(ဆြာယဉ်ကြံဖန် ရေးသားသည်)
"မိန်းမတွေ ဘာလိုချင်လဲ" ဆိုတဲ့ မေးခွန်းဟာ ကမ္ဘာဦးအစကတည်းက အမျိုးသားတွေ ခေါင်းခဲပြီး မေးလာခဲ့ကြတဲ့ မေးခွန်းတစ်ခုပါ၊ ဒီမေးခွန်းရဲ့အဖြေကို "ပိုက်ဆံချမ်းသာတာ"၊ "ရုပ်ချောတာ"၊ "စကား ပြောကောင်းတာ" ဆိုတဲ့ အပေါ်ယံ အဖြေတိုလေးတွေနဲ့ ပေးဖို့ ကြိုးစားကြတိုင်း၊ ကျွန်တော်တို့ ဟာ ပိုပြီး နက်ရှိုင်းတဲ့ အမှန်တရားတစ်ခုကို လွဲချော်သွားလေ့ ရှိပါတယ်။
စိတ်ပညာရှုထောင့်ကနေ ကြည့်ရင် အမျိုးသမီးတစ်ယောက် (တကယ်တော့ လူသားတိုင်း) ဟာ ရေရှည် လက်တွဲဖော်တစ်ယောက်ဆီကနေ မျက်မြင်ရုပ်ဝတ္ထုတွေထက် ပိုလေးနက်တဲ့ "စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်" (Psychological Needs) တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါတွေက "လိုချင်တာ" (Wants) အဆင့်ထက် "မရှိမဖြစ် လိုအပ်တာ" (Needs) အဆင့်မှာ ရှိနေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Emotional Security) ကတော့အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်၊ လုံခြုံမှုဆိုတာ ငွေကြေးဓန၊ ဒါမှမဟုတ် အကာအကွယ်ပေးနိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက် (ဗလတောင့်တောင့်ဖြောင့်ဖြောင့်) ကို ဆိုလိုတာထက် ပိုနက်နဲပါတယ်၊ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ချပြဖို့ ဝန်မလေးတဲ့ နေရာတစ်ခုကို လိုချင်လေ့ရှိပြီး "ငါ သူ့ရှေ့မှာဆို ဟန်ဆောင်စရာမလိုဘူး"၊ "ငါ့ရဲ့ မပြည့်စုံတဲ့ ပုံစံအတိုင်း သူက လက်ခံတယ်" ဆိုတဲ့ သူမရဲ့ ဖြစ်တည်ခွင့်ရခြင်း ဆိုတဲ့ခံစားမှုမျိုးကိုနားလည်နိုင်သူကိုလိုချင်ကြပါတယ်။
ခန့်မှန်းရခက်တဲ့ ဆက်ဆံရေးဟာ စိတ်ကို အမြဲတမ်း ဒုက္ခပေးလေ့ရှိတာကြောင့် ဒီနေ့ အရမ်းချစ်ပြပြီး နောက်နေ့ကျ စိမ်းကားသွားတာ၊ စိတ်ကောင်းဝင်ရင် နူးညံ့ပြီး စိတ်မကြည်ရင် ပစ်ခတ်ပြောဆိုတာမျိုး မဟုတ်ဘဲ၊ တသမတ်တည်း တည်ငြိမ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးကို လိုချင်ကြပါတယ်။
ပြဿနာသေးသေးလေးတွေ တက်တိုင်း "လမ်းခွဲမယ်" လို့ ခြိမ်းခြောက်တာ၊ "ငါမရှိရင် နင်ဘာမှ မလုပ်တတ်ဘူး" လို့ နှိမ်ချဆက်ဆံတာမျိုး မဟုတ်ဘဲ၊ "ဘာပဲဖြစ်ဖြစ် ငါတို့ အတူတူ ဖြေရှင်းကြမယ်" ဆိုတဲ့ စိတ်ဓာတ်မျိုးကို ပေးနိုင်တဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးနိုင်သူပါ။
လူတိုင်းဟာ "အသိအမှတ်ပြုခံရခြင်း" ကို လိုလားကြတာမှန်ပေမယ့် လူနှစ်ဉီးရဲ့ ဆက်ဆံရေးမှာတော့ ဒါဟာ တန်ဖိုးထားမှုနှင့် နားလည်မှု (Validation and Understanding) အရပိုအရေးကြီးပါတယ်။
သူမ ရင်ဖွင့်တဲ့အခါ "ပြဿနာကို ဖြေရှင်းပေးဖို့" (Problem Solving) ထက်၊ သူမရဲ့ "ခံစားချက်ကို အသိအမှတ်ပြုပေးဖို့" (Feeling Validation) ကို အရင်လိုချင်တာပါ၊"နားထောင်" ခြင်းသက်သက် မဟုတ်ဘဲ "ကြားနာ" ခြင်းမျိုးပေါ့။
ဥပမာ: သူမက "ဒီနေ့ အလုပ်မှာ စိတ်ညစ်စရာ ကြုံတယ်" လို့ ပြောတဲ့အခါ၊ "ဒါများ"၊ "အဲ့ဒါ နင့်အမှားနေမှာပေါ့" လို့ ပြောမယ့်အစား၊ "ဪ... မင်း တော်တော် စိတ်ဖိစီးသွားမှာပေါ့" (ဒါက ခံစားချက်ကို အသိအမှတ်ပြုတာ) လို့ ပြောတာမျိုးက သူမကို နားလည်ရာရောက်ပါတယ်။
တန်ဖိုးထားမှု ပြသဖို့အတွက် ဈေးကြီးတဲ့ လက်ဆောင်တွေ ပေးတာကို မဆိုလိုပါဘူး၊ သူမရဲ့ ထင်မြင်ချက်ကို လေးလေးစားစား မေးမြန်းတာ၊ သူမရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုတာ၊ "ကျေးဇူးတင်ပါတယ်"၊ "တောင်းပန်ပါတယ်" ဆိုတဲ့ စကားလုံးတွေကို မှန်မှန်ကန်ကန် သုံးစွဲတာမျိုးကို ဆိုလိုချင်ကြပါတယ်။
