Tuesday, January 13, 2026

နော်ဝေ-ကတော့ “ဒတ်ချ်”ရောဂါကိုရှောင်နိုင်ခဲ့တဲ့ ရေနံကြွယ်ဝနိုင်ငံ

 နော်ဝေ-ကတော့ “ဒတ်ချ်”ရောဂါကို အစတည်းက မဖြစ်အောင် ရှောင်နိုင်ခဲ့တဲ့ ရေနံကြွယ်ဝနိုင်ငံပဲ။

နော်ဝေသမိုင်းကို အကျဉ်းပြော။
ဗိုက်ကင်းခေတ်တွေကနေ အေဒီ (၈၇၂) ဝန်းကျင်မှာ ပထမဆုံးဘုရင် ဟာရဲလ် ဖဲဟဲ-က ဘုရင့်နိုင်ငံတော်ကို စုစည်းတယ်။
အေဒီ ၈၀၀-ကနေ ၁၀၆၆-အထိ ဗိုက်ကင်းခေတ်လို့ ခေါ်မယ်။ ဗိုက်ကင်းခေတ်အလွန် ၁၀၆၆-ကနေ ၁၃၈၀-အထိ နိုင်ငံရေးနဲ့ ဘာသာရေးအပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ခရစ်ယာန်သာသနာကြီးစိုးခဲ့တယ်။
၁၃၄၉-မှာ ပလိပ်ရောဂါကြောင့် လူဦးရေ တစ်ဝက်လောက်အထိ သေဆုံးခဲ့တယ်။ နိုင်ငံအင်အား အကြီးအကျယ် ချိနဲ့သွားတယ်။
၁၃၈၀-ကနေ ၁၉၀၅-အထိ ဒိန်းမတ်ရဲ့လက်အောက်မှာ ခိုလှုံပြီး နေခဲ့ရတယ်။
၁၈၁၄-မှာ နော်ဝေတွေက ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးတယ်။ ဒိန်းမတ်အောက်မှာပဲ နေပေမယ့် ဖွဲ့စည်းပုံ ပိုင်သွားတယ်။
၁၉၀၅-မှာတော့ ဒိန်းမတ်နဲ့ အေးဆေးစွာ လမ်းခွဲတယ်။ ဒိန်းမတ်မင်းသားဖြစ်တဲ့ ဟာကွန် (၇) ကို ဘုရင်တင်မြှောက်ပြီး မင်းနိုင်ငံ သီးခြားဖွဲ့တယ်။
ပထမကမ္ဘာစစ်မှာ ကြားနေတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်က သိမ်းတာ ခံရတယ်။ နော်ဝေဘုရင်နဲ့ အစိုးရအဖွဲ့ဟာ အဲဒီတုန်းက လွတ်မြောက်နယ်မြေဖြစ်တဲ့ လန်ဒန်ကို ပြေးတယ်။ ဒုတိယကမ္ဘာစစ်မှာ အတူတူတိုက်ရတယ်။​
စစ်ပြီးခေတ် ၁၉၆၀-မတိုင်ခင်မှာ ကမ်းရိုးတန်းနိုင်ငံရှည်တစ်ခု ဖြစ်တဲ့အတွက် ငါးဖမ်းတယ်, သစ်ထုတ်တယ်, ရေလမ်း ကုန်သွယ်တယ်။ ဆင်းရဲလို့ အမေရိကန်ကို ရွှေ့ကြတဲ့ နော်ဝေသားတွေလည်း ရှိကြတယ်။
၁၉၆၀-မှာ မြောက်ပင်လယ်တဝိုက် ရေနံရှာဖွေရေး လုပ်ကြတဲ့ ကုမ္ပဏီတွေ ရောက်လာကြတယ်။ နော်ဝေအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရှာဖွေရေး လုပ်ကြတယ်။
တခြားကုမ္ပဏီတွေ လက်လျှော့သွားတဲ့အချိန် ဖီးလစ် ပက်ထရိုလီယန်-ဆိုတဲ့ ကုမ္ပဏီက ရေနံတွေ့တယ်။
===
ရယ်ရတာာ ရှိတယ်။
နော်ဝေက စက်မှုဝန်ကြီးဌာနဆိုပြီး ခပ်တည်တည် ဖွဲ့ထားတာ။ ရေနံနဲ့ ပတ်သက်ရင် အကန်းပဲ။
အမေရိကန် ကုမ္ပဏီတွေက မြေလွှာစမ်းသပ်ချက် အစီရင်ခံစာတွေကို ပို့ပေးထားကြတယ်။ စာရွက်တွေက ရုံးခန်းတွေထဲကို ရောက်တယ်။ ဒါပေမယ့် ဖတ်တတ်တဲ့သူ မရှိဘူး။
