“နိုင်ငံရေးဦးဆောင်မှု ပျောက်ဆုံးနေခြင်း”
နွေဦးတော်လှန်ရေးက လူသန်းပေါင်းများစွာ ပါဝင်ခဲ့ပြီး၊ သိန်းနဲ့ ချီတဲ့ လူတွေ အသက်ပေး တိုက် ခိုက်နေကာ၊ တနိုင်ငံလုံးနီးပါး လူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့ပေးနေတဲ့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး တော်လှန်ရေးကြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူလိုချင်တဲ့ “စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး” ဆိုတဲ့ ပန်းတိုင်က ငါးနှစ်တာနီးပါးကာလ ရောက်တဲ့ ကာလထိ မနီးသေးတာကို လက်တွေ့ကျကျ လက်ခံရမှာပဲဖြစ်ပါတယ်။
တော်လှန်ရေး အောင်ပွဲမရရှိသေးတဲ့ အကြောင်းအရင်းများစွာထဲမှာ ၁။ state-based နိုင်ငံတကာဆက်ဆံရေးအခင်းအကျင်းကို လစ်လျူ ရှုထား မိတာကနေ၊ ၂။ ဖြစ်တည်မှု သမိုင်းအရကို ရည်မှန်းချက် မတူညီတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ လူမျိုး အခြေပြု တော်လှန်ရေးအင်အားစုတွေကို စုစည်းနိုင်ခြင်းမရှိတာ၊ ၃။ တော်လှန်ရေး အတွေးအခေါ် လမ်းညွှန်မှာ လစ်ဘရယ်ဒီမိုကရေစီကို ခိုင်ခိုင်မာမာမရပ်ခံထားနိုင်ခြင်းမရှိတာ တွေပါဝင်ပါတယ်။ ဒီအထဲ မှာမှ အရေးအကြီးဆုံးက “နိုင်ငံရေး ဦးဆောင်မှု ပျောက်ဆုံးနေခြင်း” ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း ခေါင်းဆောင်တွေရဲ့ ရေးသားပြောဆိုမှုတွေမှာ ဒီလို နုိင်ငံရေးဦးဆောင်မှုပျောက်ဆုံးနေခြင်းကို သိသိသာသာတွေ့မြင်ရပါတယ်။ “နိုင်ငံရေး ဦးဆောင်မှု ပျောက်ဆုံးနေခြင်း” ကိစ္စကို ပြောဆိုဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးခေါင်းဆောင်သူတွေကို ပုဂ္ဂိုလ်ရေး (သို့) အစိုးရ (သို့) အဖွဲ့အစည်းတစ်ခုခုကို ဝေဖန်ပုတ်ခတ်လိုခြင်းမဟုတ်ပဲ လက်ရှိနွေဦးတော်လှန်ရေးမှာ ခေါင်းဆောင်နေရာ ကနေ ပါဝင်နေသူများရဲ့ နိုင်ငံရေးဦးဆောင်မှုကို ဆွေးနွေးလိုခြင်းဖြစ်တယ်ဆိုတာကိုတော့ ကြိုတင်ပြောဆိုထားပါရစေ။ နိုင်ငံရေးဦးဆောင်မှု ပျောက်ဆုံး ခြင်းဟာ NUG၊ NUCC၊ CRPH တို့တင်မဟုတ်ပဲ နိုင်ငံရေးသမားများ၊ activist များ၊ ပညာရှင်များ၊ တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များမှာပါ တာဝန်ရှိပါတယ်။
သူရဲကောင်းများရဲ့ နိုင်ငံရေး
