Sunday, November 9, 2025

ဇွန်ဘီတိုင်းပြည်

 ဇွန်ဘီတိုင်းပြည်

**************
မြန်မာပြည်ရဲ့ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ (stalemate) မှာရှိနေတယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး/စစ်ရေး ထွက်ပေါက်ကိုလည်း ဘယ်သူကမှ ဖွင့်ဟ မပေးနိုင်ဘူးဆိုတာ လက်ရှိ အခြေအနေတွေက ပြနေတယ်။ စစ်အုပ်စုက "သူတို့ လုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ အခြေအနေတွေကနေ ဖောက်ထွက်နိုင်မယ့် နည်းလမ်း" ဆိုတဲ့ နာရေးတစ်ကို လွှတ်ပြီး၊ သူတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားဖို့ လုပ်နေတာ။ ဒါကို အချောင်သမား နိုင်ငံရေးသမားများက စစ်အုပ်စုရဲ့ သကာရည်လောင်းထားတဲ့ နာရေးတစ်ကို သံယောင်လိုက်ကြတာ။
အဲဒီ "ရွေးကောက်ပွဲ" နည်းလမ်းဆိုတာက စစ်အုပ်စုက သနားသရွေ့ အရိုးအရင်း ကိုက်ရမယ့် လမ်းကြောင်းမျှသာပဲ။ တိုင်းပြည်မှာ ကြုံနေရတဲ့ ပဋိပက္ခတွေကို ဘယ်နည်းနဲ့မှ ရှင်းပေးနိုင်မှာမဟုတ်သလို၊ တိုင်းပြည်ချွတ်ခြုံကျနေရတဲ့ အကြောင်းအရင်းဖြစ်တဲ့ နိုင်ငံရေးဘောဂ စနစ်ကိုလည်း ပြောင်းပေးနိုင်မှာ မျိုးမဟုတ်ဘူး။ စစ်အုပ်စု မကြည်ဖြူရင် လွှတ်တော်ထဲကနေ ထောင်ထဲကို ချက်ချင်းရောက်သွားနိုင်တဲ့ လမ်းကြောင်းပဲ။
ဒီလိုပြောလို့ - စစ်အုပ်စုကို အနိုင်တိုက်နိုင်သလားဆိုပြန်တော့လည်း လက်နက်ကိုင်လမ်းကြောင်းနဲ့ သွားတဲ့ အုပ်စုများကလည်း မတတ်နိုင်ဘူး။ စစ်အုပ်စုကို အနိုင်တိုက်နိုင်တဲ့ နည်းလမ်းက ၂ ခုပဲ ရှိတယ် (yep, that's my argument!) -
၁) လက်နက်ကိုင်တွေ အားလုံးစုပေါင်းပြီး တူညီတဲ့ နိုင်ငံရေးလမ်းစဉ်တရပ်အောက်မှာ စစ်အုပ်စုကို ဝိုင်းပတ်ပြီး စစ်ဆင်တာ
၂) နိုင်ငံခြားပါဝါ တစ်ခုခုက ကျူးကျော်ပြီး စစ်ခင်းတာ။
ဘာလို့ ဒီလို ပြောရသလဲ ဆိုတော့ - ၁၉၄၈ က စလိုက်တဲ့ ပြည်တွင်းစစ်ဟာ နှစ် ၇၀ နီးပါးမှာ ပုံစံ အမျိုးမျိုးပြောင်းလာခဲ့တာမှာ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုများက ဘယ်တုန်းကမှ အနိုင်မတိုက်နိုင်ခဲ့ဘူး။ ဒီလိုပဲ စစ်အုပ်စုကလည်း တော်လှန်ရေးအင်အားစုများကို ဘယ်တုန်းကမှ ယတိပြတ် မချေမှုန်းနိုင်ခဲ့ဘူး။ ဒီ နှစ် ၇၀ ခရီးမှာ မစမ်းရသေးတာက လက်နက်ကိုင်တွေ အားလုံး စုပေါင်း စစ်ဆင်ခြင်း နဲ့ နိုင်ငံခြားပါဝါက စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခြင်းပဲ။ ကျန်တာတွေက အကုန်စမ်းပြီးသွားပြီ။ စစ်အုပ်စုက ရှင်သန်ကျန်ရစ် (regime survival ဖြစ်) နေဆဲပဲ။
၂၀၂၃ မှာ ဖြစ်ခဲ့တဲ့ ၁၀/၂၇ ဟာ နိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်း အချို့ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပူးပေါင်းပြီး စစ်ဆင်တာရယ်၊ နိုင်ငံခြားပါဝါရဲ့ အကန့်အသတ်တခုအတွင်းကနေ မီးစိမ်းပြလိုက်တာရယ်နဲ့ ပေါင်းစပ်မှုကြောင့် သမိုင်းမှာ တခါမှ မဖြစ်ဖူးတဲ့ စစ်ဌာနချုပ်အဆင့် ကျသွားခဲ့တာ။ ဒါကိုကြည့်ရင် အပေါ်မှာ ပြောတဲ့ ၂ ချက်က မှန်ကန်တယ်ဆိုတာ သက်သေပဲ။
