ ရှိကြပါတယ်။ သူတို့ကိစ္စ အသီးသီး ပြီးကြတဲ့အခါ ကျတော့မှ ငါးဦးစလုံးဟာ မြတ်စွာဘုရားရှေ့တော်မှာ လာပြီး ထိုင်ကြပါတယ်။ သည့်နောက် ဘုရားက တရားဟောပါတယ်။ ဟောတဲ့အသံကိုတော့ ကျွန်တော် မကြားရပါဘူး။ သို့သော် လက် ၂ ချောင်းကို ခဏခဏ ထောင်ပြခြင်းကိုတော့ မြင်ရပါတယ်။ မြတ်စွာဘုရားရဲ့မျက်နှာတော်မှာ အမွေးတော်တွေဟာ သူတစ်ပါးနှင့်မတူဘဲ ရှေ့ပိုင်းမှနေပြီး နောက်ပိုင်းဆီသို့ တစ်ဖက်သတ် လဲလျက်ရှိခြင်းကို ကျွန်တော် ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။”

နုပ်။ “လက် ၂ ချောင်းကို ထောင်ပြတာက ဘယ်လိုအဓိပ္ပာယ်လို့ ထင်သလဲဗျာ။”

ဂျမ်း။ “ဓမ္မစကြာထဲမှာ ပါတယ်မဟုတ်လား။ ‘ဒွေမေ ဘိက္ခဝေ”ဆိုတဲ့ အယုတ်တရား ၂ ပါးအကြောင်းကို ဟောနေတယ် ထင်တာပဲ။”

(ကျွန်ုပ်လည်း ဤအတိုင်းပင် တွေးမိ၍ မေးလိုက်ခြင်း ဖြစ်ရာ၊ အတွေးချင်း တူသဖြင့် ကျွန်ုပ် ဝမ်းသာမိသည်။)

နုပ်။ “ဒါဖြင့် ရသေ့ ၅ ဦးဆိုတာလည်း ပဉ္စဝဂ္ဂီ ၅ ဦး ဖြစ်ရမှာပေါ့နော်။”

ဂျမ်း။ “ဟုတ်မှာပေါ့ ဆရာကြီးရယ်။”

နုပ်။ ကိုင်း- ဆက်ပါဦးဗျ။”

ဂျမ်း။ “ကျွန်တော် ဇရပ်ကြီးထဲ ဝင်ထိုင်ပြီး အရဟံဂုဏ်တော်ကို အာရုံပြုလိုက်တဲ့အခါတိုင်း ဒီအဖြစ်အပျက်ဟာ ပေါ်ပေါက်လာတာကို ကျွန်တော့်မျက်စိထဲမှာ အခု ဆရာကြီးတို့လူစုကို မြင်ရသလို ထင်ထင်ရှားရှား ပီပီသသကြီး မြင်ရတယ်ခင်ဗျ။ တစ်ချက်တစ်ချက်မှာ ရသေ့ကြီး ၅ ဦးထဲက တစ်ဦးဦးက ဘုရားကို မေးလျှောက်တယ်။ ဘုရားက ပြန်ဖြေတယ်ခင်ဗျ။ အသံတော်ကို မကြားရပေမယ့် မြင်ရတာကတော့ သိပ်ပြီး ထင်ရှားပါတယ်ခင်ဗျ။ ဒီလိုနှင့်ချည်း နေ့ရက်အတန်ကြာတော့ ကျွန်တော်က ဘုန်းကြီးကို လျှောက်ကြည့်တယ်ခင်ဗျ။ ဘုန်းကြီးက ‘အရဟံဂုဏ်တော် တော်လောက်ပါပြီ။ အာနာပါနအလုပ်ကို ကူးပြီး လုပ်စမ်းပါဦး’ တဲ့ ပြောတယ်။ သည်တော့ ကျွန်တော်က သူ့အမိန့်အတိုင်း အာနာပါနအလုပ်ကို လုပ်စမ်းတယ်။ နို့ပေမယ့် အာရုံကောင်းကောင်းမမိဘူး။ သမာဓိလည်း ကောင်းကောင်းမရဘူး ခင်ဗျ။ သို့သော် ကျွန်တော် ကြိုးစားပြီး လုပ်ပါတယ်။ ဒီလို လုပ်နေရင်း ကျွန်တော့်မျက်စိထဲမှာ ပါဠိလိုစာတမ်းတစ်ခု ပေါ်လာတယ်ခင်ဗျ။ ကျွန်တော်က ပါဠိလည်းမတတ်။ ကျွန်တော် တွေ့ဖူးမြင်ဖူးတဲ့ ပါဠိလည်း မဟုတ်လေတော့ အဓိပ္ပာယ်ကို ကျွန်တော် မသိရဘူး။ သို့သော် ပါဠိစကားလုံးကတော့ တိုတိုကလေးမို့ ကျွန်တော် မှတ်မိတယ်။”-ဆိုကာ သူမြင်ရသော ပါဠိလုံးတွေကို ရွတ်ဆို၍ ပြသည်။

