Monday, November 3, 2025

မိမိကိုယ်ကို သိကြကုန်လော့

 ပါချုပ်ဆရာတော်ရဲ့ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် စတုတ္ထတွဲ မှာ တန်ဖိုးရှိတဲ့ စကားလုံးလေး တစ်လုံး ရလိုက်တယ်။ "အတ္တနာဝ ဇာနေယျာထ" ဆိုတာပဲ။ မိမိကိုယ်ကို သိကြကုန်လော့ တဲ့။ ရိုးရှင်းသလောက် လေးနက်တဲ့စကား။ ဖြစ်ပုံက ဒီလိုအနက်အဓိပ္ပါယ်ရှိတဲ့စကားကို ဘုရားက ဟောခဲ့ပါလျက် သူ့နောက်မှပေါ်တဲ့ ဆိုခရေတီးစကား #knowthyself ကို အရင်ကြားဖူးနေတယ်။ မခက်ဘူးလား။ ဘုရားက တုမှယောဂ ဗဟုဝုစ်နဲ့ ဆိုတယ်။ ဆိုခရေတီးက ဧကဝုစ်နဲ့ ဆိုတယ်။ ဒီတော့ ဆိုခရေးတီးအဆိုကို ဘုရားဟော ပြောင်းချင်ရင် #knowyourselves ရေးလိုက်ရုံပေါ့။


ကိုယ့်ကိုယ်ကိုယ် ဘာသိရမှာလဲ။ ကိုယ့်ရဲ့ စွမ်းနိုင်မှုနှင့် မစွမ်းနိုင်မှု၊ သာရည်နှင့် နာရည်၊ အားသာချက်နှင့် အားနည်းချက်၊ တော်ကွက်နှင့် ရှော်ကွက်၊ ဒါတွေကို မြင်နိုင်သလောက် မြင်ဖို့ သိနိုင်သလောက် သိဖို့ လိုတာ။ ဒါကို အခြေခံလောက် သိထားရင် အနည်းဆုံးရလဒ်က ကိုယ့်ကိုယ်ကိုယ် စွယ်စုံရ ပါလေရာ စောင်တတ်ကြီးလို့ မထင်တော့ဘူး။ ဘဝင်မရူးတော့ဘူး။ ကိုယ်ဟာ ဘယ်နားမှ သုံးစားမရတဲ့ အမှိုက်သာသာကောင်လို့ မထင်တော့ဘူး။ ဒီပျက်ရှင် မဝင်တော့ဘူး။ ခြုံပြောရရင် ယုံကြည်မှုလည်း မလွန်ကဲတော့ဘူး၊ ယုံကြည်မှုလည်း မပျောက်တော့ဘူး။ တရားဘက် ဆက်သွားရင် ဟိတ် ၆ ပါး၊ စရိုက် ၆ ပါးနှင့် ကမ္မဋ္ဌာန်း ၄၀ အထိ ဆက်သွားလို့ ရသေးတယ်။ ထားတော့။

ကိုယ့်ကိုယ်ကိုယ် မသိတော့ ဘာဖြစ်လဲ။ ဒီမှာ နှစ်ပိုင်း ခွဲပြောရမယ်။ ကိုယ့် အားသာချက်ကို မသိတာနှင့် အားနည်းချက်ကို မသိတာ။ လူဟာ ကိုယ့်အားသာချက်ကို မသိရင် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ အသုံးဝင်သင့်သလောက် မဝင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသင့်သလောက် မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးတယ်ဆိုတာ ကိုယ့်အားသာချက်ကို မသိတာလို့ ဆိုလိုတဲ့သဘောပါပဲ။ ကိုယ့်အားနည်းချက်ကို မသိရင် ကိုယ့်ကိုယ်ကိုယ် အကုန်သိ အကုန်တတ်လို့ ထင်တယ်၊ အကုန်ပါ အကုန်စွက် အကုန်ဝင်ရှုပ်တယ်။

အားသာချက်ကို မသိတာနှင့် အားနည်းချက်ကိုမသိတာ ဘယ်ဟာက ပိုဆိုးလဲဆို အားသာချက်ကို မသိတာက အသုံးမဝင်ရုံပဲ၊ အသုံးမတည့်ရုံ၊ ကိုယ့်ဘဝ မတိုးတက်ရုံပဲ။ ကိုယ်တိုင်က အကြောင်းတိုက်ဆိုင်လို့ ကိုယ့်ကိုယ်ကိုယ် သိသွားရင်ဖြစ်ဖြစ်၊ တစ်ယောက်ယောက်က ထောက်ပြကူညီလိုက်ရင်ဖြစ်ဖြစ် အသုံးတည့်လာနိုင်တယ်။ အားနည်းချက်ကို မသိတာကျတော့ သူနဲ့မဆိုင်တာ သူမပိုင်နိုင်တာတွေပါ အကုန်ဝင်ရှုပ်တတ်တာမို့ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်တယ်။ ကိုယ်မတတ်ကျွမ်းတာကို တတ်ကျွမ်းတယ်ထင်တဲ့ ဘဝင်နှင့်မာနက ခံနေတော့ သူများထောက်ပြလည်း နိဝါတ မဝင်တော့ဘူး။ အဲဒီဘဝင် တိမ်သလ္လာကို မဖယ်နိုင်သရွေ့ ကိုယ့်အပြစ်ကိုယ်လည်း မြင်နိုင်ဖို့ မလွယ်တော့ဘူး။

ဒီတော့ ကိုယ့်ကိုယ်ကိုယ် သိအောင်၊ ကိုယ့်အားသာချက်ကို သိပြီး ကိုယ့်ကိုယ်ကိုယ် အသုံးဝင်သူ ဖြစ်အောင်၊ ကိုယ့်အားနည်းချက်ကို သိပြီး ကိုယ့်ကိုယ်ကိုယ် ပတ်ဝန်းကျင်ရဲ့ အမှိုက်သရိုက် မဖြစ်အောင် ကြိုးစားဖို့အရေးဟာ အရိုးရှင်းဆုံးနှင့် အခက်ခဲဆုံးကိစ္စ တစ်သက်တာလုံးကိစ္စလို့ မြင်မိပါတယ်။

ဓီရာလင်း
တန်ဆောင်မုန်းလကွယ်နေ့။

No comments:

Post a Comment