သူမက “ NO “ လို့
Hollywood မှာ ဩဇာအာဏာအရှိဆုံးလူတယောက်ကို
ပြောခဲ့တယ်။
အဲဒီအတွက် သူမ အရာရာကိုပေးဆပ်ခဲ့ရတယ်။
ဒါပေမဲ့လည်း သူမရဲ့သတ္တိကြောင့်
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်။
၁၉၉၇ ခုနှစ်မှာ Ashley Judd နာမည်ဟာ
နေရာစုံမှာ ကျော်ကြားလာတယ်။
သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kiss the Girls ဇာတ်ကားက
သူမကို Hollywood ရဲ့ အတောက်ပဆုံးကြယ်တပွင့်
ဖြစ်လာစေတယ်။
မဂ္ဂဇင်းမျက်နှာဖုံးတွေ ဆုပေးပွဲသတင်းတွေ
ရုပ်ရှင်ရိုက်ကူးဖို့သဘောတူစာချုပ်တွေနဲ့
သူမရဲ့ အနာဂတ်များ သာယာတောက်ပခဲ့တယ်။
ထုတ်လုပ်သူ Harvey Weinstein က
သူမကို Beverly Hills မှာရှိတဲ့ Peninsula Hotel မှာ
စီးပွါးရေးဆိုင်ရာအစည်းအဝေး တခုတက်ဖို့
ဖိတ်ကြားခဲ့တယ်။
ဟိုတယ်ကိုရောက်တာနဲ့ တခုခုတော့မှားနေပြီ
ဆိုတာ သူမ ခံစားလိုက်မိတယ်။
Weinstein က ရေချိုးခန်းဝတ်စုံနဲ့ တံခါးလာဖွင့်ပေးပြီး
သူ့ကို နှိပ်နယ်ပေးဖို့ ကမ်းလှမ်းတယ်။
ပြီးတော့ သူရေချိုးတာကို ကြည့်မလား လို့မေးလာတယ်။
သူမရင်ထဲ စူးကနဲ ခံစားလိုက်ရတယ်။
ဒါ စီးပွါးရေးနဲ့ မဆိုင်ဘူး၊ ထောင်ချောက်တခုပဲ။
ဒါနဲ့ သူမလည်း
တောင်းဆိုမှုတိုင်း လှည့်စားမှုတိုင်းကို “ NO “
လို့ငြင်းလိုက်ပြီး ထပြန်ခဲ့တယ်။
လူအများစုက ထင်ကြတယ်
သူမဘဝ အဆုံးသတ်သွားပြီ လို့။
သူမပြောခဲ့တဲ့စကားတွေကြောင့်
သူမဘဝမှာ အကာအကွယ်မရှ်ိတော့ဘူး။
အရည်အချင်းတွေ ဘာမှလုပ်မရတော့ဘူး။
Hollywood လောကမှာ
Harvey Weinstein ကို “ NO “ လို့ပြောလိုက်တာဟာ
ပြန်လည်ပေးဆပ်ရမှု ကြီးမားတယ်။
ကလာကာနောက်ကွယ်မှာ
Harvey Weinstein ဟာ သူ့အာဏာ ပါဝါကိုသုံးပြီး
သူမရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ဖျက်ဆီးပစ်တယ်။
Weinstein က သူမကို “ difficult “ လို့ခေါ်ပြီး
သူမကို မငှါးကြဖို့ မခေါ်ကြဖို့ မသုံးကြဖို့
ဒါရိုက်တာတွေ စတူဒီယိုတွေကို သတိပေးလိုက်တယ်။
သူမ အခွင့်အလမ်းတွေရှိနေတာကို
သူမ မသိအောင် ဖျက်ဆီးပစ်လိုက်တယ်။
နှစ်ပေါင်းများစွာကြာပြီးမှ
ဒါရိုက်တာ Peter Jackson က
အမှန်တရားကို ထုတ်ဖေါ်ဖွင့်ချလာတယ်။
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္မဏီတခုဖြစ်တဲ့ Miramax က
Peter Jackson ကို ပြောခဲ့တယ်၊
The Lord of the Rings ရုပ်ရှင်မှာ Ashley Judd မသုံးဖို့။
သူမကို “ a nightmare ” လို့ သုံးနှုံးခဲ့တယ်။
အဲဒီတုန်းက သူတို့အပြောတွေကို ယုံကြည်ခဲ့ပြီး
သူမကို ခေါ်သုံးဖို့ တချက်လေးတောင်မစဉ်းစားခဲ့မိဘူး