ကျနော်တို့ရဲ့ ပြည်သူ့တော်လှန်ရေးဦးဆောင်သူအများစုက သူရဲကောင်းတွေဖြစ်ကြတယ်ဆိုတာ ယုံမှားသံသယရှိစရာမဟုတ်ပါဘူး။ သူတို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝတွေကို အကျဥ်းထောင် တွေထဲ၊ တောထဲတောင်ထဲတွေမှာ အသက်ကို ဖက်နဲ့ ထုပ်ပြီး ရုန်းကန်ခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်။ ဒီလို နုိင်ငံရေးသမားတွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တော်လှန်ရေး သမားတွေပဲဖြစ်ဖြစ်က အဖိနှိပ်ခံ ပြည်သူ ပေါင်းများစွာရဲ့ စံပြ ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါတယ်။ အထူးသဖြင့် တနိုင်ငံလုံး စစ်အာဏာရှင်အောင်မှာ ပြားပြားဝပ်နေရချိန်မှာ အကျဥ်းထောင်တွေထဲက နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ၊တောကြီး မျက်မဲထဲက လက်နက်ကိုင်တော်လှန်ရေးသမားတွေလိုမျိုး သူတွေကြောင့်သာ တော်လှန် ရေးက ဆက်လက် ရှင်သန်ခဲ့တာဖြစ်ပါတယ်။ဒီလို ရှင်သန်ခဲ့လို့လည်း အချိန်ကိုက် အခါအခွင့်သင့်လိုက်တာနဲ့ နွေဦး တော်လှန်ရေးလို အင်အားကြီးမားတဲ့ တော်လှန်ရေးကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အခွင့်အခါသင့်ပြီး ကြီးမားပြင်းထန်တဲ့ တော်လှန်ရေးကြီးရဲ့ အရှိန်နဲ့ ခွန်အားကို ဒီသူရဲကောင်းတွေက ဦးတည်ချက်တစ်ခုခုကို စုစည်းပေးနိုင်မှု ပျက်ကွက်နေစဲဖြစ်တယ်လို့ပဲ ဝမ်းနည်းအားနာစွာနဲ့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးမဟာဗျူဟာ Vs နိုင်ငံရေး သန့်ရှင်းစင်ကြယ်ခြင်း (strategy vs purity)
နိုင်ငံရေးဆိုင်ရာ အခြေခံသင်ခန်းစာက ခေါင်းဆောင်တွေရဲ့ အဓိကဦးတည်ရာက ဖြစ်နိုင် လောက်တဲ့ မဟာဗျူဟာတွေကို ရှိတဲ့ အရင်းအမြစ်တွေထဲက ချမှတ်နိုင်ဖို့ဖြစ်ပါတယ်။ တနည်းအားဖြင့် လိုချင်တဲ့ ရလဒ်ကို ရောက်ဖို့ ဦးတည်ထားရတာဖြစ်ပြီး လမ်းစဥ်ကိုပဲ အာရုံထားလို့ မရပါဘူး။ မကြာခဏဆိုသလို ခေါင်းဆောင်တွေဆီက လူထုကို binary ဆန်တဲ့ အလွန် ကျဥ်းကြပ်တဲ့ အဖြူမဟုတ်ရင် အမည်းဆိုတဲ့ ရွေးချယ် မှုမျိုးကိုပေးနေတာ တွေ့ရပါတယ်။ စစ်တပ်ကို ခုလိုအချိန်မှာ တော်လှန်ကြဖို့ တွန့်ဆုတ်နေရင် စစ်ကျွန်အဖြစ်တသက်လုံး သားစဥ်မြေး ဆက်နေကြရမယ်ဆိုတဲ့ binary မျိုးပါ။ တဖက်မှာ အင်မတန်ရက်စက်တဲ့ စစ်တပ်ကို အသက်ပင်သေသေ တော်လှန်ကြမလား၊ ဒါမှမဟုတ် ဒီစစ်တပ်အောက်မှာ ကျွန်ခံမလားဆိုတဲ့ ရွေးချယ်စရာ နှစ်ခုက ပြည်သူတွေအတွက် မွန်းကျပ်လှပါတယ်။ တနည်းအားဖြင့် universal sacrifice အားလုံးပါဝင်တဲ့ လူတစ်ဦးချင်း စီက စွန့်လွတ်အနစ်နာခံခြင်းကို