Sunday, November 9, 2025

Healthy Ego (to Eliminate the non-essential)

လူတွေဟာ ကိုယ်မကြိုက်၊ ကိုယ်ကြည့်မရပါဘူးဆိုတဲ့လူတွေကို “ မကြိုက်ကြောင်း ပြပြီး အရောင်တင်လေ့ ရှိကြတယ် ” ။
🔲
ပါဆင်နယ်အရ ရန်ငြှိုးရန်စလဲ ရှိတယ်၊ ကိုယ်နဲ့ကီးမကိုက်တာလဲ သိတယ်၊ ရေရှည်မှာ ဓာတ်မတည့်ဘူးဆိုတာကိုလဲ သိတယ်၊ ကိုယ့်ဘဝအတွက် အရေးမပါဘူး ဆိုတာကိုလဲပဲ မသိတာ မဟုတ်ဘူး၊ သိသိကြီး။
သိတာတောင် ကိုယ်ကြည့်မရတဲ့အကြောင်းကို Attention ပေးနေမိတယ်။ စာတစ်တန် ပေတစ်တန်နဲ့ လူသိရှင်ကြား ပြန့်အောင် ရေးသားဖော်ပြတာ၊ စောင်းမြောင်း တိုက်ခိုက်တာ၊ အထုပ်ဖြေချတာတွေနဲ့ Polish လုပ်၊ သူ့..အကြောင်းကို အရောင်တင်ပေးကြတယ်။
ဒီလိုလုပ်လိုက်လို့ စိတ်သက်သာရာ ရချင် ရသွားနိုင်တယ်ဆိုပေမဲ့ တခြားတစ်ဖက်မှာ ကိုယ်နဲ့ ရန်ငြှိုးရန်စ ရှိတဲ့လူပဲ ကိုယ့်ကြောင့် နာမည်ရ၊ သတင်းကျော်ဇော၊ အမြတ်ရနေတာကို မသိဘူး။ သူ့ဘက်ကတော့ ဂရုစိုက်ဖို့မလိုဘူးလေ။
သူ့အမြင်မှာတော့.. သူ့ကို ဂရုတစိုက်ရှိလို့၊ မနာလိုလို့၊ ကြည့်မရလို့ ဝိုင်းတိုက်ခိုက်ကြတာဆိုပြီး သွေးနားထင်ရောက် မြောက်ကြွမြောက်ကြွ ဖြစ်၊ မင်းတို့ ကြိုက်သလို ဝေဖန်ပါ ငါကတော့ ထမင်းစား ပြတ်မသွားဘူးဆိုပြီး တလွဲမာနဖြစ်နေမှာပဲ။
◾တစ်ခါတလေ ကိုယ် လျှောက်နေတဲ့လမ်းကြောင်းပေါ်မှာ တလွဲမာနဝင်နေတဲ့သူတွေနဲ့ဆုံတဲ့အခါ ကိုယ့်ဆီမှာလဲ Healthy Ego.. ဆိုတာ ရှိသင့်တယ်။ အနုစား မာနပဲဆိုဆို အတ္တအသေးစား ဆိုဆို၊ Healthy Ego ကတော့ ရှိနေမှကို ဖြစ်မယ်။
မောက်မာတာမဟုတ်ဘူး၊ ဂုဏ်ဆာတာမဟုတ်ဘူး။ ကိုယ့်အနေအထားကြီးနဲ့ ကိုယ် ကြည့်မရ၊ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ လူတစ်ယောက်အကြောင်းကို သူ့နာမည် ထုတ်မပြောချင်တဲ့အထိ ပါးစပ်ဖျားပေါ်တင်ပြီး စာဖွဲ့ မနေတော့တာ။
ဒါ Healthy Ego ပဲ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် Self-respect ပြန်ပေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် တန်းတစ်ခုထားပြီး “ ငါ့အနေအထားကြီးနဲ့.. သူ့အကြောင်း ပြောဖို့ သိပ်အားမနေဘူး.. ငါ့အတွက် အရေးလဲ မပါဘူး ” ဆိုတာမျိုးပေါ့။
ရင့်သီးတယ်လို့ ထင်ရပေမဲ့ ရေရှည်မှာ ကိုယ်နဲ့ကီးမကိုက်၊ ဓာတ်မတည့်၊ Chemistry မမိတဲ့ လူနဲ့ ထပ်ပြီးမပတ်သက်ဘဲ နေတာ၊ ကိုယ်.. မကြိုက်ကြောင်း ရွံကြောင်း ကြည့်မရအကြောင်းကို Attention မပေးတာဟာ Healthy Ego ပဲ။
◾နောက်တစ်ခုက Social Minimalism လုပ်တတ်ဖို့ပါ။
