Wednesday, November 12, 2025

Dunning - Kruger effect

 ကျနော်က အမေရိကန် နိုင်ငံရေးအကြောင်းတွေကို မရေးပဲ နေသူပါ ။ မသိလို့ မဟုတ်ပေမဲ့ အငြင်းပွားစရာ မိတ်ဆွေပျက်စရာ မဖြစ်အောင် ရှောင်တဲ့သဘောပါ ။ ဒါပေမဲ့ အခုရက်ပိုင်းအတွင်းမှာ တွေ့ရတဲ့ အဖြစ်အပျက်တချို့နဲ့ပတ်သက်ပြီး မရေးပဲမနေနိုင်ဖြစ်လာလို့ နည်းနည်း ရေးပါရစေ ။ ဖတ်ခဲ့ရတဲ့ စိတ်ပညာဆိုင်ရာ သုတေသန စာတမ်းများ ၊ နိုင်ငံရေးသိပ္ပံပညာရှင်များရဲ့ စာတမ်းများကနေ ပြန်ပြောပါမယ် ။

တချို့သော မမှန်သတင်းများ Disinformation
( ၁ ) သမတ ထရမ့်က တနေ့က သူရေးနေကြ လူမှုကွန်ရက် ကနေ ရေးလိုက်တယ် ။ သမတဟောင်း အိုဘားမားက သူဦးဆောင်ပြီးလုပ်ခဲ့တဲ့ အိုဘားမားကဲ ( Obamacare ) ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်က သူ့နာမည်နဲ့မို့ နာမည်သုံးခွင့် တနှစ်တနှစ် ကော်မရှင် သဘော ဒေါ်လာ သန်းချီပြီး ရနေတယ် ။ အခုဆိုရင် ဒေါ်လာ သန်း ၄၀ လောက်ရနေပြီလို့ ပြောလိုက်ပါတယ် ။ အိုဘားမားကဲ ဆိုတာက အိုဘားမားက စခဲ့ပေမဲ့ နာမည်အမှန်က Affordable Care Act ( ACA ) ပါ ။ အစိုးရ ( လွှတ်တော် ၂ ရပ်လုံး) သဘောတူလို့ ချမှတ်ထားခဲ့တဲ့ ဥပဒေ တရပ်ပါ ။ ပစ္စည်းရောင်းတဲ့ကုမ္ပဏီတခု မဟုတ်ပါဘူး ။ ဒီကော်မရှင်ကို ကျန်းမာရေးအာမခံကုမ္ပဏီကြီးတွေက ပေးသလိုလို အစိုးရက ပေးသလိုလိုရေးထားပါတယ် ။ အစိုးရအနေနဲ့ကတော့ ဥပဒေ တခုအတွက် ဘယ်သူ့ကိုမှ ကော်မရှင်ပေးလို့ မရဘူး ဆိုတာ အသိဥာဏ်ရှိသူ လေ့လာသူမှန်ရင် အားလုံးသိနိုင်ပါတယ် ။ ဒါဟာ လံကြုတ်သတင်းဆိုတာ ၂၀၁၇ ကတည်းက အကြိမ်ကြိမ် ရှင်းထားပြီးသားပါ ။
ဒါပေမဲ့ အဲဒီလို သမတတယောက်လုံးက အဲလို မဟုတ်တဲ့ဟာတွေကို ရေးလိုက်တော့ လူတွေရဲ့စိတ်မှာ သို့လော သို့လော ဟုတ်လေမလားဆိုတာတွေ ပေါ်လာပါတယ် ။ အထူးသဖြင့် အမေရိကန် အရေးကို အလွန် စိတ်ဝင်စားလှတဲ့ ကိုရွှေဗမာတွေက ဆတ်ဆတ်ထိမခံဖြစ်ကြပြီး အိုဘားမားက လူယုတ်မာကြီး ဖြစ်ပြီး ၊ အရေးယူရမယ် ၊ အမှုလုပ်ရမယ် ထောင်ချရမယ် ၊ အိုဘားမားတို့ ဘိုင်ဒင်တို့ ဒီမိုခရက်ဆိုရင် အကုန် လူယုတ်မာတွေပဲ ၊ ဒီမိုတွေက အမေရိကန်ကို ဖျက်ဆီးပစ်နေတယ် ဘာညာ ဆိုပြီး သမကြတော့တာပေါ့ ။ ( သူတို့ပြောတဲ့စကားနဲ့ပြောရရင် ငါးပိတွေ လောင်ကြတာပေါ့ ) ။