သွယ်ဝိုက်ပြီး တောင်းဆိုနေကြတာဖြစ်ပါတယ်။ နောက်တစ်မျိုးက ဒီတော်လှန်ရေးအောင်ခြင်း မအောင်ခြင်း ဆိုတဲ့ ကြီးမားတဲ့ နိုင်ငံရေး ဝန်ထုပ်ဝန်ပိုးကို မိမိတို့ တစ်ဦး ချင်းစီရဲ့ စွန့်လွှတ်အနစ်နာခံနိုင်ခြင်းဆိုတာနဲ့ ဆုံးဖြတ်ပေးမှာဖြစ်နေသကဲ့သို့ လူတစ်ဦးချင်းစီရဲ့ ပုခုံးပေါ်ကို တင်ပေးနေတာလည်း ဖြစ်ပါတယ်။
ပြည်သူတစ်ဦးချင်းစီက တိုက်ခိုက်ရေးသမားတွေ၊ သူရဲကောင်းတွေ၊ အဆုံးစွန်ဆုံး အနစ် နာခံသူတွေ ဖြစ်စရာ မလို အပ်တာကို နိုင်ငံရေးခေါင်းဆောင်တွေ အထူးသဖြင့် တော်လှန်ရေးခေါင်းဆောင်တိုင်းက နားလည်ကြပါတယ်။ ပြည်သူတစ်ဦးချင်းစီက တော်လှန်ရေး သူရဲကောင်းတွေလို ချည်းဖြစ်နေကြမယ်ဆိုရင် နိုင်ငံရေး တော်လှန်ရေး ခေါင်းဆောင်ဆိုတာတောင်ပေါ်လာဖို့ လိုအပ်ချင်မှ လိုအပ်လာမှာပါ။ တကယ့်လက်တွေ့မှာတော့ ဘယ်တော်လှန်ရေးဖြစ်ဖြစ် အဆုံးစွန်ဆုံး အနစ်နာခံ သူတွေ၊ နည်းမျိုးစုံနဲ့ထောက်ပံ့သူတွေ၊ကြားနေတွေ၊ဆန့်ကျင်သူတွေနဲ့ လူ့အဖွဲ့အစည်းကပြည့်နှက် နေ လေ့ရှိပါတယ်။ ပြည်သူအများစုက နိုင်ငံရေး၊ တော်လှန်ရေးကို မိမိတို့ အသက်ရှင်ရပ်တည်ရေးနဲ့ စားဝတ်နေရေး ရုန်းကန်နေတဲ့ကြားကနေ ရဲရဲဝံ့ဝံ့ပါဝင်နေကြရတာဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြတဲ့ကာလမှာတောင် လူထုက ဒီကနေ့ နွေဦး တော် လှန်ရေးလောက် လူထုရဲ့ စွန့်လွှတ်အနစ်နာခံမှု ထောက်ပံ့မှု မရှိခဲ့ပါဘူး။ အဲ့ဒီကာလက လွတ်လပ် ရေးခေါင်းဆောင်တွေကလည်း ဒီကနေ့ခေတ်ခေါင်းဆောင်တွေထက် မနိမ့်သော စွန့်လွှတ် အနစ်နာ ခံမှု တွေရှိခဲ့ကြပါတယ်။ (ဗြိတိသျှ အစိုးရက လက်ရှိ စစ်တပ်လောက် မရက်စက်ဘူးလို့ စောဒက တက်လို့ ရသလို လက်ရှိ ပြည်သူကလည်း အဲ့ဒီခေတ် ပြည်သူထက် စွန့်လွှတ်အနစ်နာ ခံထောက်ပံ့ တယ်လို့ စောဒက တက်နိုင်ပါတယ်)
ဒီကနေ့ ကျနော်တို့လူထုကြုံတွေ့နေရတာက စွန့်လွှတ်အနစ်နာခံ ပြီး သန့်ရှင်းတဲ့ လမ်းစဥ် အပေါ်မှာ ပိုမိုအာရုံစိုက်ပြီး ပန်းတိုင်ကို ဒုတိယနေရာမှာထားတဲ့ ဦးဆောင်သူတွေကို ကြုံနေ ကြရ တာဖြစ်ပါတယ်။ တော်လှန်ခြင်းကိုယ်တိုင်ကိုက မြင့်မြတ်ခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်က နိုင်ငံရေး သူရဲကောင်းတွေနဲ့၊ နိုင်ငံရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေအတွက် ဖြစ်နိုင်ပေမယ့် သာမန် ပြည်သူတွေအတွက်က စားဝတ်နေရေးတွေ ဘေးချပြီး ရေရှည် တော်လှန်ရေးတစ်ခုကို ဆက်လုပ် ဖို့ခက်ခဲပါလိမ့်မယ်။ (၅ နှစ်နီးပါး ပေးဆပ်နေကြတာကိုက မနည်းမနောဆိုတာ သတိပြုဖို့လိုပါတယ်) ဘယ်လောက် မြင့်မြတ်တဲ့ တော်လှန်ရေး လမ်းစဥ်ပဲဖြစ်ဖြစ် လမ်းစဥ်သည် ပန်းတိုင် မဟုတ်ပါ။ ပန်းတိုင်သည်သာ ပန်းတိုင်ဖြစ်ပါတယ်။
