လူ့၀မ်းဗိုက်ထဲက အကျိုးပြုသော ပိုးကောင်လေးများ
(အူလမ်းကြောင်းကျန်းမာရေး အပိုင်း ၂)
.............................
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဒီပိုးကောင်တွေ ဘယ်ကနေ ဘယ်လို ရောက်လာသလဲ။
တကယ်တော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးကောင်တွေဟာ ကမ္ဘာဦးကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။ လူသားမျိုးနွယ်ရဲ့ သက်တမ်းဟာ ဒီပိုးကောင်တွေရဲ့ သက်တမ်းနဲ့ ယှဥ်ရင် မပြောပလောက်ပါဘူး။ ပိုးကောင်ရဲ့ သက်တမ်းဆိုရာမှာ သူတို့ ကမ္ဘာပေါ်မှာ တည်ရှိခဲ့တဲ့ အချိန်ကာလကို ဆိုလိုပါတယ်။ ပိုးကောင်တစ်ကောင်ချင်းစီရဲ့ သက်တမ်းကတော့ မိနစ်ပိုင်းကနေ နာရီပိုင်းလောက်ပဲ ကြာပါတယ်။
ပိုးကောင်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ရှိနေပါတယ်။ အရေပြားပေါ်မှာ ရှိတယ်။ လက်သည်းခွံပေါ်မှာ ရှိတယ်။ ခန္ဓာကိုယ်ပြင်ပ ပတ်၀န်းကျင်မှာလည်း နေရာအနှံ့ရှိနေပါတယ်။ သစ်ပင် ပန်းပင် နေရာတိုင်းမှာ ရှိပါတယ်။ လူခန္ဓာကိုယ်ထဲမှာ ပိုးကောင်တွေ အသိပ်သည်းဆုံးရှိတာကတော့ အူမကြီးထဲမှာပါပဲ။ အူမကြီးနဲ့ အစာဟောင်းအိမ်ထဲမှာ ဒီပိုးကောင်တွေ အများဆုံးရှိပါတယ်။ ၃၈ ထရီလီယံလောက်ရှိတယ်လို့ ပြောကြပါတယ်။
မိခင်၀မ်းထဲ သားအိမ်ထဲက သန္ဓေသားငယ်မှာတော့ ပိုးကောင်တွေ မရှိသေးပါဘူး။ မွေးလမ်းကြောင်းကနေ ထွက်လာတာနဲ့ ကလေးငယ်ဟာ ပြင်ပလောကကြီးမှာ ရှိတဲ့ ပိုးကောင်လေးတွေနဲ့ စတင် ထိတွေ့မိပါတော့တယ်။ ဒါကြောင့် သဘာ၀အတိုင်း မွေးလမ်းကြောင်းက မွေးတဲ့ ကလေးငယ်ဟာ ခွဲမွေးတဲ့ ကလေးငယ်နဲ့ ယှဥ်ရင်ပိုပြီး ကျန်းမာတဲ့ အူလမ်းကြောင်း ရှိနေတတ်ပါတယ်။ ရွေးချယ်ခွင့်ရှိရင်တော့ သဘာ၀အတိုင်း မွေးလမ်းကြောင်းက မွေးတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
မိခင်နို့တိုက်ကျွေးတာဟာလည်း ဒီ အူလမ်းကြောင်းပိုးကောင်လေးတွေကို ရှင်သန်ပွားများစေဖို့ အခွင့်ကောင်းပါပဲ။ မွေးကင်းစ ငယ်ရွယ်စဥ်မှာ Antibiotics ပဋိဇီ၀ဆေးတွေ သုံးရတဲ့ ကလေးငယ်တွေဟာ အူလမ်းကြောင်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်ခဲ့ရင်တော့ ဆေးတွေ ထိုးရမှာ ဖြစ်တဲ့အတွက် အရေးပေါ် အခြေအနေတွေကိုတော့ ဦးစားပေးသင့်ပါတယ်။ ဆရာ၀န်ညွှန်ကြားချက်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။