အမေရိကန်ကုမ္ပဏီတွေက “နှပ်”ချင်ရင် “နှပ်”လို့ရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။
အနှပ်ခံရမယ့် အနေအထားမျိုးလည်း ဖြစ်နေတယ်။
ကံကောင်းတယ်လို့လည်း ပြောရမှာပေါ့။
အဲဒီအချိန် ၁၉၆၈-မှာ အီရတ်လူမျိုး ရေနံပညာရှင် တစ်ယောက် ရောက်လာတယ်။​ သူ့နာမည်က- ဖာရွတ် အယ်လ် ကာဆင်။
သူက အီရတ်နိုင်ငံ ဘာဆရာမြို့မှာ (၁၀) နှစ်လောက် ရေနံကုမ္ပဏီမှာ ပညာရှင် လုပ်လာတာ။
အီရတ်ဒေသခံတွေကလည်း အကန်းတွေမို့လို့ ရေနံလုပ်ငန်းမှာ အမေရိကန်တွေ နှပ်သမျှကို ခံနေကြရတာ။ ဒါကို ကာဆင်က သိလို့ အစိုးရကို ပြောပေမယ့် အစိုးရက ဂရုမစိုက်ဘူး။ ဒီတော့ သိသိကြီးနဲ့ အောင့်သက်သက် ခံနေခဲ့ရတယ်။
သူဟာ နော်ဝေအမျိုးသမီး ဆိုးလ်ဖရစ်နဲ့ အိမ်ထောင်ကျတယ်။ ကလေး (၃) ယောက် မွေးတယ်။ အငယ်ဆုံးကလေးမှာ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါ ဖြစ်တယ်။ အီရတ်မှာ ကုသ,မဖြစ်လို့ နော်ဝေကို ပြောင်းတယ်။ တောရွာလေးမှာ နေတယ်။ မြို့တက်ပြီး ကလေးကို ဆေးပြတယ်။
တခါသားကျတော့ ရထားစောင့်ရင်း ဝင်ငွေရ အလုပ်လုပ်ဖို့ စက်မှုဝန်ကြီးဌာနကို သွားတယ်။ အလုပ်လျှောက်တယ်။
“ကျွန်တော် ရေနံပညာရှင်ပါ”ဆိုတော့ ဟိုက စာမဖတ်တတ်လို့ စိတ်ညစ်နေတဲ့အချိန် ပညာရှင်ရောက်လာတော့ မြေလွှာစမ်းသပ်ချက်တွေ အဖတ်ခိုင်းတယ်။
“ရေနံတွေ ရှိနေတယ်ဗျ”လို့ ပြောလိုက်တဲ့အချိန် တန်းပြီး ခေါင်းဆောင် ဖြစ်သွားတာပေါ့။
အစတုန်းက သူ့ကို သိပ်မယုံံကြဘူး။ ရေနံနိုင်ငံချင်း “နှပ်”ဖို့ လွှတ်လိုက်တဲ့ သူလျှိုလား-သံသယဖြစ်ခဲ့ကြဖူးတယ်။
နောက်တော့ စေတနာအရင်းခံကြောင့်ပဲ နော်ဝေရဲ့ ရေနံဖခင်ကြီး ဖြစ်သွားခဲ့ပါတယ်။
“ခင်ဗျားတို့ နိုင်ငံပိုင် ရေနံကုမ္ပဏီထောာင်ရမယ်ဗျ”
Statoil ကုမ္ပဏီ (အခု Equinor) ပေါ်လာတယ်။
“ရေနံထုတ်ချင်တဲ့ ကုမ္ပဏီတွေကို စည်းကမ်းထိန်းသိမ်းရမယ်ဗျ”
Petroleum Directorate (NDP) ပေါ်လာတယ်။
သူသာ မရှိခဲ့ရင် “ရေနံ မတွေ့ဘူးဗျ”လို့ ပါးစပ်က ပြောပြီီး အချောင်ဈေးနဲဲ့ နှိုက်ယူမယ့် ကုမ္ပဏီတွေရဲ့ လက်ထဲမှာ ရေနံတွေက အလကားနီးပါး ပါသွားနိုင်တယ်။
ဒါပေမယ့် သူက မြေလွှာစမ်းသပ်ချက် စာရွတ်တွေကို ဖတ်တတ်နေလို့ရယ်, ရေနံကုမ္ပဏီတွေရဲ့ လုပ်စားကွက်တွေကို သိနေလို့ရယ်ကြောင့် နော်ဝေက အနှပ်ခံရမယ့် ဘေးအမျိုးမျိုးကနေ လွတ်ကင်းခဲ့တယ်။