ထရမ့်က သူနဲ့ အတိုက်အခံ ဒီမိုခရက်မှန်သမျှ လူယုတ်မာတွေ ၊ တတိုင်းပြည်လုံးကို ဖျက်ဆီးလာခဲ့တာ ၊ ဘိုင်ဒင်တို့ အိုဘားမားတို့ ဖျက်ခဲ့တဲ့ အမေရိကကြီးကို သူက အခုပြန်ပြီး အဖတ်ဆယ်နေရတယ် ဆိုတာကို အချိန်လုံး တွင်တွင်ပြောတော့ လူတွေက အချက်အလက်ရယ်ဘာရယ် သိပ်စုံစမ်းမနေကြတော့ဘူး ၊ သမတ တယောက်လုံးက ပြောနေတာပဲ ဆိုပြီး ဒီမိုခရက်တွေက တိုင်းပြည်ဖျက်တွေ ၊ ဒီမိုခရက်ဆို အသေမုန်း ဖြစ်နေကြတော့တာပေါ့ ။ အထူးသဖြင့် ဗမာတွေက အဆိုးဆုံးပေါ့ ။ ဒီမိုခရက်တွေက ဘယ်လို ဖျက်သွားတာလဲ ၊ စီးပွါးရေး က ဘယ်သူ့လက်ထက်မှာ တကယ်ကောင်းပြီး ဘယ်သူ့လက်ထက်မှာ တကယ် မကောင်းခဲ့တာလဲ ဆိုတာ အချက်ကျကျ ချမပြနိုင်ကြပါဘူး။
တလောက ချာလီကာ့ခ် ဆိုတဲ့ ရီပတ်ဘလီကန် သေနတ်နဲ့အပစ်ခံရလို့ သေသွားတာနဲ့ တပြိုင်နက် ဘာမှ မစုံစမ်းမစစ်ဆေးသေးခင် ပဲ သမတကိုယ်တိုင်ကထွက်လာပြီး ဒါတွေဟာ လက်ဝဲစွန်း အကြမ်းဖက် ဒီမိုခရက်တွေ လက်ချက်ပဲလို့ တန်းစွပ်စွဲလိုက်တယ် ။ လူတွေကလည်း သမတ သံယောင်လိုက်ပြီး ဒီမိုတွေ ယုတ်မာတယ်ချက်ခြင်း ဖြစ်ကုန်ရော ။ တကယ်တော့ သတ်သူက ဒီမိုခရက်မဟုတ်ပါဘူး ။ ဘာကြောင့်သတ်တယ်ဆိုတာ ခုထိ တိတိကျကျ မသိသေးပါဘူး ။
ဗမာပြည်က လူပြက်တွေပြောသလို -
“ဟေ့ မနေ့ညက ခေါင်းရင်းအိမ်က အဒေါ်ကြီး ဆုံးပြီတဲ့ “
“အို ဟုတ်လား စိတ်မကောင်းပါဘူးကွာ ၊ ဘာရောဂါနဲ့လဲ”
“မပြောချင်ပါဘူးကွာ ကိုလိုနီ နယ်ချဲ့စံနစ်ဆိုးကြီး လက်ချက်ပေါ့”
အခုလည်းတဆိတ်ရှိ မကောင်းတာမှန်ရင် ဒီမိုခရက်တွေ လက်ချက်ချည်း ဆိုတာနဲ့ ကိုင်တုတ်နေကြတာပါပဲ ။
( ၂ ) နောက်ထပ် ဥပမာ တခု ။ အိုဘားမားက ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားနဲ့ပေါင်းပြီး ထရမ့် မနိုင်အောင် လုပ်ပါတယ် ဆိုပြီး ရွေးကောက်ပွဲ နှောက်ယှက်မှု နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဖို့ ထရမ့်အစိုးရက အမှုဆင်နေကြပါတယ် ။ ဒါပေမဲ့ သူတို့ဖက်က သက်သေ ခိုင်ခိုင်လုံလုံ ရှိပုံမရလို့ ဂျူလိုင်က စပြီး စွပ်စွဲနေတာ အခုထိ ဘာမှ ဖြစ်မလာပါဘူး ။ ဟုတ်မှ မဟုတ်ပဲကိုး ။ အသံသာမြည်ပြီး အဆံမပါတဲ့ သင်္ကြန်အမြောက်ပါပဲ ။
