Friday, November 7, 2025

လူ့၀မ်းဗိုက်ထဲက အကျိုးပြုသော ပိုးကောင်လေးများ (အူလမ်းကြောင်းကျန်းမာရေး အပိုင်း ၃)

 လူ့၀မ်းဗိုက်ထဲက အကျိုးပြုသော ပိုးကောင်လေးများ

(အူလမ်းကြောင်းကျန်းမာရေး အပိုင်း ၃)
ဖိုင်ဘာဓာတ်အပြင် အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အစာနောက်တမျိုးကတော့ Fermented Food အချဥ်ဖောက်ထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
သစ်သီးတလုံးကို ဒီအတိုင်း ပစ်ထားလိုက်ရင် အမှည့်လွန်ပြီး ပုပ်သွားပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ဒီသစ်သီးထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ပါပဲ။ ဒီပိုးတွေဟာ သစ်သီး မပုပ်ခင်ကတည်းက ရှိနေပါတယ်။ ဒါပေမဲ့ သစ်သီးရဲ့ သက်တမ်းကုန်သွားတဲ့အခါမှာတော့ ဒီအသီးကို မြေကြီးထဲ ပြန်ရောက်သွားအောင်လို့ သဘာ၀တရားကြီးက ပိုးတွေရဲ့ အကူအညီနဲ့ သစ်သီးရဲ့ ဖြစ်တည်မှုကို အဆုံးသတ်လိုက်တာပါပဲ။
ဒါပေမဲ့ ဒီပုပ်ဆွေးခြင်း ဖြစ်စဥ်ကို လူသားဟာ ကျွမ်းကျင်စွာနဲ့ ထိန်းကွပ်ပေးလိုက်တဲ့အခါ အချဥ်ဖောက်ခြင်းဆိုတဲ့ ဖြစ်စဥ်အသစ်တခု ဖြစ်သွားပါတော့တယ်။ သဘာ၀အတိုင်း ပုပ်ဆွေးခြင်းကို မဖြစ်စေပဲ ဥပမာ ဆား၊ ရေ၊ အလုံပိတ်ပုလင်း၊ ထိုက်သင့်တဲ့ အပူချိန်နဲ့ ထိန်းပေးလိုက်တဲ့အခါ စားလို့ရတဲ့ အချဥ်ဖောက်တဲ့ အစားအစာအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီလိုအစာမျိုးမှာ ဘက်တီးရီးယားပမာဏဟာ အင်မတန် များနေတတ်ပါတယ်။ ဒီပိုးကောင်တွေဟာ စနစ်တကျ ထိန်းပြီး မွေးထားတဲ့အတွက် အူလမ်းကြောင်းအတွက် အကျိုးပြုတဲ့ ပိုးကောင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အချဥ်ဖောက်ထားတဲ့ အစာတွေကို စားတာဟာ တနည်းအားဖြင့် အကျိုးပြု ပိုးကောင်တွေကို တိုက်ရိုက်စားချလိုက်သလိုပါပဲ။
ဒီလို အစာတွေထဲမှာ လူသိအများဆုံးကတော့ ဒိန်ချဥ်ပဲ ဖြစ်ပါတယ်။ ဒိန်ချဥ်ထဲမှာ Lactobacillus လို့ ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား ပါပါတယ်။ ဒီဘက်တီးရီးယားဟာ လူကို ဘယ်လောက်တောင် အကျိုးပြုသလဲဆိုတော့ ဥပမာ ဆိုးတဲ့ ဘက်တီးရီးယားတွေကြောင့် ၀မ်းလျှော ၀မ်းပျက်ဖြစ်နေခဲ့ရင် ဒိန်ချဥ်ကို သောက်လိုက်တဲ့အခါ လူဆိုးနေရာမှာ လူကောင်းက ၀င်ပြီး နေရာယူလိုက်သလိုပဲ ကောင်းတဲ့ ပိုးတွေ များသွားတဲ့အတွက် ၀မ်းပျက်ရောဂါကို သက်သာသွားစေတတ်ပါတယ်။
