Friday, November 7, 2025

“လူတွေက နိုင်ငံတော် ( State) ဆိုတဲ့ အရာအတွက် ဘာဖြစ်လို့ ကိုယ့်အသက်တွေကို စတေးနေကြရတာလဲ” ( နောက်ဆက်တွဲ)

“လူတွေက နိုင်ငံတော် ( State) ဆိုတဲ့ အရာအတွက် ဘာဖြစ်လို့ ကိုယ့်အသက်တွေကို စတေးနေကြရတာလဲ” ( နောက်ဆက်တွဲ)
အမျိုးသားရေး အယူအဆတွေ၊ အတွေးအခေါ်တွေကို တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ လှိုင်းတွေအကြောင်း ပြောတဲ့အခါမှာ ၂၀ ရာစု အာရှနဲ့ အာဖရိက အမျိုးသားရေး လှုပ်ရှားမှုတွေကို စတုတ္တလှိုင်းအဖြစ် ပုံဖော်လို့ရတယ်။ ဒီလှိုင်းရဲ့ အဓိက လက္ခဏာက ကိုလိုနီအုပ်ချုပ်ရေးက ရေးဆွဲခဲ့တဲ့ နယ်နိမိတ်တွေအတိုင်း အမျိုးသားရေး အသိစိတ် ပေါ်ပေါက်လာခြင်းဖြစ်တယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဂါနာ စသဖြင့်ပေါ့။ ကိုလိုနီ အုပ်ချုပ်ရေး နယ်နိမိတ်တွေကပဲ နောက်ပိုင်းမှာ နိုင်ငံနယ်နိမိတ်တွေအဖြစ် ပြောင်းလဲလာခဲ့ကြတယ်။ ဒီလှုပ်ရှားမှုတွေကို ဦးဆောင်လာတာက ကိုလိုနီ ပညာရေး စနစ်ကနေ မွေးထုတ်ပေးလိုက်တဲ့ ဘာသာစကား နှစ်မျိုးတတ် ပညာတတ်အလွှာ ( bilingual intellectuals) တွေဖြစ်တယ်။ သူတို့က ကိုလိုနီ အုပ်ချုပ်သူတွေရဲ့ ဘာသာစကားနဲ့ အတူ အနောက်တိုင်းက ဖွံ့ဖြိုးနေတဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ အမျိုးသားရေးဆိုင်ရာ အတွေးအခေါ်တွေကို စနစ်တကျ သင်ယူရရှိထားကြတယ်။ တဖက်မှာလည်း ကိုလိုနီအုပ်ချုပ်သူတွေရဲ့ အမျိုးသားရေးဝါဒ သွတ်သွင်းမှုကိုလည်း ခံနေရတဲ့ လူမှုဝိရောဓိတော့ ကြုံနေရပြန်တယ်။ နောက်ပြီး သူတိုရဲ့ ရာထူးတိုးနိုင်တဲ့ အခွင့်အလမ်း လို ( upward social mobility) လူမှုအလွှာပြောင်းရွှေ့နိုင်စွမ်းကလည်း ပထမလှိုင်းပုံစံတုန်းက ဆွေးနွေးခဲ့တဲ့ ကပြားအုပ်စုတွေလိုပဲ ကိုလိုနီနယ်နိမိတ်အတွင်းမှာ အကန့်အသတ်နဲ့သာ ရှိနေပြန်တယ်။ ဒီလို တဦးချင်းစီရဲ့ ပုဂလိက အတွေ့အကြုံတွေကနေ သီးခြားဖြစ်မှု အသိုက်အဝန်းကို ပိုပြီး အားကောင်းစေခဲ့တယ်။ ဒါကပဲ နိုင်ငံအခြေပြု အမျိုးသားရေး ဝါဒတွေ အယူအဆတွေဟာ အဲဒီ ဘာသာစကား နှစ်မျိုးတတ် ပညာတတ်အလွှာ ( bilingual intellectuals) တွေရဲ့ ဦးဆောင်မှုနဲ့ အတူ သက်ဆိုင်ရာ လူမှုအသိုက်အဝန်းအတွင်းမှာ ခိုင်မာအားကောင်းလာခဲ့တယ်။
စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းဖြစ်မှုဆိုတဲ့ အယူအဆတွေ လူ့အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ကိိုလိုနီအုပ်ချုပ်ရေးရဲ့ လက်တံတွေဖြစ်တဲ့ သန်းခေါင်စာရင်း၊ မြေပုံတွေနဲ့ ပြတိုက်တွေကလည်း ဘုံဘာသာစကား စနစ်တကျဖွံ့ဖြိုးလာမှုနဲ့ ပုံနှိပ်လုပ်ငန်းတွေလိုပဲ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်။ သန်းခေါင်စာရင်းက လူတွေကို တိကျတဲ့ လူမျိုး၊ ဘာသာ စတဲ့ identity တွေ ထည့်သွင်းရေးဆွဲထားလိုက်တယ်။ ဒါက အရင်က အရမ်း fluid identity တွေကို formal identity အဖြစ် ( ပုံသေကားကျ) ဖြစ်စေခဲ့တယ်။ မြေပုံရေးဆွဲထားမှုတွေ၊ ထုတ်ပြန်မှုတွေကလည်း ကိုလိုနီ နယ်နိမိတ်တွေကို အတိအကျ မြင်သာအောင် လုပ်ပေးလိုက်တယ်။ စိတ်ကူးနဲ့ မှန်းဆပုံဖော်မှုတွေကို intersectional reality အဖြစ် ယုံကြည်လက်ခံလာစေတယ်။ အဲဒီနယ်နိမိတ်တွေကပဲ အများအားဖြင့် နောက်ပိုင်းမှာ ကိုလိုနီ အလွန် နိုင်ငံတွေရဲ့ နယ်နိမိတ်ဖြစ်လာခဲ့တယ်။ ပြတိုက်က နိုင်ငံတော်နဲ့ ဆက်စပ်နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို စုစည်းပြသထားပေးပြီး နိုင်ငံတော်တွေရဲ့ ရှေးကျမှုနဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ပြသပေးရာ နေရာဖြစ်လာတယ်။ ကနဦး ရည်မှန်းချက်ကတော့ ကိုလိုနီ အုပ်ချုပ်ရေး ရေရှည်တည်တံ့ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လွတ်လပ်ပြီး နိုင်ငံတွေရဲ့ စိတ်ကူးပုံဖော်မှု အခြေခံ အုတ်မြစ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒီဟာတွေ အားလုံးက ကိုလိုနီ နိုင်ငံတွေရဲ့ ပုံသဏ္ဍာန်ကိုရော၊ နောက်ပိုင်း ပေါ်ပေါက်လာမယ့် အမျိုးသားနိုင်ငံတွေရဲ့ စိတ်ကူးကိုပါ ခိုင်မာအောင် ပုံဖော်ပေးခဲ့တယ်။
နောက်ပိုင်း ရေဒီယို၊ တီဗွီလို ကြားခံဆက်သွယ်ရေး မီဒီယာတွေ ပေါ်လာတော့ စာမတတ်နဲ့ လူတွေအထိပါ ဒီစိတ်ကူးပုံဖော်ထားတဲ့ လူ့အသိုက်အဝန်းကို ဖြန့်ကျက်ပေးနိုင်ခဲ့တယ်။
ဒီလောက်ဆိုရင် စိတ်ကူးပုံဖော်ထားတဲ့ လူ့အသိုက်အဝန်းဆိုတာ ဘယ်လိုဖြစ်ထွန်းလာတယ်၊ နိုင်ငံတွေ ဘယ်လို စိတ်ကူးပုံဖော်ပြီး ပေါ်ထွန်းလာတယ် ဆိုတာကို အကြမ်းဖျင်းလောက်တော့ သတိထားမိလောက်ပြီထင်တယ်။ ဒါဆို အထက်က မေးထားတဲ့ မေးခွန်းဖြစ်တဲ့ “လူတွေက ဘာဖြစ်လို့ အဲလို စိတ်ကူးပုံဖော်ထားတဲ့ လူ့အသိုက်အဝန်း ( state) အတွက် အသက်စွန့်ကြဖို့ ဝန်မလေးကြတာလဲ” ဆိုတာ မေးခွန်းနဲ့ ချိတ်ဆက်ကြည့်ဖို့ လိုလာတယ်။ အဲဒီစိတ်ကူးဟာ အမျိုးသားရေးဝါဒ ဖြစ်ထွန်းမှုနဲ့ ဆက်စပ်နေတယ်။ သီးခြားဖြစ်မှုဆိုတဲ့ လူမှုရေး အသိစိတ်ကို ဖြန့်ကျယ်အားကောင်းစေတယ်။ အမျိုးသားရေး ဝါဒရဲ့ ဆွဲဆောင်အားက ဘာသာရေး ဒါမှမဟုတ် ဆွေမျိုးသားချင်း