( 3 ) သမတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ မြေးမ အပျိုပေါက်လေး က ပထမဆုံးအကြိမ် မဲပေးပြီးပြန်လာတော့ မဲပေးပြီးပြီ ဆိုတဲ့စတစ်ကာလေးကို ယူလာပြီး အဖိုးဖြစ်သူ ဘိုင်ဒင်ကို သူ့ရင်ဘတ်မှာ ကပ်ခိုင်းပါတယ် ။ ဘိုင်ဒင်က သူ့မြေးလေးကို စတစ်ကာကပ်ပေးပြီး နဖူးလေးကို ငုံ့နမ်းလိုက်ပါတယ် ။ အဲဒီ ဗီဒီယို ကလစ်ကို မလိုမုန်းထားသူတွေက စတစ်ကာကပ်တဲ့အပိုင်းကို ဖြတ်ထုတ်ပြီး ကောင်မလေး ရင်ဘတ်ကို ကိုင်တယ် ဘိုင်ဒင်က ကလေးတွေကို လိင်ကျူးလွန်သူပဲ ၊ သူ့မြေးလေးတောင် မရှောင် ၊ လူလယ်ခေါင်မှာ ရင်ဘတ်ကိုင်တယ် ဆိုပြီး တင်လိုက်တာ သန်းချီပြီး ကြည့်ကြတယ် ။ ထရမ့်ဘက်တော်သား လကျ်ာစွန်း သမားတွေက ဘိုင်ဒင် ကလေးလိင်ကျူးလွန်သူ Pedophile ဆိုပြီး အခုထိ သိက္ခါချနေကြတုန်း ပြောနေကြတုန်းပါ ။
( ၄ ) အခုလက်ရှိသမတ ထရမ့်ကိုလည်း မကြိုက်သူတွေက အမျိုးမျိုးရစရာမရှိအောင် AI တွေနဲ့ ဖန်တီးပြီး ဆဲနေဆိုနေကြတာ နေ့တိုင်းပါပဲ ။ များလွန်းလို့ ဘယ်ဟာက တကယ် ၊ ဘယ်ဟာက မမှန်သတင်းဆိုတာ ပြောရအောင် ဖြစ်နေပါတယ် ။
ဒါက မြင်သာတဲ့ ဥပမာ တချို့မျှသာပါ။ တခြားအများကြီးပါ ။ တနေ့တမျိုး နေ့တိုင်းမရိုးရပါဘူး ။
ကျနော်ပြောချင်တာက အမေရိကမှာ လက်ရှိအခြေအနေအရ နိုင်ငံရေးနဲ့ပတ်သက်ပြီး မမှန်သတင်း သွားပုတ်လေလွင့်ပြောတဲ့သတင်းတွေက ပလူပျံအောင် မကြည့်ချင်အဆုံး ဖြစ်နေတာကို ပြောချင်တာပါ ။ ကိုယ့်ပါတီ မဟုတ်ရင် တဖက်သားကို မှိုချိုးမျှစ်ချိုး နစ်နစ်နာနာ ပြောဖို့ လုံးဝ ဝန်မလေးကြတော့ဘူး။ ဟုတ်မဟုတ် ဖြစ်နိုင် မဖြစ်နိုင် မစဥ်းစားတော့ဘူး ။ သမတကိုယ်တိုင်က တွေ့ကရာ မဟုတ်တရုတ်တွေကို တချိန်လုံးပြောနေတာပဲကိုး ။ အဲတော့ကာ ထရမ့်နောက်လိုက် မှန်သမျှတွေက သူပြောသမျှကို ချွင်းချက်မရှိလက်ခံကြ ယုံကြတယ် ။ သူဖြူရင် ဖြူ သူမဲရင်မဲပါပဲ ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ဖတ်ထားလေ့လာထားတဲ့ သုတေသန စာတမ်းလေးတွေထဲက တချို့ မှတ်စရာလေးတွေကို အကျဥ်းချုပ်ရေးပြပါရစေ ။
Dunning – Kruger Effect