(ကျွန်ုပ်သည် ထိုပါဠိစကားလုံးကို ယခင်က အမှတ်အသား ပြုထားသော်လည်း ယခုအချိန်တွင် မေ့ပျောက်လျက်ရှိပါသည်။)

နုပ်။ “ဒီတော့ ခင်ဗျား ဘယ့်နှယ်လုပ်သလဲဗျာ။”

ဂျမ်း။ “ကျွန်တော်က ဘုန်းကြီးဆီသွားပြီး ပါဠိစကားလုံးကို လျှောက်ကြည့်တယ်ခင်ဗျ။ ဒီတော့ ဘုန်းကြီးက ‘ဒကာကြီးရဲ့ ပါဠိစကားလုံးအဓိပ္ပာယ်ကတော့ “အလျင်က အလုပ်အတိုင်း ဆက်လုပ်ပါ”တဲ့။’ - မိန့်တော်မူတယ် ခင်ဗျ။ သည်တော့ ကျွန်တော် ပြန်လာခဲ့ပြီး စဉ်းစားတယ်။ “အလျင်ကအလုပ်” ဆိုဟာ အရဟံဂုဏ်တော် ဖြစ်ရမှာပဲ။ သည်လိုဆိုလျှင် အာနာပါနအလုပ်ကို ချထားပြီး အရဟံဂုဏ်တော်အလုပ်ကို ပြန်ကောက်လေမှပဲ။” လို့ ဆုံးဖြတ်လိုက်တယ်ခင်ဗျ။ နက်ဖြန်ကျတော့ ဇရပ်ကြီးသွားပြီး ရှေးနည်းအတိုင်း ကျွန်တော်ထိုင်တဲ့အခါမှာ မြတ်စွာဘုရားရဲ့မျက်နှာတော်ဟာ ရှေးကလို ထင်ထင်ရှားရှားကြီး မပေါ်လာတော့ဘဲ မှေးမှေးမှိန်မှိန် ဖြစ်နေတယ်ခင်ဗျ။ ဘယ်လိုပဲ ကြိုးစားကြိုးစား ဒီလိုပဲ ခပ်မှိန်မှိန် ဖြစ်နေတယ်ခင်ဗျ။ ဒီအခါမှာ ကျွန်တော် တော်တော်စိတ်ရှုပ်သွားတယ်။ ဒါနှင့် တစ်ခါ အာနာပါနအလုပ်ကို ပြန်ကောက်ပြန်တော့လည်း ဒီလိုပဲ သမာဓိ ကောင်းကောင်းမရဘူး။ ခက်ချေပြီ။ ဟိုလိုလုပ်မရ သည်လိုလုပ်မရ။ ကိုယ်ရပြီးသား ဘုရားအာရုံတောင် လက်လွတ်သွားချေပြီဆိုပြီး အများကြီး ဝမ်းနည်းသွားတယ်။

