အစာရှောင်အကျင့်(Fasting) လုပ်မယ်ဆို ဖတ်သင့်တဲ့စာအုပ်
ဆရာကြီး ရွှေဥဒေါင်းဆိုရင် တသက်တာမှတ်တမ်းလို ကိုယ်ရေးထုပ္ပတ်၊ စုံထောက်မောင်စံရှား, ရတနာပုံ, ရူပနန္ဒီ ရူပကလျာဏီ တို့လို အမှီးဝတ္ထု၊ မျှော်တလင့်လင့်, သွေးစုပ်မြေ, ဘတ်စကာဗျီလ်ခွေးကြီး တို့လို ဘာသာပြန်၊ ဒိဋ္ဌေဒိဋ္ဌမတ္တံလို ဘာသာရေးကျင့်စဉ် စတဲ့ စာကောင်းတွေပဲ အသိများကြပါလိမ့်မယ်။ 'အာဟာရနှင့် ကျန်းမာရေး'ကတော့ အဲဒီအုပ်တွေလောက် လူပြောမများလှပေမဲ့၊ ဂျပန်ခေတ်အတွင်းမှာ ကြီးပွားရေးစာအုပ်တိုက်ကနေ ပထမအကြိမ် ရိုက်ခဲ့တာ အခုအုပ် ၁၉၇၁ ထုတ်မှာ ၄ ကြိမ် ဆိုတော့ ပရိသတ်လက်ခံမှုရတဲ့အုပ် ဆိုတာတော့ သေချာပါတယ်။
ဒီအုပ်ကို အချုပ်ပြောရရင် အာဟာရကို စနစ်တကျမဟုတ်ဘဲ မှန်မှန်စားတာ, အလွန်အကျွံစားတာတွေရဲ့ အပြစ်နဲ့ အစာရှောင်တာရဲ့ အကျိုးတွေ၊ စားမျိုလိုက်တဲ့ အာဟာရအပေါ် မူတည်ပြီး အစာခြေစနစ်ရဲ့ အလုပ်လုပ်ပုံတွေ၊ ဝမ်းမှန်မှန်ချူပေးဖို့ လိုအပ်ပုံတွေ၊ အစာဖြတ်နည်းနဲ့ ပြန်စားတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေကို လူပြိန်းနားလည်အောင် ရှင်းပြထားတာပါ။
အစာရှင်နှင့် အစာသေ
'ကျွန်ုပ်တို့စားသောက်သော အစားအစာတခုကို မြေပေါ်သို့ ပစ်ချလိုက်၍ အပင်ပေါက်ခဲ့လျှင် အစာရှင်ဟု ခေါ်ဆိုရ၍၊ အပင်မပေါက်ခဲ့ပါမူကား အစာသေဟု ခေါ်ဆိုရ၏။' စာ ၇၉။
ဒီအခန်းမှာ ဆရာကြီးဟာ အစာရှင်လို့ ခေါ်တဲ့ အသီးအရွက်ကို အဓိက အားထားစားဖို့ ကျိုးကြောင်းပြ ရှင်းလင်းထားပါတယ်။
ဗီတာမင်ဓာတ် ချို့ငဲ့သည့်အတွက်ကြောင့် ဖြစ်ပေါ်လာသော ရောဂါများအဖို့မှာ ခရမ်းချဉ်သီးကို မချက်မပြုတ်ဘဲ အစိမ်းလိုက်စားသုံးပါက အလွန်အကျိုးများ၏။ မုန်လာထုပ်၊ မုန်လာဥ၊ ဆလပ်ရွက်၊ ကုလားပဲ အညှောင့်ပေါက် စသော အစားအစာများကိုလည်း အစိမ်းလိုက် စားနိုင်ခဲ့လျှင် အနာရောဂါကို တွန်းလှန်နိုင်သော သတ္တိထူးရှိလေသည်။ ချိနဲ့သူများသည် အထက်ပါ အစာရှင်များကို နဂိုအတိုင်း စားသုံးရန် မတတ်နိုင်ခဲ့လျှင် ၎င်းတို့မှ အရည်ကိုညှစ်၍ လိမ္မော်ရည်နှင့် ရောနှောသောက်သုံးသင့်ပေသည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တို့ကို အစိမ်းလိုက်စားနိုင်သော အလေ့အကျင့် ရှိလာသောအခါ မယုံကြည်နိုင်လောက်အောင် နည်းပါးသော အာဟာရများနှင့် အသက်ရှင်နိုင်သည်ကို တွေ့ကြရပေ၏။ စာ ၈၀။
