“လူတွေက နိုင်ငံတော် ( State) ဆိုတဲ့ အရာအတွက် ဘာဖြစ်လို့ ကိုယ့်အသက်တွေကို စတေးနေကြရတာလဲ”
ဒီမေးခွန်းက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းသလို တော်တော်လေးလည်း နက်နဲတဲ့ မေးခွန်းပါ။ ဒါနဲ့ ပါတ်သတ်ပြီး ဆွေးနွေးကြည့်တဲ့အခါ မေးခွန်းစရာ မေးခွန်းတချို့ ထပ်ပေါ်လာတယ်။ နိုင်ငံဆိုတာ ဘယ်လိုမျိုး ပေါ်လာတာလဲ။ နောက်ပြီး အဲဒီ နိုင်ငံဆိုတဲ့ အရာနဲ့ လူတွေကြား ဘယ်လို ဆက်နွယ်နေကြတာလဲဆိုတာအပါအဝင်ပေါ့။ အမျိုးသားရေး ဝါဒဆိုတာနဲ့ နိုင်ငံကြား ဆက်စပ်မှုတွေလည်း ပါတယ်။
ပထမဆုံး အနေနဲ့ နိုင်ငံဆိုတာ စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းဖြစ်တယ်၊ imagined communities ဆိုတဲ့ အယူအဆနဲ့ ချဉ်းကပ်ကြည့်လို့ရတယ်။ ဆိုလိုတာက နိုင်ငံသား သန်းချီ ရှိနေပေမယ့် အဲဒီလူတွေအားလုံးဟာ အားလုံးအတူတကွ တွေ့ဆုံဖူးတာမျိုးကတော့ ရှိမနေနိုင်ဘူး။ ဒါပေမယ့် သူတို့ စိတ်ထဲမှာတော့ အတူတူပဲ တသားတည်းပဲဆိုတဲ့ ပုံရိပ်ခံစားချက်တွေ ရှိတယ်။ တကယ်မတွေ့ဘူးပေမယ့်လည်း အတူတူပဲဆိုတဲ့ ခံစားချက် ( sense of belonging) ဆိုတာ ရှိကြတယ်။ ဒုတိယကတော့ နယ်နိမိတ် အကန့်အသတ်ရှိမှုပေါ့။ နိုင်ငံတိုင်းမှာ သူ့နယ်နိမိတ်နဲ့ သူ အကန့်အသတ်ရှိတယ်။ ဘယ်နိုင်ငံကမှ လူသားအားလုံးကို ကိုယ်စားပြုတယ်လို့ မပြောဘူး။ တခြားနိုင်ငံတွေလည်း ရှိတယ်ဆိုတာကို အသိအမှတ်ပြုထားတယ်။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာပိုင်စိုးမှု ( sovereignty) ဆိုတာရှိတယ်။ အရင်ရှေးခေတ်တွေတုန်းကလို ဘုရားသခင်က ပေးထားတာမျိုး မဟုတ်ပဲ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့။ လွတ်လပ်မှုကို အခြေခံတယ်။ နောက်ဆုံးတချက်ကတော့ အသိုက်အဝန်းတခုဖြစ်တယ်။ တကယ်လက်တွေ့မှာ ကွဲပြားမှုတွေ မညီမျှမှုတွေ ရှိနေနိုင်တယ်။ deep horizontal comradeship ပေါ်မှာ တည်ဆောက်ထားတယ်။ ဒါပေမယ့် နိုင်ငံ့ဆိုတာကို စိတ်ကူးထဲမှာတော့ အခြေခံအားဖြင့် နက်နက်ရှိုင်းရှိုင်း စွဲထင်ထားတယ်။