အီရတ်နိုင်ငံက ပညာရှင်တွေကို တန်ဖိုးမထားလို့ ချောင်ထိုးပြီး ရေနံကုမ္ပဏီတွေ နှပ်သမျှကို ခံနေတဲ့အချိန်မှာ နော်ဝေကတော့ ဘုရားတဆူ ဂူတလုံးသဖွယ် တန်ဖိုးထားလို့ လူလုပ်ကပ်ဆိုးတချို့ကို ကျော်ခဲ့နိုင်တာ။
===
နော်ဝေဟာ သူဋ္ဌေးဖြစ်လာတော့ သူဋ္ဌေးရူး ဖြစ်သွားခဲ့သလား?
မဖြစ်ပါဘူး။
ရေနံက ရတဲ့ငွေကို ပြည်သူတွေက မတို့ထိရဘူး။
Gevornment Pension Fund Global ဆိုပြီး အစိုးရ ပင်စင်ရန်ပုံငွေ ကမ္ဘာ့ဆိုင်ရာ အဖွဲ့ဖွဲ့ပြီး အဲဒီအထဲ ထည့်ထားတယ်။
“ရေနံဆိုတာ တစ်နေ့ ကုန်သွားမှာပဲ”
ရေနံကုန်ရင် မွဲမသွားအောင် ကြိုတင်ပြီး ပြင်ဆင်ထားတာ။ အခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သန်းခွဲလောက် ရှိနေပြီဖြစ်တဲ့ အဲဒီရန်ပုံငွေတွေကို နိုင်ငံပေါင်း (၇၀) လောက်မှာရှိတဲ့ ကုမ္ပဏီတွေ အိမ်ခြံမြေတွေ ရှယ်ယာတွေ စသည်မှာ ရင်းနှီးမြှုပ်နှံထားတယ်။
ရည်ရွယ်ချက်တစ်ခုက မျက်ရည်လည်စရာ။
“ကံကောင်းလို့ ရေနံတွေ့တာ၊ ငါတို့ သားသမီးမြေးတွေလည်း ငါတို့လို ကံကောင်းဖို့ လိုတယ်”တဲ့။
သားသမီးမြေးမြစ်တွေအတွက်လည်း ချန်ထားခဲ့ချင်လို့ ရေနံငွေကို ရန်ပုံငွေဖြစ်အောင် လုပ်ထားခဲ့တာ ဖြစ်ပါသတဲ့။
“အစိုးရက သိမ်းပစ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ”
ဒါကျတော့ နော်ဝေသားတွေရဲ့ စိတ်ဓာတ်, စရိုက်နဲ့ ဆိုင်တော့တာပေ့ါ။
နော်ဝေသားတွေဟာ နိုင်ငံငွေကို ကိုယ့်တစ်မိသားစုတည်း စားဖို့ထက် တနိုင်ငံလုံးကို စားစေချင်ကြတာ။ တစ်နိုင်လုံးကိုသာ မက မမွေးသေးတဲ့ သားစဉ်မြေးဆက်အထိပါ စဉ်းစားပေးချင်ကြတာ။
အဲဒါက တစ်နိုင်ငံလုံးနီးပါးမှာ ထားရှိတဲ့ တူမျှစေတနာပေါ့။
===
Progress Party တို့လို နိုင်ငံရေးပါတီတွေကတော့ ရည်မှန်းချက် ကြီးတယ်။ ရေနံကို ပိုထုတ်ပြီး အခမဲ့ဝန်ဆောင်မှုတွေ, သက်သာချောင်ချိရေးတွေကို လုပ်စေချင်ကြတယ်။
သို့သော်- သူတို့လည်း လွှတ်တော်ကို ရောက်လာတဲ့အခါ သဘောတူရတာက “အစိုးရဘတ်ဂျက်ကို ရန်ပုံငွေ အတိုးအပွါး (အရင်းမထိရ) ၃-ရာခိုင်နှုန်းပဲ သုံးရမယ်”ဆိုတဲ့ အချက်ပါ။
သုံးရာခိုင်နှုန်းဆိုတာကိုက မနည်းဘူးလေ။
၄၅-ဘီလျံလောက် ရှိနေသေးတာကိုး။
ဒီအတိုးနဲ့ ဘာတွေလုပ်သလဲ?