ဆက်နွယ်မှု ( kinship) လိုမျိုးတွေ နှိုင်းယှဉ်ကြည့်ဖို့ လိုလာတယ်။ သုံးနေကျ မိခင်ဘာသာစကားတွေကလည်း အရေးပါလာတယ်။ အဲဒီဘာသာစကားတွေက လူတဦးရဲ့ ဖြစ်တည်မှုနဲ့ သူ့နိုင်ငံရဲ့ တည်ရှိနေမှုတွေကြားမှာ ဆက်စပ်မှုကို သဘာ၀ကျတယ်၊ မွေးရာပါ သွေးသားရင်းချာလို ဆက်နွယ်မှု ဖြစ်တယ်လို့ ခံစားရစေတယ်။ ဘာသာစကားက အတိတ်နဲ့ ပစ္စပ္ပုန်ကို ချိတ်ဆက်ပေးတယ်။ သေဆုံးသွားတဲ့ ဘိုးဘေးတွေနဲ့တောင် ( ရေးသားထုတ်ဝေထားမှုတေွ၊ ဒေသိယ ပုံပြင်တွေကနေတဆင့်) ဆက်သွယ်ပေးနိုင်တယ်ဆိုတာကို ခံစားရစေတယ်။ ဘာသာစကားက ရှေးကျမှုရဲ့ အငွေ့အသက်ကို လက်ဆင့်ကမ်း သယ်ဆောင်ပေးတယ်။ တခြားသူတွေနဲ့ တသားတည်းဖြစ်စေမှု အစွမ်းလည်းရှိတယ်။ ဥပမာ အမျိုးသား သီချင်းတွေကို လူအများကြိးက တချိန်တည်း သံပြိုင်သီဆိုတဲ့ အခါမှာ စုပေါင်းစိတ်ခံစားမှုကို ဖြစ်ပေါ်စေတယ်။ လူချင်း မသိပေမယ့် အသံတခုတည်းအောက်မှာ ပေါင်းစည်းသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဖြစ်ထွန်းစေတယ်၊ ခိုင်မာအားကောင်းစေတယ်။ အဲဒီခံစားမှုကနေတဆင့် နိုင်ငံချစ်စိတ်ဆိုတဲ့ လူမှုအသိစိတ်ကို ဖြစ်စေတယ်၊ နောက်ပိုင်း စွန့်လွှတ်အနစ်နာခံလိုစိတ်ကို အားကောင်းလာစေတယ်။ အဲလို စိတ်ကူးပုံဖော်ထားတဲ့ လူ့အသိုက်အဝန်း ( state) အတွက် အသက်စွန့်ကြဖို့ ဝန်မလေးတော့ဘူး။
အဲဒါတွေအပြင် အမျိုးသားရေး လက္ခဏာနဲ့ သမိုင်းကြောင်းကို တည်ဆောက်တဲ့ အခါမှာ အမှတ်ရခြင်း ( remembering) နဲ့အတူ မေ့ဖျောက်ခြင်း ( forgetting) ကလည်း အလွန်အရေးကြီးပြန်တယ်။ သက်ဆိုင်ရာ လူ့မှုအသိုက်အဝန်းတွင် နေထိုင်ကြသူတွေရဲ့ သူတို့နိုင်ငံရဲ့ အတိတ်သမိုင်းဆိုင်ရာ အမည်းစက်တွေကို အတူတကွ မေ့ပျောက်ထားနိုင်ဖို့ လိုတယ်။ ဘုံအမျိုးသား အမှတ်အသားသရုပ်ကို တည်ဆောက်ရာမှာ အတိတ်က အချင်းချင်းကြားမှာ ရှိတဲ့ အပြန်အလှန် နာကျည်းချက်တွေ၊ ခါးသီးစရာအတွေ့အကြုံတွေကို မေ့ပစ်ထားကြဖို့လိုတယ်။ ဒါမှလည်း အားလုံးက အမျိုးသားနိုင်ငံတခုရဲ့ ဘုံအမှတ်အသားသရုပ်ကိုတည်ဆောက်နိုင်မယ်။ ဥပမာ တရုတ်နိုင်ငံမှာဆိုရင် ပြည်တွင်းစစ်ကာလအတွင်း ကွန်မြူနစ်နဲ့ ကွန်မင်တန်ကြား နာကျည်းချက်တွေ၊ အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်းကြားက ခါးသီးစရာ အတိတ်တွေ၊ ဗီယက်နမ် စစ်ပွဲအတွင်းက လူမှုနာကျဉ်မှုတွေကို မေ့ပျောက်ပြီး နိုင်ငံတခုရဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ဘုံအမှတ်အသားတခုကို အတူတကွတည်ဆောက်နိုင်ခဲ့ကြတယ်။ ဒီလိုရွေးချယ်မေ့ပျောက်ခြင်းက အရေးပါတယ်။ အတိတ်မှ ဖြစ်ပျက်ခဲ့မှုတွေကနေ ဘယ်အချက်တွေကို အမှတ်ရပြီး ဘယ်လိုအချက်တွေကို ရွေးချယ်မေ့ပစ်ကြမလဲဆိုတာက အမျိုးသားရေး အမှတ်လက္ခဏာ တည်ဆောက်ခြင်းမှာ မရှိမဖြစ် အစိတ်အပိုင်းတခုလည်းဖြစ်နေတယ်။
