Friday, November 7, 2025

လူ့၀မ်းဗိုက်ထဲက အကျိုးပြုသော ပိုးကောင်လေးများ(အူလမ်းကြောင်းကျန်းမာရေး အပိုင်း ၁)

 လူ့၀မ်းဗိုက်ထဲက အကျိုးပြုသော ပိုးကောင်လေးများ

(အူလမ်းကြောင်းကျန်းမာရေး အပိုင်း ၁)
............................
အူလမ်းကြောင်း ကျန်းမာရေးဆိုတာဘာလဲ။ ပါးစပ်ကနေ အစာဟောင်းအိမ်အထိ အစားအသောက် အ၀င်အထွက် လမ်းကြောင်းကြီးတစ်ခုလုံးကို အူလမ်းကြောင်းလို့ ခေါ်ပါတယ်။ တကယ်တော့ အူလမ်းကြောင်း ကျန်းမာရေးဟာ အူလမ်းကြောင်းနဲ့သာမကဘဲ တကိုယ်လုံးမှာ ရှိတဲ့ ဦးနှောက်၊ နှလုံး၊ သွေးကြော၊ ခုခံအားစနစ်တွေနဲ့ ခွဲခြားမရအောင် ဆက်စပ်နေပါတယ်။
အူလမ်းကြောင်းကျန်းမာရေးကို ဆွေးနွေးတဲ့အခါ အူလမ်းကြောင်းထဲမှာရှိတဲ့ Microbiome လို့ ခေါ်တဲ့ ပိုးမွှားစုတွေအကြောင်းကို သိထားဖို့လိုပါတယ်။
ပိုးမွှားလို့ ပြောလိုက်တာနဲ့ ကြားရသူရဲ့ စိတ်ထဲမှာ မကောင်းတဲ့ ရောဂါပိုးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ လူရဲ့ အူလမ်းကြောင်းထဲမှာ ရှိတဲ့ ပိုးကောင်လေးတွေဟာ လူတယောက် အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္တကနေ ပါ၀င်နေပါတယ်။
အူလမ်းကြောင်းတလျှောက်မှာ ပိုးမွှားစုတွေဟာ အရေအတွက် ကု‌ဋေကုဋာမက (Trillion ပေါင်းများစွာ) ရှိနေပါတယ်။ ဒီပိုးကောင်တွေထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ Fungus မှိုပိုးတွေ ပါ၀င်ပါတယ်။
ပါးစပ်ကနေ အစာဟောင်းအိမ်အထိ အူလမ်းကြောင်းတလျှောက် အက်စစ်ဓာတ်ကွာခြားမှု ဇီ၀ လိုအပ်မှုတွေအပေါ် မူတည်ပြီး ပိုးကောင် ပမာဏ အမျိုးအစားတွေဟာ တနေရာနဲ့ တနေရာ မတူတာကို တွေ့ရပါတယ်။ ပါးစပ်ထဲမှာ ရှိတဲ့ ပိုးအမျိုးအစားနဲ့ အူမကြီးမှာ ရှိတဲ့ပိုး မတူပါဘူး။ အက်စစ်ဓာတ်ပြင်းထန်တဲ့ အစာအိမ်ထဲမှာ ပိုးကောင်ရေနည်းပါးပြီး အူမကြီးနဲ့ အစာဟောင်းအိမ်ထဲမှာတော့ ပိုးမွှားတွေ အများဆုံးရှိတာကို တွေ့ရပါတယ်။
‌
ဒီပိုးမွှားစုဟာ ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ တူပါတယ်။ လူ့အဖွဲ့အစည်းမှာ လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိတယ်။ ပိုးကောင်တွေထဲမှာလည်း ကျန်းမာရေးကို အကျိုးပြုတဲ့ ပိုးကောင်တွေနဲ့ ရောဂါတွေကို ဖြစ်စေတဲ့ ပိုးကောင်တွေ ရှိပါတယ်။ အကောင်းနဲ့ အဆိုးဟာ ချိန်ခွင်လျှာ ညီမျှနေဖို့ လိုတယ်။ ကောင်းတဲ့ ပိုးကောင်တွေ လျော့နည်းသွားတဲ့အခါ မကောင်းတဲ့ပိုးတွေ ပွားလာပြီး ရောဂါတွေကို ဖြစ်စေပါတယ်။ အစာအိမ်ထဲမှာ H. Pylori လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ အစာအိမ်နာကို ဖြစ်စေတယ်။ အူမကြီးထဲက Clostridium Difficile လို့ ခေါ်တဲ့ ဘက်တီးရီးယားဟာ ပြင်းထန်တဲ့ ၀မ်းလျှောရောဂါကို ဖြစ်စေတယ်။
အများသိထားတဲ့ ဒိန်ချဥ်ထဲမှာပါတဲ့ Lactobacillus ကတော့ အစာခြေ စုပ်ယူမှုတွေကို အားပေးပြီး တခြား မကောင်းတဲ့ ပိုးတွေကို ထိန်းပေးနိုင်ပါတယ်။