- ချိုသောအရသာမျိုး ကြိုက်တတ်သူများအဖို့မှာ ပျားရည်၊ ကြံရည် စသည်တို့သည် အာဟာရရှင်များ ဖြစ်ကြသောကြောင့် အလွန်ကောင်းလှ၏။ ကြံရည်ကို ချက်၍ သကြားဖြစ်လာသောအခါ၌မူကား ချိုသောအရသာမျှသာ ကျန်ရစ်တော့၍ ဩဇာဓာတ်ဖြစ်စေသည့် ဓာတ်မြူနုတို့ ကုန်ဆုံးခဲ့လေပြီ။ သကြားနှင့် ဆန်ဖြူထမင်းတို့မည်သည် ဩဇာဓာတ်နည်းလှ၍ ကိုယ်ခန္ဓာအတွင်း၌ ထင်းသဖွယ် အသုံးချရသော ဓာတ်မြူမျိုးမျှသာ ပါရှိလေတော့၏။ ပြုတ်ပြီးမှ စား၍ဖြစ်သော ဟင်းသီးဟင်းရွက်မျိုးကို ပြုတ်သောအခါတွင်လည်း အလွန်နူးပျော့အောင် ကြာရှည်စွာ ပြုတ်ခဲ့လျှင် ဩဇာဓာတ် ပျက်သွားတတ်သောကြောင့် စား၍ဖြစ်လောက်ရုံမျှရှိအောင် ရေနွေးဖြောလိုက်လျှင် သင့်တော်လောက်ပေပြီ။ စာ ၈၄။
နောက်ပြီး ဆရာကြီးက ဗမာတွေ ပင်တိုင်ထား စားကြတဲ့ ဆန်ဖြူနဲ့ ပတ်သက်လို့လည်း ဒီလို ဆိုထားပါသေးတယ်။
- ကျွန်ုပ်တို့ ဗမာလူမျိုးသည် ဆန်ကိုစားသော အလေ့ရှိသည့် လူမျိုးဖြစ်လေရာ၊ ဆန်ကို ဖြူအောင်ဖွပ်ပြီးမှ စားသောက်သည့်အလေ့ကို ရှေးဦးစွာ ထွင်ခဲ့သောသူသည် ကျွန်ုပ်တို့ ဗမာလူမျိုး၏ ရန်သူကြီးတယောက်ဟု မှတ်ယူထိုက်၏။ ဆန်ကို ဖြူအောင်ဖွပ်သည့်အခါ အဆင်းလှ၏၊ နူးညံ့၏၊ ကြည့်၍ကောင်း၏။ သို့သော် ကိုယ်ခန္ဓာအဖို့ အလွန်အသုံးဝင်သော ဓာတ်မှုန်နုကလေးများသည် ဖွဲနှင့်အတူ ရောနှော ပါသွားကြလေပြီ။ စာ ၄၇။
မွတ်သိပ်ခြင်း အတုနှင့်အစစ်
ဒီအခန်းမှာ ဆရာကြီးဟာ ဗိုက်ဆာပုံ အစစ်နဲ့အတုကို ခွဲပြထားပါတယ်။ လူ့ခန္ဓာကိုယ်မှာ အကြောင်းပေါ်ရင် ထုတ်သုံးဖို့ လိုလိုမယ်မယ် သိုလှောင်ထားတဲ့ အဆီ စတဲ့ အာဟာရဓာတ်တွေ ရှိနေတာမို့၊ အစာအိမ်ထဲကို အစာထပ်မဖြည့်တဲ့အခါ အပိုသိုလှောင်ထားတဲ့ အဲဒီအာဟာရဓာတ်တွေကို ထုတ်သုံးရပါတယ်တဲ့။ (မှတ်ချက်။ ဂျပန်ဇီဝပညာရှင် Yoshinori Ohsumi ဟာ ဒီအထောက်အထားကို ဖော်ထုတ်နိုင်လို့ ၂၀၁၆ မှာ ဆေးပညာနိုဗယ်ဆု ရခဲ့ပါတယ်။) အဲဒီ သိုလှောင်ထားတဲ့အာဟာရဓာတ်တွေ လုံးလုံးကြီး ကုန်ခမ်းသွားပြီဆိုခါမှ တကယ်ဗိုက်ဆာတဲ့အဖြစ်ကို ရောက်ပါသတဲ့။အဲဒီလို လှောင်ထားတဲ့ အပိုအာဟာရကလည်း ရက်ပေါင်း ၃၀ ကနေ ၅၀ ကြာအောင် လုံလောက်တဲ့အတွက် ၇ ရက် အစာမစားရရင် သေတတ်တယ်ဆိုတာ မမှန်ပါဘူးတဲ့။ စာ ၁၁၈။
