Sunday, November 9, 2025

ကြည်ညို, လေးစားဖို့

 အင်္ဂလိပ်ခေတ် ဝံသာနုခေတ်မှာ အင်္ဂလိပ်တတ်ရင် အကြည်ညိုပျက်စရာ ဖြစ်ခဲ့ဖူးတယ်။

ကနေ့ခေတ်မှာတော့ အင်္ဂလိပ်စကားတတ်, အင်္ဂလိပ်စာတတ်ရင်လည်း ကြည်ညိုရတဲ့ စာရင်းထဲ ပါတော့တာပဲ။
ကြည်ညိုလည်း ကြည်ညိုသင့်ပါတယ်။
ဘာသာစကားက အဓိကမဟုတ်ပေမယ့်
ဘာသာစကားကို အခြေပြုပြီး ကျယ်ပြန့်လာတဲ့ ဗဟုသုတတွေကြောင့် “ဗာဟုဿသစ္စ”မင်္ဂလာ ဖြစ်ထွန်းလာတာကိုး။
===
အနေရိုးပြီး
အသိဆန်းတယ်ဆိုရုံနဲ့တင်
အထင်ကြီးစရာ ဖြစ်ပါတယ်။
သို့သော်-
သုတနဲ့ ပညာ။
သူများဆီက ခံယူရရှိရင် “သုတ” ဖြစ်ပါတယ်။
ကိုယ့်ဆီမှာ ခွဲခြမ်းစိပ်ဖြာပြီး အကြောင်းနဲ့ အကျိုး, ပန်းတိုင်နဲ့လမ်းကို သိရင်, ဖန်တီးနိုင်ရင် “ပညာ” ဖြစ်ပါတယ်။
ဖန်တီးနိုင်သူဟာ ပဏ္ဍိတ ဖြစ်ပါတယ်။
===
လမ်းသိပြီးနောက်
လမ်းအတိုင်း သွားသူများ ခရီးပေါက်ကြပြီဆိုရင်
လမ်းညွှန်သူ သို့မဟုတ် ဦးဆောင်သူဟာ
“ပူဇနေယျ” ဖြစ်ပါတယ်။
လေးစားခန့်ညားထိုက်သူ-ဆိုပါစို့။
===
ကနေ့ခေတ်မှာ အင်္ဂလိိပ်စာ တတ်မြောက်ချင်တဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ များပြားလာတယ်။
ကောင်းတယ်လို့ ပြောရမှာပါပဲ။
ကိုယ်တို့မျှော်မှန်းတာကျတော့
ဘာသာစကားကို လမ်းတံတားသဖွယ် သဘောထား
- သုတမှသည်
- ပညာဆီသို့ ဆင့်ကူးပြီး
- လောကသားတို့အား လမ်းပြရင်း
- ပူဇနေယျ - ပူဇော်ထိုက်သော လောကကျိုးပြုပုဂ္ဂိုလ်များအဆင့် ဖြစ်ပါတယ်။
===
ကြည်ညိုတာက တစင်။
လေးစားတာက တစင်။​
ကြည်ညိုပြီး မလေးစားတာက တစင်။
လေးစားပြီး မကြည်ညိုတာက တစင်။​
မကြည်ညို, မလေးစားတာက တစင်။
ကြည်ညို, လေးစားဖို့ အလားအလာထားပြီး မျှော်လင့်ရတာက တစင်။​
သံဃာစင်က အမျိုးမျိုးပါ။

No comments:

Post a Comment