ဒီလို ဘ၀ရဲ့ အစမှာ ကြုံရတဲ့ အခြေအနေတွေဟာ ကလေးငယ်ရဲ့ အူလမ်းကြောင်း ပိုးမွှားစုကို ပုံဖော် ပေးလိုက်နိုင်ပါတယ်။
တဖြည်းဖြည်း ကြီးပြင်းလာတဲ့အခါမှာတော့ အစားအသောက် အနေအထိုင်က ပိုပြီး အဓိက ကျသွားပါတယ်။ ပုံမှန် နေ့စဥ် စားတဲ့ အစားအသောက်က အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ တလမှာ တခါ နှစ်ခါ ကျန်းမာတဲ့ အစားအသောက်စားရုံနဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အချိန်ကြာမြင့်စွာ အလေ့အကျင့်နဲ့ နေထိုင်စားသောက်မှသာ ကျန်းမာတဲ့ အူလမ်းကြောင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးက ဘာလို့ အရေးကြီးသလဲ။
နိုင်ငံတနိုင်ငံ၊ အိမ်တအိမ် ဘေးကင်းဖို့အတွက် နယ်နိမိတ်၊ ခြံစည်းရိုး၊ အိမ်တံခါးတွေ လုံခြုံနေဖို့လိုပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း ပြင်ပက ရောဂါတွေ၊ အဆိပ်အတောက်တွေ ၀င်မလာနိုင်အောင် အကာအကွယ်ရှိနေဖို့လိုတယ်။ လူအများရဲ့အမြင်မှာတော့ ဒီလို အကာအကွယ်ကို အရေပြားက လုပ်ပေးထားတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အရေပြားဟာ အခွံသဘောသက်သက်သာဖြစ်ပြီး အပြင်ကနေ ကိုယ်ထဲကို ဘာတွေ ၀င်ရမလဲ၊ ဘာတွေကို မ၀င်အောင် ကာကွယ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးတာက အူလမ်းကြောင်းထဲမှာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါးစပ်ကနေ စားလိုက် သောက်လိုက်သမျှထဲက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရတွေကို စုပ်ယူဖို့ အူလမ်းကြောင်းဟာ စက္ကန့်မပြတ် အလုပ်လုပ်နေရပါတယ်။ ဒီလို ပြင်ပ လောကကြီးနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ခြားထားတဲ့ စည်းဟာ အူလမ်းကြောင်းထဲမှာ အင်မတန်ပါးလွှာတဲ့ အူလမ်းကြောင်းနံရံလေးတစ်ချပ်သာ ရှိပါတယ်။ အင်မတန် သေးငယ်တဲ့ ဆဲလ် အလွှာလေး တလွှာပါပဲ။
ဒီအလွှာလေး စည်းပေါက်သွားတာနဲ့ ပြင်ပက အဆိပ်တွေ ရောဂါပိုးတွေဟာ ကိုယ်ထဲကို အဆီးအတားမရှိ ကျူးကျော်၀င်ရောက်လာကြတော့မှာပဲ ဖြစ်ပါတယ်။
ဒီအလွှာလေးကို သန်မာစေပြီး အူလမ်းကြောင်းတလျှောက် ကျွန်တော်တို့တွေ ဘေးကင်းအောင် အကူအညီပေးနေတာဟာ အူလမ်းကြောင်းထဲက ပိုးကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပိုးကောင်လေးတွေဆီက ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေဟာ အူလမ်းကြောင်းအလွှာ နံရံကို တင်းရင်းခိုင်မာနေစေပါတယ်။
