Monday, November 3, 2025

Parenting ဆိုတာ?

Parenting ဆိုတာ?
Parenting ဆိုတာ မိဘ (သို့မဟုတ်) မိဘသဖွယ် အုပ်ထိန်းသူတစ်ဦးအနေနဲ့ ကလေးကို မွေးထုတ်ပြီးနောက် ကိုယ်၊စိတ်/ ကာယ၊ဥာဏ နှစ်ပါးလုံး ကြီးထွားဖွံ့ဖြိုးအောင် ပြုစုထိန်းသိမ်းခြင်း၊ သင်ကြားခြင်း၊ လမ်းညွှန်ခြင်း၊ ပြုစုပျိုးထောင်ခြင်းက်ို ဆိုပါတယ်။ ပညာရှင် Diana Baumrind နဲ့ အခြားသုတေသနရှင်တွေရဲ့အဆိုအရ အခြေခံမူလ parenting styles သုံးမျိုး (နောက်ပိုင်းမှာ လေးမျိုး) ရှိပါတယ်။
Parenting Styles ၄ မျိုးအကြောင်းကို အတိုချုပ်ပြောပြပါ့မယ်။
၁။ Authoritative (မိဘရဲ့ အခွင့်အာဏာကို အပြည့်အဝလက်ကိုင်ထားပေမယ့် သားသမီးနဲ့ မိဘကြားချစ်ကြည်မှု၊ချစ်ခင်မှု ကို ထိန်းထားတဲ့ မိဘစတိုင်လို့ အလွယ်မှတ်လို့ရပါတယ်။ )
သားသမီးကို စည်းကမ်းတိတိကျကျသပ်သပ်မှတ်မှတ်ထားတယ်။ဒါပေမဲ့ မိဘနဲ့ သားသမီး ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးနေတယ်။ နားလည်မှုရှိတယ်။ သားသမီးရဲ့အမြင်ကို အမြဲနားထောင်တတ်တယ်။ ဒီ parenting စနစ်က ကလေးတွေအတွက်အကောင်းဆုံး စတိုင်အဖြစ် အများစုကသတ်မှတ်ထားကြပါတယ်။
အကြောင်းကတော့ ဒီလို အုပ်ထိန်းမှုကနေ ကြီးပြင်းလာတဲ့ ကလေးတွေရဲ့ အမူအကျင့်၊ အပြုအမူကို လေ့လာတဲ့ခါ ကလေးက မိမိကိုယ်ကို ယုံကြည်မှုရှိပြီး တာဝန်သိတတ်တဲ့ ၊ အတန်းထဲမှာလည်း အများကိုဦးဆောင်နိုင်စွမ်း၊ အများနဲ့ ပူးပေါင်းလုပ်နိုင်စွမ်းရှိသူတွေ ဖြစ်လာတာကို တွေ့ရလို့ပါပဲ။
၂။ Authoritarian (မိဘက အထူးအာဏာကို အပြည့်အဝယူထားတဲ့ စနစ်)
ဒီစတိုင်မှာတော့ မိဘက သားသမီးကို စည်းကမ်းတကျထားတယ်။ “ငါက မိဘ၊ ငါပြောတဲ့အတိုင်းလုပ်” ဆိုတဲ့ မိဘrole ကို အပြည့်အဝယူထားပါတယ်။သားသမီးကို ချစ်ပေမဲ့ ခံစားချက်ကိုမဖော်ပြတတ်ကြပါဘူး။ အကြောင်းအရာ၊ ကျိုးကြောင်းရှင်းပြတာမျိုး၊ ကျိုးကြောင်းဆီလျှော်အောင် ပြောပြတာမျိုးတွေ ရှည်ရှည်ဝေးဝေး ပြောမနေဘဲ “ဘာဖြစ်ဖြစ် လုပ်လိုက်” ဆိုတဲ့ အာဏာသံနဲ့ အုပ်ချုပ်တတ်ပြောတတ်ကြပါတယ်။