နိုင်ငံဆိုတာ ရှေးပဝေသဏီကတည်းက သဘာ၀အတိုင်း ရှိနေခဲ့တာ မဟုတ်ဘူး။ သမိုင်းရဲ့ အချိန်တခုမှာ လူတွေက စိတ်ကူးနဲ့ တည်ဆောက်လိုက်တဲ့ အရာတခုဖြစ်တယ်။ အခုခေတ်သစ် နိုင်ငံတွေက ရှေးခေတ်ကလို ဆွေမျိုးစုတို့ မင်းဆက်နိုင်ငံတို့ဆိုတဲ့ သဘောတရားတွေနဲ့ သိပ်မတူကြဘူး။ စိတ်ကူးပုံဖော်မှု ပုံစံတမျိုး ဖြစ်လာတာဖြစ်တယ်။ ဒီလိုမျိုး ဖြစ်လာဖို့အတွက် နောက်ခံအကြောင်းတရားတွေကို ရှာဖွေကြည့်တဲ့ အခါမှာတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ အပြောင်းအလဲကြီး နှစ်ခုကို သွားတွေ့ရတယ်။ ပထမ တခုက ဘာသာရေး ကိုးကွယ်ယုံကြည်မှု စနစ်တွေရဲ့ ဩဇာလျော့ကျလာတာကြောင့်ဖြစ်တယ်။ အရင်က လူ့ဘ၀ အဓိပါယ်၊ သေခြင်းတရား၊ ထာ၀ရ ဖြစ်ခြင်းတွေအတွက် အဖြေတွေကို များသောအားဖြင့် ဘာသာရေးကနေ အဖြေထုတ်ပေးခဲ့တယ်။ နောက်တခုက မင်းဆက်အလိုက် အုပ်ချုပ်မှုရဲ့ တရားဝင်မှု ကျဆင်းလာတာကြောင့် ဖြစ်တယ်။ ဘုရားဆိုတာ၊ ဘုရားရဲ့ ကိုယ်စားလှယ်တွေဆိုတဲ့ အယူအဆတွေ အားနည်းလာတယ်။ အဲလို အိုင်ဒီယာ လေဟာနယ်မှာ လူတွေဟာ သဘောတရားအသစ်တွေ၊ ဆက်နွယ်မှု အသစ်တွေ လိုအပ်လာတယ်။ အဲဒီ လိုအပ်ချက်ကို အမျိုးသားရေး ဝါဒကနေ ဖြည့်ဆည်းပေးလိုက်တယ်။ အမျိုးသားရေး ဝါဒက လူတယောက်ရဲ့ မတော်တဆ မွေးဖွားမှု ( chance) ကို ကံကြမ္မာ ( destiny) အဖြစ် ပြောင်းလဲပေးလိုက်သလိုပဲ။ ဥပမာ ငါက ပြင်သစ်နိုင်ငံမှာ မွေးလိုက်တာက မတော်တဆပဲ၊ ဒါပေမယ့် ပြင်သစ် နိုင်ငံတော်ဆိုတာ ထာ၀ရပဲ ဆိုတဲ့ အတွေးမျိုးပေါ့။ အမျိုးသားရေး ဝါဒကပဲ လူတွေရဲ့ ရှင်သန်နေထိုင်ခြင်း၊ သေဆုံးခြင်းကို အဓိပါယ်ရှိစေတဲ့ နည်းလမ်းတခုဖြစ်လာတယ်။ နိုင်ငံအတွက် အသက်စတေးတာဟာ အရင်က ဘာသာရေးအတွက် အသက်စတေးသလိုမျိုးပဲ အဓိပါယ်ရှိတဲ့ အပြုအမှုတခုဖြစ်လာတယ်။ ဥပမာ ဘယ်သူတွေမှန်း မသိပဲ နိုင်ငံအတွက် စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်း ဗိမာန်ဆိုတဲ့ အရာတွေအပေါ် ဂုဏ်ပြုနေကြခြင်းကကို ဒီနေ့ခေတ်ဘာသာတရားတခုရဲ့ လဏ္ခာဖြစ်နေတယ်။