“သည်လိုနှင့် တစ်ခါ အရဟံဂုဏ်တော်ကို ထပ်ပြီး အာရုံပြုပြန်တော့ ရှေ့မှာ စာတမ်းတစ်ခု ပေါ်လာတယ်။ ‘သဗ္ဗေ သင်္ခါရာ အနိစ္စာ ယဒါပညာရပဿဒိ’တဲ့ ခင်ဗျ။ သည်ပါဠိတော်ကိုတော့ ကျွန်တော် အရင်ကတည်းက ရဖူးတယ်။ သို့သော် အဓိပ္ပာယ်ကိုတော့ ကောင်းကောင်းမသိဘူး ခင်ဗျ။ သို့သော် ‘သဗ္ဗေသင်္ခါရာ အနိစ္စာ’ ဆိုတာကတော့ ‘ခပ်သိမ်းသော သင်္ခါရတရားတို့သည် အမြဲမရှိ’ ဆိုတာလောက်ကိုတော့ ကျွန်တော် နားလည်တယ်။ ဒါပေမယ့် ‘သင်္ခါရဆိုတာဟာ ဘာလဲ။’-လို့ ရှင်းရှင်းကြီး နားမလည်ဘူးခင်ဗျ။ သင်္ခါရကို ရှင်းရှင်းကြီး နားမလည်ဘဲနှင့် ‘မမြဲဘူး’ဆိုနေလို့ မပြီးဘူး။ ‘ဘာမမြဲတာလဲ’ ဆိုတာကို သိထားဦးမှ ဖြစ်မှာကိုးခင်ဗျ။ သည်တော့ ကျွန်တော်က ဘုန်းကြီးကို သွားလျှောက်တယ်။ ‘သင်္ခါရဆိုတာ ဘာလဲဘုရား’လို့။ သည်တော့ ဘုန်းကြီးက ‘သင်္ခါရဆိုတာ ပုညာဘိ သင်္ခါရ, အပုညာဘိသင်္ခါရ, အနညာဘိသင်္ခါရပေါ့ ဒကာကြီး’ တဲ့။ ဒီလိုဆိုတော့လည်း ကျွန်တော် နားမလည်ဘူးခင်ဗျ။ ကျွန်တော်က လက်ဆုပ်လက်ကိုင်ပြမှ နားလည်တတ်တဲ့လူကိုးခင်ဗျ။ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံတွေ ပြောပြနေလို့ ကျွန်တော်စိတ်ထဲမှာ မထင်မြင် တတ်ဘူးခင်ဗျ။ ‘ဟောဒါ-သင်္ခါရပဲ’လို့ ကိုင်ပြစေချင်တာခင်ဗျ။ သည်တော့ဘုန်းကြီးက ‘ဒကာကြီးဟာ ပါရမီခံ နည်းတယ်’တဲ့။ သူလည်းပဲ ဘုရားဟော တရားထက်တော့ ပိုပြီး မပြောတတ်ဘူးတဲ့။ ပြောလွှတ်လိုက်ပါလေရောခင်ဗျ။”

နုပ်။ “ခင်ဗျားမေးလျှောက်ပုံ ကြိုက်တယ်ဗျ။”

ဂျမ်း။ “ကျွန်တော်က လူပြိန်း ဆရာကြီးရဲ့။ “အန္ဓ”ဆိုပါတော့ခင်ဗျ။ တိုက်ရိုက်ပြောမှ နားလည်တတ်တဲ့လူမို့ပါ။”

နုပ်။ “ကြိုက်တယ်ဗျ။ ဒီလိုလူမို့လည်း တရားတွေ့ပေ တာပဲဗျို့။ လောကမှာ နားမလည်သေးဘဲနှင့် ဖြန်းသန်းပြီး နားလည် သလို ယောင်ဝါးလုပ်နေတဲ့လူတွေက များနေတာပဲ။ ကိုင်း ဆက်ပါဦးဗျ။”

ဂျမ်း။ “နောက်တစ်နေ့ကျတော့ ဇရပ်ကြီးကို သွားပြီး ရှေးကလိုပဲ ထိုင်ပြန်ပါရောခင်ဗျ။ ထိုင်ပြီး အရဟံဂုဏ်တော်ကို အာရုံပြုနေတုန်းမှာ ငှက်ကလေးတစ်ကောင် “တွီတီတီ တွီတီတီ”နှင့် မြည်တယ်ခင်ဗျ။ ဇရပ်ကြီးနားမှာရှိတဲ့ သစ်ပင်က ဖြစ်မှာပဲ။ ကျွန်တော်က သူ့ကို ဂရုမစိုက်ပါဘူး” ဆိုပြီး ကိုယ့်အာရုံနှင့် ကိုယ် နေပါမယ်ဆိုပေမယ့် တော်တော်ကြာရင်း ‘တွီတီတီ .. တွီတီတီ’ လုပ်ရင်း အသံကတော့ ဆိုးလှတဲ့အသံ မဟုတ်ပါဘူး။ သာယာပါ တယ်။ နိုပေမယ့်ကျွန်တော့်မှာ အာရုံများပြီး သူ့ဆီ ရောက်ရောက် သွားတယ် ခင်ဗျ။ တော်တော်ကလေးငြိမ်ပြီး အာရုံပြုမယ် လုပ်ပြန်ရင် သူက ‘တွီတီတီ တွီတီတီ’ လုပ်ပြန်ရင်းပဲ ခင်ဗျ။ ငြိမ်လိုက်၊ စိုက်လိုက်၊ မြည်လိုက်၊ ပျက်လိုက်။ ဒီလိုနှင့် ကျွန်တော့်မှာ တစ်နေ့လုံး ဒုက္ခ ရောက်နေတော့တာပဲ။ နောက်ဆုံးကျတော့ ကျွန်တော့်မှာ စိတ်တွေ ဘာတွေ ဆိုးလာတော့တာပေါ့ခင်ဗျ။ စိတ်ဆိုးရာကနေပြီး စိတ်ညစ် လာပြန်တော့တယ်။ “ခက်ပြီ။ ငါတော့ တစ်နေ့လုံး ဒုက္ခရောက်နေပြီ။ ဒီငှက်နှင့် ငါနှင့် ဘယ်နှယ့်လုပ်ရပါ့မလဲ။”လို့ ကြံရာမရ ဖြစ်နေတာ ပေါ့ခင်ဗျ။ ဒီလိုနှင့် တစ်နေ့လုံး အချိန်သာ ကုန်သွားတယ်။ သမာဓိ တည်ဆောက်လို့ မရဘူး။ နောက်ဆုံးကျတော့ အိမ်ပြန်လာခဲ့ရပါရော ခင်ဗျ။”