ဒီလို မိဘအုပ်ထိန်းမှုကနေ ကြီးပြင်းလာတဲ့ ကလေးတွေရဲ့ အကျင့်အပြုအမူကို လေ့လာတဲ့ခါ ကလေးတွေကကြောက်တတ်ကြပြီး အရာရာမှာ တွန့်ဆုတ်တတ်၊ တစ်ခုခုဆို တုံ့ပြန်မှုနည်းပြီး စိတ်ဖိဆည်းမှုများတဲ့ ကလေးတွေ ဖြစ်လာတတ်ကြတာကို တွေ့ရပါတယ်။
၃။ Permissive (မိဘက အမြဲ ပြုံးပြုံး ပျော်ပျော်နဲ့ သားသမီး အကြိုက်၊ အလိုက်အထိုက်နေပြီး ထိန်းကြောင်းတဲ့ စတိုင်မျိုးပါ။ )
မိဘက ချမှတ်ထားတဲ့ စည်းကမ်းနည်းပြီး ကလေးလိုချင်တာကို အများအားဖြင့် လိုက်လျောပေးတတ်ကြပါတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေးထက် ကိုယ့် ကလေးကို သူငယ်ချင်းပေါင်း ပေါင်းပြီး အလိုက်သင့် ထိန်းကြောင်းခြင်းပါ။
ဒီလိုနည်းနဲ့ အုပ်ထိန်းခံရပြီး ကြီးလာတဲ့ သားသမီးတွေရဲ့ အကျင့်အပြုအမူကို လေ့လာရာမှာ ကလေးတွေဟာ စည်းစနစ်ကျနမှု မရှိ၊ စည်းကမ်းမရှိဘဲ အခက်အခဲကြုံလာရင်လဲ သေချာကိုင်တွယ်ဖြေရှင်းတတ်မှု မရှိတာက်ို တွေ့ရပါတယ်။
၄။ Neglectful / Uninvolved (သားသမီးပျိုးထောင်မှုကို လုံးဝစိတ်ပါဝင်စားမှုမရှိ၊ ကျောင်းထားပေးပြီးရင် တာဝန်ကျေပြီလို့ မှတ်ယူပြီး ဘယ်နေရာမှ ဝင်မပါသော အေးရာအေးကြောင်းမိဘမျိုးပါ)
သားသမီးသံယောဇဉ်နည်း၊ သားသမီးကို ချစ်ခြင်းနည်းပြီး ဘာ စည်းကမ်းမှလည်းမရှိ၊ အေးရာအေးကြောင်းပစ်ထားတတ်ပါတယ်။ ကလေးရဲ့ ဘဝမှာ မိဘမပါဝင်သလောက် ခပ်ခွါခွါနေပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ့်သားသမီး ဘယ်အတန်းရောက်လို့ ရောက်မှန်းတောင် သိချင်မှ သိပါမယ်။
ဒီလိုမိဘ လက်ထဲကနေ ကြီးပြင်းလာတဲ့ ကလေးတွေကို လေ့လာရာမှာ ကလေးတွေဟာ အများအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုမရှိ၊ စိတ်ဖိစီးမှုများ၊ ပညာရေးနဲ့ လူမှုဆက်ဆံရေးမှာ အလွန် အားနည်းတာကို တွေ့ရပါတယ်။
ဒါကတော့ ရှေးဦးပိုင်း တွေ့ရတဲ့ Parenting Styles ၄ မျိုးပါ။
🔍 နောက်ထပ် သုတေသနတွေကနေတဆင့် Modern parenting styles တွေ ထပ်ထွက်လာပါတယ် — ဥပမာ-
၁။ Helicopter parenting (အပေါ်စီးကနေကြည့်နေတဲ့မိဘအုပ်ထိန်းမှုစတိုင်)
၂။ Free-range parenting (လွတ်လပ်ခွင့်အနည်းငယ်ပေးတဲ့မိဘစတိုင်)
