Tuesday, January 13, 2026

ဒတ်ချ်ရောဂါ

 သယံဇာတကျိန်စာတွေအကြောင်း ပြောကြတဲ့အခါ "ဒတ်ချ်ရောဂါ"ဆိုတာကိုလည်း ထည့်ပြောကြတယ်။

ဒတ်ချ်-လို့ ခေါ်တဲ့ နယ်သာလန်ရောဂါက ဘာလဲ?
၁၉၅၉-ခုနှစ် နယ်သာလန်မှာ သဘာဝဓာတ်ငွေ့သိုက်ကြီး ရှာတွေ့တယ်။ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ လိုအပ်ချက်ကြောင့် အလုအယက် ဝယ်ယူကြပြီး နယ်သာလန်ထဲကို ဒေါ်လာတွေ လှိမ့်ဝင်လာတယ်။​
ဒါ့ကြောင့် နယ်သာလန်ထဲမှာ ရှိပြီးသား ကုန်ထုတ်လုပ်ငန်းတွေ, စိုက်ပျိုးရေးလုပ်ငန်းတွေ ပြိုလဲသွားတယ်။
ဘယ်လိုပြိုလဲတာလဲ-ဆိုတာကို ပြောရဦးမယ်။
ဒေါ်လာတွေ လှိမ့်ဝင်လာတော့ အစိုးရက ပြည်တွင်းသုံးဖို့ ဂစ်လ်ဒါ (ယူရိုငွေ မတိုင်ခင်က) ငွေကြေးနဲ့ ပြန်လဲရတယ်။ အစိုးရက ဂစ်လ်ဒါတွေကို သိမ်းကျုံးဝယ်တော့ ဒေါ်လာက ပုံမှန်ပဲပေမယ့် ဂစ်လ်ဒါငွေကြေးက မာလာတယ်။ ဂစ်လ်ဒါက ဈေးတက်သွားတယ်။
ဂစ်လ်ဒါတွေ ဈေးတက်တာက မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ သို့သော်- Export သမားတွေက လှိမ့်ပိမ့်ခံရတယ်။ အရင်က အမေရိကန်ကို ပန်းတစ်ပွင့် တစ်ဒေါ်လာနဲ့ ရောင်းခဲ့တယ်ဆိုပါစို့။
ဂစ်လ်ဒါ မာသွားတဲ့နောက် ၁-ဂစ်လ်ဒါကို ၂-ဒေါ်လာ ပေါက်ဈေးဖြစ်သွားခဲ့တဲ့အခါ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်ကိုလည်း ဂစ်လ်ဒါနဲ့ တွက်ရတယ်။ ပြန်ရောင်းတော့လည်း ဂစ်လ်ဒါပေါက်ဈေးနဲ့ ရောင်းရတယ်။
ဒီတော့ ပန်းတစ်ပွင့်ဟာ ၂-ဒေါ်လာ ဖြစ်သွားတယ်။
ခါတိုင်း ဖောက်သည်တွေက "ဈေးကြီးတယ်"ဆိုပြီး မဝယ်တော့ဘူး။ စိုက်ပျိုးရေးလုပ်ငန်းတွေ "သေ"ကုန်တယ်။
ကုန်ထုတ်လုပ်ရေးသမားတွေရော အတူတူပဲ။
နယ်သာလန်က ဒတ်ချ်ရောဂါကို ဘယ်လိုပြန်ကုခဲ့သလဲဆိုတာကို နောက်မှ ပြောပြီး ဗင်နီဇွဲလားဘက်ကို ခဏပြန်သွား။
===
ဗင်နီဇွဲလားသမိုင်းကို
- ဒေသခံတိုင်းရင်းသားများ ခေတ် (အေဒီ - ၁၄၉၈-မတိုင်ခင်)