တကယ်လို့ ပိုးကောင်တွေ အလုပ်မလုပ်နိုင်တော့ဘူး။ ကောင်းတဲ့ ပိုးကောင်တွေ လျော့ကျသွားမယ်ဆိုရင် အူနံရံထဲကို အပြင်က အဆိပ်အတောက်တွေ စိမ့်၀င်လာပါလိမ့်မယ်။ ဒီလို စိမ့်၀င်လာတဲ့ အဆိပ်အတောက်တွေက တကိုယ်လုံးကို ရောက်သွားပြီး ခန္ဓာကိုယ် ယောင်ယမ်းမှုတွေကို ဖြစ်စေတော့တာပါပဲ။ ဒီလိုနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ အခြားသော ၉၆ ပါးရောဂါတွေ စလာပါတော့တယ်။ ဒါကြောင့် အခုနောက်ပိုင်း လေ့လာမှုတွေအရ ရောဂါအများစုရဲ့ အစတည်ရာဟာ အူလမ်းကြောင်း မလုံခြုံမှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဘာလို့အူလမ်းကြောင်း မလုံခြုံရသလဲ။ အကျိုးပြုတဲ့ အူလမ်းကြောင်း ပိုးကောင်လေးတွေ နည်းပါးလို့၊ ပိုးမွှားစု ချိန်ခွင်လျှာ မညီမျှလို့ဆိုတဲ့ အဓိက အကြောင်းရင်းကြောင့်ပါပဲ။
ဘယ်လို အခြေအနေမျိုးကို ကျန်းမာတဲ့ အူလမ်းကြောင်းလို့ ပြောနိုင်သလဲ။
အခုခေတ်မှာ Diversity အကြောင်းကို လူပြောများလာကြပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမှာ လူမျိုးရေး ဘာသာရေး လိင် ခွဲခြားတာကို လက်မခံတော့ဘဲ မတူတဲ့လူတွေ များလေလေ ပိုပြီး တိုးတက်လေလေ ဆိုတဲ့ အယူအဆကို ကိုင်စွဲလာကြပါတယ်။ အူလမ်းကြောင်းထဲက ပိုးကောင်လေးတွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
အူလမ်းကြောင်းထဲမှာ ပိုးကောင်တမျိုးထဲရှိတာထက် ပိုးကောင် အမျိုးကွဲတွေ အများကြီးရှိတာ ပိုကောင်းပါတယ်။ အဲဒီလို အမျိုးကွဲတွေ အများကြီးထဲမှာမှ လူကို အကျိုးပြုတဲ့ ပိုးကောင်တွေ ပိုများတာ ကောင်းပါတယ်။
ဒါဆို ဘယ်ပိုးကောင်က ကောင်းပြီး ဘယ်ပိုးကောင်က ဆိုးသလဲ ဆိုတာကို ဘယ်လို သိနိုင်မလဲ။
သုတေသန တွေ့ရှိချက်တွေအရ – ကျန်းမာတဲ့လူတွေရဲ့ အူလမ်းကြောင်းနဲ့ ရောဂါရှိတဲ့ လူတွေရဲ့ အူလမ်းကြောင်းတွေကို နှိုင်းယှဥ်ကြည့်တဲ့အခါ ကျန်းမာတဲ့ လူတွေရဲ့ အူလမ်းကြောင်းတွေထဲမှာ တွေ့တဲ့ ပိုးတွေကို ကောင်းတဲ့ ပိုးကောင်တွေလို့ သတ်မှတ်ပြီး ရောဂါရှိတဲ့လူတွေရဲ့ အူလမ်းကြောင်းထဲက ပိုးတွေကိုတော့ မကောင်းတဲ့ ပိုးတွေလို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။ ဥပမာ C Diff လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ မကောင်းဘူးဆိုတာကို သက်သေတွေ ပြထားပြီး ဖြစ်ပါတယ်။ ဒီ C Diff ပိုးဟာ အချို့ Antibiotics ဆေးတွေ သောက်လိုက်တဲ့အခါ ဖြစ်တတ်တယ်။ အကြောင်းကတော့ တချို့ ပဋိဇီ၀ဆေးတွေဟာ ကောင်းတဲ့ ပိုးတွေကို သတ်ပစ်လိုက်တဲ့အခါ C Diff ပိုးဟာ ကြောင်မရှိကြွက်ထ ခေါင်းထောင်လာပြီး အူလမ်းကြောင်းကို ကြီးစိုးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါဟာ Symbiosis ချိန်ခွင်လျှာညီမျှမှုကို ထိန်းထားနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဥပမာပါပဲ။ ဒီလို Symbiosis ထိခိုက်တဲ့ အခြေအနေမျိုးကို Dysbiosis လို့ ခေါ်ကြပါတယ်။
ဒါဆို ကျန်းမာတဲ့ ပိုးကောင်တွေကို များလာအောင်၊ ချိန်ခွင်လျှာ ညီမျှနေအောင် ဘယ်လို လုပ်ရမလဲ။
အဆိပ်ပင် ရေလောင်းဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ မကောင်းတဲ့ အပင်ကို မှားပြီး ပျိုးထောင်မိရင် အဆိပ်အတောက် ဆိုးကျိုးသင့်တတ်ပါတယ်။ ကောင်းတဲ့ အပင်ကိုပဲ ရွေးပြီး ပျိုးထောင်သင့်တယ်။
အူလမ်းကြောင်းထဲမှာလည်း အလားတူပါပဲ။
ကောင်းတဲ့ ပိုးကောင်တွေ ကြိုက်တတ်တဲ့ အစာရှိသလို မကောင်းတဲ့ ပိုးကောင်တွေ ကြိုက်တတ်တဲ့ အစာတွေ ရှိပါတယ်။
ကောင်းတဲ့ ပိုးကောင်တွေ ကြိုက်တတ်တဲ့ အစားအစာကို ကိုယ်က စားပေးလိုက်တဲ့အခါ ဒီပိုးကောင်လေးတွေဟာ ရှင်သန်ပွားများလာပြီး ကိုယ့်ခန္ဓာကိုယ်ကြီးအတွက် ကောင်းကျိုးတွေကို ဆောင်ရွက်ပေးပါလိမ့်မယ်။ တကယ်လို့ မကောင်းတဲ့ ပိုးကောင်တွေ ကြိုက်တဲ့ အစာတွေကို စားမိရင်တော့ မကောင်းတဲ့ ပိုးကောင်ဆိုးတွေ အုံကြွလာပြီး ကျန်းမာရေးကို ဆုတ်ယုတ်စေမှာ ဖြစ်ပါတယ်။
ဒီတော့ ဘယ်လို အစာမျိုးကို အကျိုးပြုပိုးကောင်တွေ ကြိုက်သလဲ။ ဘယ်လို အစာမျိုးတွေကို အန္တရာယ်ရှိတဲ့ ပိုးကောင်တွေ ကြိုက်သလဲဆိုတာကို သိထားဖို့ အင်မတန်ပဲ အရေးကြီးပါတယ်။
လူကို အန္တရာယ်ပေးတတ်တဲ့ ပိုးကောင်တွေဟာ သကြားဓာတ်၊ အဆီဓာတ်အင်မတန်များတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် အချိုတွေ အဆီတွေကို ပုံမှန် အစားများတဲ့ လူတွေရဲ့ ၀မ်းဗိုက်ထဲမှာ ဒီလို ပိုးမျိုးတွေသာ ပွားများလာပြီး ဗိုက်နာ ဗိုက်ပွ ၀မ်းလျှော သို့မဟုတ် ၀မ်းမမှန်ဖြစ်တဲ့ အပြင် အူလမ်းကြောင်းနံရံတွေ မလုံခြုံတော့တဲ့အတွက် ပြင်ပက အဆိပ်အတောက်တွေ ကိုယ်ထဲ၀င်လာပြီး ခုနက ပြောတဲ့ ယောင်ယမ်းမှုတွေကြောင့် ဆီးချို၊ နှလုံး၊ အ၀လွန်ရောဂါ စတဲ့ ရောဂါပေါင်းစုံကို ခံစားရမှာ ဖြစ်ပါတယ်။