၃။ Attachment parenting (သံယောဇဉ်၊မေတ္တာကိုအခြေခံတဲ့မိဘစတိုင်)ပါ။
ပညာရှင်တွေလေ့လာချက်စာတမ်းတွေအရ ပြောပြရရင်-
၁။ Helicopter Parenting (အပေါ်စီးကနေကြည့်နေတဲ့မိဘအုပ်ထိန်းမှုစတိုင်)
မိဘအနေနဲ့ “ကလေးမမှားစေချင်လို့” ဆိုတဲ့အကြောင်းပြချက်နဲ့ “Helicopter” လို ကလေးနားမှာ အမြဲတမ်း တစ်ရစ်ဝဲဝဲနေတယ်။ ကလေးလုပ်နေတာတွေကို အမြဲစောင့်ကြည့်၊ ပြင်ပေး၊ လုပ်ပေး၊ တစ်ခုခုမှားမှာ စ်ိုးနေ သံသယဖြစ်နေတတ်တယ်။ တခါတလေမှသာ လွတ်လပ်ခွင့်နည်းနည်းပေးတတ်ပါတယ်။
ဥပမာ: ကလေး homework မပြီးသေးလို့ မိဘက ကူလုပ်ပေးတယ်။ ကလေးက တခုခုလုပ်ရင် ဘာဖြစ်မှာစိုးလို့ ညာဖြစ်မှာစိုးလို့ဆိုပြီး အမြဲတားတယ်။ ဆရာနဲ့ အတန်းသားသူငယ်ချင်းတွေကြားမှာ တောင် မိဘက ဝင်လာပြောတတ်၊ ပါတတ်ပါတယ်။
ဒီလိုအုပ်ထိန်းမှု ကြောင့် ကလေးရဲ့ အစောပိုင်းကာလ (early childhood) မှာကလေးအတွက် အန္တရာယ်နည်းတတ်၊မိဘနဲ့ ချစ်ခင်တွယ်တာမှု အားကောင်းတတ်ပါတယ်။
ဒါပေမယ့် ဒီလိုကလေးတွေမှာ စိတ်မတည်ငြိမ်တတ်ဘဲ မိမိကိုယ်ကို ယုံကြည်မှု နည်းတယ်။အပြင်လောကကို အပြင်းအထန်ကြောက်တတ်တယ်။ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းအင်မတန်နည်းပါတယ်။ စိတ်ဖိစီးမှုမြင့်ပြီး မိဘမပါရင် ဘာမှမလုပ်တတ်ကြပါဘူး။
၂။ Free-range parenting (လွတ်လပ်ခွင့်အနည်းငယ်ပေးတဲ့မိဘစတိုင်)
ကလေးတွေကို လုံလောက်တဲ့ လုံခြုံမှုရှိတဲ့အတိုင်းအတာအတွင်းမှာ အတွေ့အကြုံကောင်းရအောင် လွတ်လပ်ခွင့်ပေးတဲ့စတိုင်လို့ အလွယ်မှတ်လို့ရပါတယ်။ ကိစ္စတခုခုဆို မိဘက အကြံဉာဏ်ပေးတတ်ပေမဲ့ ဘာလုပ်ပါ ဘာမလုပ်နဲ့လို့ မထိန်းချုပ်ပါဘူး။ အချို့သောအမှားတွေကနေတဆင့် သင်ယူခွင့်ပေးတတ်တယ်။
ဥပမာ:ကလေးကို အိမ်နားက ကစားကွင်းမှာသွားကစားခွင့်ပေးတယ်။ Homework ကို သတိပေးပေမဲ့ လုပ်ပြီး၊ မပြီး ၊ မှန်/မမှန်မစစ်ပေးဘူး။ လမ်းထဲက စျေးဆိုင်မှာ ဟိုဟာဒီဟာ သွားဝယ်ခိုင်းတတ်တယ်။ ဝယ်ချင်ရင် ခွင့်ပြုတယ်။