အတု ဗိုက်ဆာတာက ကိုယ်ခန္ဓာဟာ အထဲမှာရှိတဲ့ အာဟာရဓာတ်အပိုတွေကို ထုတ်သုံးဖို့ အစပြုတဲ့ အထိမ်းအမှတ်တဲ့။ အစစ် ဗိုက်ဆာတာကတော့ နောက်ဆုံးအဆင့်ပဲတဲ့။ အစစ်ဗိုက်ဆာတာက ဗိုက်ထဲမှာလည်း ပူမနေ၊ ဘယ်နေရာမှာ ဘယ်လို ခံစားရတယ်လို့လည်း မရှိ၊ စားစရာတခုခုကို ချဉ်ခြင်းတပ်တာနဲ့ သိသာပါတယ်တဲ့။ အတုဗိုက်ဆာတာက အကျင့်ပါနေလို့၊ အစစ်ဗိုက်ဆာတာက သွေးတောင်းလို့ တဲ့။
တကယ်ဗိုက်ဆာရင် ရသာကြောတွေ သိပ်ကို ထက်မြက်အားကောင်းလာတယ်တဲ့။ သွေးတောင်းတာလေးများ စားလိုက်ရရင် အတော့်ကို မြိန်ပါသတဲ့။ ကိုယ်ခန္ဓာက သွေးတောင်းလာအောင်အထိ အောင့်ထားဖူးတဲ့သူတွေလောက်ပဲ ပထမတန်း ရသာရုံကို ခံစားဖူးပါတယ်။ ဟင်းခွက်ပေါင်း ဆယ့်လေးငါးခွက်နဲ့ နေ့တိုင်းစားနိုင်တဲ့သူဌေးဟာ ရသာရုံအကြောင်းကို ကောင်းကောင်းကြီး နားမလည်သေးပါ တဲ့။ စာ ၁၂၂-၃။
အစာရှောင်ခြင်းနှင့် ပြန်စားနည်း
ဒီအခန်းတွေမှာတော့ ဆရာကြီးဟာ အစာရှောင်ပုံရှောင်နည်း၊ အစာရှောင်တာရဲ့ အကျိုးရလဒ်နှင့် ပြန်စားတဲ့အခါ သတိပြုစရာတွေကို လမ်းညွှန်ထားပါတယ်။
- အစာရှောင်ခြင်းသည် ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်မှုအတွက်နှင့် စိတ်သန့်ရှင်းမှုအတွက် ပထမတန်း ကောင်းသောနည်းလမ်းဖြစ်ပေရာ၊ ကိုယ်ခန္ဓာသည် ရက်အတန်ကြာ အစာရှောင်ပြီးသည့်နောက်တွင် မွေးဖွားစ ကလေးသူငယ်၏ ကိုယ်ကဲ့သို့ ဖြစ်လာရုံမျှမက၊ မသန့်ရှင်းမစင်ကြယ်သောစိတ်ကူး၊ ညစ်ညမ်းယုတ်မာသော အကြံအစည်တို့လည်း ကင်းရှင်းပပျောက်သွားနိုင်လေသည်။ လောကုတ္တရာကျိုး ရှာသူတို့အဖို့မှာ ထိုအချိန်တွင် သမထ ဝိပဿနာစသော လုပ်ငန်းတို့ကို ထက်သန်စွဲမြဲစွာ လုပ်ကိုင်နိုင်ကြပေလိမ့်မည်။ ပျင်းရိခြင်း၊ ထိုင်းမှိုင်းခြင်းတို့ အလျဉ်းမရှိတော့ဘဲ လုပ်ရန်ရှိသော အလုပ်၌ စွဲမြဲစူးစိုက်စွာ လုပ်နိုင်သော သတ္တိလည်း ရှိကြပေလိမ့်မည်။ စာ ၁၃၁။
အစာ လုံးလုံးမရှောင်နိုင်တဲ့သူတွေအတွက်လည်း ဆရာကြီးက ဒီလိုအကြံပြုထားပါသေးတယ်။
