Relationship (အချစ်ရေး/အိမ်ထောင်ရေး) တစ်ခုကို ပျက်စီးစေတဲ့ အဓိကပြဿနာတွေကို ပြောမယ်ဆိုရင် ကမ္ဘာကျော် စိတ်ပညာရှင် Dr. John Gottman ရဲ့ သုတေသနရလဒ်တွေကို ကျော်သွားလို့ မရပါဘူး။
သူဟာ စုံတွဲပေါင်းထောင်ချီကို နှစ်ပေါင်း ၄၀ ကြာ လေ့လာခဲ့ပြီး ဘယ်စုံတွဲတွေ လမ်းခွဲကြမလဲဆိုတာကို ၉၄% တိကျမှု နဲ့ ဟောကိန်းထုတ်နိုင်ခဲ့သူပါ။ သူ့ရဲ့ Evidence-based (သုတေသနအခြေပြု) တွေ့ရှိချက်အရ Relationship တစ်ခုကို အဆုံးသတ်သွားစေတဲ့ အဆိုးဝါးဆုံး ပြဿနာ (၃) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ Contempt (အထင်သေး မလေးစားခြင်း)
ဒါဟာ Relationship တစ်ခုအတွက် နံပါတ် (၁) လူသတ်လက်နက် ပါ။ စိတ်ပညာမှာတော့ ဒါကို "The Sulfuric Acid of Love" (အချစ်ကို လောင်ကျွမ်းပျက်စီးစေတဲ့ အက်ဆစ်) လို့ တင်စားကြပါတယ်။
လက္ခဏာများ-ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်ကို နှာခေါင်းရှုံ့တာ၊ မျက်လုံးလှန်တာ (Eye-rolling)၊ လှောင်ပြောင်တာ၊ "နင်က ဘာမို့လို့လဲ" ဆိုတဲ့ ပုံစံမျိုးနဲ့ အထက်စီးက ဆက်ဆံတာတွေ ပါဝင်ပါတယ်။
စိတ်ပညာအမြင်-ဒေါသထွက်တာနဲ့ မတူပါဘူး။ Contempt ဆိုတာက "ငါက နင့်ထက်သာတယ်/တော်တယ်၊ နင်က အသုံးမကျဘူး" ဆိုတဲ့ Moral Superiority (ကိုယ်ကျင့်တရားအရ သာစီးယူလိုစိတ်) ပါ။ တစ်ဖက်သားကို တန်ဖိုးမရှိသလို ခံစားရအောင် လုပ်ဆောင်ခြင်းဖြစ်လို့ အချစ်ကို အမြန်ဆုံး သေဆုံးစေပါတယ်။
၂။ Criticism (ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း)
Complaint (တိုင်ောပြခြင်း) နဲ့ Criticism (ဝေဖန်တိုက်ခိုက်ခြင်း) က မတူပါဘူး။
Complaini-"မင်း ပန်းကန်မဆေးထားတော့ ကိုယ်စိတ်ညစ်ရတယ်" (အပြုအမူကို ပြောခြင်း)။
Criticism- "မင်းက လူပျင်းပဲ၊ ဘယ်တော့မှ အားကိုးလို့မရဘူး" (လူကို တိုက်ခိုက်ခြင်း)။
စိတ်ပညာအမြင်-ပြဿနာဖြစ်တိုင်း "မင်းက ဘယ်လိုလူ၊ မင်းက ဘယ်လိုဆိုးတာ" ဆိုပြီး Character (စရိုက်) ကို တိုက်ခိုက်လာရင်၊ တစ်ဖက်လူက ပြင်ချင်စိတ်မရှိတော့ဘဲ ကာကွယ်လိုစိတ် (Defensiveness) သာ ဖြစ်လာပါလိမ့်မယ်။ ဒါက ရန်ပွဲတွေကို အဆုံးမသတ်နိုင်ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။
၃။ Stonewalling (ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေခြင်း)
ပြဿနာတက်တဲ့အခါ ဖြေရှင်းဖို့ မကြိုးစားဘဲ ဖုန်းပဲကြည့်နေတာ၊ စကားမပြောဘဲ ရှောင်ထွက်သွားတာ၊ လုံးဝ တုန့်ပြန်မှုမလုပ်တော့တာမျိုးပါ။
စိတ်ပညာအမြင်: များသောအားဖြင့် ဒါက ရှေ့က (၂) ချက် (အပြစ်တင်ခံရတာ၊ အထင်သေးခံရတာ) တွေ များလာတဲ့အခါ ဖြစ်လာတတ်တဲ့ တုန့်ပြန်မှုပါ။ လူက ရှိနေပေမယ့် စိတ်က ထွက်သွားတဲ့သဘောပါ။အကျိုးဆက် တစ်ဖက်လူအတွက်က "သူ ငါ့ကို ဂရုမစိုက်တော့ဘူး၊ ငါပြောတာကို နားမထောင်တော့ဘူး" လို့ ခံစားရစေပြီး စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ်ပြတ်တောက်မှု (Emotional Disconnection) ကို ဖြစ်စေပါတယ်။
အနှစ်ချုပ်ပြောရရင်-
သုတေသနတွေအရ စုံတွဲတိုင်း ပြသနာဖြစ်ကြပါတယ်။ ဒါပေမဲ့ ပြသနာဖြစ်လို့ ပြတ်ကြတာမဟုတ်ပါဘူး။ ပြသနာဖြစ်တဲ့အခါမှာ အထင်သေးတာ၊ လူကိုတိုက်ခိုက်တာနဲ့ တိတ်ဆိတ်ပြီး ရှောင်ဖယ်တာတွေ ပါလာရင်တော့ အဲဒီ Relationship က ရေရှည်မခံနိုင်ပါဘူး။
Reference-The Gottman Institute (The Four Horsemen of the Apocalypse)
အဆင်ပြေကြပါစေ။
No comments:
Post a Comment