ဒီဗီဒီယိုထဲမှာ အဓိကအနေနဲ့ ဒီ Microbiome ပိုးမွှားစုအကြောင်းကို နားလည်အောင် ရှင်းပြပေးမှာဖြစ်ပြီး ဒီပိုးတွေထဲက ကောင်းတဲ့ ပိုးတွေကို ဘယ်လို မွေးမြူပျိုးထောင်ရမလဲ။ ချိန်ခွင်လျှာညီမျှအောင် ဘယ်လို အစားအစာ အလေ့အကျင့်တွေနဲ့ ထိန်းရမလဲဆိုတာကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်း သဘာ၀တရားမှာ အညမည တဦးနဲ့တဦး အမှီသဟဲပြုပြီး ရှင်သန်ကြတဲ့ သဘောတရားတွေ ရှိပါတယ်။ ဒါကို Symbiosis လို့ ခေါ်ပါတယ်။ လူသိများတဲ့ ဥပမာကတော့ အကောင်ကြီးတဲ့ ကြံ့လို တိရစ္ဆာန်ကြီးတွေရဲ့ ကိုယ်ပေါ်မှာ နားပြီး ကပ်ပါးကောင်တွေ၊ ပိုးကောင်တွေကို စားတတ်တဲ့ ငှက်ကလေးတွေဟာ သူတို့အတွက် အစာအလွယ်တကူရှာစားနိုင်သလို ကြံ့ကြီးတွေ အတွက်လည်း ပိုးတွေနည်းသွားတဲ့အတွက် နှစ်ဦးနှစ်ဘက် အကျိုးရနိုင်တာဖြစ်ပါတယ်။ အလားတူပဲ လူနဲ့ လူရဲ့ ၀မ်းဗိုက်ထဲမှာ ရှိတဲ့ ဇီ၀ပိုးကောင်လေးတွေဟာလည်း Symbiosis ရဲ့ အသိများတဲ့ ဥပမာတစ်ခုပဲဖြစ်ပါတယ်။
Microbiome ပိုးမွှားစုက လူကို ဘယ်လို အကျိုးပြုသလဲ။
ဒီပိုးကောင်လေးတွေဟာ အစာခြေရာမှာ အကူအညီပေးပါတယ်။ အစားအစာကို ခြေဖျက်ရာမှာ အင်ဇိုင်းလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုးလိုပါတယ်။ တချို့အစာခြေအင်ဇိုင်းတွေကို လူ့ခန္ဓာကိုယ်က ထုတ်ပေးနိုင်ပေမဲ့ တချို့အင်ဇိုင်းတွေကိုတော့ Microbiome ပိုးကောင်လေးတွေကသာ ထုတ်ပေးနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ ကစီဓာတ်မှာ ရိုးစင်းတဲ့ ကစီဓာတ်နဲ့ ရှုပ်ထွေးတဲ့ ကစီဓာတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ရိုးရှင်းတဲ့ ကစီဓာတ် Simple Carbohydrate မှာ ဂလူးကို့စ်သကြား၊ ဆူးခရို့စ်သကြားတွေ ပါ၀င်ပါတယ်။ ထမင်းဖြူ၊ ပေါင်မုန့်ဖြူစတဲ့ အစာတွေ ဖြစ်တယ်။ ဒီအစာတွေက ဆီးချိုသွေးချိုကို တက်စေတယ်။ ရှုပ်ထွေးတဲ့ Complex Carbohydrate က လူအတွက် ပိုကောင်းတယ်။ ဒီအစာတွေထဲမှာ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ အာလူး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ အသီးတွေပါ၀င်တယ်။
Complex Carbohydrate ရှုပ်ထွေးတဲ့ ကစီဓာတ်ထဲမှာ ပါတဲ့ အထူးသဖြင့် အမျှင်ဓာတ် ဖိုင်ဘာဓာတ်ကို ခြေဖျက်နိုင်ဖို့ Microbiome ပိုးကောင်လေးတွေရဲ့ အကူအညီလိုပါတယ်။
ဒီ ဖိုင်ဘာဓာတ်ကို ပိုးကောင်လေးတွေက အစာအဖြစ် စားလိုက်တယ်။ စားပြီးတဲ့အခါ Short Chained Fatty Acid လို့ ခေါ်တဲ့ လူခန္ဓာကိုယ်အတွက် အင်မတန် အသုံး၀င်တဲ့ ဓာတုပစ္စည်းတွေကို ဒီပိုးကောင်တွေက အူလမ်းကြောင်းထဲမှာ စွန့်ထုတ်ပေးပါတယ်။ Acetate, Propionate နဲ့ Butyrate တို့ဟာ အဓိက Short Chained Fatty Acid တွေဖြစ်တယ်။
ဒီလို ဆေးပညာ သိပ္ပံနာမည်တွေက အရေးမကြီးဘဲ သဘောတရားကသာ အရေးကြီးတာဖြစ်ပါတယ်။
ကျွန်တော်တို့ သိထားဖို့က အူလမ်းကြောင်းထဲမှာ လူသားကို အကျိုးပြုတဲ့ ပိုးကောင်ငယ်လေးတွေ အများကြီး ရှိတယ်။ ဒီပိုးကောင်လေးတွေဟာ ဖိုင်ဘာဓာတ်ကို စားလိုက်တဲ့ အခါ လူ့အတွက် အကျိုးပြုတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ပေးတယ် ဆိုတာပါပဲ။