ပြဿနာက - စစ်အုပ်စုကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ စစ်ရေး/နိုင်ငံရေး ဘုံရည်မှန်းချက်ချပြီး စစ်ဆင်ဖို့က မဖြစ်နိုင်ပြန်ဘူး။ ဘာလို့လည်းဆိုတော့ လက်နက်ကိုင် အုပ်စုတွေမှာ ကိုယ်စီ ရည်မှန်းချက်တွေ၊ အကျိုးစီးပွားတွေ၊ တွက်ချက်မှုတွေရှိကြတယ်။ အဲဒီ ရှိရင်းစွဲ အခြေအနေကိုက ဘုံရည်မှန်းချက်ချဖို့ ကြီးစွာသော အဟန့်အတားပဲ။ ဒါကို ၂၀၂၁ က တည်းက NUG က လုပ်ဖို့ ကြိုးစားတယ်၊ မအောင်မြင်ဘူး။ ဒုတိယ တစ်ခုဖြစ်တဲ့ နိုင်ငံခြားပါဝါ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ကလည်း လက်ရှိအခြေအနေမှာ မဖြစ်နိုင်ဘူး။
အဲ့တော့ - ဂျာအေးသူ့အမေရိုက်ပြီး stalemate ဖြစ်သွားတော့တာ။ အဲဒီ အခင်းအကျင်းက နေဖောက်ထွက်ဖို့က ပါဝင်နေတဲ့ ပါဝင်ဖက်တွေအားလုံးဟာ ကိုယ်စီကိုယ်ငှ ကိုင်စွဲထားတဲ့ လမ်းကြောင်းတွေဟာ တိုင်းပြည်နဲ့ လူထု အတွက် အဖြေမဟုတ်ပါလား၊ အဖြေက ဘာဖြစ်နိုင်သလဲဆိုတာကို နိုင်ငံရေးဆန္ဒရှိရှိနဲ့ အဖြေရှာဖို့လိုတာ။
အဲဒါက တဖက်တည်းက ဖြစ်လို့မရဘူး၊ ဘက်ပေါင်းစုံက ပါဝင်ဖက် (actor) တွေက အဲဒီ ရှုမြင်မှုရှိဖို့လိုတာ။ မဟုတ်ရင် "မင်းမှ မလုပ်တာ ငါက လုပ်စရာလား" ဆိုတာနဲ့ လမ်းဆုံးနေဦးမှာ။ ဒီလိုမှ မရှာချင်ဘူး၊ ကိုယ်ကိုင်စွဲထားတဲ့ လမ်းစဉ်အပေါ်မှာပဲ ဆက်ရပ်တည် မယ်ဆိုရင်တော့ ရှိတဲ့နေရာတွေမှာပဲ ကိုယ့်အင်အားကိုယ် ဆက်တည်ဆောက်ပြီး နောက် ဆယ်စုနှစ်တွေ ဘယ်လောက်ကြာကြာ ဆက်ဆွဲကြရုံပဲ။ ဘယ်သူမှလည်း ဘယ်အချိန်မှာ ပြီးမယ်လို့ ယတိပြတ် မပြောနိုင်ဘူး။ အပြီးအပြတ် ဖြစ်ရင်လည်း ဖြစ်မယ်၊ မဖြစ်ဘဲ အူလည်လည်ကြီး ဖြစ်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အင်စတီကျူးရှင်းတွေ အားလုံး ကုန်းကောက်စရာ မရှိတော့လောက်အောင် ပြာကျသွားမယ်။
နိုင်ငံရေးမှာ ပြည်သူလူထု အများစုနဲ့ ဘက်တော်တော်များများကို ထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့ နိုင်ငံရေးခေါင်းဆောင်/actor ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ရှိနေပြီဖြစ်လို့၊ သူ လွန်သွားတဲ့အချိန်မှာ နိုင်ငံရေးအရ အဖြေရှာချင်တယ် ဆိုဦးတော့ ထိန်းလို့ သိမ်းလို့ အလွန်ခက်ခဲတဲ့ အခြေအနေကို ကြုံလာရနိုင်တယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဟန့်လို့ မရတော့တဲ့ အခြေအနေမျိုးပေါ့။
အဆုံးမှာ - ဒီ stalemate ကနေ မြန်မြန်ဖောက်မထွက်နိုင်ဘူးဆိုရင် တိုင်းပြည်က ဒရွတ်တိုက်သွားနေတဲ့၊ မသေမရှင် ဖြစ်နေတဲ့ ဇွန်ဘီ တိုင်းပြည်တစ်ခု ဖြစ်လာဖို့ အကြောင်းတရားတွေ အများကြီးရှိနေတယ်ဆိုတာ သိစေအပ်တယ်။

No comments:

Post a Comment