ဒီလို နေထိုင်သူ လူသန်းပေါင်းများစွာရဲ့ စိတ်ထဲမှာ တချိန်တည်း တနေရာတည်း ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာအောင် ဘယ်အရာက တွန်းအားပေးသလဲဆိုတာ မေးစရာ ရှိလာတယ်။ တခြားအချက်တွေ ရှိနေသည့်တိုင်အောင် ဘုံ ဘာသာစကားနဲ့ အဲဒီဘာသာစကား အခြေပြု ရေးသားထုတ်ဝေမှု ( တနည်း) ပုံနှိပ်လုပ်ငန်းရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ အကြောင်းအရာတခုဖြစ်တယ်။ ပုံနှိပ်စက်တွေ ပေါ်လာပြီး စာအုပ်စာတမ်းတွေ အများကြီး ထုတ်လာနိုင်တာက လူ့အဖွဲ့အစည်းရဲ့ နိုင်ငံသားအသိစိတ် ဖွံ့ဖြိုးမှုအပေါ် ကြီးမားသည့် ပြောင်းလဲမှုများ ရှိတယ်။ အရင်းရှင် စနစ်သဘောအရ ထုတ်ဝေသူတွေက အမြတ်အများဆုံး ရနိုင်တဲ့ စျေးကွက်ကို ရှာဖွေကြတယ်။ အဲဒီအခါမှာ ယခင်က လက်တင်လို ပါဠိလို လူတစုသာ အသုံးပြုတဲ့ ဘာသာစကားအစား လူအများစု အသုံးပြုတဲ့ ဘာသာစကားနဲ့ စာအုပ်စာပေတွေကို ပုံနှိပ်ထုတ်ဝေ ရောင်းချလာကြတယ်။ မာတင်လူသာက သမ္မကျမ်းစာကို ဂျာမာန်လို ဘာသာပြန်ထုတ်ဝေလိုက်တာမျိုးကို ဥပမာပေးလို့ရတယ်။ အရင်က လက်တင်နဲ့ ရေးသားထားတဲ့ ကျမ်းစာကို ဂျာမန်ဘာသာစကားနဲ့ လူတိုင်း ဖတ်သိနားလည်လာကြတယ်။ ဒီလိုပုံနှိပ်လုပ်ငန်းကြောင့် ဘုံဘာသာစကားတွေဟာ တနည်းအားဖြင့် စံသတ်မှတ်ပြီးသားဖြစ်လာတယ်။ ဒေသအလိုက် ပြောဆိုနေကြတဲ့ ဒေသိယ စကားတွေအစား အားလုံးနားလည်နိုင်တဲ့ ပုံနှိပ်ဘာသာစကား ပေါ်လာတယ်။ ဒီဘာသာစကားကို ဖတ်နိုင် နားလည်နိုင်တဲ့ သူတွေဟာ စိတ်ကူးမှာ တအုပ်စုတည်းဖြစ်သွားတယ်။
နောက်တချက်ကတော့ ပုံနှိပ်စာပေတွေဖြစ်တဲ့ သတင်းစာတွေ၊ ၀တ္ထုတွေဟာ အချိန်နဲ့ နေရာကို မြင်တဲ့ အမြင်ကို ပြောင်းလဲစေခဲ့တယ်။ တသားတည်းဖြစ်ပြီး လစ်ဟာနေသော အချိန် ( homogeneous empty time) လို့ ခေါ်ရမယ်ထင်တယ်။ ဆိုလိုတာက ၀တ္တုတပုဒ်ကို ဖတ်တဲ့အခါ ဇာတ်ကောင် (က) က ဒီနေရာ ဒီအချိန်မှာ တခုခု လုပ်နေတယ်၊ အဲဒီအချိန်မှာပဲ နောက်ဇာတ်ကောင် (ခ) က