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အမေရိကန် နိုင်ငံက နာမည်ကျော် ကော်နဲ တက္ကသိုလ် Connell University က David Dunning နဲ့ Justin Kruger ဆိုတဲ့ စိတ်ပညာဆရာကြီး ၂ ဦး လေ့လာတွေ့ရှိချက်မို့ ဒီတွေ့ရှိချက်ကို သူတို့ နာမည်ပေးထားပါတယ် ။ Cognitive Bias ( မျက်နှာလိုက်တဲ့ ခံယူချက် ) လို့လည်း ခေါ်ကြတယ် ။
အလွယ်ဆုံးပြောရရင် -
အသိဉာဏ် နိမ့်သူ စွမ်းဆောင်ရည်နိမ့်သူတွေက သူတို့ သိထားသလောက် အသိကလေးကို အဟုတ်ကြီး အတတ်ကြီးထင်ပြီး သိသလောက်ကလေးကို ပြတ်သားခိုင်မာစွာ ယုံကြည်ပြောဆိုကြတယ် ( Overconfident and overestimate ) ။ ငါသိနေတာ မှန်ရောမှန်ရဲ့လား ၊ ပြည့်စုံရဲ့လား ဆိုတာမျိုး မစဥ်းစားတတ်ဘူး။ သိစရာအကုန်သိပြီးပြီလို့ ယူဆထားတဲ့အတွက် ဘာကိုမှ ဆက်ပြီး စူးစမ်း စစ်ဆေးလေ့လာတာ မလုပ်ကြတော့လို့ တော်မလာပဲ ညံ့ကျန်ရစ်ခဲ့တယ် ။
အသိဉာဏ် မြင့်သူ စွမ်းဆောင်ရည် မြင့်သူတွေက သူတို့ သိထားတာကို မကျေနပ်သေးပဲ ဆက်ပြီး သိသည်ထက်သိအောင် ကြိုးစားကြတယ် ။ ( Underconfident and underestimate ) သူများတွေ ဘယ်လို မြင်သလဲ ဘယ်လိုပြောသလဲဆိုတာကို ထောင့်စုံအောင် လေ့လာတယ် ။ တခုခုကိုပြောရင် ယတိပြတ်ကြီး မပြောပဲ ချင့်ချင့်ချိန်ချိန်ပြောတတ်တယ် ။ သိစရာရှိတာကို ဆက်သိအောင် ဆက်တိုက် လေ့လာနေကြလို့ တော်သည်ထက် တော်လာကြတယ် ။
ဒါကို Dunning Kruger Effect လို့ ခေါ်ပါတယ် ။
၁၉၉၉ မှာ MacArthur Wheeler ဆိုတဲ့ လူတယောက်က ဘဏ်မှာ ဓားပြသွားတိုက်တယ် ။ သူက မျက်နှာကို မျက်နှာဖုံးမစွပ်ပဲ ရှောက်ရည်ပဲ ( lemon juice ) လိမ်းသွားတယ် ၊ စာရွက်ပေါ်မှာ ရှောက်ရည်နဲ့စာရေးရင် ခြောက်သွားရင် မမြင်ရတော့ဘူးဆိုတာကိုး ။ ဒါကြောင့် ရှောက်ရည်လိမ်းရင် ကိုယ်ပျောက်တယ်လို့ သူကထင်နေတာ ။ သူ့မျက်နှာကြီးက လုံခြုံရေးကင်မရာမှာ ပေါ်နေတော့ အလွယ်နဲ့ ဖမ်းလို့ မိသွားတယ် ။ အဖမ်းခံရချိန်မှာ ဒီလူက တအံအသြပြောတယ် ငါ့မျက်နှာကို မမြင်ရပဲ မင်းတို့က ငါ့ဘယ်လို ဖမ်းလိုက်သလဲတဲ့ ။ ရှောက်ရည်သုတ်ထားရင် တကယ် ကိုယ်ပျောက်တယ်လို့ သူက စွဲမြဲယုံကြည်ထားတာကိုး ။ Dunning နဲ့ Kruger တို့က အဲဒီလူကို လေ့လာပြီး ဒီသုတေသန စာတမ်းကို ထုတ်ခဲ့တာပါ ။
သက်ရောက်မှု