Minimalism ကို ခပ်တိုတို ပြောရရင် “ ကိုယ့်ဆီမှာ မလိုတော့တာကို ဖယ်ပြီး ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းသွားတာ ” ။ “ Eliminate the non-essential ” လို့လဲ ဆိုကြသလို Living with Less လို့လဲ ဆိုကြသေးတယ်။
ဘယ်လိုဆိုဆို၊ သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ လိုအပ်တာလေးနဲ့ ဘဝကို ရှင်သန်တာပါ။ ဒီလိုပြောလို့ ရှိတာ အကုန်စွန့်၊ တောထွက်ဖို့မဆိုလိုဘူး။ တောထွက်ဖို့လဲ မလိုပါဘူး။
ခေတ်က ရုပ်ဝတ္ထုတွေ၊ စိတ်အညှီအဟောက်တွေ များလာတဲ့ခေတ် ဖြစ်နေတော့ အရှုပ်ထဲ ရှင်းအောင်နေတတ်မယ်ဆိုရင်.. ဒါ Manimalism လုပ်နိုင်ပြီလို့ ပြောလို့ရပါတယ်။
အရေးမပါ၊ အရေးမကြီး၊ အကျိုးမရှိ၊ ဦးစားမပေးသင့်တာတွေကို အာရုံမစိုက်ဘဲ နေတာ။ ဒီအထဲ စိတ်ခံစားချက်ပါမယ်၊ လူတွေ၊ ပစ္စည်းပစ္စယတွေ၊ ဆိုရှယ်မီဒီယာပေါ်က ပွဲတွေ၊ ပွဲနဲ့အတူတူပါလာတဲ့ အမှိုက်တွေ ဒိုက်တွေကို ဘေးဖယ်ထားနိုင်တာမျိုး။
အခု ပြောမဲ့ Social Minimalism ကလဲ Minimalism ထဲမှာ ရှိတဲ့ Chapter တစ်ခုပဲ။ သူက ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ကိုယ့်ဘဝအတွက် အရေးမပါ၊ အရေးစိုက်ဖို့ မလို၊ အရေးစိုက်လဲ ဘာမှမထူးတဲ့လူတွေကို Attention မပေးဘဲ နေတာပါ။
ကိုယ်ရောစိတ်ပါ အပူစာမိစေတဲ့ Toxic Relationship ပါမယ်၊ အပြင်ပန်းချိုပြီး သန္ဓေပုပ်တဲ့ Toxic People တွေ ပါမယ်၊ အညှီအဟောက် အတင်းအဖျင်းတွေကိုမှ ခံတွင်းမြိန်တဲ့လူတွေ စုဝေးရာ Toxic Enviroment တွေ ပါနေမယ်။
◾ကိုယ့်အတွက် အရေးမပါနေမှန်းလဲ သိတယ်၊ အာရုံထဲ မထားလဲ ဘာအကျိုးမှမမဲ့ဘူးဆိုတာလဲ သိတယ်၊ ဒါပေမဲ့ Social minimalism မလုပ်တတ်ဘူး။
ပြီးရင် ခေါင်းငုံ့ခံတတ်တဲ့အကျင့်၊ အားနာတတ်တဲ့အကျင့်၊ မပြောရဲမဆိုရဲ၊ ကြောက်စိတ်၊ သူ့ကို မခေါ်ရင် သူဘယ်လို ထင်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်၊ သိမ်ငယ်စိတ်ကပါ ရှိတော့ ပိုတောင် ဆိုးသွားတယ်။
ဆရာမင်းလူ ပြောသလို၊ “ ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေ မပါဘဲနဲ့တော့ ပန်းပုရုပ် တစ်ရုပ်ဖြစ်မလာနိုင်ဘူး ” ဆိုတဲ့စကား၊ ပြန်တွေးမိတိုင်း သဘောကျရတယ်။ ပန်းပုရုပ်ဆိုတဲ့သဘောက မလိုတာကို ဖယ်လိုက်မှ ရုပ်လုံးကြွလာတာကိုး။
Social Minimalism ကလဲ ဒီသဘောပဲ.. ကိုယ့်ဘောင်ထဲမှာ ကိုယ့်အတွက် စိတ်ကင်ဆာဖြစ်စေတဲ့လူတွေကို ဖယ်ပစ်လိုက်တာ။ ဒီနေရာမှာ ချမ်းသာတာကို ကြည့်ပြီးပေါင်းတာ၊ အာဏာလိုချင်လို့ ဖိနပ်ကို လျှာနဲ့ သွားလျက်နေတာ၊ အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်ရှိတဲ့လူအနား ကပ်တာနဲ့ Social Minimalism ကို ရောမသွားစေချင်ဘူး။
