မကြည်ညိုသေးသောသူတို့ကို ကြည်ညိုစေခြင်းငှါ
ကြည်ညိုပြီးသောသူတို့ကို အကြည်ညိုတိုးပွါးစေခြင်းငှါ
ဒါက သိက္ခာပုဒ်ပညတ်ခြင်းရဲ့ အကြောင်းထဲမှာ ပါတယ်။
===
ကောသမ္ဗီပြည် သံဃာကွဲတဲဲ့ အရေးအခင်း ဖြစ်လိုက်တော့ ဒီလောက်များပြားတဲ့ သံဃာတွေဟာ အချင်းချင်း မကြည်ညိုကြတဲ့ ပြဿနာ ဖြစ်နေတယ်။
ဒါနဲ့ပဲ ဘုရားရှင်က မြို့ကို စွန့်ခွါ, ပါလိလေယျကတောကို ကြွ။
လမ်းခုလပ် အရှေ့ဝါးတောကို ရောက်တော့ တောစောင့်က တားတယ်။
“တောထဲကို မဝင်ပါနဲ့၊ ကြည်ညိုစရာပုဂ္ဂိုလ်သုံးဦးကို အနှောင့်အယှက် မဖြစ်စေချင်ဘူး”
ဘယ်သူတွေလဲဆိုတော့ အရှင်အနုရုဒ္ဓါ, အရှင်နန္ဒိယ, အရှင်ကိမိလတို့။
သူတို့က ညီညွတ်ချစ်ခင်နေကြတာကို တောစောင့်က ကြည်ညိုတယ်။
ဘုရားကိုလည်း ရဟန်းတစ်ပါးလို့ ထင်ပြီး သူစိမ်းထင်တယ်။
တားမြစ်တယ်။
အရှင်အနုရုဒ္ဓါက အသံကြားလို့ လာပြောရတယ်။
“ကပ္ပိယရဲ့၊ အဲဒါက တို့ရဲ့ ဆရာပဲ”
တောစောင့်က ကြည်ညိုတယ်။
ကြည်ညိုမှုကလည်း အရေးကြီးတဲ့ သဘော။
===
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ပျံတော်မူခဲ့ပြီဖြစ်တဲ့ ဆရာတော်တစ်ပါးဟာာ စာသင်တိုက်တစ်ခုရဲ့ အကြီးအကဲပဲ။
သူကတော့ ဦးဇင်းတွေကို အဖိတ်နေ့တိုင်း ခေါင်းရိပ်ခိုင်းတယ်။
တကျောင်းလုံး စိမ်းမြပြီး ကြည်ညိုစရာ။
သူ ဆွမ်းဘုန်းပေးနေတုန်း ဒကာ, ဒကာမတွေ ရောက်လာတယ်ဆိုပါစို့။
အသင့်အတင့် ဘုန်းပေးပြီး “ကဲ သိမ်းကြတော့”လို့ ပြောသတဲ့။
အဲဒီတော့ ကိုရင်တွေက သိမ်းသွား။
“ဘုန်းဘုန်းက အစားနည်းပါပြီ”
ဒကာ, ဒကာမတွေနဲ့ စကားပြော။ တရားဟော။
အလွန်ကြည်ညိုစရာ ကောင်းတယ်။
ဒကာ, ဒကာမတွေ ပြန်သွားတဲ့အခါ ကိုရင်တွေက ဆွမ်းဝိုင်းကို ပြန်မ,လာပြီး အသားကုန် ဘုန်းပေးပြန်ပါတော့သတဲ့။
သူ့အတွက်လည်း ကြည်ညိုမှုက အရေးကြီးတာပဲ။