လမ်းစဥ် vs ပန်းတိုင် (သို့) Consequentialism vs. Deontology
နိုင်ငံရေးခေါင်းဆောင်အသီးသီးပြောကြရာမှာ result-based ပန်းတိုင်/ရလဒ်ကို အခြေခံတဲ့ consequentialism ကို တင်ပြကြတာထက် duty-based လမ်းစဥ်/ တာဝန်ဝတ္တရားကို အခြေခံတဲ့ deontology ကို တင်ပြကြတာများပါတယ်။ duty-based လမ်းစဥ် /တာဝန်ကို အခြေခံတဲ့ အယူအဆက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ activists တွေရဲ့ အဓိကရှိကိုရှိရတဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ တော်လှန်ကိုတော်လှန်ရမယ့် တာဝန်ကို သိလို့ လူထုက ဒီလောက်ထိ ပါဝင်လာပြီးဖြစ်ပါတယ်။ နိုင်ငံ ရေးခေါင်းဆောင်တွေကတော့ consequentialism ကို အခြေခံပြီး ရလဒ်/ပန်းတိုင်ကို အခြေခံတဲ့ စဥ်းစားချက်တွေကို မရှိမဖြစ်ထည့်သွင်းစဥ်းစားကြရပါတယ်။
လူတိုင်း တစ်ဦးချင်းစီတိုင်းက ရှားပါးတဲ့ သူရဲကောင်းတွေ လုပ်လေ့ရှိသလို အကုန် စွန့်လွှတ် အနစ်နာခံပြီး တော်လှန်ကြရင် စစ်အာဏာရှင်အမြစ်ပြတ်ပြီး ပြည်သူ့အောင်ပွဲရမယ်ဆိုတာ theory အရ ငြင်းစရာမရှိအောင်မှန်ကန်ပါတယ်။ ဒါပေမယ့် ဒီလို သူရဲကောင်းတွေမှာပဲ တွေ့ရတတ်တဲ့ အရည် အသွေးကို ပြည်သူအကုန်မဆိုထားနဲ့ လူအများကြီးမှာ တွေ့ရဖို့ကို မဖြစ်နိုင်ပါဘူး။ thought experiment အတွေးနဲ့ ဆန်းစစ်ကြည့်မယ်ဆိုလည်း အမှန်တကယ်ကြီး ဒီလို အရည်အသွေးမျိုးတွေ လူအများကြီးမှာရှိလို့ အသက်နဲ့ ဘဝပေါင်းများစွာ စတေးပြီး ရတဲ့ ရလဒ်ကို နုိင်ငံရေး ခေါင်းဆောင် တွေက တကယ်ပဲ ရွေးချယ်ဖို့ လိုသလားဆိုတာ ပြည်သူတွေ မဟုတ်ပဲ ခေါင်းဆောင်တွေ တွေးတော ရမယ့် အလုပ်ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီလောက် လူ့အသက်တွေ ဘဝတွေ ပေးပြီး လူတစ်ဦးချင်းစီက ပါဝင်နေတဲ့ နွေဦးတော်လှန်ရေးမှာ ရလဒ်က ထင်သလောက်မထွက်တာက စစ်အာဏာရှင်ကိုက ရက်စက်ယုတ်မာလွန်းအားကြီးလို့ပါလို့ ဆင်ခြေပေးလို့ ရသေးရဲ့လားဆိုတာ ဆန်းစစ်ရတော့မှာပါ။