နုပ်။ “ဘာငှက်လဲဗျ။”

ဂျမ်း။ “မဆိုနိုင်ဘူး။ ကျွန်တော်က တောဗဟုသုတ နည်းသားလားခင်ဗျ။ စာကလေးနှင့် ကျီးကန်းလောက်က ပိုပြီး သိတဲ့လူ မဟုတ်ဘူးခင်ဗျ။”

နုပ်။ “ဆိုပါဦးဗျာ”

ဂျမ်း။ “နက်ဖြန်ကျတော့ ကျွန်တော် လာပြန်ရော ခင်ဗျ။ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး၊ အာရုံပြုလိုက်ကာ ရှိသေး။ ဘယ်က ရောက်လာတယ် မဆိုနိုင်ဘူး။ ငှက်ရောက်လာပြီး “တွီတီတီ... တွီတီတီ”နှင့် မြည်ပါလေရောခင်ဗျာ။”

နှပ်။ “အာရုံပြုတော့ ဘာကို အာရုံပြုသလဲခင်ဗျာ။”

ဂျမ်း။ “ကျွန်တော်လုပ်နေကျ အရဟံဂုဏ်တော်ပါပဲ ခင်ဗျာ။”

နုပ်။ “ဟုတ်ကဲ့။” ဒီတော့ ဘယ့်နှယ်လုပ်သလဲဗျာ။”

ဂျမ်း။ “ဒီငှက်နှင့် ငါ နှင့်တော့ မဖြစ်တော့ဘူး။ ‘ဒီဇရပ်မှာ မထိုင်ဘဲ ဒီပြင်တစ်နေရာက ဇရပ်တစ်ဆောင်ဆောင်မှာ သွားပြီး ထိုင်ချေ ဦးမှ တော်လေမယ်။’ - လို့ စိတ်ကူးမိတယ်။ သည်တော့လည်း ဟိုဇရပ် ရောက်လျှင် ဟိုငှက်က မြည်ဦးမှာပဲလို့ စဉ်းစားမိပြန်တယ်။

နုပ်။ “ဦးဘဂျမ်းကိုယ်၌ကလည်း လက်လျှော့ပြီး ရှောင်ထွက်မပြေးချင်တဲ့ ဇွဲက ရှိဟန်တူပါတယ်။”