အခုနောက်ပိုင်း ခေတ်စားလာတာက ကီဖာ လို့ ခေါ်တဲ့ ဒိန်ချဥ်နဲ့တူတဲ့ သောက်လို့ရတဲ့ နို့ချဥ်တမျိုးပဲ ဖြစ်ပါတယ်။ ဒိန်ချဥ်မှာက လက်တိုဘေ့စလပ် ဘက်တီးရီးယားအမျိုးအနည်းငယ်ပဲ ပါပေမဲ့ ကီဖာမှာကတော့ အကျိုးပြု ဘက်တီးရီးယားပိုးတွေ အများကြီးပါတဲ့အပြင် မှိုပိုးတွေလည်း ပါတဲ့အတွက် Microbiome Diversity အူလမ်းကြောင်း ပိုးမွှားစု အမျိုးကွဲတွေကို များစေတဲ့အတွက် အူလမ်းကြောင်း ကျန်မာရေးအတွက် ကီဖာဟာ ဒိန်ချဥ်ထက် ပိုပြီး သာလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။
အခြား စားလို့ရတဲ့ Fermented Food အချဥ်ဖောက်စားစရာတွေကတော့ မုန်ညင်းချဥ်၊ ဂေါ်ဖီချဥ်၊ ချဥ်ပတ်စုံမှာပါသမျှ အသီးအရွက်တွေ၊ ကိုရီးယားစာဖြစ်တဲ့ ကင်ချီ စတာတွေပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ Pre-Biotic, Pro-Biotic နဲ့ Post Biotic ဆိုတဲ့ အသုံးအနှုန်းတွေကို ရှင်းပြချင်ပါတယ်။ လူအတော်များများ Pro-biotic ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒိန်ချဥ်ဟာ Pro-biotic ဆိုတာ လူတိုင်းနီးပါး သိကြာပါတယ်။ Lactobacillus ဘက်တီးရီးယားကိုလည်း ဆေးတောင့်ထဲ ထည့်ပြီး ပရိုဘိုင်ယိုးတစ်အဖြစ် ရောင်းကြပါတယ်။
Pro-biotic ဆိုတာ ဘာကို ဆိုလိုသလဲဆိုတော့ အကျိုးပြု ပိုးကောင်လေးတွေကို ပြောချင်တာဖြစ်ပါတယ်။ Probiotic ဆိုတာ ပိုးကောင်လေးတွေ ကိုယ်တိုင်ကို ပြောတာပါ။
Pre biotic ဆိုတာကတော့ ပိုးကောင်တွေ စားတဲ့ အစာကို ပြောခြင်းဖြစ်ပါတယ်။ Pre ဆိုတာ မတိုင်ခင်။ ပိုးကောင် ရှင်သန်ဖို့ စားရတဲ့ အစာတွေကို Pre-biotic လို့ ခေါ်ပါတယ်။ ဥပမာ ပေးရရင် ခုနက ပြောခဲ့တဲ့ ဖိုင်ဘာဓာတ်ဟာ Pre-biotic ပါပဲ။ ဖိုင်ဘာဓာတ်ဟာ ပိုးကောင်တွေရဲ့ အစာပါ။
နောက်ဆုံး Post Biotic ဆိုတာကတော့ အကျိုးပြု ပိုးကောင်လေးတွေက စွန့်ထုတ်ပေးလိုက်တဲ့ ဓာတ်ပစ္စည်းတွေပါ။ ဥပမာ Short Chained Fatty Acid တွေဟာ Post Biotic ဖြစ်ပါတယ်။ အကျိုးပြု ပိုးကောင်တွေဟာ ဒီလို Post Biotic တွေကို ထုတ်ပေးလိုက်တဲ့အခါ ဒီ Post Biotic တွေက အူလမ်းကြောင်းနံရံတွေကို ခိုင်ခံ့စေတယ်။ အူနံရံကနေ စိတ်ကျန်းမာရေး ဟိုမုန်းတွေကို ထုတ်ပေးတယ်။ ခုခံအားစနစ်ကို ထိန်းညှိပေးပါတယ်။ ဒီလို အကျိုးပြု ပိုးကောင်လေးတွေက ထုတ်ပေးတဲ့ ပစ္စည်းတွေကို Post Biotic တွေလို့ ခေါ်ပါတယ်။