ဒီလိုပြောတဲ့ အခါမှာ အမျိုးသားရေး အမှတ်အသားသရုပ်နဲ့ လူမျိုးရေး အမှတ်အသားသရုပ်ကြား ကွာခြားမှုကိုလည်း ရှုမြင်ဖို့ လိုတယ်။ အမျိုးသားရေး ဝါဒ ( အမှတ်အသားသရုပ်ဟာ) အတိတ်ကို အနာဂါတ်ရဲ့ ကံကြမ္မာနဲ့ ချိတ်ဆက်ပြီး ပုံဖော်ပေးတယ်။ ဘိုးဘေးတွေရဲ့ အမွေကို ညွှန်းဆိုကြပြီး အနာဂါတ်မှာ ဘယ်လိုဆက်သွားကြမယ်ဆိုတာမျိုးကို လမ်းညွှန်ပေးတယ်။ လူမျိုးရေး အမှတ်အသားသရုပ်ကတော့ အတိတ်ရဲ့ ခါးသီးနာကျည်မှုတွေထဲကနေ၊ မျိုးရိုးဗီဇတွေက ထာ၀ရ ရုန်းမထွက်နိုင်ပဲ အတိတ်မှာပဲ နေထိုင်အခြေချချင်တဲ့ စိတ်ပိုဆန်တယ်။ သူတို့ သမိုင်းထက် ဇီ၀ဗေဒကို ပိုပြီးအခြေခံတယ်။ အမျိုးသားရေး အမှတ်အသားသရုပ်နဲ့ လူမျိုးရေး အမှတ်အသားသရုပ်ကြားမှာ အတွင်း ယုတ္တိဗေဒအရ ကွဲပြားကြတယ်။
အနှစ်ချုပ်ပြောရရင်တော့ ခေတ်သစ်နိုင်ငံတွေဆိုတာ ရှေးပဝေသဏီကတည်းက တည်ရှိခဲ့တဲ့ သဘာ၀ တရားမဟုတ်ဘူး၊ ပုံနှိပ်အရင်းရှင်စနစ်၊ ဘာသာရေးအပေါ် လူတွေရဲ့ ယုံကြည်လက်ခံမှု အပြောင်းအလဲ၊ ကိုလိုနီ အုပ်ချုပ်ရေး စနစ်နဲ့ ပညာရေး စနစ်၊ ဘုံဘာသာစကား စတဲ့ သမိုင်းဆိုင်ရာ အကြောင်းတရားတွေ ပေါင်းဆုံပြီး လူသားတွေက စုပေါင်းပြီး စိတ်ကူးပုံဖော်ပြီး တည်ဆောက်ထားတဲ့ ခေတ်သစ် တည်ဆောက်မှု တခု ( modern social construction) ဖြစ်တယ်။ ဒီလို စိတ်ကူးပုံဖော်မှုကိုတော့ လျော့မတွက်သင့်ပေ။ သန်းခေါင်စာရင်၊ မြေပုံ၊ ပြတိုက် လို အုပ်ချုပ်ရေး တန်ဆာပလာတွေကနေ ၀တ္တု၊ သတင်းစာ အပါအဝင် ကြားခံဆက်သွယ်ပေးတဲ့ မီဒီယာတွေ၊ အမျိုးသားသီချင်း အထိမ်းအမှတ်နယ်တွေ၊ နောက်ပြီး သမိုင်းကို အမှတ်ရခြင်းနဲ့ မေ့ပျောက်ခြင်းလို ယဉ်ကျေးမှုနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပုံဖော်မှုတွေအဆုံး အရာအားလုံးဟာ ဒီနိုင်ငံဆိုတဲ့ စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းကို တည်ဆောက်ရာမှာ အပြန်အလှန် အားဖြည့်ခဲ့ကြတယ်။

( မှတ်ချက် - Benedict Anderson ၏ Imagined Communities: Reflections on the Origin and Spread of Nationalism ကို မြန်မာဘာသာစကားဖြင့် အကျဉ်းချုပ် ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ ) 

No comments:

Post a Comment