ဂျမ်း။ “ဟုတ်ဟန်တူပါရဲ့ ဆရာကြီးရယ်။ ဒါနှင့် ကျွန်တော်က ဇရပ်မပြောင်းဘဲ ကိုယ့်ဇရပ်မှာ ကိုယ် ဇွတ်ပေပြီး ထိုင်တော့တာပဲခင်ဗျ။ ထိုင်နေရင်း ‘ငှက်သံဟာ နားမှာ လာတိုက်ပြီး ကျွန်တော့်ကို ဒုက္ခပေးနေခြင်း ဖြစ်တယ်’လို့ ကျွန်တော် သိလိုက် မိတယ်။ နောက်တစ်ခဏကျတော့ ‘အသံက နားမှာတိုက်တာကို ငါကလည်း ဘာမှ မတတ်နိုင်ဘူး။ သူ့ဘာသာသူ တိုက်နေတာကို ဘာဆိုင်လို့ လိုက်ပြီး ဒုက္ခဖြစ်နေရတာလဲ။’ ဆိုတဲ့ ဉာဏ်ဝင်လာပြီး၊ ‘ဟယ်-ဟုတ်သားပဲ။ သူ့ဘာသာဖြစ်နေတာကို ငါက ဘာကြောင့် လိုက်ပြီး ကြောင့်ကြစိုက်နေရသလဲ။‘ ဆိုပြီး တစ်ခါတည်း ကျွတ်ထွက်သွားလိုက်တာခင်ဗျာ။ နားတစ်ခုတည်းတွင် မကဘူး။ မျက်စိရော နှာခေါင်းရော ‘ဒွါယ ဆိုတဲ့ အသိဉာဏ် ပေါ်လာပြီး တစ်ကိုယ်လုံး ပေါ့ထွက်သွားလိုက်တာခင်ဗျာ။ ‘ဖြစ်ချင်တဲ့နေရာက ဖြစ်ချင်တာဖြစ်။ ငါနှင့် ဘာမှမဆိုင်ဘူး။’- ဆိုတဲ့ ဉာဏ်အမြင်ကြောင့် ကျွတ်ကျွတ် လွတ်လွတ်ပြန်ထွက်သွားတာပဲ ဆရာကြီးရေ။ ‘သင်္ခါရဆိုတာ ဘာလဲ’ လို့ မေးနေလိုက်တာ အခုမှ သင်္ခါရကို လက်တွေ့မြင်ရတော့တာကိုး ခင်ဗျ။ ဒွါယ ၆ပေါက်တွေများ သင်္ခါရတွေ ဖြစ်နေတာကိုးခင်ဗျ။

နုပ်။ “ခုနင်က ငှက်ကကော မြည်သေးလားဗျာ။”

ဂျမ်း။ “မြည်တယ်လေ။ မြည်တုန်းပါပဲ။ မြည်စမ်းပါစေ လေ။ ကျွန်တော်နှင့် ဘာဆိုင်လို့လဲခင်ဗျ။”

နုပ်။ “အသံကော ကြားတုန်းပဲလားဗျာ။”

ဂျမ်း။ “ကြားပါတယ်ခင်ဗျ။”

နုပ်။ “နို့- အလုပ်လုပ်လို့ ဖြစ်သေးလားဗျာ။”

ဂျမ်း။ “ဘာအလုပ်လုပ်ဖို့ ရှိသေးသလဲ။ သင်္ခါရကို ကျွန်တော် သိပြီ။ သင်္ခါရ ဖြစ်နေတာကိုလည်း ကျွန်တော် သိရပြီ။ သူ့ဘာသာသူ သင်္ခါရဖြစ်နေတာကိုလည်း ကျွန်တော် သိရပြီ။ ဘာလုပ်ဖို့ လိုသေး သလဲ ခင်ဗျာ။”-ဟု ပြောလေသည်။

ဦးဘဂျမ်း၏စကားကို ကြားနာရသောလူများသည် ကျေနပ်ပုံ ရကြလေရာ၊ အကျေနပ်ဆုံး ၂ ယောက်မှာကား ကျွန်ုပ်နှင့် ကိုဆန်းထွန်းတို့ ဖြစ်ခဲ့ကြ၏။

ကိုဆန်းထွန်းကမူ အခြားလူများ ပြန်သွားကြသည့်နောက်၌ ကျွန်ုပ်အား “ဦးဘဂျမ်းက စကားပြောတတ်လို့ အဆင်ပြေအောင် စီစဉ်ပြီး ပြောခြင်းမဟုတ်ဘူးဆရာကြီး။ သွယ်သွယ်ဝိုက်ဝိုက် စကားပြော တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူ့အမြင် အတွေ့အတိုင်း ရိုးရိုးကြီးပြောခြင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က သူပြောတာကို သဘောကျပြီး ယုံကြည်တယ်ခင်ဗျ။”ဟု ပြောသွားလေသည်။