- အစာ လုံးလုံးမဖြတ်ဘဲ၊ လျှော့၍ စားသုံးသော သူတို့အဖို့မှာ ထမင်းဟင်းစသော အစားအစာမျိုးကို လုံးလုံးလွှတ်ထား၍ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး စသည်တို့၏ အရည်များနှင့် ဟင်းသီးဟင်းရွက်အစိမ်းတို့၏ အရည်များကို သောက်သုံးသင့်ပေသည်။ လိမ္မော်ရည် စသည်ကို တနေ့လျှင် ၂၅ ကျပ်သားခန့် သောက်၍၊ ဟင်းရွက်ဟင်းသီးအရည်ကို ၃ ကျပ်သားလောက် သောက်လျှင် တော်သင့်လောက်ပေပြီ။ သားငါးထမင်း စသည်တို့မှဖြစ်သော အာဟာရဓာတ်မျိုးမှာ ခန္ဓာကိုယ်ထဲတွင် မြောက်မြားစွာ သိုလှောင်ထားပြီး ရှိလေရာ၊ အထက်ပါ အသီးအနှံတို့မှရသော အာဟာရဓာတ်မျိုးတို့မူကား ကိုယ်ခန္ဓာတွင် ခေါင်းပါးနေတတ်သောကြောင့် ၎င်းအာဟာရမျိုးကို မှီဝဲသော်လည်း လုံးဝ အစာရှောင်ခြင်းကဲ့သို့ပင် အကျိုးများနိုင်လေသည်။ စာ ၁၃၇။
ဒီအုပ်ထဲမှာ သဘောအကျမိဆုံးကတော့ "ထမင်းအသက် ၇ ရက်"ဆိုတဲ့စကားကို ခိုင်ခိုင်လုံလုံ ချေဖျက်ပြထားတာပါ။
- ဦးဝိစာရ ကိုယ်တော်သည် ရက်ပေါင်း ၆၀ ကျော် အစာမစားဘဲ နေပြီးသည်နောက်မှ ပျံလွန်တော်မူရှာသည်။ မစ္စတာဂန္ဓီသည် ရက်သတ္တ နှစ်ပတ်သုံးပတ်မျှ အစာမစားဘဲ မကြာခဏ နေခဲ့သော်လည်း မသေခဲ့ချေ။ ခရစ်တော်သည် ရက်ပေါင်း ၄၀ တိတိ အစာမစားဘဲ ကိုယ်နှင့်စိတ်ကို စင်ကြယ်အောင် ပြုလုပ်သည် ဆို၏။ ကျွန်ုပ်တို့ မြတ်စွာဘုရားသည်လည်း သတ္တဌာနတွင် ၄၉ ရက်တိုင်တိုင် ဆွမ်းဘောဇဉ် မဘုဉ်းပေးဘဲ၊ မိမိသိပြီးသော တရားဓမ္မတို့ကို ပြန်လှန်ဆင်ခြင်တော်မူဖူး၏။ အချို့ကား "ဘုရားမို့ နေတော်မူနိုင်သည်"ဟု မှတ်ယူကြမည်ဖြစ်ရာ၊ ကျွန်ုပ်တို့အဖို့မှာမူ မည်သည့်ဘုရားပင်ဖြစ်စေ၊ သဘာဝဓမ္မကို လွန်ဆန်နိုင်သည် မဟုတ်သောကြောင့်၊ သဘာဝဓမ္မ၏ စည်းကမ်းအရပင် ထိုမျှလောက် နေနိုင်သောကြောင့် နေတော်မူနိုင်သည်ဟု ယုံကြည်၏။ တန်ခိုးတော် အနန္တ ဆိုသော်လည်း နေရာတကာတိုင်းတွင် တန်ခိုးတော်ကို အသုံးပြုနေခဲ့သည်ဟု ကျွန်ုပ်တို့ မယူသင့်ချေ။ စာ ၁၃၄။
ဒီစာပိုဒ်ဟာ ဆရာကြီးရဲ့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ် အားကောင်းပုံကို ဖော်ပြနေပါတယ်။
အတွဲအဖက်ကို ရှင်းပြခြင်း
ဒီ နောက်ဆုံးအခန်းမှာတော့ ဆရာကြီးဟာ နေ့စဉ်စားသုံးရာမှာ တွဲစားသင့်တဲ့ အာဟာရမျိုးတွေကို ဒီလို ခွဲပြ တွဲပြထားပါတယ်။