ဥပမာတခု - စကားပြောပွဲတခုမှာ ဉာဏ်ရည်နိမ့်ပြီး ကိုယ့်ကိုယ်ကိုယ် တတ်လှပြီ ထင်နေသူ လူပြိန်းတဦးရယ် ၊ ဉာဏ်ရည်အတော်ကောင်းပြီး ချင့်ချိန်တတ်သူကျောင်းသားတယောက်ရယ် ပညာရှိဆရာကြီး တယောက်ရယ် ၃ ယောက်စကားပြောကြတယ် ၊ လူပြိန်းက သူသိထားတာ နည်းနည်းလေးကို အားရပါးရ ပြတ်သားခိုင်မာစွာ (မစားရဝခမန်း )ပြောတယ် ။ အကြောင်းအရာအနေနဲ့ မခိုင်လုံလှဘူး ။ ကျောင်းသားကတော့ ပိုသိနေလို့ ပိုပြီးဆင်ခြင်ပြောလို့ လူပြိန်းလောက် မပြတ်သားဘူး ။ ဆရာကြီးကတော့ သူ့ကိုယ်သူယုံကြည်မှု အပြည့်နဲ့ပြောတယ် ဒါပေမဲ့ ချင့်ချင့်ချိန်ချိန်ပဲပြောတယ် ။
နောက်ဆုံးမှာ ပရိတ်သတ်က လူပြိန်းပြောတာကို လက်ခံပြီး ပွဲကျသွားကြတယ် ၊ ဒါဟာ Dunning Kruger Effect ရဲ့ သက်ရောက်မှု တခုပါပဲ ။ ဖြစ်တတ်တဲ့သဘာဝတခုပေါ့ ။
နိုင်ငံရေး နဲ့ Dunning Kruger Effect
နိုင်ငံရေးသမားတွေက သူတို့ပါတီအကျိုး သူတို့ကိုယ်ကျိုးအတွက် မမှန်တာတွေကို တောက်လျှောက် ဝါဒဖြန့် ပြောနေတာကို disinformation လို့ ခေါ်ပါတယ် ။ ခုန အပေါ်က ပြောခဲ့တဲ့ ပထမလူတန်းစား ( ဉာဏ်ရည်နိမ့်သူ )တွေက အဲဒါမျိုးကို ကြားလိုက်တာနဲ့ ယုံသွားတယ် ။ အခုခေတ်မှာ လူမှုကွန်ရက်လို နေရာကနေ မမှန်သတင်းတွေ ဝါဒဖြန့်သတင်းကို ပဲ့တင်သံလို အဆင့်ဆင့်ကူးယူပြီး ဖြန့်နေကြတာကို Echo chamber of social media လို့ ခေါ်ပါတယ် ။ ပဲ့တင်သံသတင်းခေါ်ရမှာပေါ့ ။
အဲဒီလို ပထမ ရထားလိုက်တဲ့ အသိက သိစရာအကုန်ပဲ အမှန်ပဲလို့ ယူဆလိုက်တဲ့အချိန်ကစပြီး အဲဒီ အသိနဲ့ ဆန့်ကျင်ဖက်မှန်သမျှ ကို ဘယ်လောက်ပဲ မှန်နေပေစေ နားမဝင်တော့ဘူး။ သူက နောက်ထပ်သတင်းဆိုရင်လည်း သူကြားချင်တဲ့ဟာ သူ့ဝါဒနဲ့ကိုက်တဲ့ဟာ ကိုသာ ရွေးပြီး ဖတ်တော့တယ် ။ ကိုယ့်ဝါဒနဲ့မကိုက်တဲ့ အဆိုအမိန့်ဆိုရင် လုံးဝကို နားမထောင်တော့ မကြည့်တော့တာ ၊ လက်မခံနိုင်တော့တာ ။ အဲဒီလို လုပ်ရင်းလုပ်ရင်း အသိအမှားက ခိုင်မြဲသထက်ခိုင်မြဲသွားတာပေါ့ ။
Autism and vaccine