အမျိုးသမီးတွေဟာ "ဦးဆောင်သူ" (Leader) သို့မဟုတ် "နောက်လိုက်" (Follower) သက်သက်ကို လိုချင်တာ မဟုတ်ပါဘူး၊ သူတို့ လိုချင်တာ စစ်မှန်သော "လက်တွဲဖော်" (A True Partnership) ပါ၊
သူမရဲ့ ဘဝကို "ထိန်းချုပ်" မယ့်သူ၊ "ပဲ့ပြင်" မယ့်သူ (Controlling) ကို မလိုချင်ပါဘူး၊ သူမရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပြီး၊ သူမရဲ့ ရည်မှန်းချက်တွေကို အတူတူ ပံ့ပိုးကူညီပေးမယ့် "Team-mate" (အသင်းဖော်) ကို လိုချင်တာမျိုးပါ။
ဟိုးအရင်ခေတ်တွေကလို "ယောကျ်ားက ရှာ၊ မိန်းမက ချက်" ဆိုတဲ့ ပုံစံခွက်ထဲကနေ ထွက်ပြီး၊ အိမ်မှုကိစ္စဖြစ်စေ၊ ကလေးကိစ္စဖြစ်စေ၊ ငွေကြေးကိစ္စဖြစ်စေ နှစ်ဦးသား တိုင်တိုင်ပင်ပင်နဲ့ တာဝန်ခွဲဝေယူလိုစိတ် ရှိတဲ့သူကို တန်ဖိုးထားကြပါတယ်။ "ဒါ ငါ့အလုပ်၊ ဒါ နင့်အလုပ်" လို့ ခွဲခြားနေတာထက် "ဒါ ငါတို့အလုပ်" လို့ မြင်တဲ့သူမျိုးပါ။ သူမ ပိုတော်လာမှာ၊ ပိုအောင်မြင်လာမှာကို မနာလိုဝန်တိုဖြစ်မယ့်သူမဟုတ်ဘဲ၊ သူမရဲ့ အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုလို ဂုဏ်ယူဝမ်းမြောက် ပေးမယ့်သူမျိုး ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ အသက်အရွယ်နဲ့ လုံးဝမသက်ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Maturity) အပိုင်းမှာတော့ ခံစားချက်ကို တည်ငြိမ်စွာ စီမံနိုင်မှုသူမျိုး၊ စိတ်တိုတဲ့အခါ အော်ဟစ်ပေါက်ကွဲတာ၊ ပစ္စည်းတွေ ပစ်ပေါက်တာ၊ ဒါမှမဟုတ် အေးစက်စက်နဲ့ လျစ်လျူရှုပြစ်ဒဏ် ပေးတာ (Silent Treatment) မျိုး မလုပ်ဘဲ၊ "ကိုယ် အခု စိတ်မကြည်မလင် ဖြစ်နေတယ်၊ ခဏ အချိန်ပေး" လို့ တည်တည်ငြိမ်ငြိမ် ပြောဆို ဆက်ဆံနိုင်တာမျိုးပါ။ပြဿနာတစ်ခုဖြစ်တိုင်း "နင့်ကြောင့်" လို့ လက်ညှိုးထိုး အပြစ်တင်တာမျိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဝန်ခံရဲတဲ့ သတ္တိရှိတာမျိုးပါ။
ဆက်ဆံရေးတိုင်းမှာ ပြဿနာဆိုတာ ရှိတတ်ပေမယ့် ရင့်ကျက်တဲ့သူဟာ ပြဿနာကို "အနိုင်ပိုင်းဖို့" မကြိုးစားဘဲ၊ "အဖြေရှာဖို့" ကြိုးစားပါတယ်။ "ငါမှန်တယ်၊ နင်မှားတယ်" ဆိုတာထက် "ငါတို့ နှစ်ယောက် ဒီကိစ္စကို ဘယ်လို အဆင်ပြေအောင် လုပ်ကြမလဲ" ဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ် တတ်တဲ့သူမျိုးပါ။
အမျိုးသမီးတွေ တကယ်လိုချင်တဲ့ "လက်တွဲဖော်" ဆိုတာ "စူပါမင်း" လို အစစအရာရာ ပြီးပြည့် စုံနေတဲ့သူ၊ ဒါမှမဟုတ် "မင်းသား" လို ချောမောနေတဲ့သူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
သူတို့ တကယ်တောင့်တတာက "လူသားဆန်ဆန်" နားလည်မှုပေးနိုင်တဲ့သူ၊ သူမရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်လောက်တဲ့ "လုံခြုံမှု" ကို ပေးနိုင်တဲ့သူ၊ "မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ငါရှိတယ်" ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တဲ့ "လက်တွဲဖော်" စစ်စစ် တစ်ယောက်ပဲ ဖြစ်တယ်။
ဒါဟာ "ဘယ်လို ယောကျ်ားအမျိုးအစား" (Type of Man) ကို လိုချင်တာထက်၊ "ဘယ်လို အရည် အချင်းတွေ" (Set of Qualities) ကို လိုချင်တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဖြစ်ပြီး၊ ဒီအရည်အချင်း တွေဟာ ကျား/မ မရွေး၊ ဆက်ဆံရေးတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေလို့ ကျွန်တော့် အနေနဲ့ ထင်မြင်မိပါတယ်။
#dryin
#Advisor
No comments:
Post a Comment