ထို့နောက် ကိုဆန်းထွန်းသည် ယူနီဗာဆယ်မုန့်တိုက်သို့ မန္တလေးမြို့ပေါ်မှ ဗုဒ္ဓဘာသာလူကြီး လူကောင်းများကို ဖိတ်ခေါ်ပြီး ဝန်ခံကန်တော့ပွဲ (ကွန်မြူနစ်ဝါဒ စွန့်လွှတ်ပွဲ) ပြုလုပ်ရာတွင် “ဦးဘဂျမ်းနှင့် ကျွန်ုပ်တို့က ၎င်းအား ချွတ်သည့်အထဲတွင် ပါဝင် ကြသည်။”- ဟု ဖွင့်ဟဝန်ခံခြင်းကို ကျွန်ုပ်က ကြားလိုက်ရသည်။ ဦးဘဂျမ်းမူကား ဦးဆန်းထွန်း “ပွဲထုတ်”သည့် အခမ်းအနားသို့ မတက် ခဲ့ချေ။

သဘောကျသူများ

ကျွန်ုပ်၏နေအိမ်၌ တရားဆွေးနွေးပွဲများ ရပ်စဲသွားသော အခါတွင်လည်း ဦးဘဂျမ်းနှင့် ကျွန်ုပ်မှာ အလွန်ရင်းနှီးသော ဓမ္မမိတ်ဆွေများ ဖြစ်လာကြသည်။ အားလပ်သောအချိန်များတွင် ကျွန်ုပ်သည် သူ၏နေအိမ်သို့ လည်းကောင်း၊ သူသည် ကျွန်ုပ်၏နေအိမ်သို့ လည်းကောင်း လာရောက်၍ အချိန်ကြာရှည်စွာ တရားဓမ္မ ဆွေးနွေးကြသည်။ တရားအားထုတ်ခြင်းအလုပ်နှင့် ပတ်သက်၍ နာမည်ကြီး သည့် နည်းပြဆရာဆိုလျှင် ကျွန်ုပ် မဆွေးနွေးဖူးသည့် ပုဂ္ဂိုလ်ဟူ၍ မြန်မာပြည်တွင် ခပ်ရှားရှားရှိလိမ့်မည် ထင်၏။ ကျွန်ုပ် ဆွေးနွေးခဲ့ဖူး သမျှသော ပုဂ္ဂိုလ်အပေါင်းတို့မှာ ဦးဘဂျမ်းကား အကျေနပ်ဆုံးပုဂ္ဂိုလ် ဖြစ်လာပြန်လေသည်။

ကျွန်ုပ်ထံသို့ လာရောက်၍ “တရားထူး နာကြားလိုသည်။” - ဟု ပြောကြသောပုဂ္ဂိုလ်များကို ကျွန်ုပ်သည် ဦးဘဂျမ်း၏နေအိမ်သို့ ခေါ်သွားလေ့ရှိ၏။ ထိုသူတို့အနက်တွင် မန္တလေး ဓားတန်းရပ်မှ သစ်ပွဲစား ဦးသန့်နှင့် သား မောင်သန်းတင်တို့ လည်းကောင်း၊ ရန်ကုန်မှ ဦးအုန်းခင် (မိုးကြိုး)တို့ လည်းကောင်း ပါဝင်ကြလေသည်။ ထိုသူ ၃ ယောက်တို့ကမူ “ဦးဘဂျမ်း ပြောသည်များကို လှိုက်လှဲစွာ သဘောကျ၍ နှစ်နှစ်ကာကာ ယုံကြည်ပါကြောင်းနှင့် အားပါးတရ ဝန်ခံပြောဆိုကြလေသည်။

ဦးအုန်းခင်ကမူ ကျွန်ုပ်အား “နည်းတောင်းပါဆရာကြီး”ဟု ပြောရာ၊ ကျွန်ုပ်က “နည်းကတော့ ခင်ဗျားကြားခဲ့တဲ့အတိုင်းပဲ။ အားထုတ်နည်း သပ်သပ်ရယ်လို့တော့ သူ့မှာ မရှိဘူး။ အရဟံ ဂုဏ်တော်ကနေပြီး ငှက်သံကြားလို့ သူ့ဘာသာ ပေါက်သွားတာပဲ” - ဟု ပြန်ဖြေလိုက်ရပါသည်။