သိသာတဲ့ဥပမာတခုက - အမေရိကန်လိုနိုင်ငံကြီးမှာ သိပ္ပံပညာရှင်တွေ လေ့လာထားချက်အရ autism ဖြစ်ရတဲ့အကြောင်းတွေ လေ့လာထားတာ စာပေ လက်တွေ့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိတယ် ။ ကာကွယ်ဆေးထိုးတာနဲ့ ဘာမှ မဆိုင်ဘူး ၊ ကာကွယ်ဆေးထိုးလို့ autism ဖြစ်တာမဟုတ်ဘူးဆိုတာ သေသေချာချာ သိပ္ပံနည်းကျ အထောက်အထားရှိတယ် ။ ဒါပေမဲ့ ဘာမှ နားမလည်ပဲ ကျန်းမာရေးဝန်ကြီးတက်ဖြစ်လာတဲ့ JFK junior လိုလူက ကလေးတွေကို ကာကွယ်ဆေးထိုးရင် autism ဖြစ်တယ်လို့ ဆိုလိုက်ရင် ပထမ အမျိုးအစား လူတွေက မစဥ်းမစား တခါထဲ ယုံလိုက်တော့တာပဲ ။ တကယ် ဟုတ်မဟုတ် သိပ္ပံနည်း ကျမကျဆိုတာ မစဥ်းစားတော့ဘူး။ တလောကလည်း ကိုယ်ဝန်သည်တွေ ပါရာစီတမော ( တိုင်လီနော ) သောက်ရင် မွေးလာတဲ့ကလေးမှာ autism ဖြစ်နိုင်တယ် ဆိုပြီး ကျန်းမာရေး ဝန်ကြီးရော သမတကပါ ပြောလို့ လူတွေ အကြီးအကျယ် ယုံလိုက်ကြတာ ။ အဲဒီယုံတဲ့အထဲ နာမည်ကြီး ဗမာဆရာဝန်တွေတောင် ပါလိုက်သေးတယ် ။
Culture
အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်း တစိတ်တဒေသက လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံ အယူဝါဒနဲ့လည်း နည်းနည်း ဆိုင်တယ် လို့ ဆိုပါတယ် ။ အမေရိကန်တွေက ကမ္ဘာမှာ အကောင်းဆုံးတိုင်းပြည်မှာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ သက်တောင့်သက်သာ နေရလို့ တခြားတိုင်းပြည်တွေရဲ့ အယူအဆ ယဥ်ကျေးမှုဆိုတာတွေကို သိပ်အရေးမထားတတ်တဲ့သဘောမျိုးရှိတတ်ကြတယ် ။ ကမ္ဘာမှာ အမေရိကန်သာ အကောင်းဆုံး ၊ ကျန်တဲ့လူတွေက ဒို့လောက် မတော်ဘူး မကောင်းဘူး ဆိုတဲ့ မာနရှိတယ် ။ သူများလုပ်သမျှကို အထင်သေးတတ်တဲ့ဘောလည်း ရှိတယ် ။ အဲတော့ သူများပြောတာကို ဂရုစိုက်စရာ မလိုဘူး၊ စိုက်ချင်းစိုက်ရင် သူများကသာ ငါတို့ကို ဂရုစိုက်ရမယ် ဆိုတဲ့ မာနရှိကြတယ် ။ အမေရိကန် အားလုံးကိုတော့ မဆိုလိုပါဘူး။
ခုခေတ်ကြီးလို ကွန်ပြူတာတွေ ဖုန်းတွေ အလွယ်ရှိပြီး ဘာကို မဆို လက်တတို့ အတွင်း လေ့လာနိုင်နေတဲ့ခေတ်ကြီးမှာကိုပဲ နိုင်ငံရေးကို အခြေခံလောက်မှ မသိသေးတဲ့ အမှားအမှန်မဝေဖန်နိုင်တဲ့ အမေရိကန်တွေ တပုံကြီးရှိပါတယ် ။ အဲလိုလူတွေကို နိုင်ငံရေးအမြတ်ထုတ်လိုသူများက disinformation နဲ့ ဆွဲဆောင်ရတာ အလွယ်ဆုံးပေါ့ ။