လို့ဖွင့်ဟလာတယ်။
The Lord of the Rings ဟာ သမိုင်းတလျှောက်
အကြီးကျယ်ဆုံး movie franchise များထဲမှ တခုပါ။
သူမ ဆုံးရှုံးသွားမှန်းတောင်
သူမ မသိခဲ့ရတဲ့ ဇာတ်ရုပ်တခုပေါ့။
အရှက်ရအောင် ငြင်းပယ်လိုက်တဲ့ အကျိုးဆက်ပဲ။
အဲဒါဟာ အလုပ်တခု လက်လွတ်သွားရုံမဟုတ်ဘူး၊
အပြစ်ပေးခြင်းပါ။
အခြားမိန်းကလေးတိုင်းကို သတိပေးချက် တခုပါ။
Ashley ဟာ အနှစ် ၂၀ နီးနီး တိတ်တဆိတ်နေခဲ့တယ်။
သူမရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တန့်သွားတာ
အကြောင်းရင်းက ဘာကြောင့် ဆိုတာသူမ သိတယ်။
ဒါပေမဲ့ သူမ သက်သေမပြနိုင်ခဲ့ပဲ လျှောက်ပြောနေရင်
အန္တရာယ်ပိုများလာမယ် ဆိုတာလည်း သူမသိတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့
အရာရာပြောင်းလဲသွားပြီ။
The New York Times သတင်းစာက
Harvey Weinstein ဆယ်စုနှစ်များစွာ
နိုင့်ထက်စီးနင်းပြုထားတဲ့အမှုတွေကို စုံစမ်းနေတယ်
လို့ဖေါ်ပြလာတယ်။
အဲဒီအချိန်မှာ Ashley Judd ရှေ့ရောက်လာတယ်။
ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့နဲ့ အမှန်တရားကို
ဇာတ်ကြောင်းစုံ ဖွင့်ချလိုက်တယ်။
ပြန်ပေးဆပ်ရမယ့်တန်ဖိုး သူမ သိတယ်။
ဒီတကြိမ်မှာတော့ သူမတယောက်ထဲ မဟုတ်တော့ဘူး။
သူမရဲ့ ရဲစွမ်းသတ္တိက စခဲ့တာ။
မိန်းကလေး ဒါဇင်ပေါင်းများစွာ ရင်ဖွင့်လာကြတယ်။
နောက်တော့ မိန်းကလေး ရာကျော်ဖြစ်လာတယ်။
ဒီနောက် ထောင်ဂဏန်းဖြစ်လာတယ်။
ရုပ်ရှင်လောကနယ်ပယ်တခုလုံး
“ Me too ” ဆိုတဲ့အသံတွေ ဆူညံလာတယ်။
သူ့ကို ဘယ်သူမှ မထိနိုင်ဘူး၊ မတွန်းလှန်နိုင်ဘူး
ဆိုတဲ့ Harvey Weinstein တယောက်
စွဲချက်အတင်ခံရပြီး
ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံလိုက်ရတယ်။
တကယ်တော့ Ashley Judd ဟာ
နိုင့်ထက်စီးနင်းလုပ်တာကိုပဲ “ NO “ ပြောရုံမဟုတ်ဘူး၊
တိတ်တိတ်လေးနေဖို့ကိုလည်း “ NO "
ပြောလိုက်တာပါ။
သူမ ဒီလိုလုပ်လိုက်တာဟာ
နောင် ဖြစ်လာမယ့်
မျိုးဆက်သစ်သားကောင်လေးတွေကိုလည်း
ကာကွယ်ပေးလိုက်တာပါ။
သူမရဲ့ အသက်မွေဝမ်းကြောင်းမှု အခိုးခံလိုက်ရတယ်၊
နှစ်ပေါင်းများစွာမက်ခဲ့ရတဲ့အိမ္မက်လည်း
အဖျက်ဆီးခံလိုက်ရတယ်။
ဒါပေမဲ့ သူမပြန်ပေးလိုက်တဲ့အရာက
ရုပ်ရှင်ကမ္ဘာကြီးအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။
စနစ်ကြီးက ရုတ်တရက်ဂရုပြုလာလို့ မဟုတ်ဘူး။
Ashley Judd လိုအမျိုးသမီးတဦးက
တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်လို့ ပြောင်းလဲလာတာ။
A single voice can shatter decades of silence.
No comments:
Post a Comment