အကြွင်းမဲ့ယုံကြည်ခြင်း

ဤနေရာ၌ ဦးဘဂျမ်း တရားပေါက်ပုံပေါက်နည်းနှင့် ပတ်သက်၍ ကျွန်တော့်အတွေးအခေါ်များကို တင်ပြလိုပါသေးသည်။ ဦးဘဂျမ်းသည် အရိယာပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းကိုမူကား ကျွန်ုပ်၌ လုံးဝ သံသယမရှိချေ။ “သက္ကရာဇ် ၁၃၂၄ ခုနှစ်တွင် မြန်မာပြည်၌ အရိယပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်ရစ်လိမ့်မည်။”-ဟူ၍ ဗုဒ္ဓက ဗျာဒိတ် ပေးခဲ့သည်ဆိုအံ့။ တစ်ဦးတစ်ယောက်သောသူက “ကျွန်ုပ်၏မိခင်သည် ဒေါ်ရွှေ မဟုတ်၊ ဖခင်လည်း ဦးအေရာ မဟုတ်။ မွေးစားသော သားမျှသာ ဖြစ်သည်။” - ဟု ယုတ္တိယုတ္တာဆင်ပြီး ပြောငြားအံ့။ ကျွန်ုပ်သည် ထိုသူ၏စကားကို ယောင်ယောင်မှားမှား ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဦးဘဂျမ်း၏ အရိယာအဖြစ်တို့ကိုမူကား လားလားမျှ ယုံမှားခြင်းရှိလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် သူ၏ တရားပေါက်ပုံကား ဆန်းကြယ်လှသည်ဖြစ်၍ ကျွန်ုပ်၏ ထင်မြင်ချက်ကို ရှင်းလင်းဖော်ပြရပေဦးမည် ။

ပုဂ္ဂိုလ်ထူး ဖြစ်ရမည်။

ဦးဘဂျမ်း၌ ကိုယ်တိုင်ပေါက်ရောက်ပြီးသော “နည်းပြဆရာ” ဟူ၍ မရှိခြင်းကား ထင်ရှားသည်။ သင်္ခါရကို လက်တွေ့သိလို၍ လျှောက်ထားသူအား ပုညာဘိသင်္ခါရ စသည်ဖြင့် ပြောဟောနေသော ပုဂ္ဂိုလ်သည် မဂ်တရား, ဖိုလ်တရားတို့၏ ကျင့်စဉ်အကြောင်းကို လက်ထပ်သင်ပြနိုင်သည့် “သပ္ပုရိသဆရာ”ဟူ၍ မခေါ်နိုင်ခြင်းလည်း ထင်ရှားသည်။ စင်စစ်မှာ ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်ဟန်တူ၏။ ဆင်းတုတော်ကို အာရုံပြုလျက်ရှိရာမှ ဗုဒ္ဓနှင့် ပဉ္စဝဂ္ဂီ ၅ ဦးတို့၏ သက်တော်ထင်ရှား သဏ္ဌာန်တော်များ ပေါ်လာခြင်းသည် အံ့သြလောက်သည့် အချက်တစ်ခုဖြစ်၏။ သဏ္ဌာန်ပေါ်လာရုံသာမက၊ ဗုဒ္ဓက “ဒွေး ဘိက္ခဝေ”စသည်ဖြင့် လက် ၂ ချောင်းကို ထောင်၍ ပြတော်မူနေပုံများလည်း ပါသေး၏။ ကျွန်ုပ်၏ အထင်ကား ဦးဘဂျမ်း မြင်ရသည့် သဏ္ဌာန်တော်များသည် စိတ်ကူးသက်သက်မဟုတ်။ တစ်နည်းနည်းဖြင့် အဆက်ရှိ၍ သဏ္ဌာန်တော် အစစ်အမှန်ကို ဖူးမြော်ရခြင်း ဖြစ်သည်။-ဟု ဆိုချင်ပါသည်။ ထို့ပြင် ပါဋ္ဌိစာတမ်းများ ပေါ်လာရခြင်းသည်လည်း သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ၏ ကူညီထောက်ပံ့ခြင်း ဖြစ်သည်။-ဟု ယူဆ၏။ ငှက်ကောင်ကလေးသည်ပင်လျှင် “တကယ့်ငှက်မှ ဟုတ်ပါလေ၏လော။”-ဟု ကျွန်ုပ် သံသယဖြစ်မိသည် ။

