ဆယ်ကျော်သက် သမီးလေးကို သင်ပေးဖြစ်သော......
သမီးလေးက ငယ်ငယ်တုန်းက အိမ်မှာ စကားများပေမဲ့ ကျောင်းမှာ စကားနည်းပါတယ်။
အခုကြီးလာတော့ အိမ်မှာရော ကျောင်းမှာပါ စကားတွေပို ပြောလာပါတယ်။ အထူးသဖြင့် ကျောင်းမှာဆို စကားများတဲ့ကလေးတွေထဲမှာ ပါပါတယ်။
တော်တော် ခင်တဲ့ သူငယ်ချင်းတွေနဲ့ဆို ပြောစရာတွေက မကုန်နိုင်အောင်ပါပဲ။
သက်တူ ရွယ်တူ အမြင်တွေတူတော့ အချင်းချင်း စကားပြောရတာ သူတို့အတွက် ပျော်စရာ၊ အပန်းဖြေစရာ တစ်ခုလိုပါပဲ။
မေမေကိုယ်တိုင်ကလည်း စကားများတဲ့သူဆိုတော့ အခုလို သူငယ်ချင်းတွေနဲ့ စကားတပြောပြော သွက်သွက်လက်လက်လေး ဖြစ်လာတာ သဘောကျပါတယ်။ အားလည်း ပေးပါတယ်။
ဒါပေမဲ့ မကြာခင် လူကြီးဖြစ်လာတော့မှာ ဆိုတော့ အများနဲ့ ဆက်ဆံတဲ့အခါ စကားမှားနိုင်တဲ့ အခြေအနေလေးတွေ၊ တိတ်တိတ်နေသင့်တဲ့ အခြေအနေလေးတွေကိုလည်း အခုထဲက တဖြည်းဖြည်း သင်ပေးဖြစ်ပါတယ်။
ဘယ်အချိန်မှာ တိတ်တိတ်နေသင့်တယ် ဆိုတာ သိဖို့၊ ကိုယ့်ပါးစပ်ကိုယ် ထိန်းနိုင်ဖို့၊ pause button လေးကို အချိန်မီ နှိပ်နိုင်ဖို့ ဆိုတာ အလေ့အကျင့်တွေ လိုပါတယ်။
■ အကြောင်းအရာ တစ်ခုကို သေသေချာချာ မသိဘဲ ထင်မြင်ချက်တွေ ဝင်မပေးမိဖို့
■ကိုယ်မကျွမ်းကျင်တဲ့ field တွေကို ဝင်မဆွေးနွေးမိဖို့
■အကျိုးမရှိ အသုံးမဝင် ဘယ်သူမှ တန်ဖိုးမထားတဲ့ အကြံဥာဏ်မျိုးတွေနဲ့ ဆရာဝင် မလုပ်မိဖို့
■ကောင်းတဲ့ ခံစားချက်ပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ ခံစားချက်ပဲဖြစ်ဖြစ် စိတ်ခံစားမှုတွေ ပြင်းထန်နေတဲ့ အချိန်မျိုး ( ဝမ်းနည်းနေတဲ့အခါ၊ စိတ်တိုနေတဲ့ အခါ၊ စိတ်လှုပ်ရှားနေတဲ့ အခါ၊ အပျော်လွန်နေတဲ့ အခါ) မှာ စကားတွေ အများကြီး မပြောမိဖို့
■ တခြားတစ်ယောက်ယောက် စိတ်တို ပေါက်ကွဲနေတဲ့ အချိန်မှာ တစ်ခုခု ဝင်မပြောမိဖို့
■သူငယ်ချင်းက ဝမ်းနည်းနေတဲ့အခါ၊ ရှက်ရွံ့နေတဲ့အခါ၊ ကိုယ်ရေးကိုယ်တာ ပြသနာ တစ်ခုခု ရှိနေတဲ့အခါ စာနာစိတ်လေးနဲ့ အလိုက်တသိ တိတ်တိတ်လေး နေပေးဖို့
■အမုန်းစကားတွေ၊ အတင်းအဖျင်းတွေကြားမှာ ဝင်မရှုပ်မိဖို့
■သူတပါး ထိခိုက်နာကျင်စေမယ့် စကားမျိုးကို စိတ်လိုက်မာန်ပါ မပြောမိဖို့
■တစ်ယောက်ယောက်က ရင်ဖွင့်နေတဲ့ အချိန်မှာ ကြားဖြတ်မပြောဖို့
■သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို စောင့်ထိန်းပေးဖို့
■အပြုသဘော မဆောင်တဲ့ အဆိုးမြင်သက်သက် ဝေဖန်တိုက်ခိုက်မှုတွေကို ခွန်းတုံ့မပြန်ဖို့.....
စသဖြင့် သမီးကို သတိပေးဖြစ်ပါတယ်။
တချို့ အခြေအနေတွေမှာဆို တိတ်တိတ်နေခြင်းက အကောင်းဆုံး ပြသနာ ဖြေရှင်းနည်းတောင် ဖြစ်နေတတ်ပါတယ်။
စကားပြောတယ်ဆိုတာ ကခုန်သလိုပဲ ဆိုတဲ့ ဥပမာလေး ကြားဖူးပါတယ်။ ဘယ်အချိန် ရှေ့တိုးရမယ်၊ ဘယ်အချိန် နောက်ဆုတ်ရမယ်၊ ဘယ်အချိန် ရပ်နေရမယ် ဆိုတဲ့ စည်းချက်တွေကို ကျွမ်းကျင် ပိုင်နိုင်နေတာလည်း ကြိုးစား လေ့ကျင့်သင့်တဲ့ စကားပြော စွမ်းရည် တစ်ခုပါပဲ။
Dr.May Mon
14th Nov 2024
No comments:
Post a Comment