ဒီ မကောင်းတဲ့ ပိုးကောင်တွေဟာ သူတို့ကိုယ်တိုင်က လူကို အန္တရာယ်ပေးနိုင်သလိုပဲ သူတို့ပွားလာတဲ့အခါ ကောင်းတဲ့ ပိုးကောင်တွေ နည်းသွားတဲ့အတွက် ကောင်းတဲ့ ပိုးတွေဆီက ရနိုင်တဲ့ ကျန်းမာရေးရလဒ်တွေပါ ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။
တာရှည်ခံအောင် စီမံထားတဲ့ Ultra-processed food တွေ (ဥပမာ အချိုရည်၊ အချိုမုန့်၊ သွားရေစာမုန့်တွေ) ဟာ အကျိုးပြုတဲ့ ပိုးကောင်တွေကို သေစေပါတယ်။ မလိုဘဲ သောက်တဲ့ ပဋိဇီ၀ဆေးတွေဟာလည်း အကျိုးပြုပိုးတွေကို သေစေပါတယ်။ ဒါကြောင့် အဲဒီလို အစာတွေ၊ ဆေးတွေကို သောက်ခဲ့ရင် အကျိုးပြုပိုးတွေ သေသွား နည်းသွားတဲ့အတွက် သူတို့ နေရာမှာ မကောင်းတဲ့ ပိုးတွေက အစားထိုး၀င်ရောက်လာတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။
ဒါဆို ဘယ်လို အစားအစာမျိုးကို စားရမလဲ။
ဒီဗီဒီယိုကို ကြည့်ပြီး အကြောင်းအရာတစ်မျိုးကိုပဲ မှတ်မိနိုင်မယ်ဆိုရင် မှတ်မိသင့်တာကတော့ ဖိုင်ဘာဓာတ် ဆိုတဲ့ စကားလုံးပါပဲ။ ဖိုင်ဘာဓာတ်ကို မြန်မာလို အမျှင်ဓာတ်လို့ ခေါ်ပါတယ်။ ဖိုင်ဘာအမျှင်ဓာတ်ဟာ ရှုပ်ထွေးတဲ့ Complex Carbohydrate ထဲမှာပါတဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။ သစ်သီး၊ အရွက်၊ အစေ့အဆန်၊ အပင်ကရတဲ့ အစာတိုင်းမှာ ဖိုင်ဘာဓာတ်ပါပါတယ်။
ရေမှာ ပျော်၀င်နိုင်တဲ့ ဖိုင်ဘာနဲ့ ရေမှာ မပျော်နိုင်တဲ့ ဖိုင်ဘာဆိုပြီး နှစ်မျိုးရှိတယ်။ ဖိုင်ဘာဓာတ်ကို လူ့ခန္ဓာကိုယ်က မခြေဖျက်နိုင်ပါဘူး။ အူလမ်းကြောင်းထဲမှာ ရှိတဲ့ ပိုးကောင်လေးတွေကသာ ဖိုင်ဘာဓာတ်ကို ခြေဖျက်နိုင်ပါတယ်။ ကောင်းတဲ့ ပိုးကောင်တွေဟာ ဖိုင်ဘာဓာတ်ကို သိပ်ကြိုက်ပါတယ်။ အမျှင်ဓာတ်ဟာ သူတို့အတွက် အစာပါပဲ။ ဒီအကျိုးပြုပိုးကောင်တွေဟာ ဖိုင်ဘာဓာတ်များများ စားရလေလေ ပိုပြီး ပွားများလေလေဖြစ်တဲ့အတွက် အူလမ်းကြောင်းနံရံတွေဟာ လုံခြုံသိပ်သည်းလာပြီး ကိုယ်တွင်းကို ဘာအဆိပ်အတောက်မှ မ၀င်နိုင်တော့တာကြောင့် လူဟာ ပိုပြီး ကျန်းမာလာပါတယ်။ သူတို့က ထုတ်ပေးတဲ့ အထက်မှာ ပြောခဲ့တဲ့ Short Chained Fatty Acid ဓာတ်ပစ္စည်းတွေဟာလည်း လူကို အကျိုးပြုစေတဲ့အတွက် ပိုပြီး ကျန်းမာလာပါတယ်။ ဒီလို ဓာတ်ပစ္စည်းတွေက အူလမ်းကြောင်းနံရံမှာ ရှိတဲ့ ဆီရိုတိုနင်ဆိုတဲ့ ဟိုမုန်းကို ထွက်စေတဲ့အတွက်လည်း စိတ်ကျန်းမာရေးကို အကောင်းဆုံး ဖြစ်လာစေပါတယ်။