ကိုယ့်အဝိုင်းအဝန်းထဲမှာ ကိုယ်နဲ့ တန်ဖိုးထားမှု ဆင်တူတဲ့လူနဲ့ ရွေးပေါင်းတာ။ အဆင့်အတန်းခွဲတာထက် သူနဲ့ကိုယ်က Educated ဖြစ်ပုံချင်း မတူတာ၊ ဉာဏ်ရည်ကွာနေတာ၊ ခံယူချက်၊ ရင်ဘတ်ချင်း မနီးစပ်တာလို့ ပြောရင် ပိုမှန်လိမ့်မယ်။
◾အရင်တုန်းက ကိုယ်နဲ့သိဖူးတဲ့လူတစ်ယောက်ကို သွားနှုတ်ဆက်လို့ သူ့ဘက်က မသိကျိုးကျွံပြုသွားတာ၊ အထာကိုင်တာ၊ ကိုယ့်ကို မသတီသလို လုပ်သွားရင် စိတ်ထဲ နင့်နေအောင် လိုက်ခံစားဖူးတယ်။ ဘာအမှားလဲ မလုပ်ထားဘူးနော်။
ဒါပေမဲ့ သူ့အမြင်မှာ ကိုယ့်ကို ကြည့်မရတာ၊ မခေါ်မပြောချင်တာ၊ မဟုတ်ဘဲ သူကိုယ်တိုင်က Social Intelligence Proverty -ပေါင်းသင်းဆက်ဆံရေးဉာဏ် ချို့တဲ့နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။
မရင့်ကျက်ခင် အချိန်တုန်းကတော့.. လိုက်ခံစားနေမိတာပေါ့။ Social Minimalism.. အကြောင်း နားလည်သွားတဲ့အခါ ကိုယ်နှုတ်ဆက်လို့ ကိုယ့်ကို လျစ်လျူရှုသွားလဲ ဘာဆိုဘာမှ ခံစားမနေတော့ဘူး၊ စာမဖွဲ့တော့ဘူး၊ မဖြုံတော့ဘူး။
တစ်ခါတလေကျ ကိုယ်ဘာမှမလုပ်ဘဲနဲ့ ပလိန်းကြီး လာဆဲနေတဲ့လူလဲရှိသလို၊ ကိုယ်လဲ မသတီလို့ သွားသွားဆဲမိနေတာလဲ ရှိတယ်။ လောကကြီးမှာ ရာနှုန်းပြည့်အချစ်ခံရတဲ့လူဆိုတာ မရှိဘူး။
ဒါပေမဲ့ Social Minimalism မလုပ်တတ်တဲ့အခါကျတော့ ကိုယ်တကယ် အရေးစိုက်ရမဲ့မိသားစု၊ အပေါင်းအသင်းကိုကျ Qualtity time ပေးဖို့.. မေ့နေတာပဲ။ နောက်ဆက်တွဲကတော့.. ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး ချဉ်ဖတ်တွေ ဖြစ်သွားတယ်။
◾ဆိုတော့ ကိုယ့်အတွက် မလိုတဲ့လူတွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်လိုက်ရင် အာရုံနောက်ရတာ စိတ်မကြည်ရတာတွေ နည်းနည်းချင်းစီ သက်သာစေပါတယ်။ ဘာလို့ Attention ပေးနေမှာလဲ။
မျက်စိနောက်တယ်လဲဆိုတယ်၊ Attention လဲ.. သွားပေးနေမိတယ်ဆိုရင် Self-respect မဲ့၊ ကိုယ်ကိုယ်ကိုယ် ပြန်မလေးစားရာ ရောက်သွားတယ်။ “ ရွှံ့အိုင်ထဲ ဝက်နဲ့အပြိုင် ကိုက်ရင် ဝက်ကြိုက်တယ် ” ဆိုတာကို သိထားရပါမယ်။
“ ငါ့အနေအထားကြီးနဲ့ ” ဆိုတဲ့ Healthy Ego လေးထား၊ ကိုယ့်ကိုယ်ကိုယ် Self-respect ပေးတတ်ရင် နေရာတိုင်းကို လိုက်မခံစားတော့ဘူး၊ တစ်နည်းအားဖြင့် Eliminate the non-essential (the toxic people) လုပ်တတ်ဖို့ပဲ။
ဘုန်းမောင်ဦး
သြဂတ် ၂၂၊ ၂၀၂၅။

No comments:

Post a Comment