ဖိုင်ဘာဓာတ်အပြင် အခြားအရေးကြီးတဲ့ Pre-Biotic တမျိုးကတော့ Polyphenols ပါပဲ။ အခုနောက်ပိုင်းမှာ ဒီ ပေါ်လီဖီနော အကြောင်းကို လူပြောများလာပါတယ်။ ပေါ်လီဖီနောဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်အဆိပ်သင့်ခြင်းကို လည်း တားဆီးပေးနိုင်တယ်။ အကျိုးပြု ပိုးကောင်လေးတွေအတွက်လည်း အရေးကြီးတဲ့ အစာတမျိုးဖြစ်ပါတယ်။ အရောင်ပါတဲ့ အသီးအနှံတွေမှာ ပေါ်လီဖီနောဓာတ်ကို ပေါပေါများများ တွေ့ရတတ်တယ်။ ဘယ်ရီသီးတွေ၊ မုန်လာဥနီ၊ ခရမ်းချဥ်သီး၊ ချောကနက်အမည်းရောင်၊ လက်ဖက်ခြောက်စိမ်း၊ ၀ိုင်အရက် စတဲ့ အရောင်စုံတဲ့ အစားအသောက်တွေမှာ ပေါ်လီဖီနော အများကြီးပါပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ထမင်းပန်းကန်ထဲမှာ အသီးအရွက်တွေ စုံနေတဲ့အပြင် အရောင်တွေပါ စုံနေအောင် သတိထားပြီး စားသင့်ပါတယ်။
နောက် စိတ်၀င်စားစရာကောင်းတဲ့ အစာတမျိုးကတော့ ခြေဖျက်ရခက်တဲ့ ကစီဓာတ် (resistant starch) ပဲ ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ ကစီဓာတ်ကို အများအားဖြင့် အူလမ်းကြောင်းရဲ့ အထက်ပိုင်း small intestines အူသိမ်ပိုင်းမှာ ခြေဖျက်စုပ်ယူပါတယ်။ အထူးသဖြင့် ခြေဖျက်ရလွယ်တဲ့ Simple Carbohydrate တွေဆိုရင် အူလမ်းကြောင်းရဲ့ အစောပိုင်းမှာပဲ ခြေဖျက်ပြီး ကိုယ်တွင်းကို စုပ်ယူထားလိုက်ပါတယ်။
အကျိုးပြုတဲ့ ပိုးကောင်တွေဟာ များသောအားဖြင့် အူလမ်းကြောင်းရဲ့ အဆုံးပိုင်း အူမကြီးအတွင်းမှာ ရှိနေကြပါတယ်။ ဒါကြောင့် ဒီ အကျိုးပြုပိုးကောင်တွေကို အစာကျွေးချင်ရင် စားလိုက်တဲ့ ကစီဓာတ်စတဲ့ အစာတွေဟာ အူမကြီးထိကို ရောက်နိုင်ရင် ပိုကောင်းပါတယ်။
ဒါကြောင့် ခြေဖျက်ရခက်တဲ့ ကစီဓာတ် Resistant Starch တွေဟာ အူလမ်းကြောင်း ကျန်းမာ‌ရေးအတွက် ကောင်းတာဖြစ်ပါတယ်။ ဒီလို ခြေဖျက်ရခက်တဲ့ ကစီဓာတ်တွေကို ဘယ်လို ရနိုင်သလဲဆိုတော့ ထမင်းချက်ပြီးရင် ထမင်းကို အအေးခံလိုက်တဲ့အခါ ကစီဓာတ်တွေဟာ ခဲသွားပြီး ခြေဖျက်ရခက်တဲ့ အဆင့်ကို ရောက်သွားပါတယ်။ ဒါကြောင့် အအေးခံထားတဲ့ ထမင်းဟာ အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ နောက်ပြီး အမှဲ့မလွန်တဲ့ ငှက်ပျောသီး၊ ငှက်ပျောသီးစိမ်းဟာလည်း ခြေဖျက်ရခက်တဲ့ ကစီဓာတ်ပါပဲ။ ဒါကြောင့် ငှက်ပျောသီးကို မမှဲ့ခင် အစိမ်းအဆင့်မှာ စားတာဟာလည်း ကျန်းမာရေးအတွက် ကောင်းပါတယ်။ အရမ်းစိမ်းနေတုန်း စားရင်‌တော့လည်း လုံး၀အစာမကြေဘဲ နေလို့ မကောင်းဖြစ်တတ်တဲ့အတွက် ခပ်စိမ်းစိမ်း မမှဲ့ခင်လေးမှာ စားတာက အကောင်းဆုံး ဖြစ်ပါတယ်။ နောက်ပြီးတော့ ပဲအမျိုးမျိုး၊ အုတ်ဂျုံအကြမ်းစတာတွေမှာလည်း ခြေဖျက်ရခက်တဲ့ ကစီဓာတ်တွေ ပါပါတယ်။
ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်တွေဟာလည်း အူမကြီးအထိ ရောက်နိုင်တဲ့အတွက် ဒီအစာတွေကိုလည်း ရွေးစားသင့်တယ်။ Complex Carbohydrates တွေမှာ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ အစေ့အဆန်တွေ၊ အသီးအရွက်တွေ၊ အပင်ပေါက်ကလေးတွေ၊ ပါ၀င်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးအတွက် ဖိုင်ဘာဓာတ်၊ ပေါ်လီဖီနောဓာတ်၊ ခြေဖျက်ရခက်တဲ့ ကစီဓာတ်တွေကို စားသင့်တယ်ဆိုလို့ နေ့ချင်းညချင်း တနေ့ကို အသီးအနှံ အမျိုး ၃၀ လောက် တိုးစားမယ် ဆိုရင်တော့ လက်ငင်းကျန်းမာရေးအကျိုးဖြစ်မဲ့အစား အစာကို မခြေဖျက်နိုင်တော့တဲ့အတွက် ၀မ်းပြည့်၀မ်းကယ် လေတွေပွပြီး နေလို့ မကောင်းတောင် ဖြစ်သွားနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းဟာ ကြွက်သားတွေလိုပါပဲ။ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်တဲ့အခါ တခါထဲ ပေါင်တရာအလေးတုံးကြီးကို ကောက်မလို့ မရပါဘူး။ ပေါင် ၂၀၊ ၃၀ ကနေပြီး တဆင့်ချင်း တိုးမရမှာ ဖြစ်ပါတယ်။
အူလမ်းကြောင်းထဲမှာ ရှိတဲ့ ပိုးမွှားစုဟာလည်း အလားတူပါပဲ။
ကျွန်တော် အထက်မှာ ပြောခဲ့ပြီးသလို ဖိုင်ဘာဓာတ်ကို လူ့ခန္ဓာကိုယ်က မခြေဖျက်နိုင်ပါဘူး။ ပိုးကောင်လေးတွေက ခြေဖျက်ပေးရပါတယ်။ ဒါကြောင့်မို့ လူတယောက်ဟာ တသက်လုံး တပတ်ကို အသီးအရွက် ၄ – ၅ မျိုးလောက် စားနေရာကနေ အမျိုး ၄၀ ချက်ချင်းတိုးစားလိုက်မယ်ဆိုရင် ဗိုက်ထဲမှာ ဖိုင်ဘာဓာတ်တွေကို ခြေလို့မနိုင်တော့တဲ့အတွက် အစာမကြေတဲ့ ‌ေ၀ဒနာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက် ပေါင်းစုံ အများကြီး စားတာဟာ ကောင်းပေမဲ့လို့ တဖြည်းဖြည်းချင်းပဲ တိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ အူလမ်းကြောင်းကို ကြွက်သားသန်မာအောင် လေ့ကျင့်ပေးသလို တဖြည်းဖြည်း ပုံမှန် လေ့ကျင့်ပေးရပါမယ်။ နို့မို့ဆို ဒီလို အစားအစာတွေဟာ ငါနဲ့ မတည့်ဘူးဆိုပြီး လက်လျှော့လိုက်ရင် ကိုယ့်ဘ၀အတွက် နစ်နာသွားနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးအကြောင်းပြောတဲ့အခါ မပါမဖြစ်တာကတော့ ၀မ်းသွားတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ လူအတော်များများဟာ ၀မ်းသွားတဲ့အကြောင်းကို မပြောချင်ကြဘူး။ ရွံစရာအနေနဲ့ မြင်ကြတယ်။ တကယ်တော့ ၀မ်းသွားတာဟာ လူ့ကျန်းမာရေးအတွက် အရေးအကြီးဆုံးတွေထဲက တချက်ဖြစ်တဲ့အတွက် လူနာတွေ၊ ဆရာ၀န်တွေ၊ ကျန်းမာရေးလိုက်စားသူတွေဟာ ကိုယ့်ရဲ့ ၀မ်းအကြောင်းကို သိနားလည်ထားသင့်ပါတယ်။
ပထမဆုံးသိထားသင့်တာက ၀မ်းသွားတဲ့ အကြိမ်ရေ၊ ဒုတိယအနေနဲ့ ၀မ်းအပျော့အမာ၊ တတိယအနေနဲ့ ၀မ်းအရောင်ပဲ ဖြစ်ပါတယ်။
၀မ်းသွားတဲ့ ကြိမ်ရေဟာ တယောက်နဲ့ တယောက်မတူကြပါဘူး။ အကြမ်းဖျင်းအားဖြင့်တော့ တချို့လူတွေမှာ တနေ့ကို ၂ ကြိမ် ၃ ကြိမ်သွားတာဟာ ပုံမှန်ဖြစ်သလို တချို့တွေမှာတော့ တပတ်မှာ ၃ ကြိမ်လောက်သွားတာဟာ ပုံမှန်လို့ ပြောရပါမယ်။
ဒါပေမဲ့ တပတ်မှာ ၃ ကြိမ်လောက်သွားနေကျလူဟာ တနေ့ကို ၃ ကြိမ်လောက် ပြောင်းလာမယ်ဆိုရင်၊ ဒါမှမဟုတ် ပုံမှန် နေ့စဥ် ၀မ်းသွားနေကျလူဟာ သုံးလေးရက်မှ တခါလောက်ပဲ သွားလာမယ်ဆိုရင် ဒါဟာ တခုခုတော့ လွဲမှားနေပြီဆိုတဲ့ လက္ခဏာပါပဲ။
ပုံမှန်လူသွားတဲ့ ၀မ်းဟာ မပျော့မမာ အလယ်အလတ် ရှိနေသင့်ပါတယ်။ ဆရာ၀န်တွေ သုံးလေ့ရှိတဲ့ ၀မ်းအမျိုးအစားစာရင်းရှိပါတယ်။ Bristol Stool Chart လို့ ခေါ်တယ်။ နံပါတ် ၁ ကနေ ၇ အထိရှိတယ်။ အမျိုးအစား ၁ က အမာဆုံးဖြစ်ပြီး ၇ က ဆန်ဆေးရေကို သွားတဲ့၀မ်းဖြစ်ပါတယ်။ အကျန်းမာဆုံး၀မ်းကတော့ အလယ်မှာရှိတဲ့ နံပါတ် ၄ ပါပဲ။
အူမကြီးနဲ့ အစာဟောင်းအိမ်နံရံတွေဟာ အူလမ်းကြောင်းထဲက ရေဓာတ်ကို ပြန်လည် စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် မစင် အညစ်အကြေးဟာ အူမကြီးနဲ့ အစာဟောင်းအိမ်တွေထဲမှာ အကြာကြီး ရှိနေမယ်ဆိုရင် ၀မ်းဟာ တဖြည်းဖြည်း ခြောက်သွေ့လာပြီး နောက်ဆုံး လောက်စလုံးလို မာကျောတဲ့ စမြင်းတုံးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင့်ဘက်အနေနဲ့ ၀မ်းဟာ အပြင်ကို ချက်ချင်းထွက်ကျမယ်ဆိုရင်တော့ ရေဓာတ်ကို ပြန်စုပ်ယူဖို့ အချိန်မရှိတော့တဲ့အတွက် ရေလိုပဲ နံပါတ် ၇ အနေနဲ့ ထွက်လာတတ်တာပါ။ ၀မ်းချုပ်တဲ့ လူတွေမှာ အမျိုးအစား ၁ နဲ့ ၂ ၀မ်းသွားပြီး ၀မ်းလျှော၀မ်းပျက်တဲ့လူတွေမှာတော့ အမျိုးအစား ၆ နဲ့ ၇ ကို သွားတတ်ပါတယ်။ ကျန်းမာတဲ့၀မ်းဟာ နံပါတ် ၄ လို ပုံစံမျိုးရှိပြီး အစာဟောင်းအိမ်ထဲကနေ ချောချောမွေ့မွေ့နဲ့ အဆင်ပြေစွာ ထွက်လာတတ်ပါတယ်။ ကျန်းမာတဲ့လူတွေမှာ အမျိုးအစား ၃ သို့မဟုတ် အမျိုးအစား ၅ လည်း ရှိနိုင်ပါတယ်။ အသီးအရွက် အစားများတဲ့လူတွေမှာ ၀မ်းဟာ နည်းနည်း ပျော့နေတတ်ပြီး အမျိုးအစား ၅ ဘက်ကို ယိမ်းနိုင်သလို အသား အစားများတဲ့လူတွေမှာတော့ ၀မ်းဟာ အမျိုးအစား ၃ ဘက်ကို ရောက်နိုင်တာကို တွေ့ရပါတယ်။
၀မ်းရဲ့ အရောင်ဟာလည်း အရေးကြီးပါတယ်။ ၀မ်းသွားတဲ့အခါ ပုံမှန် အညိုရောင်ရှိတာဟာ အူလမ်းကြောင်းထဲကို စွန့်ထုတ်လိုက်တဲ့ သည်းခြေရေကြောင့် ဖြစ်တယ်။ ဒါကြောင့် သည်းခြေလမ်းကြောင်း ပိတ်တဲ့ လူတွေမှာ အညိုရောင်ပျောက်သွားပြီး ၀မ်းဟာ ထုံးလိုမျိုး အဖြူရောင်ပြောင်းလာတတ်ပါတယ်။ နောက်ပြီး ၀မ်းထဲမှာ နီရဲရဲ သွေးပါရင်လည်း စိုးရိမ်ရတယ်။ များသောအားဖြင့် လိပ်ခေါင်းရောဂါကြောင့် ဖြစ်တတ်ပေမဲ့ လိပ်ခေါင်းထက်ကို ပိုပြီး စိုးရိမ်ရတဲ့ အူလမ်းကြောင်း ကင်ဆာတွေ ဖြစ်နိုင်တဲ့အတွက် ၀မ်းထဲ သွေးပါခဲ့ရင် ပေါ့မနေဘဲ ဆရာ၀န်နဲ့ ချက်ချင်းသွားပြသင့်ပါတယ်။ အချို့လူတွေမှာ ၀မ်းဟာ ကတ္တရာစေးလို အမည်းရောင်တွေ သွားတတ်တယ်။ ၀မ်းမဲသွားရင် အစာအိမ်သွေးယိုတာကို စိုးရိမ်ရပါတယ်။ အစာအိမ်ထဲယိုတဲ့သွေးတာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါ အမည်းရောင်ပြောင်းသွားတဲ့အတွက် ၀မ်းမဲတွေ သွားတာဖြစ်တယ်။ မုန့်ချိုအိတ်ရောဂါရှိသူတွေမှာ အဆီကို အူလမ်းကြောင်းက မစုပ်ယူနိုင်တာကြောင့် ၀မ်းထဲမှာ အဆီဓာတ်တွေ ပါလာတတ်ပါတယ်။