အပ္ပမာဒေန သမ္ပာဒေထ-ဆိုတဲ့ စကားကိုတောင် သူက အဓိပ္ပါယ်ဖွင့်တာ။
“ကြည်ညိုဖွယ်ကို ဆောင်နိုင်သော မာယာ, သာဌေယျနှင့် ပြည့်စုံစေကြကုန်လော့”
ဒီလိုဖွင့်တယ်လို့ ရယ်စရာပြောကြတာ ကြားရဖူးပါရဲ့။
ဟုတ်မဟုတ် မပြောတတ်ပါ။
===
ဒီတော့ ကြည်ညိုမှုက ရိုးသားသူအတွက်ရော, မရိုးသားသူအတွက်ပါ ဂရုပြုသင့်တဲ့အရာ ဖြစ်တယ်။
ရိုးသားသူကလည်း မကြည်ညိုသံကို ကြားလိုက်တာနဲ့ “ဩတ္တပ္ပ”ကို လက်ကိုင်ထားပြီး ပြုပြင်စရာကို ပြုပြင်ရတယ်။
မကြည်ညိုမှုကို ဒီအတိုင်း ပစ္စယလက်ခတ် ထားလိုက်လို့ မရဘူး။
မရိုးသားသူကလည်း သူ့နည်းသူ့ဟန်နဲ့ ကြည်ညိုပြီးသူတွေ အကြည်ညိုပျက်မသွားအောင် ဟန်ဆောင်ပြီး အခြေအနေတွေကို ကိုင်တွယ်ထိန်းသိမ်းဖို့ ကြိုးစားမှာပဲ။
နှစ်ဦးလုံးအတွက် ကြည်ညိုမှုက အရေးကြီးကြ။
===
ဒီတော့ ဟန်ဆောင်တဲ့သူတွေနဲ့ မတူချင်ဘူး၊ နွားထီးငါးကျပ်, နွားမငါးကျပ် အသတ်မှတ် မခံချင်ပါဘူးဆိုတဲ့သူတွေအတွက် “လူကြည်ညိုအောင်” နေထိုင်ရတဲ့ကိစ္စဟာ စက်ဆုတ်ဖွယ်ရာ ဖြစ်နိုင်ပါတယ်။
“သမ္မာ”ဖြစ်အောင် ဘယ်လိုကျင့်သုံးသင့်သလဲ?
အဖြေရှာကြစို့။
တကယ်တော့ -
သမ္မာဖြစ်ဖို့ဆိုရင် ဝိနည််းနဲ့တင် မလုံလောက်ဘဲ သုတ္တံကိုပါ လိုအပ်တော့တဲ့ သဘောပါပဲ။
သုတ္တံတွေထဲမှာပါတဲ့ စိတ်ရင်းရိုးသားမှု။
သုတ္တံလို့ ပြောလိုက်ရင် “စိတ်ရင်းရိုးသားမှု”လို့ အဓိပ္ပါယ်ကောက်။
အဲဒါက အရေးကြီးတယ်။
ဝိနည်းကျွမ်းကျင်ရင် ကြည်ညိုအောင် နေထိုင်ကျင့်သုံးနည်းတွေကို ရနိုင်တယ်။
သို့သော် စိတ်ရင်းက ရိုးသားချင်မှ ရိုးသားဦးမယ်။
သုတ္တံနဲ့ တိုက်စစ်။
“စိတ်ရင်းက ရိုးသားရဲ့လား”
အရှင်အနုရုဒ္ဓါတို့ သုံးဦးသားဟာ တောစောင့်ကြည်ညိုအောင် ကြိုးစားခဲ့တာ မဟုတ်ဘူး။
ကြည်ညိုထိုက်သော Community တစ်ခုကို တည်ဆောက်ရုံလေး။
အရှင်အနုရုဒ္ဓါတို့ ဘယ်လိုနေထိုင်ကြသလဲ?