အခြားတခုခု လုပ်နေမယ်ဆိုတာကို စာဖတ်သူတွေက သိနေတယ်။ ဒီလိုတပြိုင်နက်တည်း ဖြစ်ပျက်နေမှုတွေကို သိနေတဲ့ အသိဟာ အရင်က ဒီလောက်မထင်ရှားခဲ့ဘူး။ သတင်းစာဖတ်နေတာကလည်း အလားတူမျိုးပဲ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ ကိုယ်နဲ့ မသိတဲ့ အခြားသူထောင်ပေါင်းများစွာကလည်း ဒီသတင်းတွေ ဒီအဖြစ်အပျက်တွေကို ဖတ်နေ သိနေကြမယ်လို့ မသိစိတ်က လက်ခံထားတယ်၊ သိနေကြတယ်။ မမြင်ရတဲ့ ကြိုးနဲ့ ချိတ်ဆက်ပေးထားသလိုဖြစ်နေတယ်။ ဥပမာ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝင်းထွက်သည့် ပမာ ၀တ္တုလို၊ သပိတ်မှောက်ကျောင်းသားလို ၀တ္တုလိုမျိုးတွေက မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်ရေး လှုပ်ရှားရုန်းကန်မှုတွေကို စာဖတ်သူတွေရဲ့ စိတ်ထဲမှာ ပုံဖော်ပေးလိုက်တယ်။ ဒါတွေအားလုံးက ပုံနှိပ်လုပ်ငန်းရဲ့ အကျိုးဆက်တွေလို ဆိုနိုင်တယ်။ အဲဒီ အခြေခံပေါ်မှာ အမျိုးသားရေး အယူအဆတွေ၊ အတွေးအခေါ်တွေကို တဖြည်းဖြည်းတည်ဆောက်လာကြတယ်။
ဒီလိုဖြစ်စဉ်ကို လှိုင်း (၄) ခုနဲ့ ခွဲခြားမြင်နိုင်တယ်။ ပထမလှိုင်းကတော့ ကပြားရှေ့ဆောင်လှိုင်းလို့ ခေါ်ရမယ်၊ ၁၈ ရာစုနဲ့ ၁၉ ရာစုက စပိန် အမေရိကား၊ စပိန် ပီရူးက လှုပ်ရှားမှုတွေကို ဥပမာပေးလို့ရတယ်။ ကပြားတွေဆိုတာက ကိုလိုနီနယ်မြေမှာ မွေးဖွားကြီးပြင်းတဲ့ ဥရောပ နွယ်ဖွားတွေဖြစ်ပြီး ဘာသာစကား ယဉ်ကျေးမှုအရ မိခင်နိုင်ငံ ( ဥပမာ စပိန်၊ ဗြိတိန်) က လူတွေနဲ့ တူတယ်။ ဒါပေမယ့် ကိုလိုနီမှာ မွေးတဲ့ အတွက်ကြောင့် မိခင်နိုင်ငံမှာ မွေးတဲ့ လူတွေလောက် ရာထူးအခွင့်အလမ်း မရကြဘူး။ သူတိုရဲ့ ရာထူးအခွင့်အလမ်းက ကိုလိုနီ နယ်နိမိတ်အတွင်းမှာပဲ ကန့်သတ်ခံထားရတယ်။ ဆိုလိုတာက မက္ကဆီကိုမှာ အမြင့်ဆုံးရာထူးရသွားရင်ေတာင် စပိန်နိုင်ငံ မက်ဒရစ်က ရာထူးကို ဆက်တက်လို့ မရတော့ဘူး။ သူတိုရဲ့ ရာထူးတို ခရီးလမ်းဟာ ကိုလိုနီ နယ်နိမိတိအတွင်းမှာပဲ အဆုံးသတ်သွားတတ်တယ်။ ဒီလိုအတွေ့ကြုံတွေ တူညီတဲ့ ဘ၀တွေနဲ့ ဒေသတွင်းထုတ် သတင်းစာတွေရဲ့ အကူအညီနဲ့ အတူ သက်ဆိုင်ရာ ကိုလိုနီနယ်နိမိတ်အတွင်းမှာ သီးခြားငါတို့ဆိုတဲ့ အသိစိတ်ကို ပေါက်ဖွားလာစေတယ်။ ဘာသာစကားအရ စပိန်စကားပြောဖြစ်နေရင်တောင် မက္ကဆီကိုက စပိန်စကားပြော ငါတို့နဲ့ ပီရူးက စပိန်စကားပြော ငါတိုက မတူကြတော့ဘူး။ သီးခြား စိတ်ကူးပုံဖော်မှုတွေ ဖြစ်လာကြတယ်။
ဒုတိယလှိုင်းကတော့ ၁၉ ရာစု ဥရောပ စံပြပုံစံလှိုင်းဖြစ်တယ်။ ဒီလှိုင်းမှာတော့ အမျိုးသားရေးဝါဒဟာ ဘုံ ပုံနှိပ်ဘာသာစကားမှာ ပိုပြီးအခြေခိုင်လာတယ်။ ဂရိ၊ ဟန်ဂေရီ၊ ချက်၊ နော်ဝေးတို့လိုနေရာတွေမှာ တွေ့ရတယ်။ ဒီလှိုင်းမှာ အဘိဓာန်ပြုစုသူတွေ၊ သဒ္ဒါပညာရှင်တွေ၊ ရိုးရာပုံပြင် ရေးသားပြုစုသူတွေနဲ့ စာရေးဆရာတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါတယ်။ သူတို့ဟာ ဒေသသုံးဘာသာစကားတွေကို မြှင့်တင်ပြီး အမျိုးသားဘာသာစကားအဖြစ် စံသတ်မှတ်ပေးခဲ့ကြတယ်။ ဒီအချိန်မှာပဲ နိုင်ငံဆိုတာက အမေရိကားက အခြေအနေတွေကို ကူးချပြီး မော်ဒယ်တခုလိုဖြစ်လာတယ်။ နိုင်ငံဆိုတာ ဒီလိုပုံစံရှိရမယ်ဆိုတဲ့ blueprint တွေ အတွေးအခေါ်တွေ ပေါ်ထွက်လာတယ်။ ပြင်သစ်တော်လှန်ရေးရဲ့ လွှမ်းမိုးမှုကလည်း ခေတ်သစ်နိုင်ငံများ ပေါ်ထွန်းလာမှုနဲ့ အမျိုးသားရေးဝါဒ အားကောင်းမှုအပေါ် လွှမ်းမိုးမှုများ ရှိလာတယ်။ ဒါကြောင့်လည်း ဥရောပ တခွင်က အမျိုးသားရေး လှုပ်ရှားမှုတွေက ပိုပြီး လူထုနဲ့ နီးကပ်ပြီး အရောင်အသွေးပိုစုံလာတယ်။ လူမျိုးစု ဘာသာစကားကို အမျိုးသား ဘာသာစကားအဖြစ် တိုက်ပွဲဝင်တာမျိုး၊ အခြေခံ လူတန်းစားတွေကို အမျိုးသားရေး လှုပ်ရှားမှုထဲဆွဲသွင်းလာတာမျိုးတွေ ရှိလာတယ်။ ဥပမာ မြေကျွန်စနစ်ဖျက်သိမ်းရေး လှုပ်ရှားမှုတွေ ပိုအားကောင်းလာတယ်။