အူလမ်းကြောင်းက စွန့်ထုတ်လိုက်တဲ့ မစင်ရဲ့ ၆၀ % ဟာ အူလမ်းကြောင်းထဲက ပိုးမွှားစုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် မစင်တုံးရဲ့ တ၀က်ကျော်ဟာ ဘက်တီးရီးယားစတဲ့ ပိုးကောင်လေးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာဖြစ်တယ်။ နိုင်ငံတကာမှာ အူလမ်းကြောင်း ကျန်းမာရေးကို သိနိုင်ဖို့အတွက် လူနာရဲ့ မစင်ကို ယူပြီး ပိုးမွှားစု ဖွဲ့စည်းပုံကို ဓာတ်ခွဲခန်းမှာ စစ်ဆေးယူကြည့်တတ်ပါတယ်။ ပိုးကောင်လေးတွေ ချိန်ခွင်လျှာညီမျှစွာရှိရဲ့လား။ ကောင်းတဲ့ပိုးကောင်တွေနည်းပြီး ဆိုးတဲ့ ပိုးကောင်တွေ များနေသလားဆိုတာကို မစင်ကနေပြီး စမ်းသပ်ကြည့်လို့ ရပါတယ်။
C Diff ပိုးတွေများပြီး ၀မ်းလျှော၀မ်းပျက်ဖြစ်နေတဲ့ လူနာတွေကို ကုသနည်းတမျိုးထဲမှာ ကျန်းမာတဲ့လူရဲ့ အူလမ်းကြောင်းထဲက မစင်ကို ယူပြီး ရောဂါရှင်ရဲ့ အူလမ်းကြောင်းထဲကို အစားထိုး ကုပေးတဲ့ ကုထုံးရှိပါတယ်။ Faecal transplant မစင်အစားထိုး ကုထုံးလို့ ခေါ်ပါတယ်။ နောက်ဆုံးပေါ် တွေ့ရှိချက်တွေအရ အူလမ်းကြောင်း ရောဂါတွေထဲမှာ C Diff ကြောင့် ဖြစ်တဲ့ ၀မ်းရောဂါကိုသာ မစင်အစားထိုး ကုထုံးနဲ့ ကုနိုင်တယ်လို့ တွေ့ရှိထားတယ်။ ဓာတ်ခွဲခန်းတွင်းက အစမ်းသပ်ခံ ကြွက်လေးတွေမှာတော့ ၀မ်းလျှောရောဂါအပြင် တခြားသော ရောဂါတွေကိုပါ ဒီ မစင်အစားထိုး ကုထုံးနဲ့ ကုနိုင်တာ တွေ့ရပါတယ်။ ဥပမာ စိတ်ကျရောဂါ၊ အ၀လွန်ရောဂါတွေမှာ ဒီလို မစင်ကို အူလမ်းကြောင်းတွေထဲ ထည့်ပေးလိုက်တာနဲ့ စိတ်ဓာတ် အတက်အကျ၊ ကိုယ်အလေးချိန် အနည်းအများကို ပြောင်းလဲပစ်နိုင်တယ်လို့ ကြွက်တွေမှာ စမ်းသပ်တွေ့ရှိထားပါတယ်။
လူတွေရဲ့ မျိုးဗီဇ ဒီအင်အေဟာ တယောက်နဲ့ တယောက် ၉၉.၅ ရာခိုင်နှုန်းကျော် ထပ်တူကျပါတယ်။ လုံး၀ ထပ်တူကျတဲ့ အမြွှာတွေမှာတော့ ဒီအင်အေဟာ ၁၀၀ ရာခိုင်နှုန်းတူပါတယ်။
အူလမ်းကြောင်းထဲက ပိုးမွှားစုကို လေ့လာတဲ့အခါမှာတော့ လူတဦးနဲ့တဦးမှာ တူညီတဲ့ ပိုးမွားစုဟာ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းပဲ ရှိပြီး လုံး၀ ထပ်တူကျတဲ့ အမြွှာတွေမှာတောင် အူလမ်းကြောင်းပိုးမွှားစုဟာ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းပဲ တူတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ရင် လူတယောက်နဲ့တယောက် ကျန်းမာရေး၊ ကိုယ်အလေးချိန်၊ ရောဂါအခြေအနေ ကွာခြားတာတွေဟာ ဒီအင်အေထက်စာရင် အူလမ်းကြောင်း ပိုးကောင်တွေကြောင့်ဆိုတာ ပိုပြီး သိသာနေပါတယ်။ သတင်းကောင်းကတော့ ဒီအင်အေကို ပြောင်းပစ်ဖို့ မဖြစ်နိုင်ပေမဲ့ အူလမ်းကြောင်းထဲက ပိုးကောင်တွေရဲ့ အချိုးအစား၊ အရေအတွက် ပမာဏနဲ့ ချိန်ခွင်လျှာ ညီမျှမှုတွေကို ပြောင်းလဲပစ်ဖို့ ဖြစ်နိုင်တယ် ဆိုတာပါပဲ။