- စပိန်ကိုလိုနီခေတ် (၁၄၉၈-ကနေ ၁၈၁၀-အထိ)
- လွတ်လပ်ရေးကြိုးပမ်းမှုကာလ (၁၈၁၀-ကနေ ၁၉၁၄) အထိ
- ရေနံခေတ်ဦးကနေ စစ်အာဏာရှင်များကာလ (၁၉၁၄-ကနေ ၁၉၅၈ အထိ)၊
- ဒီမိုကရေစီ ရွှေခေတ် (၁၉၅၈-ကနေ ၁၉၉၈ အထိ)
- ဟျူဂို ချားဗက်ဇ်ရဲ့ ဆိုရှယ်လစ်တော်လှန်ရေးခေတ် (၁၉၉၉-၂၀၁၃)
- မာဒူရိုနဲ့ တိုင်းပြည်ပြိုလဲခေတ် (၂၀၁၃-ကနေ့အထိ)
ဒီလောက်ပဲ ပိုင်းပေးထားခဲ့မယ်။
အကျယ် မပြောတော့ဘူး။
သယံဇာတကျိန်စာကို တန်းသွားလိုက်တော့မယ်။ ၁၉၁၄-၁၉၅၈-မှာ ရေနံတွေကြောင့် ဒေါ်လာတွေ လှိမ့်ဝင်လာခဲ့ပေမယ့် စစ်အာဏာရှင်တွေက လက်ဝါးကြီးအုပ်ထားလို့ တိုင်းပြည်မှာ မသိသာခဲ့ဘူး။
၁၉၅၈-စစ်အာဏာရှင်တွေ ပြုတ်ကျပြီး ပါတီတွေ တက်လာတော့ ရေနံငွေတွေက တိုင်းပြည်ဘဏ္ဍာတိုက်ထဲကို လှိမ့်ဝင်လာတယ်။ ဒီအချိန်မှာ အခုနက ဒတ်ချ်ရောဂါ စ,ပြီး ဖြစ်လာတယ်။
ဗင်နီဇွဲလားငွေကြေးက မာ,လာပြီး စိုက်ပျိုးထုတ်လုပ်စရိတ်တွေ တက်လာတယ်။ ထုတ်ကုန်ကို ဒေါ်လာပြောင်းပြီး နိုင်ငံခြားကို ပို့တဲ့အခါကျတော့ ဝယ်နိုင်တဲ့နိုင်ငံ မရှိတော့ဘူး။ စိုက်ပျိုးထုတလုပ်တွေ သေသွားတယ်။
"ဘာဖြစ်လဲ၊ ငါတို့မှာ ဒေါ်လာတွေ ရှိိနေတာပဲ၊ ဆန်ဆီဆား အပြင်က ဝယ်စားမယ်"
အကုန်ဝယ်စားတယ်။ မစိုက်တော့ဘူး။ မထုတ်လုပ်တော့ဘူး။
တစ်နိုင်ငံလုံး "ရေနံ"ဆိုတဲ့ ခြေထောက်တစ်ချောင်းပေါ်မှာပဲ လုံးလုံးကြီး ရပ်လိုက်ကြတော့တယ်။
ဒီနေရာမှာ ပြဿနာတက်လာတာက ၁၉၈၀-ခုနှစ်များ ကာလပဲ။
ကမ္ဘာ့စွမ်းအင်လိုအပ်ချက်က ရေနံဖြစ်ခဲ့တယ်။ အိုပက်အဖွဲ့ကြီးက ၁၉၇၀-မှာ ရေနံဈေးကို စိတ်ကြိုက်ကစားတယ်။ ရေနံကြောင့် ကျိကျိတက် ချမ်းသာတယ်။
ဒီတော့ တခြားနိုင်ငံတွေကလည်း ရေနံတွေကို လှိမ့်ရှာကြတော့ ရေနံထွက်တဲ့နေရာတွေ ဟိုနေရာ သည်နေရာ ရှိလာတယ်။ အမေရိက-အလာစကာလိုမျိုး, မြောက်ပင်လယ်-ဗြိတိန်, နော်ဝေလိုမျိုး၊ မက္ကဆီကိုလိုမျိုး။
ဈေးကွက်ထဲကို အသစ်တွေ့တဲ့ ရေနံသိုက်တွေကလည်း လှိမ့်ဝင်လာတယ်။