တဖက်ကလည်း ရလဒ်ထင်သလောက် မထွက်သေးတာက “လူထုကြားမှာ ရေလိုက်ငါးလိုက်နေသူတွေရှိနေလို့၊ အားထုတ်ကြပါ၊ စွန့်လွှတ်ကြပါ၊ ၊ ရုန်းထကြပါတော့လို့” ဆိုတဲ့အပြောမျိုးတွေက သမိုင်းတလျှောက်အမြင့်ဆုံး စွန့်လွှတ်အနစ်နာခံ ပါဝင်နေတဲ့ ပြည်သူတွေကို အပြစ်တင်နေသလိုဖြစ်နေပါတယ်။ တနည်း နိုင်ငံရေး ခေါင်းဆောင် တွေရဲ့ ရလဒ်မထွက်မှုကို ပြည်သူကို အပြစ်ပုံချသလို ဖြစ်နေပါတယ်။ ဆိုလိုတာက ဒီကနေ့ ပြည်သူလိုချင်တဲ့ ရလဒ်မထွက်သေးတာက ၁။ စစ်အာဏာရှင်ကိုက ယုတ်မာ ရက်စက်လွန်းလို့ ၂။ လူထုက လိုအပ်သလောက် မစွန့်လွှတ်သေးလို့ ဆိုတာမျိုး ခေါင်းဆောင်တွေက သုံးသပ်ခွင့်ရှိရင် ပြည်သူတွေဘက်ကလည်း ၃။ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင် ရည်က အားနည်းလို့ ဆိုတာမျိုး ပြန်ပြီး မေးခွန်းထုတ်ခွင့်ရှိပါတယ်။ဒါမှလည်း အဖြေကို ရောက်မှာ ဖြစ်ပါတယ်။
တော်လှန်ရေး တာဝန်ခွဲဝေယူကြခြင်း (The Division of Labor)
လူမှု အဖွဲ့အစည်းတိုင်းမှာ အလုပ်အကိုင်ကို ခွဲဝေတာဝန်ယူကြတာက အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ လူတိုင်းက အလုပ်တစ်ခုတည်းကို ဝိုင်းလုပ်နေကြတာမဟုတ်ပဲ မတူညီတဲ့ အလုပ်တွေကို ဦးတည်ချက်တစ်ခုအတွက် လုပ်ကြမှာသာ efficient ထိရောက်တယ်ဆိုတဲ့ ဥပဒေသရှိပါတယ်။ တော် လှန်ရေးရဲ့ အလုပ်တာဝန်တွေကို အကြမ်းဖျင်းခွဲရရင် စိတ်အား၊ နှုတ်အားဖြင့် ထောက်ပံ့ကြတာ၊ ငွေအားလူအားဖြင့် ထောက်ပံ့ကြတာ၊ သပိတ်၊CDM၊ PDF စသဖြင့် ပါဝင်ကြတာတွေအားလုံးက ပြည်သူတစ်ဦးချင်းစီရဲ့ တာဝန်တွေဖြစ်ပါတယ်။ ဒီတာဝန်တွေကို ဒီကနေ့ နွေဦးတော်လှန်ရေးကာလမှာ ပါဝင်နေတဲ့ လူအရေအတွက်က သမိုင်းတလျောက်အမြင့်ဆုံးထမ်းဆောင်ပြီး ထမ်းဆောင်စဲ ဖြစ်ပါ တယ်။
နိုင်ငံရေးခေါင်း ဆောင်တွေက ဒီပါဝင်မှု အင်အားကြီးကို ၁။ မဟာမိတ်တွေ စုစည်းဖို့ ၂။ နိုင်ငံတကာက ထောက် ခံမှုရရှိဖို့ ၃။ ပြည်ထောင်စုစုဖွဲ့နိုင်ဖို့ ဆိုတဲ့ တာဝန်တွေကို ကျေမကျေ သုံးသပ်ဖို့ လိုပါတယ်။ ဆွေးနွေးကြရမယ့်၊ညှိနှိုင်းကြရမယ့်၊စုစည်းကြရမယ့်၊ အဖြေရှာကြရမယ့် ခေါင်းဆောင် တွေ၊ activists တွေ၊ ပညာရှင်တွေကိုယ်တိုင်က “စုစည်းကြဖို့ အချိန်တန်ပြီ” တို့ “အဖြေရှာကြပါတော့” တို့ “မဟာမိတ်တွေစုကြလော့” တို့ “ဒီပွဲမှာ မစည်းလုံးရင် ငါတို့ရှုံးမယ်” တို့ဆိုတာ တွေက ဘယ်သူကို ဦးတည်ပြောနေမှန်း မထင်ရှားပဲ အမှီးအမှောက်မတည့်ဖြစ်နေပါတယ်။ ဒါတွေက ခေါင်းဆောင် တွေကိုယ်တိုင်ပဲ ဆော်သြပြ၊ကြွေးကြော်ပြ၊ ထောက်ပြမနေပဲ အမှန်တကယ် ညှိနှိုင်းဆွေးနွေး အဖြေရှာကြရမယ့် အလုပ်တွေ မဟုတ်ဘူးလားလို့ စောကြောရမှာဖြစ်ပါတယ်။ပြည်သူဘက်ကတော့ ပြည်သူတွေကို ပါဝင်ကြပါဆိုတဲ့ ဆော်သြမှုတွေကို သန်းနဲ့ချီတဲ့ပြည်သူတွေက လိုက်ပါနေကြလို့ ပဲ ဒီကနေ့ထိခရီးရောက်လာပြီးဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းစီ ဥပမာ CDM ဆရာမ တစ်ယောက်က မဟာမိတ်တွေကြား သဘောတူညီမှု ရအောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် နုိင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူကို စွန့်လွှတ်အနစ်နာခံ မပါဝင်ကြရင် တော်လှန်ရေး မအောင်နိုင် ဘူးဆိုတဲ့ အပြော အဆိုမျိုးကို သတိထားကြဖို့လိုပါတယ်။
ဝေဖန်ရေး ခဲလုံးမဟုတ်
ဦးဆောင်သူတွေရဲ့ ဦးဆောင်မှု အားနည်းချက်တွေကို ဝေဖန်ထောက်ပြ ရေးသားတဲ့ အခါမှာ လူထုနဲ့ ခေါင်းဆောင်တွေအကြားသပ်လျှိုသွေးခွဲမှုအဖြစ် ပုံဖျက်ခံ ရနိုင် တာကို စာရေးသူအနေနဲ့ နားလည်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေကို အမုန်းပွားဖို့ ရေးသားခြင်းမျိုး မဟုတ်ပဲ ထောက်ပြပြီး ပြင်ဆင်နိုင်ဖို့သာ ရည်ရွယ်ပါတယ်။ case study အနေနဲ့ နိုင်ငံရေး ဦးဆောင်မှုဆိုတာ “how” ဘယ်လိုမျိုးဆိုတာကို စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲကို မူတည်ပြီး အကျဉ်းချုပ်တင်ပြလိုပါတယ်။
လက်ရှိမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ကြောင်း၊ ထောင်ချောက်ဖြစ် ကြောင်း၊ စစ်အာဏာရှင်သက်ဆိုးရှည်ရေးဖြစ်ကြောင်း၊မှားယွင်းကြောင်း၊ပြည်သူကို ကုိယ်စားမပြုကြောင်း၊နည်းပညာအရ မဖြစ်နုိင်ကြောင်း စသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ activist တွေ သာမက ပညာရှင်တွေနဲ့ နိုင်ငံတကာကပါ ပြောဆိုသုံးသပ်နေကြပါတယ်။ ဒါကြောင့် “ပြည်သူက မဲမ ပေးဖို့၊ ဆန့်ကျင်ဖို့” ဆိုပြီး နှိုးဆော်ပါတယ်။ စစ်တပ်ကလည်း ဆန့်ကျင့်သူမှန်သမျှကို ရက်ရက် စက်စက် အရေးယူနေတာဖြစ်ပါတယ်။ပြည်သူက ကြားညှပ်နေတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲက ထောင်ချောက်ဖြစ်ကြောင်း ပြည်သူအများစု က နားလည် ပြီးဖြစ် ပါတယ်။ဆန့်ကျင်လိုစိတ်လည်းရှိပါတယ်။သို့သော် အသက်နဲ့ ဘဝပေးပြီး ဆန့်ကျင်ဖို့ဆိုတာ လက်တွေ့ မှာ ခက်ခဲပါတယ်။ အထူးသဖြင့် ဆန့်ကျင်ခိုင်းပြီး alternative အခြားပေးဆပ်ဖို့ တန် လောက် တဲ့ ရွေး ချယ်စရာ ခေါင်းဆောင်တွေက ပေးမထားကြပါဘူး။ alternative က မရေရာတဲ့ ရှည်ကြာတဲ့ စစ်ပွဲ၊မသေချာတဲ့ ပြည်ထောင်စု (သို့) မတည်ငြိမ်တဲ့ နုိင်ငံငယ်လေးတွေကွဲပြားသွားခြင်း၊ အဖြေမရှိ ဆန့်ကျင်ဖို့သာရှိတဲ့ တနည်း ပန်းတိုင် မမြင်ရတဲ့ တော်လှန်ရေးလမ်းစဥ်ဆိုတာမျိုးတော့ ဖြစ်လို့ မရပါ။