ဒီအူလမ်းကြောင်း ပိုးမွှားစုဟာ ပိုးကောင်တွေဖြစ်တဲ့အတွက် လူတဦးဆီကနေ နောက်တဦးဆီကို ခုန်ကူးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့်လည်း အတူနေတာ ကြာတဲ့သူတွေအကြားမှာ အချိန်ကြာလာတာနဲ့အမျှ တူညီတဲ့ အူလမ်းကြောင်း ပိုးမွှားစုတွေဟာလည်း ပိုများလာတာကို တွေ့ရပါတယ်။ ဥပမာ - လင်မယားနှစ်ယောက်ဟာ မယူခင်မှာ သူတို့ရဲ့ အူလမ်းကြောင်းထဲက ပိုးကောင်လေးတွေဟာ ကွာခြားမှုတွေ ရှိနေပေမဲ့ ယူပြီး နှစ်ပေါင်းများစွာ ကြာတဲ့အခါ အနေအထိုင်၊ အစားအသောက်၊ နီးစပ်တူညီတာကြောင့် ပိုးမွှားစု အမျိုးအစားချင်း တဖြည်းဖြည်း တူညီလာတတ်ပါတယ်။
ဒါတင်မကသေးဘူး၊ အိမ်‌မွေးတိရိစ္ဆာန်ရှိတဲ့သူတွေရဲ့ အူလမ်းကြောင်း ပိုးမွှားစုဟာလည်း အိမ်မွေးတိရိစ္ဆာန် မရှိတဲ့အိမ်ကလူတွေရဲ့ ပိုးမွှားစုနဲ့ မတူတာကို တွေ့ရတယ်။
အလွန် အသန့်ကြိုက်ပြီး ဘယ်သူနဲ့မှ မထိမတွေ့၊ အပြင်လည်း မထွက်၊ လူကြားထဲ မတိုးတဲ့ လူတွေရဲ့ အူလမ်းကြောင်း ပိုးမွှားစုဟာ သူတို့နဲ့ ဆန့်ကျင်ဘက် - အပြင်ထွက်လိုက်၊ လူကြားထဲသွားလိုက်၊ တောထဲ တောင်ထဲ သဘာ၀ တရားနဲ့ နီးစပ်စွာနေတဲ့လူတွေရဲ့ ပိုးမွှားစုတွေနဲ့ ယှဥ်ကြည့်ရင် အင်မတန် ကွာခြားနေတာကို တွေ့ရပါတယ်။
ကိုယ့်ရဲ့ ပိုးမွှားစုဟာ အလွန်အမင်း ကျဥ်းမြောင်းမနေအောင် စုံလင်တဲ့အစာတွေစား၊ သဘာ၀တရားကြီးနဲ့ လိုက်လျောညီထွေနေ၊ ပတ်၀န်းကျင်က လူတွေ၊ တိရစ္ဆာန်တွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်စားသောက်သင့်ပါတယ်။
လောကကြီးမှာ အစွန်းနှစ်ဘက်ကို ရှောင်ရမယ်ဆိုတဲ့ သဘောတရားအတိုင်းပဲ ပိုးမွှားစု ကြီးမားကျယ်ပြန့်အောင်ဆိုပြီး ညစ်ညစ်ပတ်ပတ်နေမယ်၊ ရွှံ့ဗွက်တွေထဲလူးပြီး လက်မ‌ဆေး ခြေမဆေး နေမယ်လို့တော့ လုပ်လို့မရပါဘူး။ ပြောပြီးတဲ့အတိုင်း ကောင်းတဲ့ပိုးတွေရှိသလို မကောင်းတဲ့ ပိုးတွေလည်း ရှိတတ်တဲ့အတွက် တကိုယ်ရေသန့်ရှင်းရေးကိုတော့ ဂရုစိုက်ရပါမယ်။ အလွန်အမင်းကြီး အစွန်းရောက်တဲ့အထိ အရာအားလုံးကို ပိုးသတ်ပြီး မနေသင့်ကြောင်းကိုသာ ဆိုလိုပါတယ်။

No comments:

Post a Comment