အဲဒါကျတော့ ဝိနည်းသဘော မဟုတ်တော့ဘူး။ သုတ္တံဖြစ်သွားပြီ။
“တပည့်တော်ဟာ အတူတူသီတင်းသုံးဘက် မိတ်ဆွေတို့အပေါ်မှာ မျက်မှောက် ကာယကံ မေတ္တာလည်း ထားပါတယ်ဘုရား၊ မျက်ကွယ် ကာယကံ မေတ္တာလည်း ထားပါတယ်ဘုရား”
“မျက်မှောက် ဝစီကံမေတ္တာလည်း ထားသလို, မျက်ကွယ် ဝစီကံမေတ္တာလည်း ထားပါတယ်ဘုရား”
“မျက်မှောက်မနောကံ မေတ္တာထားသလို မျက်ကွယ် မနောကံ မေတ္တာလည်း ထားပါတယ်ဘုရား”
ချစ်စရာကောင်းတာက မျက်ကွယ်ကို မျက်မှောက်လိုပဲ တန်ဖိုးထားတာ။
===
ကြည်ညိုထိုက်သော အဖွဲ့အစည်းတစ်ခုမှာ “တဖက်သတ်”ဟာ ကြည်ညိုမှုရဲ့ အနှောင့်အယှက် ဖြစ်တယ်။
ဥပမာ- အရှင်အနုရုဒ္ဓါကပဲ မျက်မှောက်မျက်ကွယ် မေတ္တာထားရတယ်၊ ကျန်တဲ့ တစ်ပါးက မျက်မှောက်မှာပဲ မေတ္တာထားတယ်၊ မျက်ကွယ်မေတ္တာ မရှိဘူး၊ နောက်တစ်ပါးကတော့ မေတ္တာကိို ခံယူပဲ ခံယူတယ်၊ အပြန်ပေးတာမျိုး မရှိဘူး။
ဒါဆိုရင် တဖတ်သတ်မေတ္တာ ဖြစ်ထွန်းလာမယ်။
အပြန်အလှန်မေတ္တာ မဖြစ်ထွန်းရင် ဘာဖြစ်နိုင်သလဲ?
ကြည်ညိုထိုက်သော အဖွဲ့အစည်းမှာ အားနည်းချက်တွေ ရှိိလာပါမယ်။
အပြန်အလှန်မေတ္တာဟာလည်း လိုအပ်ပြန်တယ်။
တဖတ်သတ်ဟာ ကြာရင် နှစ်ဖက်သတ် ဖြစ်လာမှာမို့လို့။
အရှင်အနုရုဒ္ဓါတို့ သုံးပါးကတော့ အပြန်အလှန်မေတ္တာ ဖြစ်ထွန်းကြပါသတဲ့။
===
ကြည်ညိုမှုဟာ အရေးပါတယ်။
ကြည်ညိုထိုက်သော အဖွဲ့အစည်းကို တည်ဆောက်တာကလည်း လေးစားထိုက်သော အလုပ်ပဲ။
ကြည်ညိုအောင် လုပ်လို့ရတယ်။
စိတ်ရင်းအထိ ကြည်ညိုရဖို့, ရေရှည်တည်တန့်ဖို့ဆိုရင်
ဝိနည်းသာမက သုတ္တံ (စိတ်ရင်း)က ပိုပြီး အဓိကကျတယ်။
မျက်မှောက်မေတ္တာတွေဟာ အရေးကြီးတယ်။
မျက်ကွယ်မေတ္တာတွေကလည်း အလားတူ အရေးကြီးတယ်။
ကြည်ညိုထိုက်သော အဖွဲ့အစည်းမှာ
မေတ္တာဟာ တဖက်သတ် မဖြစ်ရဘူး။
အပြန်အလှန် မေတ္တာ ဖြစ်ရမယ်။
တဖတ်သတ် မေတ္တာဟာ နှစ်ဖက်သတ်တွေကို ပေါက်ဖွားပေးနိုင်တယ်။
နှစ်ဖက်သက်တွေဟာ တဖက်သတ်ဆီက မြစ်ဖျားခံတယ်။
===
ဒါဆို ပြန်ပြော။
အထူးသဖြင့် ကြည်ညိုအောင် ကြိုးစားရမှာမျိုးကို လိပ်ပြာမလုံတတ်တဲ့သူတွေက အဓိက ဖြေကြည့်။
“ကြည်ညိုအောင် ကြိုးစားဖို့ဟာ အရေးကြီးသလား”
“သုတ္တံ (စိတ်ရင်းရိုးသားမှု)နှင့်အညီ ကြိုးစားပါတယ်ဆိုရင် ကဲ့ရဲ့ဖွယ်ဖြစ်တယ် ထင်သလား”
No comments:
Post a Comment