Wednesday, December 10, 2025

Velvet Revolution (ကတ္တီပါတော်လှန်ရေး)

 ၁၉၈၈ လူထုအုံကြွမှုကြီးဖြစ်တော့ ဦးနေဝင်းကသူ့ကိုအရှက်ခွဲရကောင်းမလားဆိုပြီး စင်ပေါ်သမိုင်းဝင်မိန့်ခွန်းကြီးတခုကိုဝူးဝူးဝါးဝါးပြောပြီးတိုင်းပြည်ကိုချောက်ထဲတကယ်တွန်းချခဲ့ပြီး နောက်နှစ်(၁၉၈၉) မှာပဲ ချက်နိုင်ငံ Czech Republic (အဲဒီတုန်းကတော့ Czechoslovakia ပေါ့) ကွန်မြူနစ်အစိုးရကိုဆင်းပေးဖို့ လူထုအုံကြွမှုကြီးဖြစ်ခဲ့တယ်။ ကွန်မြူနစ်အစိုးရဟာ သူတို့ကိုအစားထိုးမယ်ဆိုတဲ့အစိုးရအဖွဲ့အသစ်နဲ့ Laterna Magika ဆိုတဲ့ပြဇာတ်ရုံကြီးထဲမှာတခါးပိတ်ဆွေးနွေးခဲ့ကြတယ်။

ဆွေးနွေးနေတဲ့အချိန်မှာ ပြဇာတ်ရုံအရှေ့မှာတမြို့လုံးကစောင့်နေကြည့်နေကြတယ်။ ရဲ နဲ့ လုံခြုံရေးတပ်တွေအပြည့်။စစ်သားတွေလည်းပတ်ဝန်းကျင်မှာအသင့်အနေအထားမှာရှိနေခဲ့တယ်။ ဘာဖြစ်မယ်ဆိုတာဘာမှသိရဘူး။ အဲဒီတုန်းက အဲဒီနေရာမှာရှိနေခဲ့တဲ့ မြန်မာပြည်ကအမတယောက်ပြန်ပြောပြတာက ‘၈၈ ကပြီးခဲ့တဲ့နှစ်ကမှမြန်မာပြည်မှာဖြစ်ထားတော့ ဒီမှာလည်းဖြစ်တော့မယ်ဆိုပြီးသူကပြေးဖို့အသင့်ပြင်နေခဲ့တယ်တဲ့။ သူ့ရဲ့ချက်မိတ်ဆွေတွေကိုလည်း သတိတွေလိုက်ပေးတယ်ပေါ့။
ဒါပေမယ့် သုံးနာရီလောက်ဆွေးနွေးပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတာတွေဖြစ်လာခဲ့တယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ အစိုးရအသစ်အဖွဲ့ဝင်တွေကိုလက်ဆွဲနှုတ်ဆက်ပြီး အပြီးတိုင်ရာထူးကဆင်းသွားခဲ့ကြတယ်။ ပြည်သူကသူတို့ကိုမလိုလားတဲ့အတွက် ဂုဏ်သိက္ခာရှိရှိပဲ အာဏာကိုချောချောမွေ့မွေ့ ပြည်သူ့လက်ထဲပြန်အပ်ခဲ့တယ်။ ဒါကြောင့်မို့လို့လဲ Velvet Revolution (ကတ္တီပါတော်လှန်ရေး) လို့ အမည်တွင်ခဲ့ပါတယ်။ ဒါဟာပုံပြင်မဟုတ်ဘူး။ သမိုင်းဖြစ်တယ်။
၁၉၈၉ ကသိပ်ဝေးပါတယ်။ Czech ကလည်းသိပ်ကိုဝေးပါတယ်။ ဒီနှစ်ပိုင်းတွေ အရှေ့တောင်အာရှကိုပဲကြည့်ရင် ဘင်္ဂဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါတို့မှာဖြစ်တော့ စစ်တပ်ဟာပြည်သူ့ဖက်ကရပ်တည်ခဲ့တဲ့အတွက် တိုင်းပြည်မနာဘူး။ သမိုင်းမရိုင်းဘူး။ မြန်မာပြည်သူလူထုသတ္တိသိပ်ကောင်းပါတယ်။ အရေးကြီးရင်လည်းစည်းလုံးကြပါတယ်။ ချစ်ဖို့လည်းသိပ်ကောင်းကြပါတယ်။ ဒါပေမယ့်ကျနော်တို့မှာ ပြည်သူဖက်ကရပ်တည်တဲ့စစ်တပ်မရှိဘူး။
United we stand! ✊
Photo - Myanmar Now

No comments:

Post a Comment