ဂျပန်တွေဟာ အလွန်တော်တဲ့လူမျိုးတွေပါ ၊ ဒါပေမဲ့ သူတို့က အမေရိကန်လို ဘဝင်မြင့်တာမျိုးမရှိလို့ သူတို့ကိုယ် သူတို့ မပြည့်စုံသေးဘူး မတတ်သေးဘူးလို့ ယူဆပြီး တချိန်လုံး တိုးတက်အောင် ဆက်ကြိုးစားနေကြတယ် ။
Bandwagon effect
တခါတလေမှာတော့ အများလုပ်လို့ ကောင်းမယ်မှန်မယ်ထင်ပြီး လိုက်လုပ်လို့ အလွဲတွေ ဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ် ။ အဲဒါကို Bandwagon effect လို့ ခေါ်ပါတယ် ။ အများစု လုပ်တိုင်း အမှန်လို့ ဆိုလို့မရပါဘူး ။
How to avoid Dunning Kruger Effect
အဲဒီလို မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
( ၁ ) Cultivate self awareness ကိုယ်ဘယ်လောက်ပဲ တတ်သေးသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါ
( ၂ ) Learn from experts တတ်ကျွမ်းသူ ဆိုင်ရာ ပညာရှင်တွေဆီက လေ့လာမှတ်သားပါ
( ၃ ) Question your own knowledge and beliefs ငါသိထားတာ မှန်ရဲ့လား ပြည့်စုံရဲ့လားဆိုတာ မေးခွန်းထုတ်ပါ ။
( ၄ ) See feedback and constructive criticism သူများက ဝေဖန်ရင် နားထောင်ကြည့်ပါ ၊ ဟုတ်များဟုတ်လေမလား စဥ်းစားပေးပါ ။
( ၅ ) Study from multiple sources တနေရာမကတဲ့ နေရာမျိုးစုံကနေ ရှုဒေါင့်စုံက လေ့လာပါ ။ ဖေ့စဘွတ် သည် တခုတည်းသော သတင်းဇစ်မြစ်ဌာန မဟုတ်ပါ ။ တခြား သတင်း မီဒီယာ စုံအောင် ဖြန့်ပြီးလေ့လာပါ ။ ပြီးမှကောက်ချက်ချပါ ။
( ၆ ) Develop critical thinking စေ့စေ့စပ်စပ် မျှမျှတတ ဆင်ခြင် ဝေဖန်တွေးခါ်ပါ
( ၇ ) Evaluate credibility ကိုယ်သိထားတဲ့အချက် သတင်း တခု ဘယ်လောက် ယုံရသလဲ ဆန်းစစ်ပါ။
ဗမာပြည်မှာပြောသလို မ”အ”အောင်စာဖတ်ကြပါ စုံစေ့အောင် ရှုဒေါင့်အမျိုးမျိုးကနေ လေ့လာကြပါ ဆိုတာ ဒါပါပဲ။
အင်္ဂလိပ် စာရေးဆရာကြီး ရှိတ်စပီးယားက “As You Like It” ဆိုတဲ့ ပြဇာတ်မှာ ရေးသွားပါတယ် ။
The Foole doth thinke he is wise, but the wiseman knows himself to be a Foole.
လူညံ့လူပြိန်းကတော့ သူဟာ ပညာရှိတယ်လို့ သူ့ကိုယ်သူထင်နေတယ် ၊ တကယ် ပညာရှိသူက သူ့ကိုယ်သူလူညံ့ ၊ အသိမပြည့်စုံသေးသူ ( နောက်ထပ်ကြိုးစားရဦးမယ် )လို့ ခံယူထားပါတယ် တဲ့ ။

No comments:

Post a Comment