မပျော်၀င်နိုင်တဲ့ ဖိုင်ဘာဓာတ်ကြောင့်လည်း လူဟာ အစာစားပြီးတဲ့အခါ ဗိုက်၀ပြီး တင်းတိမ်တဲ့ အရသာကို ကြာရှည်ခံစားရတဲ့အတွက် အစားကို အလွန်အကျွံ မစားဖြစ်တော့တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အပြင် ၀မ်းကိုလည်း မှန်စေပါတယ်။ အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို ဒီ မပျော်၀င်နိုင်တဲ့ ဖိုင်ဘာဓာတ်က ကြမ်းတိုက်သလို ပွတ်တိုက်စုပ်ယူပေးသွားတာကြောင့် အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို အဖြစ်နည်းသွားစေပါတယ်။
ဘယ်လို အစားအစာတွေမှာ ဖိုင်ဘာဓာတ်များသလဲ။
ခုနက အကြမ်းဖျင်းပြောခဲ့သလိုပဲ အပင်တိုင်းမှာ ဖိုင်ဘာဓာတ်ရှိပါတယ်။ ဒါကြောင့် သင်ဟာ ဘယ်လို အသီးအရွက်မျိုးပဲ ဖြစ်ဖြစ် စားလိုက်မယ်ဆိုရင် အဲဒီ အသီးအရွက်ဆီက ဖိုင်ဘာဓာတ်ကို ရရှိနိုင်မှာ ဖြစ်တယ်။ ဖိုင်ဘာဆိုပြီး နာမည်တမျိုးထဲ ပေးထားပေမဲ့ ဖိုင်ဘာဓာတ် အမျိုးပေါင်းများစွာရှိပါတယ်။ အပင် အမျိုးအစား၊ အရွက်အမျိုးအစား၊ အသီးအနှံအမျိုးအစားပေါ်မှာ မူတည်ပြီး ဖိုင်ဘာဓာတ်တွေ အများကြီး ရှိတယ်။
ဥပမာ ဖိုင်ဘာဓာတ်တမျိုးက အကျိုးပြုတဲ့ ပိုးကောင်တစ်မျိုးကို ပွားများစေနိုင်ရင် နောက်တမျိုးက အခြား ပိုးကောင် မျိုးကွဲတမျိုးကို ပွားစေနိုင်ပါတယ်။
ဒါကြောင့် နောက်ဆုံးပေါ် သိပ္ပံလေ့လာမှုတွေအရ လူတစ်ယောက်ဟာ တစ်ပတ်မှာ အသီးအနှံ အမျိုးကွဲ အနည်းဆုံး ၃၀ စားသင့်တယ်လို့ ဆိုတယ်။
၃၀ ဆိုလို့ အများကြီးဆိုပြီး မျက်လုံး မပြူးသွားပါနဲ့။
မြန်မာလူမျိုးတယောက်ရဲ့ ထမင်း၀ိုင်းမှာပဲ အသီးအနှံအမျိုးကွဲ ဆယ်မျိုးလောက်စီ ပါနိုင်ပါတယ်။ ဥပမာ တို့စရာခွက်ထဲမှာတင် အသီးအရွက် သုံးလေးမျိုးလောက် ရှိနေတတ်တယ်။ (အတို့အမြှုပ်စားတဲ့ အကျင့်ဟာ ကောင်းပေမဲ့ ငါးပိရည်ကတော့ သွေးတိုးဖြစ်စေတဲ့အပြင် ဆားဓာတ်ဟာ ယောင်ယမ်းမှုတွေကို ဖြစ်စေတဲ့အတွက် ငါးပိရည်စားသုံးမှုကိုတော့ ရှောင်နိုင်ရင်ရှောင် သို့မဟုတ် လျှော့ချသင့်ပါတယ်)