ကဲ - ဒီ Short Chained Fatty Acid လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေက လူကို ဘယ်လို အကျိုးပြုသလဲ။
ပိုးကောင်လေးတွေကနေ ထုတ်ပေးတဲ့ Acetate ဓာတ်ကို သွေးထဲ စုပ်ယူပြီး ခန္ဓာကိုယ်စွမ်းအင်အတွက် သုံးနိုင်ပါတယ်။ ဆာလောင်မှုကို ပြေပျောက်စေတယ်။
Propionate ဓာတ်ဟာ အသည်းဆီကိုသွားပြီး သွေးသကြားနဲ့ သွေးကိုလက်စထရောဓာတ်တွေကို ထိန်းညှိပေးတယ်။
Butyrate ဓာတ်ကတော့ အူမကြီးနံရံအလွှာက ဆဲလ်တွေကို လောင်စာဖြည့်ပေးတဲ့အတွက် အူလမ်းကြောင်းနံရံကို သန်မာစေပြီး ခန္ဓာကိုယ်က ယောင်ယမ်းမှုတွေကို လျော့ကျစေပါတယ်။
ဒီသဘောတရားတွေကို အခု ဗီဒီယိုမှာ ကျွန်တော် အသေးစိတ်ဆက်ပြီး ရှင်းပြသွားပါမယ်။ အစပိုင်းမှာတော့ နာမည်တွေရော၊ သဘောတရားအသစ်တွေကြောင့်ပါ လိုက်နားထောင်ရတာ နည်းနည်း ခက်ကောင်း ခက်နေပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ တဖြည်းဖြည်းနဲ့ ရှင်းသွားပါလိမ့်မယ်။ အူလမ်းကြောင်းကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေဟာ လူတိုင်းအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒီဗဟုသုတတွေရှိမှ ကျွန်တော်တို့ နေ့စဥ် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်တယ်။ ဒီဗဟုသုတတွေဟာ ကျွန်တော်တို့ရဲ့ ဘ၀တွေ၊ ကျွန်တော်တို့ ချစ်ခင်ရတဲ့ မိသားစု၀င်တွေရဲ့ ဘ၀တွေကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ နားလည်အောင် နားထောင်ပေးကြဖို့ အလွန်အရေးကြီးပါတယ်။
နားထောင်နေတဲ့သူတွေ ရှင်းရှင်းလင်းလင်း နားလည်သွားအောင်၊ အခြေခံ သဘောတရားတွေကို ဆုပ်ကိုင်မိသွားကြအောင် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြမှာဖြစ်တဲ့အတွက် ဗီဒီယိုအဆုံးထိ နားထောင်ပေးကြဖို့ ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
ဆက်ပြောရရင်
အူလမ်းကြောင်းထဲမှာ ရှိတဲ့ ပိုးကောင်လေးတွေဟာ အစာခြေဖျက်ရာမှာ အကူအညီပေးတယ်။ Short Chained Fatty Acid လို့ ခေါ်တဲ့ ဓာတ်တွေကို ထုတ်ပေးပြီး လူကို ကျန်းမာစေတယ်။ ဒါတွေအပြင် ဒီပိုးကောင်တွေဟာ လူရဲ့ ခုခံအားစနစ်ကို ထိန်းညှိပေးတယ်။ ဆီးချို နှလုံးရောဂါတွေကို ကာကွယ်ပေးတယ်။ ကောင်းတဲ့ ပိုးကောင်တွေဟာ ဆိုးတဲ့ ပိုးကောင်တွေ ပွားမလာအောင် နှိမ်ပေး ထိန်းပေးထားပါတယ်။ နောက်ပြီး ဒီပိုးကောင်တွေကြောင့် ထွက်လာတဲ့ ဆီရိုတိုနင်လို့ ခေါ်တဲ့ ဟိုမုန်းဓာတ်တမျိုးက အူလမ်းကြောင်းနဲ့ ဦးနှောက်ကို ဆက်သွယ်ပေးတဲ့အတွက် ကျန်းမာတဲ့ အူလမ်းကြောင်းဟာ စိတ်ကျန်းမာရေးကိုလည်း တိုက်ရိုက် လွှမ်းမိုးထားနိုင်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ ဒီနေရာမှာ အလွန်ပဲ မှန်ကန်နေတာကို တွေ့နိုင်ပါတယ်။ ကျန်းမာတဲ့ အူလမ်းကြောင်းရှိတဲ့လူဟာ ကျန်းမာတဲ့ စိတ်ရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်မှာဖြစ်တဲ့အတွက် သူ့ရဲ့ သီလဟာလည်း လုံခြုံသွားတော့မှာ အမှန်ပါပဲ။

No comments:

Post a Comment