- ကျွန်ုပ်တို့ စားနေကျဖြစ်သော အစားအစာများကို သူ့အမျိုးနှင့်သူ သဘောတူသည့်အလျောက် ပိုင်းခြားလိုက်သော် သုံးမျိုးရှိသည်ကို တွေ့ရ၏။ (၁) သား,ငါး,ကြက်ဥ,ထောပတ်စသည့် ပရိုတင်းအုပ်စု၊ (၂) ဂျုံ,ဆန် တည်းဟူသော အစေးပါသည့် အစာမျိုးနှင့် သကြား,ထန်းလျက်,သကာ စသည့် ချိုသောအစာများ၊ (၃) သစ်သီးအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်လေသည်။ ဤအုပ်စု သုံးခုအနက် (၁)နှင့် (၂) တို့သည် ဆန့်ကျင်ဘက်ဖြစ်ကြ၍ (၃) မူကား မည်သည့်အုပ်စုနှင့်မရွေး အတူရောယှက် စားသုံးနိုင်လေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများ စားသောက်ကြသည့် ထမင်းနှစ်နပ်အနက် ပထမနပ်တွင် ထမင်းနှင့် ဟင်းသီးဟင်းရွက် (သက်သတ်လွတ်ဟင်း)အပြင် အသီးအနှံ အမျိုးမျိုးကို စားသုံးနိုင်သည်။ ဒုတိယနပ် (ညစာ)အတွက်မူ ထမင်းကို ရှောင်၍ သား,ငါး,ကြက်ဥ,ထောပတ်နှင့် ဟင်းသီးဟင်းရွက်ပြုတ်အမျိုးမျိုး၊ ခရမ်းချဉ်သီး, ဒိန်ခဲ စသည်တို့ကို စားနိုင်သည်။ စာ ၁၅၁။
နိဂုံးအမှာ
ဒီစာအုပ်ကို ဖတ်ပြီး လိုက်နာကျင့်သုံးကြမယ့်သူတွေအတွက် သတိပြုစရာလေးတွေလည်း မှာချင်ပါတယ်။
ဒီအုပ်ထဲမှာ ဆရာကြီး ညွှန်ပြထားတဲ့ ဝမ်းချူနည်းကို လိုက်လုပ်မယ်ကြံရင် လူဆိုတာ တယောက်နဲ့ တယောက် ဇီဝဓာတ်ခံ မတူကြတဲ့အတွက် ဆရာဝန်အကြံဉာဏ်ကို ရယူပြီး ချူတာက ပိုသင့်မယ် ထင်ပါတယ်။ နောက်ထပ် သတိထားစရာက ဆရာကြီးတို့ခေတ်က အသီးအနှံဆိုတာ ဓာတုဆေးဝါးကင်းစင်တဲ့ သဘာဝအော်ဂဲနစ် အသီးအနှံအရွက်တွေပဲ ရှိတာမို့၊ ဒီအချက်ကို ဆရာကြီး ထည့်မရေးခဲ့ပေမဲ့၊ ဒီဘက်ခေတ် အသီးအရွက်တွေမှာတော့ ဓာတုဆေးဝါး မပါတာ ရှားသွားပါပြီ။ ဒါကြောင့် အစိမ်းစားတာ အစိမ်းဖျော်သောက်တာတွေ မလုပ်ခင် ဓာတုဆေးဝါး ကင်းစင်အောင် ကြိုသန့်ရှင်းနိုင်ဖို့တော့ လိုပါမယ်။ နောက်ပြီး အစာကို ရက်တိုရှောင်တာ မဟုတ်ဘဲ ရက်ရှည်ရှောင်မယ်ဆိုရင် ဆရာဝန်လမ်းညွှန်ချက် မပြတ်ရယူပြီး ရှောင်တာက ပိုသင့်မယ်လို့ ထင်ပါတယ်။ အလှမ်းမီမယ်ဆို ဒီအုပ်ကို ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်ရဲ့ "သက်ရှည်ကျန်းမာ မြန်မာ့အစာ" အုပ်နဲ့ တွဲဖတ်သင့်ပါတယ်။
အာဟာရနှင့် ကျန်းမာရေး၊ ရွှေဥဒေါင်း။ ၄ ကြိမ်။ ရန်ကုန်၊ အောင်စည်စာအုပ်တိုက်၊ ၁၉၇၁။ ၁၅၃ စာ၊ ၁၈ စင်တီ။ အခုတော့ စိတ်ကူးချိုချို တိုက်ခွဲတခုက ပြန်ထုတ်ထားပါတယ်။
No comments:
Post a Comment