- အခမဲ့ပညာရေးတွေ လုပ်ပါတယ်။ (အခမဲ့နီးပါး ပညာရေးတွေရော)
- ၁၆-နှစ်အောက် အခမဲ့ကျန်းမာရေးစနစ် ရှိပါတယ်။ လူကြီးတွေအတွက် အခပေးကျန်းမာရေးစနစ် ရှိတယ်။ ဒါပေမယ့် တစ်နှစ်စာ ဒေါ်လာသုံးရာ ကျော်သွားရင် အစိုးရက ရှင်းပါတယ်။
- ကိုယ်ဝန်ဆောင် စောင့်ရှေက်မှုနဲ့ မီးဖွားစရိတ် အခမဲ့။
- NAV လို့ခေါ်တဲ့ အလုပ်လက်မဲ့နဲ့ လူမှုဖူလုံရေးစနစ် (အလုပ်ပြုတ်လို့ ၂-နှစ်ကြာသည်အထိ အရင်အလုပ်ရဲ့ ၆၀-ရာခိုင်နှုန်းကို အစိုးရက ပေးထား)
- တစ်နှစ်ကို ၂၅-ရက် လစာနဲ့ ခွင့်ရ။ တစ်ပတ်ကို ၃၇.၅ နာရီ အလုပ်လုပ်။
အခြားလိုအပ်တဲ့ အခြေခံအဆောက်အဦတွေ, အစိုးရအသုံးစရိတ်တွေကိုလည်း သုံးတယ်။
သို့သော်- ရေနံမဟုတ်တဲ့ အခြားစီးပွါးရေးလုပ်ငန်းတွေကိုလည်း မောင်းနှင်ပါသေးတယ်။
ငါးဖမ်းလုပ်ငန်း, သင်္ဘောတည်ဆောက်မှုလုပ်ငန်း, ခရီးသွားလုပ်ငန်း, နည်းပညာလုပ်ငန်း စသည်။
စကင်ဒီနေးဗီးယားနိုင်ငံတွေထဲမှာ ဈေးဝယ်ရင် အခွန်အကြီးဆုံးနိုင်ငံလို့လည်း ဆိုကြသေးတယ်။
အခွန်ကိုလည်း ကျေကျေနပ်နပ် ဆောင်ကြပါတယ်။
ဘာလို့လဲ-ဆိုတော့ အစိုးရကို တလွဲမသုံးစွဲမှာမှန်း ယုံကြည်မှု ရှိလို့ပါ-တဲ့။
===
ဒတ်ချ်ရောဂါဟာ ရေနံထွက်တဲ့ နော်ဝေကို မထိခဲ့ဘူး။
ဘာလို့လဲ?
အဓိကကျလောက်တဲ့အချက်ကို ပြော။
နော်ဝေက သူဋ္ဌေးကြွားမလုပ်ဘဲ
“အနာဂတ် သားမြေး”တို့အတွက် ချန်ထားခဲ့ချင်လို့ပါတဲ့။
သူ့စေတနာက မွန်မြတ်တာမို့လို့
ကပ်က ကျော်သွားခဲဲ့တာပါတဲ့။

No comments:

Post a Comment