တတိယလှိုင်းကတော့ အစိုးရအာဘော် ( စပွန်ဆာ) အမျိုးသားရေးဝါဒ ( official nationalism) လှိုင်းလို့ ပြောလို့ရမယ်ထင်တယ်။ သူကျ့တော့ အရင်လှိုင်း နှစ်ခုနဲ့ ဆန့်ကျင်ဘက်သဘောမျိုး ရှိတယ်။ အောက်ခြေလူထုရဲ့ လိုလားချက်ကြောင့် ဖြစ်ပေါ်လာတာမျိုးထက် အပေါ်ကနေ အုပ်ချုပ်သူတွေကိုယ်တိုင် သွတ်သွင်းတဲ့ ပုံစံမျိုးဖြစ်တယ်။ အဓိကကတော့ ရှိရင်းစွဲ မင်းဆက်အင်ပါယာကြီးတွေဖြစ်တဲ့ ရုရှားက ဇာဘုရင်၊ ဗြိတိသျှအင်ပါယာ၊ ဩစတီးယား ဟန်ဂေရီ အင်ပါယာနဲ့ အာရှက အုပ်ချုပ်သူ အထက်တန်းလွှာတွေက ဦးဆောင်ပြီး လုပ်ဆောင်ကြမှုဖြစ်တယ်။ သူတို့က ပြည်သူလူထု ဦးဆောင်လှုပ်ရှားတောင်းဆိုတဲ့ အမျိုးသားရေး ဝါဒ အားကောင်းလာမှုကို မြင်တဲ့အခါမှာ ကိုယ့်အင်ပါယာ မင်းဆက်ကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်ရဲ့ အမှတ်အသားနဲ့ အမျိုးသားရေး အမှတ်အသားကို ရောစပ်လိုက်ခြင်းဖြစ်တယ်။ နိုင်ငံတော် သစ္စာကို အမျိုးသားပုံစံခွက်ထဲ ထည့်လိုက်တဲ့ သဘောဖြစ်တယ်။ ဥပမာ ရုရှားမှာ ရုရှားစာပေကို တရားဝင်စာပေအဖြစ် သတ်မှတ်ပြဌာန်းတာမျိုးတွေ၊ ရုရှားယဉ်ကျေးမှုကို သွတ်သွင်းဖို့ကြိုးစားတာရှိတယ်။ ဗြိတိသျှ အိန္ဒိယမှာဆိုရင်လည်း မက်ကောလေးရဲ့ ပညာရေးမူဝါဒကို ဥပမာပေးလို့ရတယ်။ အဲဒီ မူဝါဒအရ Englandsization ( အင်္ဂလိပ်မှုပြုခြင်း) ကို အားပေးတယ်။ သူက အိန္ဒိယ လူမျိုးစုတွေကို အင်္ဂလိပ်စိတ်သွတ်သွင်းခြင်းဖို့ ရည်ရွယ်တယ်။ သူ့ရည်မှန်းချက်က အသွေးနဲ့ အသားအရောင်အရ အိန္ဒိယ၊ ဒါပေမယ့် အရသာ၊ လူ့လောကအပေါ် အမြင်၊ ကိုယ်ကျင့်တရား စံတန်ဖိုးတွေနဲ့ အသိအမြင်အရ အင်္ဂလိပ်ဖြစ်မယ့် လူတန်းစားတရပ် မွေးထုတ်နိုင်ရေးဖြစ်တယ်။ ဒီလို အစိုးရ စပွန်ဆာ အမျိုးသားရေး ဝါဒတွေက တဖက်ကနေ ဖိအားပေး သွတ်သွင်းပြီး လုပ်ခဲ့ပေမယ့် ကိုလိုနီ နယ်မြေတွေမှာတော့ နောက်ဆုံးလှိုင်း အမျိုးသားရေး ဝါဒတွေ ပေါ်ထွန်းလာဖို့အတွက် ရေခံမြေခံတွေ ဖြစ်ပေါ်လာတယ်။
ဆက်ရန်
( မှတ်ချက် - Benedict Anderson ၏ Imagined Communities: Reflections on the Origin and Spread of Nationalism ကို မြန်မာစကားဖြင့် အကျဉ်းချုပ် ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ )
No comments:
Post a Comment