ဤသည်တို့မှာ ကျွန်ုပ်၏ အတွေးအခေါ်များ သက်သက်သာဖြစ်၍ ဦးဘဂျမ်း၏ တရားပေါက်ခြင်းကဲ့သို့ သေချာသည်ကား မဟုတ်ပါ။ ဦးဘဂျမ်း ကွယ်လွန်ခါနီးနှင့် ကွယ်လွန်ပြီးခါစ အချိန်များတွင် ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်များ ဝင်ထွက်သွားလာကြ သယောင်ယောင်၊ အရပ်ထဲ၌ရှိသောသူများက “အိမ်ပတ်ဝန်းကျင် အတွင်း ဝတ်ဖြူစင်ကြယ်နှင့် လူကြီးများ လှုပ်ရှားသွားလာလျက် ရှိခြင်းကိုလည်းကောင်း မြင်ကြရသည်။”-ဟု ပြောကြရာ၊ ဤအခြင်းအရာမျိုးကိုမူ ကျွန်ုပ်ကိုယ်တိုင်က မည်သို့မျှ မဆုံးဖြတ်ဘဲ ယုံလိုသူများ ယုံကြလျှင်လည်း အပြစ်ရှိသည် မထင်ပေ ။

ဆွေးနွေးကြခြင်း

ကျွန်ုပ်သည် ဦးဘဂျမ်းနှင့် ၁ဝ နှစ်ခန့်မျှ လက်ပွန်းတတီး ဆွေးနွေးခဲ့ရဖူးရာ၊ ဤအချိန်ကာလ အတောအတွင်း တစ်ယောက်၏ အမြင်များကို တစ်ယောက်အား အတွင်းကျကျ ပြောပြတတ်ကြလေသည်။ သို့ရာတွင် ကျွန်ုပ်သည် အပြောသမားတစ်ယောက်ထက် “အနှိုက်”ဘက်တွင် အားသန်သူတစ်ယောက် ဖြစ်သည့်အလျောက် ကျွန်ုပ်အကြောင်းကို သူက သိသည်ထက် သူ့အကြောင်းကို ကျွန်ုပ်က ပို၍ သိပုံရပါသည်။ တစ်ခါတစ်ရံတွင် ဦးဘဂျမ်းက ကျွန်ုပ်အား ကွန်မြူနစ်တစ်ယောက်ထင်၍ အံ့သြသည့်လက္ခဏာမျိုး ဖော်ပြသော်လည်း ကွန်မြူနစ်နှင့်ပတ်သက်၍ ဤမျှလောက် နားဝေးပုံရသူ တစ်ယောက်အား ကျွန်ုပ်က ရှင်းလင်းပြောပြဖို့ ဆန္ဒမရှိသည်နှင့် ဆိတ်ဆိတ်သာ ပြုံးနေလိုက်ပါသည်။

ဆွေးနွေးလျက် ရှိကြစဉ် တစ်ယောက်နှင့်တစ်ယောက် သဘောအယူအဆ တူကြသဖြင့် ကျေနပ်လျက်ရှိစဉ် ဦးဘဂျမ်းက ပြောဖူးသည်များကို ကျွန်ုပ်က ဘာမျှပြန်မပြောဘဲ ပြုံး၍ နေခဲ့ဖူးသည်။ အကြောင်းမူကား ဦးဘဂျမ်းသည် “မာ့က်စ်ဝါဒတည်း”ဟူသော နိုင်ငံရေးသဘောတရားနှင့်ပတ်သက်၍ အလျင်း ဗဟုသုတကင်းရှင်းသူ တစ်ယောက်ဖြစ်လေရာ၊ ဤသို့သောပုဂ္ဂိုလ်မျိုးနှင့် နိုင်ငံရေးအကြောင်း ဆွေးနွေးခြင်းဖြင့် အကျိုးလည်း မရှိ၊ အရသာလည်း မရှိ။-ဟု ကျွန်ုပ် သိပြီးဖြစ်ပါသောကြောင့်တည်း။ ဦးဘဂျမ်းသည် ကွယ်လွန်သည့် တိုင်အောင် ကျွန်ုပ်အား “ကွန်မြူနစ်တစ်ယောက်ဖြစ်သည်။”-ဟူသော အစွဲအမှတ် အထင်အမြင်မပျောက်ဘဲ သွားရှာပေရာ၊ ဤအထင် ပျောက်အောင် ရှင်းပြခြင်းအားဖြင့် အကြောင်းမထူးသည့်အဖြစ်ကို ကျွန်ုပ်သိသောကြောင့် “ထင်ချင်ရာ ထင်စေ”ဆိုသော အနေမျိုးဖြင့် ကျွန်ုပ်အောင့်ခံလိုက်ခြင်း ဖြစ်ပါသတည်း။

ရွှေဥဒေါင်း

#lovekindnesstranquility

No comments:

Post a Comment