ပြီးတော့ ရေနံဈေး ကစားလွန်းတဲ့အခါ စက်မှုနိုင်ငံကြီးတွေက မခံနိုင်တော့ဘဲ စွမ်းအင်အစားထိုးနည်းလမ်းတွေကို ရှာကြံလာကြတယ်။ သဘာဝဓာတ်ငွေ့တို့, နူးကလီးယား-တို့။
ရေနံစွမ်းအင်ကို တတ်နိုင်သမျှ အသုံးလျှော့လာကြတော့ ဈေးကလည်း အေးချင်လာတယ်။
၁၉၈၀-ဝန်းကျင်မှာ အိုပက်တွေက အစည်းအဝေးထိုင်ပြီး "လျှော့ထုတ်ဖို့" တိုင်ပင်ကြတယ်။ ပစ္စည်းနည်းရင် ဈေးမာမယ်။
ဒီနေရာမှာ ဆော်ဒီတစ်နိုင်ငံတည်းကပဲ ကတိတည်တယ်၊ ကျန်တဲ့နိုင်ငံတွေက ခိုးပြီး ပိုထုတ်နေကြတယ်။ ဗင်နီဇွဲလားလည်း အတူတူပဲ။
ကြာတော့ ဆော်ဒီကလည်း သည်းမခံနိုင်တော့ဘူး၊ ဆော်ဒီက "မင်းတို့ကောင်တွေကလားကွာ"ဆိုပြီး ရေနံပိုက်တွေကို ဖွင့်ချပစ်လိုက်တယ်။
ဗင်နီဇွဲလားက သေသွားတယ်။
၁၉၈၃-ကတည်းက ဗင်နီဇွဲလားဟာ အဖြုန်းလွန်ပြီး ဝမ်းလျှောလွန် မျော့နေခဲ့ပြီးသား။
ရေနံငွေက ဘယ်တော့မှ မကုန်နိုင်တော့ဘူးလို့ ယူဆပြီး ခြေထောက်တစ်ချောင်းထဲမှာပဲ မှီရပ်နေခဲ့ကြတာ။ ပိုက်ဆံမရှိရင်တောင် ချေးသုံးနေခဲ့ကြတာ။
ဒီအချိန်မှာ အဓိကပါတီကြီးတွေဖြစ်ကြတဲ့ AD နဲ့ COPEI တို့က တိုင်းပြည်တရားခံ ဖြစ်လာတယ်။ ဟျူးဂိုးချာဗက်က သူတို့ကို တိုက်ခိုက်ပြီး ၁၉၉၉-မှာ အာဏာရလာတယ်။ ရေနံကုမ္ပဏီကြီးကို နိုင်ငံပိုင် သိမ်းတယ်။ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၈,၀၀၀ ကို တီဗီကနေ ထုတ်ပယ်ပြီး နိုင်ငံရေးသမားတွေ, ထောက်ခံသူတွေကို ရေနံရာထူး ခန့်လိုက်တယ်။
ချက်ချင်း မသိသာပေမယ့် ၁၀-နှစ်လောက် အကြာမှာတော့ ဗင်နီဇွဲလားဟာ တွင်းနက်ကြီးထဲကို တဖြည်းဖြည်း ထိုးဆင်းနေခဲ့ပါပြီ။
ရေနံကြောင့် သေသွားခဲ့တာက စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းငွေ။ ထပ်သေသွားတာက ရေနံလုပ်ငန်း။
ဟူးဂိုး ချာဗက်ဇ် ကျူးလွန်ခဲ့တဲ့ အမှားတွေကိုရော, မာဒူရို ထပ်ဆင့်ကျူးလွန်တဲ့ အမှားတွေကို ခါးစည်းခံရင်း ဗင်နီဇွဲလားဟာ အခုလိုအခြေအနေမျိုးကို ရောက်သွားခဲ့တယ်။