ဒီလိုကလေးတွေ ကို လေ့လာကြည့်တော့ အားသာချက်အနေနဲ့ ကလေးတွေက မိမိကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုတန်ဖိုးကို နားလည်လာတယ်။ တာဝန်သိစိတ်ရှိပြီး သင်ယူနိုင်စွမ်းမြင့်လာတယ်။ အပြင်လောကကို မကြောက်ဘူး။ အပြင်လောကကနေတဆင့် သင်ယူတတ်၊ ပေါင်းသင်းတတ်လာတယ်။
အားနည်းချက်က မိဘကပေါ့ဆမိရင် အတိုင်းအဆ မှားရင် ကလေးဘဝလုံခြုံမှုနည်းပြီး အန္တရာယ်ရှိနိုင်ပါတယ်။ မိဘကမအားလို့ မကြည့်နိုင်လို့လွတ်သွားရင် ကလေးက လွတ်လပ်မှုလွန်ပြီး အကျင့်ပျက်သွားနိုင်ပါတယ်။
၃။ Attachment Parenting (သံယောဇဉ်၊မေတ္တာကိုအခြေခံတဲ့မိဘစတိုင်)
ကလေးနဲ့ emotional bond (စိတ်ခံစားမှုချင်းဆက်နွယ်မှု) ကို အခြေခံထားတဲ့ စတိုင်ပါ။ ကလေးနဲ့ အနီးကပ်နေမှု၊ နားလည်မှု ၊ ချစ်ခင်ကြင်နာမှုကို အခြေခံပြီး ထိန်းကြောင်းပါတယ်။ ကလေးနဲ့ အမြဲတမ်းနီးနီးကပ်ကပ် နေတတ်ပါတယ်။ ဒါ့အပြင် မိဘက ကလေးရဲ့ စိတ်ခံစားမှုကို အလေးပေးပါတယ်။
ဥပမာ:ကလေးငိုရင် ချက်ချင်းပျော်ရွှင်အောင် စိတ်ပြောင်းအောင်လုပ်ပေးတယ်။ကလေးက ပျော်ပွဲစားသွားချင်တယ်ဆိုရင်လည်း သွားဖို့ လိုက်လျောပေးတယ်။
ညဆ်ိုလဲ အိပ်ယာခွဲမသိပ်ဘဲ အိပ်ရာတစ်ခုထဲမှာပဲ အိပ်ကြတယ်။
ဒီလိုပျိုးထောင်မှုနဲ့ ကြီးလာတဲ့ ကလေးတွေကို လေ့လာရာမှာအားသာချက်က ကလေးတွေဟာ စိတ်တည်မြဲမှုရှိပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတယ်။နောင် အရွယ်ရောက်လာတဲ့ခါလဲ လူမှုဆက်ဆံရေးကောင်းကြတယ်။ စိတ်ဖိစီးမှုကိုလဲ ဖြေရှင်းနိုင်ကြပါတယ်။
မကောင်းတဲ့အားနည်းချက်က ပြုစုထိန်းကျောင်းရတဲ့ မိဘအနေနဲ့ စိတ်ပင်ပန်းလွယ်ပြီး ကိုယ်ပိုင်အချိန်အလွန်နည်းပါတယ်။ ငယ်တဲ့အချ်ိန် ( ဥပမာ ၃-၅ နှစ် ) မှာ မိဘကို အလွန်အမင်းကပ်နေတာကြောင့် ကလေးမှာ အခြားသူအပေါ် မယုံကြည်တာ၊ အခြားသူတွေနဲ့ မနေချင်တာ ၊ မိဘ မှ မိဘ - မခွဲနိုင်မခွါရက် ပူးကပ်နေတာတွေ ကြုံရနိုင်ပါတယ်။
ကဲ စာဖတ်ကြည့်ပြီး ကိုယ် ကလေးဘဝက ဘယ်လိုနည်းနဲ့ ပျိုးထောင်ခံခဲ့ရလဲ၊ ကိုယ့်သားသမီးကို ဘယ်လိုနည်းနဲ့ ပျိုးထောင်မိနေလဲ၊ ကိုယ့် ကလေးအတွက် ဘယ်စတိုင်က အကောင်းဆုံးဖြစ်မလဲဆိုတာကို တစ်ခုပြီးတစ်ခုပြန်သုံးသပ်ကြည့်ပါအုံးနော်။
ချစ်တဲ့

လေးစံပယ် 

No comments:

Post a Comment