ဥပမာ တနိုင်ငံလုံး မဲအများဆုံးပေးပြီးဖြစ်တဲ့၊ တရားမျှတတဲ့၊ လူထုဆန္ဒကို ထင်ဟပ်ပြီးဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ အခိုင်အမာ အင်အားစုအကုန်လုံးလက်ခံကြဖို့ ခေါင်းဆောင်တွေ ကြား ခိုင်ခိုင်မာမာ တိုင်းသိပြည်သိ ကမ္ဘာသိ ကြေငြာရပ်ခံကြတာမျိုး (၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မသိမသာ ချောင်ထိုးထားကြတာ မကြာ ခဏ ကြားသိရ) ၊ဒါမှ မဟုတ် ပိုပြီး တရားမျှတတဲ့ ပြည်ထောင်စု စုဖွဲ့မှုပုံစံမျိုး အာမခံချက်မျိုး (ပြည်ထောင်စုက ကွန်ဖက်ဒရိတ်လား၊ သီးခြား နိုင်ငံတွေလား၊ပြည်ထောင်စုဖို့ ကတိကဝတတ်ပင် မသေချာ) ၊ပိုကောင်းတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပပေးနိုင်ဖို့ သဘောမျှကြတာမျိုး အခြားရွေးချယ်စရာ alternative ပေးဖို့ ခေါင်းဆောင် တွေဘက်က ပျက်ကွက်နေပါတယ်။ ဒီလိုမျိုး နိုင်ငံရေးဦးဆောင်မှု ကိစ္စမျိုးက ပြည်သူတွေက ဝင်ပြီး လုပ်လို့ရ တဲ့ကိစ္ စမျိုးမဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ပျက်ကွက်နေကြပြီး ချည်ပြီးတုပ်ပြီး ဖိနှိပ် ခံနေရတဲ့ ပြည်သူတွေကို ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့တိုက်တွန်းနေတာက တာဝန်မဲ့ သလိုဖြစ်နေပါတယ်။
နိဂုံးအနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ၊ activist တွေ၊ပညာရှင်တွေအနေနဲ့ မိမိတို့သာ လုပ်လို့ရနိုင်မယ့် နိုင်ငံ တကာ၊အိမ်နီးချင်းတွေရဲ့ ထောက်ခံမှုကိုရယူတာ၊မတူညီတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်း တာ၊ ပြည်ထောင်စုနဲ့ တိုင်းနုိင်ငံကို အာမခံတာတွေကို ဆောင်ရွက်ကြစေလိုပါတယ်။ ပြည်သူက ရုန်းထပြီးဖြစ်သလို ဒီထက်ရုန်းထဖို့ဆိုတာ လက်တွေ့အရ မဖြစ်နိုင်ပါ။ နွေဦးတော်လှန်ရေးမှာ လိုအပ်နေတာက ထပ်ပြီး အသက်စွန့် အနစ်နာခံမယ့် သန်းနဲ့ချီတဲ့ပြည်သူတွေ လိုအပ်နေတာမဟုတ်ပါဘူး။ ဒီလိုမျိုး ဖြစ်လာဖို့ဆိုတာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတုန်းကတောင် မရှိခဲ့ပါဘူး။ ပြည်သူဘက်ကအနေနဲ့ ခေါင်းဆောင်များအနေနဲ့လည်း နိုင်ငံရေးဦးဆောင်မှုပေးဖို့ မကြောက်မရွံ့ပြတ်ပြတ်သားသားလုပ်ဖို့ တိုက်တွန်းလိုက်ရပါကြောင်း။
No comments:
Post a Comment