ဟင်းခတ် အမွှေးအကြိုင်တွေကိုလည်း ဒီ အမျိုး ၃၀ ထဲမှာ ထည့်တွက်နိုင်တယ်။ ဥပမာ ငရုတ်ကောင်း၊ ဆနွင်းမှုန့်စတာတွေဟာလည်း ဖိုင်ဘာဓာတ်ပါတဲ့ အသီးအနှံထွက် အစာတွေပဲ ဖြစ်တယ်။ ကော်ဖီမှာလည်း ဖိုင်ဘာဓာတ်ပါပါတယ်။ ဘလက်ကော်ဖီကို တနေ့ နှစ်ခွက်လောက် သကြားမပါ နို့မပါဘဲ သောက်နိုင်ရင်လည်း ကျန်းမာရေးကောင်းတယ်လို့ ဆိုပါတယ်။
ဖိုင်ဘာဓာတ်ထဲမှာ ဘုရင်ကတော့ အုတ်ဂျုံပါပဲ။ ကွေကာအုတ်လို့ အသိများတဲ့ အုတ်ဂျုံမှာ ဖိုင်ဘာဓာတ်တွေ အများကြီးပါပါတယ်။
ဒီလို ကွေကာအုတ်သောက်ရာမှာ ဖြစ်နိုင်ရင် အကြမ်းဆုံး သကြားမပါတဲ့ အမျိုးအစားကို သောက်ပါ။ အသင့်သောက်နိုင်တဲ့ အထုပ်ကလေးတွေနဲ့လာတဲ့ ကွေကာအုတ်မှာ သကြားတွေ နို့တွေ ထည့်ထားတဲ့အပြင် ညက်နေအောင် အမှုန့်ထောင်းထားတဲ့အတွက် အဲလို အထုပ်ကလေးတွေက ကျန်းမာရေးမကောင်းစေတဲ့အပြင် ဆီးချို သွေးချိုကိုတောင် တတ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။
အစေ့အဆန်တွေကို သွားရေစာ နေရာမှာ အစားထိုးပြီး စားသင့်တယ်။ အရင်တုန်းက တီဗီကြည့်ရင်း အာလူးကြော်လေးစား၊ ငါးမုန့်ကြော်လေးစား လုပ်တတ်ခဲ့ရင် အဲ့ဒီ အကျင့်နေရာမှာ အစေ့အဆန်ကို အစားထိုး စားသင့်ပါတယ်။ သီဟိုဠ်စေ့ ၊ သစ်ကြားသီး၊ ဗာဒံစေ့၊ နေကြာစေ့၊ ဖရုံစေ့ စတဲ့ အစေ့အဆန်တွေကို ပုလင်းထဲ ရောထည့်ပြီး သွားရေစာအဖြစ်စားနိုင်ပါတယ်။ ဒီလို အရောကို စားလိုက်တာနဲ့ အမျိုး ၃၀ ထဲက ငါးမျိုးလောက် စားပြီးသား ဖြစ်သွားပါလိမ့်မယ်။
ဒိန်ချဥ်ထဲမှာ ထည့်သောက်လို့ ရတဲ့ ချီယာစေ့ဟာလည်း ဖိုင်ဘာဓာတ်ကြွယ်၀တဲ့ အစာတမျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ချီယာစေ့ဟာ နောက်ပိုင်းမှာ ကျန်းမာရေးအတွက် နာမည်ကြီးလာတဲ့ အစေ့တမျိုးပဲ ဖြစ်တယ်။
ဖိုင်ဘာဓာတ်ကို အခုခေတ်မှာ Super Food လို့ လူသိများလာကြတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာလို့ သတ်မှတ်လာကြတယ်။ အံ့သြဖို့ ကောင်းတာက လူသားအတွက် အကောင်းဆုံးဆိုတဲ့ ဖိုင်ဘာဓာတ်ကို လူသားဟာ ခြေဖျက်နိုင်ခြင်း၊ စားသုံးနိုင်ခြင်းမရှိဘဲ အူလမ်းကြောင်းထဲက ပိုးကောင်လေးတွေကသာ ခြေဖျက်စားသုံးနိုင်တယ်ဆိုတာပါပဲ။ ဒီအချက်တချက်ထဲကို ကြည့်ခြင်းအားဖြင့် လူ့ကျန်းမာရေးအတွက် အူလမ်းကြောင်းထဲက အကျိုးပြုပိုးကောင်လေးတွေဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိသာထင်ရှားစေပါတယ်။
No comments:
Post a Comment