သယံဇာတ ကြွယ်ဝလို့ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးတွေ သေသွားခဲ့တဲ့ ကျိန်စာကို "ဒတ်ချ်ရောဂါ"လို့ ခေါ်ပါသတဲ့။
===
ဒတ်ချ်ရောဂါရဲ့ မူလနာမည်ပိုင်ရှင် နယ်သာလန်နိုင်ငံဟာ သူ့ရောဂါကိုတော့ သူပြန်ပြီး ကုနိုင်ခဲ့တယ်။
- အစိုးရ, အလုပ်ရှင်, အလုပ်သမား ညှိတယ်။ အလုပ်သမားက လုပ်ခ, တိုးမတောင်နဲ့။ အလုပ်ရှင်က ပိုလာတဲ့ ပိုက်ဆံနဲ့ အလုပ်သမား ခန့်ပေး။ ဒါကို "ဝါဆန်းနားသဘောတူညီချက် (၁၉၈၂)"လို့ ခေါ်တယ်။
- အစိုးရက အလကားကျွေးပေးတဲ့ ထောက်ပံ့ကြေးတွေ ဖြတ်ပစ်လိုက်တယ်။ အလုပ်ပဲ ရှာပေးတယ်။ အလကားမစားစေနဲ့၊ အလုပ်လုပ်မှပဲ စားပေ့စေ။
ဆယ်နှစ်လောက် အချိန်ယူခဲ့ရပေမယ့် အသီးအပွင့်အနေနဲ့ ၁၉၉၀-ဝန်းကျင်မှာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးတွေ ပြန်ပြီး နာလန်ထူလာတယ်။
ပြီးတော့ ထူးဆန်းတယ်၊ သိလား?
နယ်သာလန်ဟာ ဓာတ်ငွေ့ကနေ ရမယ့် ပိုက်ဆံကို မလိုချင်တော့ဘူး​။
နယ်သာလန်ရဲ့ Groningen ဒေသမှာ ဓာတ်ငွေ့ ကုဗမီတာ (၄၅၀) ဘီလျံလောက် ကျန်သေးတယ်။ ငွေကြေးနဲ့တွက်ရင် ဒေါ်လာ သန်းပေါင်း တစ်သန်းလောက် တန်မယ့် ပမာဏပေါ့။
သို့သော် နယ်သာလန်ဟာ ၁၉၅၉-ကနေ ဓာတ်ငွေ့ထုတ်ယူမှုကြောင့် ငလျင်သေးလေးတွေရဲ့ ဒဏ်ကို ခံလာရတယ်။ လူတွေက ဆန္ဒပြကြတယ်။
နောက်တော့ "ပိုက်ဆံ ဘာလုပ်ဖို့လဲ၊ လူ့အသက်လောက် တန်ဖိုးမရှိဘူး"ဆိုပြီး ၂၀၂၃-မှာ ဓာတ်ငွေ့ထုတ်ယူမှုကို အပြီးတိုင် ပိတ်သိမ်းလိုက်တယ်။
ဒတ်ချ်ရောဂါဟာ ဒတ်ချ်မှာ ချုပ်ငြိမ်းသွားတဲ့ သဘော။
===
သင်ခန်းစာတွေဟာ
"စာ"တွေမှာလည်း ရှိတယ်ဆိုပေမယ့်
သင်ရတဲ့ စာတွေက ခေတ်နောက်ကျနေရင်လည်း
ခေတ်နောက်ကျတဲ့ စာတွေထဲကနေ
အမှားသစ်တွေကို သင်ခန်းစာယူနိုင်ဖို့ မလွယ်ဘူးပေါ့။
သင်ရိုးဟာလည်း ခေတ်မီဖို့ပါ။

No comments:

Post a Comment